သမ္မတထရမ့်ရွေးထားသူတွေ မြန်မာအတွက်အလုပ်ဖြစ်နိုင်လား

၂၀၂၄ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် တကျော့ပြန်အနိုင်ရခဲ့တဲ့နောက်မှာတော့ သူ့ရဲ့ အိမ်ဖြူတော်အစိုးရအဖွဲ့ထဲမှာ အရေးပါတဲ့ထိပ်တန်းရာထူးနေရာတွေအတွက် အမည်စာရင်းတွေ ထွက်လာပါပြီ။
ထရမ့်က သူ့အစိုးရအဖွဲ့ ထိပ်တန်းရာထူးတွေအတွက် ရွေးထားသူတွေထဲမှာ တရုတ်ဆန့်ကျင်သမားတွေဖြစ်လို့ မြန်မာအရေး မျှော်လင့်ချက် ထားနိုင်တယ်ဆိုသူတွေရှိသလို မြန်မာအကြောင်းသိထားသူတွေနဲ့မြန်မာအတွက် ပြောဆိုခဲ့ဖူးသူတွေလည်း ပါဝင်လာပါတယ်။
ထရမ့်ရွေးထားတဲ့သူတွေထဲမှာ အရေးကြီးတဲ့ရာထူးတွေဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး၊ အမေရိကန်ရဲ့ ကုလသမဂ္ဂသံအမတ်ကြီးနေရာနဲ့ အမေရိကန်အထက်လွှတ်တော်ခေါင်းဆောင်နေရာတွေနဲ့ပတ်သက်ပြီး အမေရိကန် Los Angeles Myanmar Movement (LA2M) အဖွဲ့ ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေ ကို မညိုလဲ့ရည်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးဂျိမ်းရွှေ က အမေရိကန်လွှတ်တော်၊ အစိုးရအဖွဲ့နဲ့ ကုလသမဂ္ဂမှာ မြန်မာအတွက် အကူအညီနဲ့အထောက်အပံ့တွေရဖို့ လှုံ့ဆော်နေသူဖြစ်သလို အမေရိကန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အမတ်တွေနဲ့ မြန်မာ့အရေး လက်တွဲအလုပ်လုပ်နေသူလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဘီဘီစီ- အရင်ဆုံးတော့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် သမ္မတထရမ့်ရွေးထားတဲ့ Marco Rubio- မာကိုရူဘီရို အကြောင်းက စမေးချင်ပါတယ်။ ရွေးကောက်ခံသမ္မတထရမ့်ကတော့ သူ့ကို အမေရိကန်ရဲ့ ရန်ဘက်တွေကို အလျှော့မပေးစတမ်း အကြောက်တရားကင်းမဲ့ ဆက်ဆံလေ့ရှိတဲ့သူဆိုပြီး ညွှန်းသွားပါတယ်။ သူက အထက်လွှတ်တော်အမတ်ဖြစ်တော့ မြန်မာအရေးထဲထဲဝင်ဝင်သိသူလို့ ပြောလို့ရလား။
ဦးဂျိမ်းရွှေ- အခု သမ္မတထရမ့်က သူ့အစိုးရအဖွဲ့အတွက် အမည်စာရင်းတွေ စပေးနေပြီပေါ့။ ဒီတော့ ကျွန်တော်တို့ကလည်း သူရွေးတဲ့သူတွေက ဘယ်လိုလူတွေလဲဆိုတာကို မြန်မာပြည်အတွက်ကို အဓိကထားပြီးကြည့်ပါတယ်။ အရေးအကြီးဆုံး ရာထူးနေရာကတော့ နိုင်ငံခြားရေးဝန်ကြီးနေရာပါ။
ဘိုင်ဒန်အစိုးရမှာ ဆိုရင် အန်တိုနီဘလင်ကန်နေရာပေါ့။ အဲဒီနေရာအတွက် အခု ထရမ့် ရွေးလိုက်တာက ဖလော်ရီဒါ အထက်လွှတ်တော်အမတ်ဖြစ်တဲ့ မာကိုရူဘီရိုဖြစ်ပါတယ်။သူရဲ့ မူရင်းက Cuba ကလာတာပါ။ အဲဒီတော့ သူက ကွန်မြူနစ်မုန်းတဲ့သူဖြစ်ပါတယ်။ အတော့်ကို ပြင်းပြင်းထန်ထန် China Hawk (တရုတ်ဆန့်ကျင်သူ) ပါ။
သူက တရုတ်ပြည်ရဲ့ သြဇာကျယ်ပြန့်လွှမ်းမိုးမှုကို တုံ့ပြန်တဲ့သူဖြစ်ပါတယ်။ တရုတ်နိုင်ငံက သူ့ကို အရေးယူပိတ်ဆို့မှုတောင် လုပ်ထားတဲ့သူဖြစ်တယ်။ သူ့ကိုတရုတ်က ဗီဇာမပေးတဲ့သူဖြစ်တယ်။ နောက်တစ်ခုက မာကိုရူဘီယိုဟာ တရုတ်နိုင်ငံအတွက်ရော မြန်မာနိုင်ငံအတွက်ပါ Bill (ဥပဒေကြမ်း) တွေ ထုတ်ပြန်စာတွေ အများကြီးရေးဖူးတယ်။ ထုတ်ပြန်ဖူးတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တရုတ်နိုင်ငံအတွက်ဆိုရင် သူက Bill နှစ်ခုကို Sponsor (ကြီးကြပ်တင်သွင်း) လုပ်တယ်။ ဥပမာ - တရုတ်မှာအလုပ်သမားတွေကို ဖိအားပေးပြီး အတင်းအကျပ်အလုပ်လုပ်ခိုင်းတဲ့ကိစ္စတွေဆိုရင် ကန့်ကွက်ခဲ့တဲ့သူဖြစ်တယ်။ အဓိက သူအမြဲပြောတာက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးပေါ့။ အဲဒါကိုလည်း သူ က Co-Sponsor လုပ်ဖူးတယ်။
မြန်မာပြည်နဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကို ပြန်ကြည့်တော့ ၂၀၁၀ ကတည်းက သူက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေမှန်မှန်ကန်ကန်လုပ်ဖို့ သူကရေးဖူးတယ်။ မာကိုရူဘီရို က ၂၀၂၁ စစ်တပ်အာဏာသိမ်းလိုက်တော့လည်း အထက်လွှတ်တော်၊ အောက်လွှတ်တော်အမတ်တွေ ဝိုင်းပြီးကန့်ကွက်တဲ့သူတွေထဲမှာလည်း သူပါခဲ့တယ်။
နောက်တစ်ခုက မြန်မာစစ်တပ်ကို ထိထိရောက်ရောက် အရေးယူဒဏ်ခတ်ပိတ်ဆို့ဖို့ကိုလည်း သူက အန်တိုနီဘလင်ကန် (ဘိုင်ဒန်အစိုးရ နိုင်ငံခြားရေးဝန်ကြီး) တို့ဆီကို စာရေးဖူးတယ်။ နောက်တစ်ခုထပ်ရှိတာက Burma Act ကို အကောင်အထည်ဖော်ပြီး USAID က အကူအညီပေးတာတွေမှာ ထိရောက်ဖို့ကိစ္စတွေကိုလည်း အဲဒါမျိုးကိုလည်း မာကိုရူဘီယို က လေးခါမက စာရေးပြီးပြောတာရှိတယ်။ ဒီတော့အချုပ်ပြောရရင် သူက မြန်မာပြည်အကြောင်းကိုသိတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဘီဘီစီ - နောက်တစ်ယောက်အကြောင်းဆက်မေးချင်တာက အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးနေရာအတွက် Michael Waltz မိုက်ဝေါ့လ်ဇ် ပေါ့။ သူကလည်း တရုတ်ဆန့်ကျင်သူလို့သိထားတယ်။ သူကရော မြန်မာအကြောင်းသိသူပဲလား။
ဦးဂျိမ်းရွှေ- အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး(NSC) နေရာအတွက်ကတော့ ထရမ့်က ကွန်ဂရက်အမတ် မိုက်ဝေါ့လ်ဇ် ကို အမည်စာရင်းတင်ထားတယ်။ ဒီရာထူးက အရေးကြီးတဲ့ရာထူးဖြစ်တယ်။ သမ္မတနဲ့အတူတူ အစည်းအဝေးထိုင်ပြီး ကာကွယ်ရေးဆိုင်ရာမူဝါဒတွေချတာပေါ့။ ဘိုင်ဒန်လက်ထက်မှာ NSC အကြံပေးက ဂျိတ်ဆာလီဗန် ဖြစ်တယ်။ ဂျိတ်ဆာလီဗန်ကတော့ မြန်မာနဲ့မစိမ်းဘူး။ မိုက်ဝေါ့လ်ဇ် ဖြစ်လာရင် ဂျိတ်ဆာလီဗန်နေရာကို ယူမှာပေါ့။ မိုက်ဝေါ့လ်ဇ် ကတော့ မြန်မာအရေးနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင်လုပ်ခဲ့တာ မတွေ့ရဘူး။ ဒါပေမဲ့ သူလည်း China Hawk (တရုတ်ဆန့်ကျင်သူ) ပဲ။ တရုတ်သြဇာချဲ့ထွင်မှုကို ကန့်ကွက်တဲ့သူပဲ။ ဒီတော့ မြန်မာပြည်အရေး တရုတ်ဝင်ရောက်စွက်ဖက်မှုကို သူအကူအညီပေးဖို့ အလားအလာရှိတယ်လို့ မျှော်လင့်တယ်။ ယူဆတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဘီဘီစီ - ထပ်မေးချင်တာက ကုလသမဂ္ဂရဲ့ အမေရိကန်သံအမတ်နေရာပေါ့။ အခု ထရမ့်က ကွန်ဂရက်အမတ် Elise Stefanik- အီလိုက်စ်စတီဖာနစ်ကိုအမည်စာရင်းထည့်တယ်လို့သိရတယ်။ ကုလမှာကလည်း မြန်မာနေရာအတွက် ကိုယ်စားပြုက သံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်ရှိနေတယ်ဆိုပေမဲ့ သူ့နေရာဆက်ရှိနေဖို့ NUG အစိုးရဘက်က အားထည့်နေရသလို စစ်ကောင်စီကလည်း ဒီနေရာကိုကြိုးစားနေတယ်။ အဲဒီအတွက်အားပြိုင်မှုတွေနဲ့ မြန်မာအတွက် ဆုံးဖြတ်ချက်တွေမှာ ဒီကုလအမေရိကန်သံအမတ်ကြီးနေရာကလည်း အရေးပါတော့ စတီဖာနစ် ကရော မြန်မာအရေးသိနိုင်တဲ့သူလား။
ဦးဂျိမ်းရွှေ - အီလိုက်စ် စတီဖာနစ်က အောက်လွှတ်တော်ကပဲ၊ နယူးယောက်ကပါ။ သူက အရင်တစ်ခေါက် ထရမ့်အစိုးရလက်ထက်က ကုလသမဂ္ဂရဲ့ လုပ်ပုံကိုင်ပုံတွေမထိရောက်တာကို ကန့်ကွက်ခဲ့တယ်။ အမေရိကန်က ကုလမှာငွေထည့်တာတွေကို လျှော့မယ်ပြောတယ်။ အဲဒီတော့သူကလည်း မြန်မာအရေးနဲ့ပတ်သက်လို့ ကုလရဲ့လုပ်ပုံကိုင်ပုံတွေ မထိရောက်တာရှိရင် ဝင်ပြီးအကူအညီပေးမယ့် အလားအလာရှိတယ်။ သူက Human Rights (လူ့အခွင့်အရေး) လှုပ်ရှားဆောင်ရွက်သူဖြစ်တယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ဦးစားပေးတဲ့သူပေါ့။
ဘီဘီစီ- အီလိုက်စ် စတီဖာနစ် ဖြစ်လာကြောင့်ပဲ မြန်မာအရေးကုလသမဂ္ဂမှာ ဘာကြောင့်မျှော်လင့်လို့ရမယ်လို့ ယူဆတာလဲ။
ဦးဂျိမ်းရွှေ- သူက တရုတ်ဆန့်ကျင်ရေးအုပ်စုထဲကပဲဆိုတော့ အားသာတာက ကုလသမဂ္ဂမှာတရုတ်က ဗီတိုအာဏာသုံးပြီးလုပ်တဲ့ကိစ္စတွေမှာ နောက် ရုရှားကိုရောပေါ့ ဒီလိုတွေမှာ သူက ဖိအားသုံးနိုင်တယ်။ ဘာကြောင့်လဲဆိုရင် သမ္မတထရမ့် က အရင်တစ်ခါ အစိုးရတုန်းက သူပြောခဲ့သလိုပဲ ကုလသမဂ္ဂက ဒီလိုမလုပ်ရင် ငါတို့ ဘတ်ဂျက်လျှော့မယ်ပြောခဲ့သလို ဖိအားတွေပေါ့။ ဘိုင်ဒန်အစိုးရတုန်းကတော့ ကုလသမဂ္ဂကို အင်မတန်လိုက်လျောတယ်။ ဒါပေမဲ့ စတီဖာနစ်ကတော့ သဘောထားတင်းမာတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဘီဘီစီ- နောက်တစ်ခု စိတ်ဝင်စားဖို့ကောင်းတာက အထက်လွှတ်တော် ခေါင်းဆောင်နေရာပေါ့။ လက်ရှိမှာ Mitch McConnell - မစ်ချ်မက်ကောနယ်က ခေါင်းဆောင်ဖြစ်တယ်။ မစ်ချ် မက်ကောနယ်က မြန်မာပြည်အရေးနှစ်ပေါင်းများစွာ တောက်လျှောက်လုပ်ပေးခဲ့သူလို့လူသိများတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ခင်မင်ကြတယ်။ အခုသူ့နေရာမှာ နောက်တစ်ယောက်ဖြစ်လာမယ်လို့သိရတယ်။ ဘယ်သူဖြစ်လာမလဲ။
ဦးဂျိမ်းရွှေ- ရီပတ်ဘလီကန်ခေါင်းဆောင်နေရာအတွက် အထက်လွှတ်တော်အမတ် John Thune - ဂျွန်သွန်းကို ရွေးထားတယ်။ သူကတော့ မြန်မာနဲ့ပတ်သက်ရင် အရင်က မြန်မာမှာ ခရစ်ယာန်တွေနဲ့မွတ်ဆလင်တွေအတွက် ဘာသာရေးလွတ်လပ်မှုမရှိဘူးဆိုပြီး ကန့်ကွက်ခဲ့ဖူးတာတွေရှိတယ်။ သဘောကတော့ သူက မြန်မာပြည်အကြောင်း နည်းနည်းပါးပါးသိထားတယ်။ လုံးဝအစိမ်းကြီးမဟုတ်ဘူး။
ဘီဘီစီ - အမေရိကန်လွှတ်တော်မှာ Burma Caucus အဖွဲ့အနေနဲ့ မြန်မာအရေးအထူးလုပ်ဆောင်နိုင်ဖို့ အဖွဲ့ဖွဲ့ထားတာတော့ ရှိတာပေါ့။ ဒါပေမဲ့ တစ်ဖက်မှာ ဂျွန်သွန်းက မြန်မာပြည်ကိုသိတဲ့သူဆိုပေမဲ့ သူက မစ်ချ်မက်ကောနယ်လိုမျိုး မြန်မာအရေးကို ထဲထဲဝင်ဝင် စိတ်ဝင်စားနိုင်ပါ့မလား။
ဦးဂျိမ်းရွှေ- အဲဒါပြောဖို့တော့ သိပ်စောသေးတယ်။ ဒါပေမဲ့ မစ်ချ်မက်ကောနယ်က ဆီးနိတ်ခေါင်းဆောင်နေရာမှာ မရှိတော့ဘူးဆိုပေမဲ့ သူ လုံးဝအနားမယူသေးဘူး။ သူ ၂ နှစ်ကျန်သေးတယ်။
ပြီးတော့ မစ်ချ်မက်ကောနယ် က သူဆက်ပြီးရှိနေပါဦးမယ်ဆိုတာကိုလည်း ကျွန်တော်တို့ မြန်မာအသိုင်းအဝိုင်းဆီကို စာရေးထားပါတယ်။ ဒါကြောင့် သူ ဆီးနိတ်မှာရှိနေသေးသရွေ့ သူ့ဆီကနေ ပြီးတော့ သူ့လူတွေနဲ့လည်း စကားပြောခွင့်တွေတောင်းလို့ရတယ်။ တောင်းဆိုတာတွေလည်းဆက်လုပ်လို့ရတယ်။
တစ်ဖက်ကကြည့်ရင်တော့ မစ်ချ်မက်ကောနယ်က မြန်မာပြည်အကြောင်းကို အသိဆုံးပဲ။ အထူးသဖြင့် ကွန်ဂရက်အောက်လွှတ်တော်ကလူတွေက မြန်မာပြည်အကြောင်းမသိတာများတယ်။ မြန်မာအကြောင်းလော်ဘီ (လှုံ့ဆော်တိုက်တွန်းမှု) လုပ်တဲ့သူအများစုကလည်း ရိုဟင်ဂျာတွေ ပြဿနာစဖြစ်ကတည်းက ရိုဟင်ဂျာအကြောင်းလုပ်ကြတော့ အဲဒီအကြောင်းကို ပိုသိကြတာများတယ်။
ဒါကြောင့်လည်း ၂၀၂၁ နောက်ပိုင်းမှာ တို့တွေမြန်မာအဖွဲ့တွေက အကုန်လုံးကိုလိုက်ပြီးတော့ ကမ်ပိန်းလုပ်ရမှာပေါ့။ အထက်လွှတ်တော် အမတ် ၄၀၀ ကျော်နဲ့ အောက်လွှတ်တော် အမတ် ၁၀၀ ကျော် ရှိတယ်။ အကုန်လုံးကိုလိုက်တွေ့ဖို့က မလွယ်ဘူး။ ဒီတော့ သူတို့အချင်းချင်းကနေ မြန်မာအကြောင်းသိအောင် ပြောရမယ်။
ဥပမာ သူက ဘာသာရေးသမားဖြစ်တော့ မြန်မာမှာ ဘာသာရေးလွတ်လပ်မှုမရှိတာကလည်း စစ်တပ်ကြောင့်ပဲ။ စစ်တပ်က အားလုံးကို သွေးခွဲပြီးအုပ်ချုပ်တာကြောင့် ဘာသာရေးနဲ့လူမျိုးရေးပြဿနာတွေ ဖြစ်နေတာဆိုတာမျိုးပြောပြရတာမျိုး လုပ်ရမှာပေါ့။
နောက်တစ်ခုက အထက်လွှတ်တော်မှာ မြန်မာအသိုင်းအဝန်းနဲ့ နီးနီးကပ်ကပ် ဆက်ဆံတဲ့ လက်ရှိ ကွန်ဂရက်လွှတ်တော်အမတ် ကယ်လီဖိုးနီးယားက Adam Schiff က ရွေးချယ်ခံထားရတယ်။ သူလည်းရှိတယ်ဆိုတော့ မြန်မာ့အရေး ပြောနိုင်မှာပါ။

ဓာတ်ပုံ ရင်းမြစ်, AFP
ဘီဘီစီ -အခုဆိုရင် တရုတ်နဲ့ မြန်မာစစ်ကောင်စီကလည်း ပလဲနံပသင့်တယ်။ စစ်ကောင်စီ ဘက်ကို တရုတ်က ရပ်တည်တယ်ဆိုတဲ့ ပြောဆိုချက်တွေရှိလာတယ်။ ဦးဂျိမ်းရွှေပြောတဲ့အထဲမှာ သမ္မတထရမ့်ရွေးတဲ့သူအများစုက တရုတ်ဆန့်ကျင်ရေးသမားအများစုဖြစ်တာတွေ့ရတယ်။ ဒီတော့မြန်မာအတွက် မျှော်လင့်စရာများတယ်ပေါ့။ ဒီတော့ အမေရိကန်မှာတရုတ်ဆန့်ကျင်သူအားကောင်းလာတာနဲ့ မြန်မာအရေးက တကယ်တမ်းလက်တွေ့မှာ ချိတ်ဆက်သက်ရောက်နိုင်ပါ့မလား။
ဦးဂျိမ်းရွှေ- ကျွန်တော်ကတော့ ဘိုင်ဒန်အစိုးရထက်တော့ အခုလာမယ့်အစိုးရက ရွေးထားတဲ့သူတွေက ပိုပြီးထိရောက်လာမယ်လို့ ယူဆတယ်။ အဲဒီလိုဖြစ်အောင်လည်း ကျွန်တော်တို့က တောင်းဆိုရမယ်။ လုပ်ရမယ်။ သူတို့ကိုတောင်းဖို့ဆိုတာ သူတို့သိဖို့လိုတယ်။
ကျွန်တော်တို့က သိအောင်လုပ်ရမယ်။ ဥပမာ မာကိုရူဘီယို ဆိုရင် အထက်လွှတ်တော်မှာ တုန်းကလည်း နိုင်ငံခြားရေးမူဝါဒကော်မတီမှာလည်း သူက စီနီယာအဖွဲ့ဝင်ဖြစ်တယ်။ ပြီးတော့ သူက Intelligence ကော်မတီ (ထောက်လှမ်းရေးဆိုင်ရာကော်မတီ) မှာလည်းပါတယ်ဆိုတော့ သူက မြန်မာပြည်အကြောင်း အတော်များများသိတယ်လို့ ယူဆနိုင်တယ်။
မြန်မာပြည် ဒီမိုကရေစီကို အားပေးမယ်လို့ယူဆတယ်။ နောက်တစ်ခုက တရုတ်ရဲ့ မြန်မာအပေါ် စွက်ဖက်မှုကို အကူအညီပေးမယ်လို့ ယူဆနိုင်တယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဘီဘီစီ - နောက်တခုက ဘားမားအက် နဲ့ပတ်သက်ပြီး ဆက်မေးချင်တယ်။ သူက တစ်နှစ်တခါ ဘတ်ဂျက်ပေးတာမျိုးလို့ နားလည်ထားတယ်။ ဆိုတော့ ထရမ့်အစိုးရလက်ထက်မှာ ဘားမားအက်အပေါ် သက်ရောက်လာမှာမျိုးရှိလား။ ဥပမာ - ဘတ်ဂျက်မပေးတာမျိုးဖြစ်ဖြစ်ပေါ့။ လျှော့ချတာမျိုးဖြစ်ဖြစ် ဒါတွေဖြစ်လာနိုင်လား။
ဦးဂျိမ်းရွှေ - ဘားမားအက်က အမေရိကန်သမ္မတက လက်မှတ်ထိုးထားသလို လွှတ်တော်ကလည်း အသိအမှတ်ပြုထားတဲ့ ဥပဒေဖြစ်တယ်။ အမေရိကန်သဘောက ဥပဒေဖြစ်သွားရင် သမ္မတအမိန့်နဲ့လည်း ဖျက်လို့မရဘူး။ ဒီဥပဒေကို ကွန်ဂရက် (လွှတ်တော်) ကပဲဖျက်လို့ရမယ်။ ဒီတော့ ဒါကိုအလုပ်ရှုပ်ခံပြီး သမ္မတထရမ့်က ဖျက်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဥပဒေကို အကောင်အထည်ဖော်တာက ဝန်ကြီးဌာနဖြစ်တယ်။ အဲဒီကနေမှ USAID တို့ဘာတို့ဆီရောက်တယ်။
ဒါကိုပြန်ကြည့်ရင် ဘားမားအက်ကို အကောင်အထည်ဖော်တဲ့အပိုင်းမှာ ဘိုင်ဒန်အစိုးရတုန်းကနည်းနည်းနှေးတယ်။ ပြီးတော့ Non-lethal assistance (လက်နက်မဟုတ်တဲ့ အကူအညီပေးရေး) တွေ မပေးခဲ့ဘူး။ အခုထရမ့်လက်ထက်မှာတော့ ပိုပြီးတော့မြန်လာပြီး Non-lethal assistance (လက်နက်မဟုတ်တဲ့ အကူအညီပေးရေး) တွေရနိုင်တယ်။
Non-lethal assistance ဆိုတာမှာ တောင်းထားတာက လေကြောင်းရန်ကြိုတင်ကာကွယ်နိုင်တဲ့စနစ်တွေ ပေါ့။ ကျောင်းတွေဆေးရုံတွေမှာ ဒါတွေလိုအပ်တယ်လို့ ပြောခဲ့တယ်။ ပြန်ကြည့်ရင်လည်း ဘားမားအက်က စထွက်လာတုန်းက ဘတ်ဂျက်မပါလာဘူး။ လုပ်ဆောင်ခွင့်ပါတယ်။ ဒါပေမဲ့ အဲဒါကိုအကောင်အထည်ဖော်ဖို့ ငွေမပါဘူး။
ဘတ်ဂျက်က ဥပဒေထွက်ပြီး ၁ နှစ်ကျော်အကြာမှ ရတာ။ အဲဒီတော့ ပေးတဲ့အခါကျတော့ USAID ကပေးတယ်။ ဒါပေမဲ့ အဲဒီကပေးနေတာက ထိရောက်မှုရှိ မရှိမေးခွန်းထုတ်စရာရှိတယ်။ သူတို့နဲ့တွေ့ပြီးပြောပြတော့ တချို့ဟာတွေက ပေါ်ပေါ်တင်တင်ပေးလို့ မရတာတွေရှိတယ်။
ဒါပေမဲ့ အများစုက ကုလသမဂ္ဂကိုပေးတော့ ကုလကနေ ထိထိရောက်ရောက်ပေးနိုင်တဲ့အခြေအနေမရှိတာ တွေ့ရတယ်။ အဲဒါကြောင့် မာကိုရူဘီယို နိုင်ငံခြားရေးဝန်ကြီးဖြစ်ရင် ထိထိရောက်ရောက်ပေးနိုင်ဖို့ သူကတောင် ပိုပြီးရဲရဲဝံ့ဝံ့လုပ်မယ်လို့ ယူဆတယ်။ ဘတ်ဂျက်ရတာနည်းသွားရင်တောင် ထိရောက်တဲ့အပိုင်းမှာ ရသွားမယ်ဆိုရင် ပိုအကျိုးရှိမှာပေါ့။
ဘီဘီစီ - ဒါတွေကတော့ အခုထရမ့်ခန့်ဖို့ တာစူနေတဲ့သူတွေကနေ သုံးသပ်ရတာမျိုးပေါ့။ ဒါပေမဲ့ သမ္မတထရမ့်က မြန်မာကိုမသိဘူးလို့ သူကိုယ်တိုင်ပြောထားသလို အမေရိကန်အကျိုးစီးပွားနဲ့တွက်ရင်လည်း မြန်မာက တရုတ်လောက် အမေရိကန်အတွက်အကျိုးစီးပွားမရှိဘူးပြောကြတာလည်းရှိတယ်။ သမ္မတထရမ့်က စိတ်မဝင်စားရင် သူ့လူတွေကရော စိတ်ဝင်စားနိုင်ခြေ ရှိပါ့မလား။
ဦးဂျိမ်းရွှေ - အရင်တကြိမ်သမ္မတ ထရမ့်လက်ထက်အခြေအနေနဲ့ ပြန်ချိန်ကြည့်မယ်ဆိုရင် အခုတကြိမ်မှာလည်း TPS ပေါ့ ( Temporary Protected Status) ယာယီစောင့်ရှောက်ထားတဲ့အခြေအနေ၊ နောက်ပြီးမှ နိုင်ငံရေးခိုလှုံခွင့်နဲ့ ဒုက္ခသည်လက်ခံရေးစတာတွေမှာ သူတို့လုပ်နိုင်တဲ့အတိုင်းအတာထက် အဆုံးအထိလျှော့ချမယ်လို့ သုံးသပ်ပါတယ်။
အခုဆိုရင် အိမ်ဖြူတော်မှာ ဒုအုပ်ချုပ်ရေးမှူး စတီဗင်မေလာက လူဝင်မှုကြီးကြပ်ရေးနဲ့ဆိုင်တဲ့ကိစ္စမှာ သူကနည်းနည်းအစွန်းရောက်တဲ့ ဝါဒရှိတယ်။ သဘောက ဝင်လာတာကိုလက်မခံဘဲလျှော့ချတဲ့မူဝါဒပေါ့။
ဒါကြောင့် တရားရုံးတွေက ကန့်ကွက်သလောက် အဲဒီလောက်ပဲချန်ဖို့ရှိတယ်။ နောက်တစ်ခုက စစ်ရှောင်တွေအတွက် အကူအညီတွေလျှော့မယ်လို့ ယူဆတယ်။ ရိုဟင်ဂျာတွေအတွက်လည်း အားလုံးနဲ့တပြေးတည်းလျှော့မယ်လို့ ယူဆရပါတယ်။
ဒါတင်မက တခြားလူမှုအဖွဲ့အစည်းတွေအားလုံးကိုလည်း ထောက်ပံ့မှုတွေလျော့သွားနိုင်ပါတယ်။ ထရမ့်အခုပြောနေတဲ့အတိုင်းဆိုရင် သူသမ္မတဖြစ်လာပြီဆိုတာနဲ့ လအနည်းငယ်အတွင်းမှာ ဒီဒုက္ခသည်တွေကိစ္စကလည်း လအနည်းငယ်အတွင်း လုံးဝရပ်သွားတာဖြစ်နိုင်ပါတယ်။ လွှတ်တော်က အတည်ပြုစရာမလိုဘဲ သမ္မတအမိန့်နဲ့ပဲလုပ်လို့ရတဲ့လုပ်ငန်းတွေက ရပ်သွားတာတွေ ဖြစ်နိုင်ပါတယ်။
ဘီဘီစီ - ဒါဆိုရင် နယ်စပ်တွေမှာသွားဖို့စောင့်နေသူတွေ မခေါ်မှာမျိုးဖြစ်နိုင်လာမလား။ ထပ်လက်ခံမယ့် မူဝါဒတွေမရှိမှာ ဖြစ်လာနိုင်မလား။
ဦးဂျိမ်းရွှေ- အဓိကက ကျွန်တော်တို့က လုပ်စရာရှိတာကိုလုပ်ကြဖို့ပဲ ရှိတာပေါ့။ ကျွန်တော်တို့က ၂ ပိုင်းတော့ ဖြစ်နေတယ်။ အကောင်းအဆိုးတော့ ဒွန်တွဲနေတာပေါ့။
အဓိကကတော့ တော်လှန်ရေးအတွက် ရှေ့တစ်လှမ်းရောက်ဖို့က အရေးအကြီးဆုံးလိုဖြစ်နေတယ်။ အဲဒါကိုလုပ်နိုင်မှ ရလဒ်က ပြောင်းမှာလေ။ အရှည်အတွက်ကြည့်ပြီး လုပ်ရတာတော့ရှိပါတယ်။











