တရုတ်အပေါ်ရန်လိုမယ့် ထရမ့်အစိုးရသစ်လက်ထက် မြန်မာအရေး ဦးစားပေး ခံရနိုင်လား

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၄ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင် ပါတီကို ကိုယ်စားပြုတဲ့ ဒေါ်နယ်ထရမ့် အတော်လေး ပြတ်ပြတ်သားသား အနိုင်ရ သွားခဲ့တဲ့နောက် သူ အိမ်ဖြူတော်ကို ပြန်လာဖို့ရာ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ သူ့အစိုးရအဖွဲ့ထဲ အရေးပါတဲ့ ထိပ်တန်း နေရာတွေကို ဘယ်သူတွေကို ပေးမယ် ဆိုတာကို အခု ရက်ပိုင်းတွေ အတွင်းမှာပဲ ဆက်တိုက် အတည်ပြု နေပါတယ်။
နိုင်ငံခြားရေးဝန်ကြီးနေရာမှာ မာကို ရူဘီအို ရှိလာမှာ ဖြစ်ပြီး၊ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးဆိုတဲ့ မူဝါဒပိုင်း ထိပ်တန်းရာထူးကို မိုက်ကယ် ဝေါ့လ်ဇ် ရမှာ ဖြစ်ပါတယ်။ အဲဒီ နှစ်ယောက်စလုံးဟာ တရုတ်နိုင်ငံ အပေါ် တင်းမာတဲ့ သဘောထား အမြင်နဲ့ ရပ်တည်မှုတွေ ရှိကြသူတွေ အဖြစ် အသိများပါတယ်။
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းသုံးသပ်ချက် အစီအစဉ်မှာ ထရမ့်လက်ထက် အမေရိကန် အစိုးရရဲ့ မြန်မာ့အရေး ဆိုင်ရာ မူဝါဒ ဘယ်လို ဖြစ်လာနိုင်လဲ ...
တရုတ်အတွက် ဗျူဟာမြောက် ပင်လယ်ထွက်ပေါက် ရှိနေစေတဲ့ မြန်မာပြည် ရဲ့ ပထဝီနိုင်ငံရေး အရေးပါမှုကို တရုတ်အပေါ် ကိုင်တွယ်လိုတဲ့ ထရမ့် အစိုးရ အာရုံစိုက် စိတ်ဝင်စားနိုင်လား ....
မြန်မာ့ဒီမိုကရေစီအရေးကို အားပေးကူညီနေတဲ့ အမေရိကန်ရဲ့ ရှိလက်စ လုပ်ငန်းတွေရဲ့ အလားအလာ အပါအဝင်၊ Trump 2.0 တကျော့ပြန် ထရမ့် ဗားရှင်းအသစ် ဘာတွေ လုပ်ဆောင်လာမလဲ ...
စတာတွေအကြောင်း ကွန်ဂရက်စ်လွှတ်တော် သုတေသန ဌာနမှာ မြန်မာ့အရေး အပါအဝင် အာရှရေးရာ ကျွမ်းကျင်သူ အဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး၊ လက်ရှိမှာလည်း ဝါရှင်တန်ဒီစီမြို့တော် အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေး စင်တာ CSIS ရဲ့ သုတေသီတစ်ယောက် ဖြစ်တဲ့ ဒေါက်တာ မိုက်ကယ်မာတင်ကို ဘီဘီစီသတင်းထောက် ကိုဝေဖြိုး ဆက်သွယ်မေးမြန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဒေါက်တာမိုက်ကယ်မာတင်
ဘီဘီစီ။ ။ အမေရိကန် ရွေးကောက်ပွဲ နိုင်ထားတဲ့ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ အစိုးရ ကက်ဘိနက်အဖွဲ့ထဲ ထိပ်တန်းရာထူး နေရာတွေကို ဘယ်သူ့ကို ပေးမလဲ ဆိုတာတွေကို ကြေညာလာပြီ ဖြစ်ပါတယ်။ အရေးကြီးတဲ့ နိုင်ငံခြားရေး ဝန်ကြီးနေရာနဲ့ အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး ဆိုတဲ့ အတော် သြဇာရှိ အရေးပါတဲ့ နေရာတွေမှာ တရုတ်အပေါ် အတော်လေး သဘောထား တင်းမာသူတွေ ကို ပေးတာကြည့်ရင် ထရမ့် အစိုးရရဲ့ မူဝါဒ ဘယ်လိုတွေ ဖြစ်နိုင်လဲ ဆိုတာ ညွှန်ပြနေပါသလဲ မိုက်ခ်ရေ .... ။
ဒေါက်တာ မိုက်ကယ်မာတင်။ ။ ထရမ့်ဘာတွေ ပြောဆို နေခဲ့သလဲ ဆိုတာတွေနဲ့ ၊ အခု ဘယ်သူတွေကို သူ ရွေးချယ်ထားသလဲ ဆိုတာကို ကြည့်မယ် ဆိုရင် လက်ရှိ ဘိုင်ဒင် အစိုးရဟာ တရုတ်ကနေ အမေရိကန်ကို ပေးနေတဲ့ ခြိမ်းခြောက် စိန်ခေါ်မှုတွေကို ရင်ဆိုင် ကိုင်တွယ်နိုင်ခဲ့စွမ်း မရှိဘူးလို့ ထရမ့်က ရှုမြင်ထားကြောင်း သိသာ ပေါ်လွင်နေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီတော့ ထရမ့်လက်ထက် အမေရိကန်ဟာ တရုတ်နဲ့ကြား ဆက်ဆံရေးကို ပိုပြီး တင်းမာတဲ့ သဘောထား မူဝါဒတွေ ကျင့်သုံး လာလိမ့်မယ်ဆိုပြီး ခန့်မှန်းနိုင်ပါတယ်။ နိုင်ငံတကာ မျက်နှာစာမှာ တရုတ် ပြုမူနေပုံတွေနဲ့ ပတ်သက်ပြီးတော့လည်း ထရမ့်အစိုးရထံကနေ ပိုပြီး တင်းမာ ပြတ်သားတဲ့ ဝေဖန်သံတွေ၊ တုန့်ပြန်မှုတွေ ပြုလုပ်လာဖွယ် ရှိပါတယ်။
ဘီဘီစီ။ ။ တရုတ်ကနေပေးတဲ့ စိန်ခေါ်ချက်တွေကို တုန့်ပြန် ကိုင်တွယ်ဖို့ ထရမ့်က အာရုံစိုက်နေတယ် ဆိုရင်၊ တရုတ်နဲ့ ကပ်ရက်လည်းဖြစ် .... တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အကျိုးစီးပွားတွေလည်း ကြီးကြီးမားမား ရှိနေရုံမက တရုတ် အတွက် ဗျူဟာမြောက် ပင်လယ်ထွက်ပေါက် ရှိလာစေတဲ့ မြန်မာနိုင်ငံကိုရော .... ဗျူဟာမြောက် အရေးကြီးတဲ့ နိုင်ငံ အဖြစ် ထရမ့် အစိုးရ အနေနဲ့ သဘောထားလာ နိုင်သလား။ မြန်မာ့ အရေးဟာ ထရမ့် အလေးပေး အာရုံစိုက်တဲ့ အကြောင်းချင်းရာတွေထဲ ပါလာနိုင်မယ်လို့ ထင်လား။
ဒေါက်တာ မိုက်ကယ်မာတင်။ ။ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာမယ့် ဆီနိတ်တာ ရူဘီအို ထံကနေ ဘယ်လို အကြံပြုချက်တွေ၊ သဘောထားမျိုးတွေ ထရမ့် ရရှိလိမ့်မလဲ ဆိုတဲ့ အပေါ် အတိုင်းအတာ တစ်ခုအထိ မူတည်နိုင်ပါတယ်။ နောက်ပြီး ခင်ဗျား နာမည်တပ်ပြီး ပြောတဲ့ အထဲမှာ ပါတဲ့ နောက်တစ်ယောက် ဖြစ်တဲ့ မိုက်ခ် ဝါ့လ်ဇ် ရဲ့ သဘောထားအမြင်တွေကလည်း အရေးကြီးလာပါလိမ့်မယ်။
ထရမ့် ပထမတစ်ကြိမ် သမ္မတ ဖြစ်ခဲ့တုန်းကတော့ နိုင်ငံခြားရေး ဝန်ကြီး နေရာမှာ ရှိခဲ့ကြသူတွေ ဖြစ်တဲ့ တစ်လာဆင် (Rex Tillerson) ရော၊ ပွန်ပေအို (Mike Pompeo) ရော နှစ်ယောက်စလုံးက မြန်မာ့အရေးကို ထိပ်တန်း ဦးစားပေး အကြောင်းချင်းရာ အဖြစ် မသတ်မှတ် ခဲ့ကြပါဘူး။ အဲဒီ အချိန်တုန်းကလည်း အမေရိကန် နိုင်ငံရေး အသိုင်းအဝိုင်းထဲမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အာရုံစိုက်မှု မခံရတဲ့ အပြင်၊ တစုံတရာ အတိုင်းအတာထိအောင် မြန်မာ့အရေးမှာ ဘေးဖယ်ခံခဲ့ရတယ်လို့ ပြောနိုင်ပါတယ်။
အဲ့သလို ဆိုပေမယ့် အဲဒီ အချိန် ထရမ့် အစိုးရ အဖွဲ့ထဲမှာ မြန်မာ့အရေး အကြောင်း အတော်လေး ပြောပေးခဲ့သူ တစ်ယောက်တော့ ရှိပါတယ်။ သူကတော့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် ထရမ့်လက်ထက် ခန့်အပ်ခံရတဲ့ နစ်ကီ ဟေလီ ဖြစ်ပါတယ်။ မစ္စ ဟေလီဟာ ဒီတစ်ခေါက်မှာတော့ ရီပတ်ဘလစ်ကင် ပါတီရဲ့ သမ္မတလောင်း နေရာကို ထရမ့်နဲ့ ယှဥ်ပြိုင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
နစ်ကီဟေလီဟာ ကုလသမဂ္ဂ မျက်နှာစာမှာ မြန်မာ့အရေး အကြောင်း အတော်လေး ပြောခဲ့ပေမယ့်၊ အဲဒီ အသံဟာ အိမ်ဖြူတော်ထဲမှာတော့ ထိပ်တန်းဦးစားပေး အကြောင်းချင်းရာ ဖြစ်မလာ ခဲ့ပါဘူး။
ဒီတစ်ခေါက် ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာဆီ သွားရအောင်ပါ။ အခုနက ကျွန်တော်တို့ ပြောခဲ့ကြသလို ထရမ့်ရဲ့ အစိုးရ အဖွဲ့ဟာ တရုတ် အပေါ် သဘောထား တင်းမာပြီး ... တရုတ်ရဲ့ လွှမ်းမိုးမှုတွေ၊ တရုတ်ကြောင့် ဖြစ်လာတဲ့ စိန်ခေါ်မှုတွေကို တင်းတင်းမာမာ တုန့်ပြန်လာဖွယ် ရှိပါတယ်။ အဲဒီ အခါ တရုတ်ကို ကိုင်တွယ်ဖို့ရာ မြန်မာနိုင်ငံဟာ ကြားခံ နေရာ တစ်ခုအဖြစ် ထရမ့်ရဲ့ လူတွေက မြင်ကြမလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းတဲ့ မေးခွန်း ဖြစ်ပါတယ်။
ဒီလို မြင်ကြမှာ မဟုတ်ဘူးလို့ ကျွန်တော် ယတိပြတ် မပြောချင်ပါဘူး။ ကျွန်တော်တို့ အနေနဲ့ ထရမ့် အခု ရွေးချယ်ထားတဲ့ “ထရမ့်လူတွေ” ဟာ ဘယ်လို လူတွေလဲ ဆိုတာကို အသေအချာ ဆန်းစစ် နားလည်ထားဖို့ လိုမယ်ထင်ပါတယ်။ သူတို့အားလုံးထံမှာ ဘုံတူညီချက် တစ်ခုရှိပြီး၊ အဲဒီ အချက်အပေါ်မှာ အဓိကထားပြီးတော့ပဲ ထရမ့်က ရွေးတာဖြစ်ပါတယ်။ အဲဒါကတော့ သူတို့ဟာ ထရမ့်အပေါ် အလုံးစုံ သစ္စာရှိမယ့် သူတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဓိပ္ပာယ်က ထရမ့်နဲ့ အတိုက်အခံ အပြိုင်အဆိုင် လုပ်တာတွေ၊ ဝိဝါဒ ကွဲပြားတာတွေ လုပ်မယ့်သူတွေ မဟုတ်ဘူးလို့ စိတ်ချ ယုံကြည်ရသူတွေကိုပဲ ထရမ့်က အဓိက ထိပ်တန်း ရာထူနေရာတွေကို ပေးတာ ဖြစ်ပါတယ်။
ကျွန်တော် ဘာကို ပြောဖို့ ကြိုးစားနေတာလဲ ဆိုရင် အကြောင်းချင်းရာ ကိစ္စ တချို့နဲ့ ပတ်သက်ပြီး အဲဒီသူတွေထံမှာ သူတို့ရဲ့ ကိုယ်ပိုင် သဘောထား အမြင်တွေ၊ တိမ်းညွတ်မှုတွေ ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမယ့် အဲဒီ သဘောထား အမြင်တွေ၊ ရပ်တည်မှုတွေကြောင့် ရွေးချယ် ခံရတာမျိုး မဟုတ်ပဲ၊ ထရမ့် အပေါ် သစ္စာ အပြည့်အဝ ခံမယ့်သူတွေ အဖြစ် စိတ်ချရလို့သာ ရွေးချယ်ခံရတာ ဖြစ်ပါတယ်။ ဒါက ပထမအချက်ပါ။
ဒုတိယ အချက်ကတော့ .... သူတို့ အနေနဲ့ တရုတ်ဖြစ်ဖြစ် ဘယ်သူ့ကို ဖြစ်ဖြစ်၊ ရန်သူလို့ သတ်မှတ်ထားတဲ့ အရာကို တုန့်ပြန်ဖို့ရာ ကြားခံ တစ်ခုခုကို အသုံးချလို့ ရနိုင်တယ်လို့ မြင်ပြီ ဆိုရင် အသုံးချကောင်း ချပါလိမ့်မယ် ... ဒါပေမယ့် သူတို့ ချမှတ်မယ့် မူဝါဒဟာ ရန်လို ပြင်းထန်တဲ့ သဘောသဘာဝ ရှိပါလိမ့်မယ်။ အမေရိကန် ပြည်ထောင်စု အပေါ် ရန်မူ တိုက်ခိုက်လာနေတဲ့ “ရန်သူ” ကို တုန့်ပြန်တာမျိုး ဖြစ်တယ်ဆိုတဲ့ သဘောထား အမြင်အပေါ်မှာ အခြေခံမှာ ဖြစ်ပါတယ်။
ဒီလို မူဝါဒ မျိုးဟာ အနုတ်လက္ခဏာ ဆောင်လိမ့်မယ်လို့ ကျွန်တော် ဆိုလိုတာ ဖြစ်ပါတယ်။ ကောင်းရာမွန်ရာတွေကို တည်ဆောက်ဖန်တီးမယ် ဆိုတဲ့ သဘောထား အမြင် မဟုတ်ပဲ၊ ရန်သူကို တိုက်ခိုက် ချေမှုန်းမယ် ဆိုတဲ့ ရန်လိုမှု အပေါ်မှာ အခြေခံတာ ဖြစ်ပါတယ်။ ဒီလို မူဝါဒမျိုးမှာ တကယ်လို့ မြန်မာ နိုင်ငံဟာ အသုံးချခံရမယ် ဆိုရင်တောင် မြန်မာနိုင်ငံအတွက်၊ မြန်မာနိုင်ငံက တိုင်းသူပြည်သားတွေ အတွက် တကယ်တမ်း ကောင်းရာ ကောင်းကျိုးတွေကို ဖန်တီး ပေးနိုင်ပါ့မလား ဆိုတာ တန်ပြန်မေးခွန်း ပေါ်ပေါက် လာစေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ လက်ရှိ ဘိုင်ဒင် အစိုးရ အနေနဲ့ သက်တမ်း ၂ လ လောက်ပဲ ကျန်ပါတော့တယ်။ အခုလက်ရှိ အမေရိကန် အစိုးရ အနေနဲ့ လမြန်မာ့အရေး လုပ်ဆောင်လက်စ အရာတွေကရော ဘာတွေ ဖြစ်သွားနိုင်ပါသလဲ။
ဒေါက်တာ မိုက်ကယ်မာတင်။ ။ သမ္မတဘိုင်ဒင်ဆီက ခွင့်ပြုချက် ရနှင့်ထားပြီးတဲ့ မူဝါဒနဲ့ အစီအမံတွေကို နိုင်ငံခြားရေးဌာနနဲ့ ယူအက်စ် အေ အိုင် ဒီ USAID လို့ ခေါ်တဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး ဌာန တို့က အစိုးရ သက်တမ်း ကုန်ချိန်ထိ ဆက်လက် လုပ်ဆောင်သွားဖွယ် ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲထိ ထွက်ပြေး ခိုလှုံ နေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အပါအဝင် ထိုင်းနဲ့ အိန္ဒိယ နိုင်ငံတွေထဲက မြန်မာ ဒုက္ခသည်တွေ၊ တိုင်းပြည်ထဲမှာ ရှိနေတဲ့ စစ်ဘေးကြောင့် နေရပ်စွန့်ခွာ ကြရတဲ့ IDP တွေ အတွက် စာနာမှုဆိုင်ရာ အကူအညီတွေ ဆက်လက် ပေးနေဦးမှာ ဖြစ်ပါတယ်။
တခါ၊ ဘားမား အက် (Burma Act) ဆိုပြီး ပြဌာန်းထားတဲ့ ဥပဒေပါ အချက်အလက်တွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်လို့ ထောက်ပံ့ကူညီရေး အစီအစဥ်တွေ လုပ်ဆောင်နေတာလည်း အခုဆို ၆ လ တာမျှ ရှိနေပြီ ဖြစ်ပါတယ်။ ဘားမား အက် ဆိုတာ နိုင်ငံတော် ကာကွယ်ရေး အသုံးစားရိတ် ခွင့်ပြု ဥပဒေရဲ့ အစိတ်အပိုင်း အနေနဲ့ လွှတ်တော်က ခွင့်ပြုခဲ့ပြီး၊ သမ္မတဘိုင်ဒင် ကလည်း လက်မှတ်ရေးထိုးထားတဲ့ ဥပဒေ ဖြစ်ပါတယ်။ အဲဒီ့ ဘားမားအက် ဥပဒေပါ ကူညီရေး အစီအမံတွေကို ဆက်လက် အကောင်အထည် ဖော်ဆောင် နေကြတာမှာ အာရုံစိုက်တဲ့ အစိတ်အပိုင်း တစ်ရပ်ကတော့ .... အခု လက်ရှိ တော်လှန်ရေးကနေ တဆင့် ဒီမိုကရေစီနည်းကျ ကောင်းမွန်တဲ့ ဒေသန္တရ အုပ်ချုပ်ရေးတွေ ဖော်ဆောင်ရာမှာ အကူအညီပေးတာ ဖြစ်ပါတယ်။
အဲဒီလို စီမံကိန်းတွေကို လုပ်ဆောင်နေသူတွေထံမှာ စိုးရိမ်စိတ်တွေ ရှိနေတယ်လို့ ကျွန်တော် နားလည်ထားပါတယ်။ ထရမ့် အစိုးရလက်ထက် အဲဒီ အကူအညီပေးရေး စီမံကိန်းတွေကို ဆက်လက် ခွင့်ပြု ပေးပါ့မလား ဆိုပြီး စိုးရိမ် နေကြပါတယ်။ ကျွန်တော့် အမြင်မှာတော့ ပေးလက်စ အကူအညီတွေ၊ လုပ်လက်စ စီမံကိန်းတွေထဲက တော်တော်များများဟာ လက်ရှိ အတိုင်းပဲ ဆက်ပြီး သွားနေနိုင်ပါတယ်။ မူဝါဒပိုင်း ကိုင်တဲ့ အစိုးရ အဆင့်မြင့် နေရာတစ်ခုကနေ ရပ်ရမယ် ဆိုတဲ့ တိုက်ရိုက် အမိန့် မလာမချင်းတော့ အခုအတိုင်း ဆက်ရှိနေဦးမယ်လို့ ယူဆပါတယ်။
အခု မာကို ရူဘီအို နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာမယ် ဆိုတော့ မြန်မာကို အကူအညီ ပေးရေး အစီအစဥ်တွေကို ပိတ်လိမ့်မယ်၊ ရပ်လိမ့်မယ်လို့ မထင်ပါဘူး။ တော်တော်များများကို ဆက်လုပ် နေနိုင်ပါတယ်။ အကြောင်းကတော့ ရူဘီအိုဟာ မြန်မာ့အရေးနဲ့ ရင်းနှီးကျွမ်းဝင်သူ ဖြစ်ပြီး၊ မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားမှုတွေကို ပံ့ပိုးကူညီရေးမှာ ထောက်ခံသူ တစ်ဦးလည်းပဲ ဖြစ်ပါတယ်။
ဒီတော့ သမ္မတကိုယ်တိုင်က ဖြစ်စေ၊ လုံခြုံရေးပိုင်း ဆိုင်ရာ ဩဇာရှိသူ တစ်ယောက်ယောက်က ဖြစ်စေ မြန်မာနဲ့ ပတ်သက်ပြီး ဒါတွေ ဆက်လုပ်နေလို့ မဖြစ်ဘူး ... ပြောင်းရမယ်လို့ ပြောမလာမချင်းတော့ ပေးလက်စ အကူအညီတွေ ဆက်ပြီး ပေးသွားဦးမယ်လို့ ယူဆပါတယ်။
ဒါပေမယ့် အခု ပြောခဲ့တာတွေ အားလုံး ၁၀၀ ရာခိုင်နှုန်း ဖြစ်လာမယ်လို့ ကျွန်တော် မဆိုလိုပါဘူး။ တစ်ဘက်မှာလည်း ယူအက်စ်အေအိုင်ဒီ နဲ့ ပတ်သက်ပြီး ထရမ့် အစိုးရလက်ထက် ညွှန်ကြားချက် အသစ်၊ ဦးဆောင်သူ အသစ်၊ စီမံခန့်ခွဲပုံ အသစ်တွေ ရှိလာနိုင်သလို၊ နိုင်ငံခြားရေးဌာနမှာလည်း ဒေသအသီးသီးကို ကိုင်တွယ်ရတဲ့ ဗျူရို ဌာနတွေမှာ အကြီးအကဲ အသစ်တွေ ပြောင်းလဲ တာဝန် ယူတာမျိုး ဖြစ်လာနိုင်ပြီး မူဝါဒ ပြောင်းလဲတာမျိုး ဖြစ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOFA-NUG
နောက်တစ်ခုကတော့ .... နိုင်ငံခြားရေးဌာန အောက်က DRL ဆိုတဲ့ ဗျူရိုဟာ အပိုပဲ၊ ဖျက်သိမ်းသင့်တယ် ဆိုတဲ့ အမြင်မျိုး ထရမ့်ရဲ့ အဝန်းအဝိုင်းထဲမှာ ရှိနေပါတယ်။ DLR ဆိုတာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေး ဆိုင်ရာ ဗျူရို ဖြစ်ပါတယ်။ ဒုက္ခသည် ကူညီၕရေး အပါအဝင် နိုင်ငံတကာ ထောက်ပံ့ ကူညီရေး အစီအစဥ်တွေကို အကောင်အထည် ဖော်ရာမှာ အဓိက လုပ်ဆောင်ပေးတဲ့ ဌာန တစ်ခု ဖြစ်ပါတယ်။ အဲဒီ့ DLR ဗျူရိုဟာ ထရမ့် လက်ထက် ဖျက်သိမ်းကောင်း ဖျက်သိမ်း ခံရနိုင်ပါတယ်။
နိုင်ငံခြားရေး ဌာနကို အသွင်သစ် ပြန်လည် ဖွဲ့စည်းဖို့ ဆိုတာကို ထရမ့် ပထမ အကြိမ် သမ္မတ ဖြစ်တုန်းကတည်းက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီး Tillerson လက်ထက် အတော်လေး အပြောင်းအလဲတွေ လုပ်ခဲ့ပြီး၊ Pompeo အချိန်ထိအောင် နိုင်ငံခြားရေးဌာနတွင်း ပြောင်းလဲ ပြင်ဆင်တာတွေ ဆက်ရှိ နေခဲ့ပါတယ်။
အခုဆိုရင် အမေရိကန် အစိုးရ တစ်ခုလုံး အနေနဲ့ ပိုပြီး ထိထိရောက်ရောက် အလုပ်တွေ လုပ်နိုင်အောင် ဘယ်နေရာမှာ ဘာတွေ ပြုပြင် ပြောင်းလဲ မလဲ ဆိုတာတွေကို ဦးဆောင်လုပ်မယ့် ဌာန အသစ်တစ်ခု ထားရှိမယ် ဆိုပြီး ထရမ့်က ပြောပါတယ်။ အဲဒီဌာနကို အီလွန်မာ့စ်က ဦးဆောင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဘယ်လိုတွေ လုပ်ကြမယ်၊ ဘာတွေ ဖြစ်လာမယ် ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်သေးပါဘူး။ ပြောနိုင်တာ တစ်ခုကတော့ ထရမ့် အစိုးရ သေချာပေါက် သယ်လာမယ့် အရာတစ်ခုကတော့ “uncertainty” လို့ခေါ်တဲ့ မသေချာ မရေရာခြင်း ပဲ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ ကျွန်တော် ပြောခဲ့တဲ့ပါတဲ့ မိုက်ကယ် ဝါ့လ်ဇ် အကြောင်းကို ကြည့်ရင်ရော မိုက်ခ်ရေ ... သူဟာ ဘားမား အက် ကို ထောက်ခံသူတစ်ယောက် အနေနဲ့ ကျွန်တော် နားလည်ထားပါတယ်။ ဒီတော့ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေး တစ်ယောက် အနေနဲ့ သူ့ ဆီက ထွက်လာမယ့် အကြံပြုချက်တွေကရော မြန်မာ့အရေး အပေါ် တိမ်းညွတ်လာဖွယ် ရှိပါသလား။
ဒေါက်တာ မိုက်ကယ်မာတင်။ ။ ကျွန်တော်တို့ နားလည်ထားသင့်တဲ့ အရာ တစ်ခုကတော့ မိုက်ကယ် ဝါ့လ်ဇ် ဟာ မြန်မာ့အရေး အတွက် အားပေး ထောက်ခံ သူတွေထဲ ပါဝင်သည် ဆိုဦး ... သူ့ရဲ့ ပါဝင် ပတ်သက်မှုဟာ အကန့်အသတ်နဲ့ပဲ ဖြစ်ပါတယ်။ လုံခြုံရေး ဆိုင်ရာ အမြင်ကနေပဲ သူ ချည်းကပ်တာလို့ ပြောနိုင်ပါတလယ်။ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ ဆိုတဲ့ အခြေခံကနေ ချည်းကပ်တာမျိုး မဟုတ်ပါဘူး။ ဒီတော့ မြန်မာနဲ့ ပတ်သက်ပြီး ထရမ့်ကို သူဘယ်လိုမျိုး အကြံပြုချက်တွေ ပေးမလဲ ဆိုတာ အခုအချိန်မှာ ကျွန်တော်တို့ အသေအချာ ပြောနိုင်မယ်လို့ မထင်ပါဘူး။
တခါ၊ နိုင်ငံတကာ အရေးနဲ့ ပတ်သက်ပြီး ထရမ့်ရဲ့ သဘောထား အမြင်ကိုလည်း ဒီနေရာမှာ ဆန်းစစ်ကြည့်နိုင်ပါတယ်။ သူ ရွေးကောက်ပွဲ မဲဆွယ်ကာလတလျှောက် ပြောဆိုခဲ့တာတွေကို ကြည့်ရင် နိုင်ငံတကာ အရေး ကိစ္စတွေတိုင်းမှာ အမေရိကန် အနေနဲ့ ဝင်မပါ သင့်ဘူး ဆိုတဲ့ “Isolationist approch” မျိုး ထရမ့်ဆီမှာ ရှိနေပါတယ်။ အဲဒီလို အမြင်မျိုး ရှိသူထံကနေ မြန့်မာ့အရေးကို အရေးတယူ ထားလာဖို့ မမျှော်လင့်နိုင်ဘူးလို့ ကျွန်တော်မြင်ပါတယ်။
ကျွန်တော်တို့ အစောပိုင်းက ပြောခဲ့ကြသလို မြန်မာနိုင်ငံထဲ ပေါ်ပေါက်နေတဲ့ အရာတွေမှာ အမေရိကန် အနေနဲ့ ထဲထဲဝင်ဝင် ပါဝင် ပတ်သက်ခြင်း အားဖြင့် တရုတ်ရဲ့ အားကို တနည်းနည်း လျှော့ချနိုင်မယ် ... တန်ပြန်နိုင်မယ် ဆိုပြီး ထရမ့် အစိုးရ အနေနဲ့ တွက်ဆ မှာလား ဆိုတာဟာ မသေချာလှပါဘူး။
ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of YouTube post
ဘီဘီစီ။ ။ တကယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေ အနေနဲ့ ထရမ့်ရဲ့ အာရုံစိုက်မှုကို ရချင်တယ် ဆိုရင်ရော ဘာတွေ လုပ်နိုင်ကြမယ်လို့ ထင်လဲ။ ထရမ့်လက်ထက် မြန်မာအရေးနဲ့ ပတ်သက်ပြီး ဘယ်လို နယ်ပယ်မျိုးတွေမှာ မြန်မာ့အရေး လှုပ်ရှားသူတွေ သတိထားသင့်ပါသလဲ ခင်ဗျ။
ဒေါက်တာ မိုက်ကယ်မာတင်။ ။ မြန်မာ့အရေး လှုပ်ရှားသူတွေကြားမှာ အခု အပြောအများဆုံး ဖြစ်နေတာဟာ ခင်ဗျား မေးတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ လာမယ့် ထရမ့် အစိုးရလက်ထက်၊ မြန်မာ့အရေး အပေါ် အာရုံစိုက်လာအောင် သူတို့ ဘာလုပ်နိုင်ကြမလဲ ဆိုတာတွေကို ဆွေးနွေးနေကြတာကို သတိထားမိပါတယ်။
ကျွန်တော့် အနေနဲ့ ဦးဆောင်ဆွေးနွေးသူ panellist တစ်ယောက် အဖြစ် တက်ရောက်ရတဲ့ ဆွေးနွေးပွဲ တချို့လည်း ရှိပါတယ်။ လတ်တလော ဆွေးနွေးပွဲတွေမှာ မကြာခန ကြားနေရတဲ့ အကြောင်းအရာတစ်ခုကတော့ လူဝင်မှုနဲ့ ပတ်သက်ပြီး ထရမ့်ရဲ့ သဘောထား အပေါ် ဆန်းစစ် နေကြတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အမေရိကန်ထဲ ဘယ်လို ပုံစံမျိုးနဲ့ ဝင်လာခဲ့သည် ဖြစ်စေ၊ မြန်မာနိုင်ငံထဲ လက်ရှိ ပေါ်ပေါက်နေတဲ့ အခြေအနေတွေကြောင့် ခိုလှုံခွင့် လျှောက်ထားနိုင်သလို၊ အခု ကာလတွေ အတွင်း ကာကွယ် စောင့်ရှောက် ပေးထားတဲ့ special programme မျိုးလည်း ရှိပါတယ်။ အရေအတွက် အတိအကျ ဘယ်လောက် ရှိသလဲ ဆိုတာ မသိပေမယ့်၊ နည်းတော့ မနည်းလှပါဘူး။
တကယ်လို့ ထရမ့်သာ သူ ပြောထားသလို ရွှေ့ပြောင်း ဝင်ရောက်သူတွေ အစုလိုက် အပြုံလိုက်ကို ပြည်နှင်ဒဏ်ပေးပြီး၊ မူလနိုင်ငံတွေဆီ ပြန်ပို့တဲ့ အစီအစဥ် လုပ်လာပြီ ဆိုရင် အဲဒီအထဲ သိမ်းကြုံး ပါသွားမလား ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီတော့ ထရမ့်ရဲ့ လူဝင်မှု ဆန့်ကျင်ရေး anti-immigrants အမြင် ကနေ ရည်ညွှန်း ပြောနေတဲ့ ဆိုးဆိုးရွားရွား ပြုမူနေကြတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေ ဆိုတာထဲ
မြန်မာတွေကိုပါ ထည့်သွင်းတာမျိုး မလုပ်သင့်ဘူး ဆိုတဲ့ အချက်ကို တတ်နိုင်သလောက် မြှင့်တင်ကြမယ်လို့ ဆိုကြပါတယ်။
ဒီ သတင်းစကားကို မူဝါဒပိုင်း တာဝန်ရှိသူတွေဆီ ပေါက်ရောက်နိုင်ဖို့ အထိ လုပ်ဆောင်ဖို့ ဆိုတာ အရေးကြီးတယ်လို့ ကျွန်တော်လည်း မြင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် အဲဒီလို လူဝင်မှု အကြောင်းအရာဆိုတာ ထရမ့် စိတ်ဝင်စားတဲ့ အကြောင်းရာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကလာတဲ့ သူတွေ ဆိုတာ ပြန်နှင်လွှတ်ရမယ့် သူတွေ မဟုတ်ဘူး၊ ကာကွယ်စောင့်ရှောက်ရမယ့် သူတွေ ဖြစ်တယ် ဆိုတာကို အသေအချာ ပုံဖော် ပြောပြီ ဆိုရင် မြန်မာနိုင်ငံထဲ လက်ရှိ ဘာတွေ ဖြစ်ပေါ် နေသလဲ ဆိုတာကိုပါ တပါတည်း ပြောဆိုပြီးသား ဖြစ်စေပါတယ်။
တခါ၊ ဘာသာရေး လွတ်လပ်ခွင့် ဆိုတဲ့ အခြေခံ အကြောင်းအရာ အပေါ်မှာ ထရမ့်ရဲ့ ပထမတစ်ကြိမ် သမ္မတ သက်တမ်းတုန်းက စိတ်ဝင်စားကြောင်း ပြသခဲ့ပါတယ်။ အခုတစ်ကြိမ်မှာလည်း စိတ်ဝင်စားနိုင်ပါတယ်။ မြန်မာနိုင်ငံကလာတဲ့ သူတွေထဲ တိုင်းရင်းသားတွေလည်း ပါတာဖြစ်လို့ အဲဒီထဲမှာ ကချင်လိုမျိုး၊ ချင်းလိုမျိုး ခရစ်ယာန် ဘာသာဝင်တွေ ရှိကြပါတယ်။ အဲဒီလို ဘာသာရေး လွတ်လပ်ခွင့် အခြေခံကနေလည်း ထရမ့်ရဲ့ အာရုံစိုက်မှုကို ရယူနိုင်တယ် ဆိုတဲ့ သုံးသပ်ချက် မျိုးတွေကိုလည်း တွေ့ရပါတယ်။
တခါ၊ အမေရိကန် အစိုးရဘက်ပိုင်းကို ကြည့်ရင် .... ဒီလပိုင်းတွေမှာပဲ အစိုးရ နိုင်ငံခြားရေး မူဝါဒနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေကို ဖိတ်ခေါ် ဆွေးနွေးစေတဲ့ ပွဲတစ်ခုမှာ ကျွန်တော်လည်း အဖိတ်ခံရပါတယ်။ အဲဒီမှာ အာရုံစိုက်တဲ့ နယ်ပယ် တစ်ခုကတော့ အမေရိကန် အစိုးရထံမှာ “capacity” လို့ခေါ်တဲ့ လက်တွေ့ လုပ်နိုင်စွမ်း တကယ်တမ်း ဘယ်လောက် ရှိသလဲ ဆိုတဲ့ အပေါ် ဆန်းစစ်ကြတာ ဖြစ်ပါတယ်။ အိမ်ဖြူတော်၊ အမျိုးသားလုံခြုံရေး အကြံပေးနဲ့ နိုင်ငံခြားရေး ဌာနတို့ဟာ အဓိက ပြဿနာကြီး ဘယ်နှစ်ခုလောက်ကို တပြိုင်တည်း တကယ် လက်တွေ့ ကိုင်တွယ်နိုင်စွမ်း ရှိသလဲ ဆိုတဲ့ မေးခွန်း အပေါ် ကျွန်တော်တို့ သုံးသပ်ကြပါတယ်။
နောက် အာရုံစိုက် သုံးသပ်ကြတာကတော့ .... “competency” ဆိုတဲ့ အပိုင်း ဖြစ်ပါတယ်။ ပြဿနာတွေကို ကိုင်တွယ်တဲ့ အခါမှာ ... ဆိုကြပါစို့ ... မြန်မာ့အရေး ကိုင်တွယ်မယ် ဆိုရင် မြန်မာနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အတွေ့အကြုံနဲ့ အသိအမြင်မျိုးရှိတဲ့ ကျွမ်းကျင်သူတွေ တကယ်တမ်း လုံလောက်အောင် ရှိနေရဲ့လား၊ အောင်မြင်အောင် လုပ်နိုင်ရဲ့လား ဆိုတဲ့ “competency” ပြဿနာ ဖြစ်ပါတယ်။
ဒီတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာမယ့် မာကို ရူဘီအိုကို ကြည့်မယ် ဆိုရင် သူဟာ ဆီးနိတ်ရဲ့ နိုင်ငံခြား ဆက်ဆံရေး ကော်မတီထဲ ပါဝင်သူ ဖြစ်ပါတယ်။ ဒီတော့ သူဟာ ပြဿနာ အကြောင်းချင်းရာ ကိစ္စတွေနဲ့ စိမ်းမယ့်သူ မဟုတ်ပဲ၊ နားလည် ကျွမ်းဝင်နှင့်ပြီးသူ တစ်ဦးဖြစ်ပါတယ်။ မြန်မာ့အရေးကိုလည်း သိသူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဖြစ်လာမယ့် အလိဇ် စတယ်ဖားနစ်ခ် (Elise Stefanik) ကတော့ ရူဘီအိုနဲ့ ပြောင်းပြန် ဖြစ်ပါတယ်။ မစ္စ စတယ်ဖားနစ်ခ်ဟာ မြန်မာ အကြောင်း သိသူ မဟုတ်ပါဘူး။ တခါ၊ အမျိုးသား လုံခြုံရေး အကြံပေး ဝေါ့လ်ဇ် Waltz ကတော့ မြန်မာ အကြောင်း အထိုက်အသင့် သိပါတယ်။
ဒီတော့ အခုနက ကျွန်တော်ပြောခဲ့တဲ့ “အလုပ်လုပ်နိုင်စွမ်း၊ ကိုင်တွယ်နိုင်စွမ်း” ဆိုတဲ့ “capacity” “competency” ဆိုတဲ့ အတိုင်းအတာတွေနဲ့ ချိန်ထိုးကြည့်ရအောင်ပါ။ ထရမ့်ရဲ့ သဘောထားကတော့ နိုင်ငံတကာ ကိစ္စတွေမှာ အားတက်သရော ဝင်ပါလို စိတ် မရှိပဲ၊ အမေရိကန် အကျိူး ပျက်စီးရာပျက်စီးကြောင်း တိုက်ရိုက် ခြိမ်းခြောက်မှုမှ မဟုတ်ရင် ကာယကံရှင်တွေ သူတို့ဘာသာ သူတို့ ဖြေရှင်းကြပလေ့စေ ဆိုတဲ့ ပုံစံ ဖြစ်ပါတယ်။ ဒီတော့ အမေရိကန် အစိုးရရဲ့ တတ်နိုင်စွမ်း “capacity” ဆိုတာကို မြန်မာ့အရေးအတွက် အသုံးချမှာလား ဆိုတာ မသေချာပါဘူး။
တခါ၊ competency အပိုင်းမှာလည်း မြန်မာ အရေးနဲ့ ပတ်သက်ပြီး အဓိက အရေးကြီးတဲ့ နေရာတွေမှာ ရှိလာကြမယ့် နိုင်ငံခြားရေး ဝန်ကြီး၊ အမျိုးသားလုံခြုံရေး အကြံပေးနဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ၃ ယောက် တို့ဟာ မြန်မာနဲ့ ပတ်သက်ရင် သူတို့ ထံမှာ ရှိတဲ့ သိမြင်နားလည်မှု အတိုင်းအတာ ပမာဏချင်းဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီတာ တွေ့ရပါတယ်။
ထရမ့် အစိုးရရဲ့ နိုင်ငံခြားရေးမူနဲ့ ပတ်သက်ပြီး နောက်ထပ် စောင့်ကြည့်ရမယ့် အပိုင်းကတော့ သူတို့ဟာ မတူတဲ့ နယ်ပယ် ဒေသ အမျိုးမျိုးမှာ ချမှတ် ကျင့်သုံးလာမယ့် မူဝါဒတွေဟာ တစ်ခုနဲ့တစ်ခု လိုက်လျောညီထွေနဲ့ တသမတ်တည်း Biden Signed Billရှိမှာလား ဆိုတဲ့ “consistency” ရှုထောင့်က မေးခွန်းဖြစ်ပါတယ်။
“ကစ်ဆင်ဂျာနည်းနာ” ဆိုတဲ့ ဝေါဟာရကို နိုင်ငံခြားရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍမှာ သုံးလေ့ရှိပါတယ်။ လက်တွေ့ နိုင်ငံရေး real politics မှာ ဟိုနေရာမှာ မူတစ်မျိုး၊ ဒီနေရာကျရင် မူတစ်မျိုး ဆိုသလို လုပ်ရတာပဲ ဆိုပြီး နိုင်ငံခြားရေး မူတွေကို တသမတ်တည်းမရှိ ကျင့်သုံးမှာလား ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေပါတယ်။
ဒီတော့ လက်ရှိ အနေနဲ့ကတော့ ထရမ့်လက်ထက် ဖြစ်လာမှာတွေဟာ မသေချာ မရေရာမှုတွေနဲ့ ပြည့်နေပြီး၊ အချိန်နဲ့အမျှပဲ တဖြေးဖြေး ပုံပေါ်လာမှာ ဖြစ်တဲ့အတွက် ဆက်ပြီး စောင့်ကြည့်နေရဦးမှာ ဖြစ်ပါတယ်။








