ထရမ့်ပုံဖော်လိုတဲ့ ကမ္ဘာထဲက မြန်မာပြည်ရဲ့ အခန်းကဏ္ဍ - သံအမတ်ကြီးဟောင်း စကော့မာဆီရယ်နဲ့ မေးမြန်းခန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
သမ္မတ ထရမ့်ဟာ ကွန်ဂရက်စ်လွှတ်တော်ထဲ အခု တစ်ကြိမ် သက်တမ်း အတွက် ပထမ ဆုံး အကြိမ် မိန့်ခွန်းပေးခဲ့တာမှာ သူ့ အစိုးရသစ်လက်ထက် တိုတောင်းလှသေးတဲ့ ကာလအတွင်းမှာကို အောင်မြင်မှုတွေ ဘယ်လောက်တောင် ရခဲ့သလဲ ဆိုတာကို အတော်လေး အချိန်ယူပြီး ခပ်ရှည်ရှည် ပြောခဲ့ပါတယ်။
အမေရိကန် အစိုးရရဲ့ ဘဏ္ဍာငွေကြေးတွေကို အလေအလွင့်မရှိအောင် ဘယ်လိုမျိုး နိုင်ငံရပ်ခြား အထောက်အပံ့တွေကို ဖြတ်တောက်ခဲ့သလဲ ဆိုတာတွေကို ထရမ့်က ပြောသွားပါတယ်။
အဲဒီ အထဲမှာ မြန်မာပြည်နဲ့ ပတ်သက်တဲ့ တိုက်ရိုက် ပြောဆိုမှုမျိုး ပါဝင်ပါတယ်။ မြန်မာကျောင်းသားတွေကို DISP ပညာတော်သင်ဆုအဖြစ်ချီးမြှင့်တဲ့ အမေရိကန်ဒေါ်လာ ၄၅ သန်းကို ဖြတ်တောက်ခဲ့ကြောင်း သမ္မတ ထရမ့်က ပြောပါတယ်။
အီလွန်မတ်စ် ဦးဆောင်တဲ့ အမေရိကန်အစိုးရ စွမ်းဆောင်ရည် ဌာန ဒို့ဂျ် (DOGE) ကနေ အရေးပါတဲ့ ငွေကြေးဖြတ် တောက်မှုတွေ လုပ်နေကြောင်း ချီးကျူး စကားပြောခဲ့ပြီး ဖြတ်တောက်ခဲ့တဲ့အထဲ မြန်မာကျောင်းသားတွေအတွက် ပညာတော်သင်ဆုပေးတာလည်း ပါဝင်တယ်လို့ ထည့်ပြောခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု USAID နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီက မြန်မာနိုင်ငံအတွက် ပေးအပ်တဲ့ Diversity and Inclusion Scholarship Program (DISP) မတူကွဲပြားမှုနဲ့ အားလုံးပါဝင်ခွင့်ရှိတဲ့ ပညာတော်သင်ဆု အစီအစဥ်ကို ဇန်နဝါရီ လကုန်ပိုင်း ကတည်းက သမ္မတအမိန့်နဲ့ ရပ်ဆိုင်းခဲ့ပါတယ်။
အဲဒီလို နိုင်ငံခြား အကူအညီတွေကို ဖြတ်တောက်တာတွေ အပြင်၊ ဖက်ဒရယ် အစိုးရလို့ ခေါ်တဲ့ အမေရိကန် ဗဟို အစိုးရ ရဲ့ ဌာနတွေ၊ ဝန်ထမ်းတွေကို လျှော့ချနေတဲ့အကြောင်း၊ တရားမဝင် လူဝင်ရောက်မှုကိုလည်း လျှော့ချ နိုင်ခဲ့တဲ့ အကြောင်း စသဖြင့် အကြောင်းအရာ စုံစုံလင်လင်ကို တစ်နာရီနဲ့ မိနစ်လေးဆယ် အချိန်ယူပြီး သမ္မတ ထရမ့် ပြောသွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
"လွန်ခဲ့တဲ့ သီတင်း ခြောက်ပတ်တုန်းကမှ အခု ကွန်ဂရက်စ် အဆောက်အဦးကြီးရဲ့ အမိုးခုံးကြီးအောက်မှာ အမေရိကန် ရွှေခေတ်ရဲ့ အရုဏ်ဦး စတင်ကြောင်း ပြောခဲ့ပါတယ်။ အဲဒီ အချိန်က စပြီး ကျွန်တော်တို့ဟာ ဦးတည်ချက် အခိုင်အမာနဲ့ အလျှင်မြန်ဆုံး လုပ်ဆောင်ခဲ့တာတွေဟာ အမေရိကန်ကို သမိုင်းမှာ အအောင်မြင်ဆုံး အကြီးကျယ် အခမ်းနားဆုံး ကာလအပိုင်းအခြားဆီကို ကျွန်တော်တို့ ခေါ်သွား နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အစိုးရအများစု ၄ နှစ် ဒါမှမဟုတ် ၈ နှစ် လုပ်တာတောင် မရနိုင်ခဲ့တဲ့ အောင်မြင်မှုမျိုးကို ကျွန်တော်တို့ ၄၃ ရက်နဲ့ ဆောင်ကြဉ်း ပေးနိုင်ခဲ့ပါတယ်။ ဒါ အစပဲ ရှိပါသေးတယ်" လို့ သမ္မတ ထရမ့်က ဆိုပါတယ်။
"အီလွန်က အလုပ် သိပ်ကြိုးစားတယ်။ သူ့ကို အသိအမှတ်ပြုတယ်။ ဒီဘက်က လက်ခုပ်မတီးနေတဲ့သူတွေလည်း အသိအမှတ်ပြုပါလိမ့်မယ်" လို့ အတိုက်အခံ တွေကို ရည်ရွယ်ပြီး သမ္မတ ထရမ့်က ပြောပါတယ်။
သမ္မတ ထရမ့်ရဲ့ မိန့်ခွန်း အပြီးမှာ အတိုက်အခံ ဒီမိုကရက်တွေဘက်ကလည်း သမ္မတ မိန့်ခွန်း အပေါ် တုံ့ပြန်ချက်ကို တရားဝင် ပြုလုပ်ရပါတယ်။ အဲဒီအခါ အမျိုးသမီး ဆီနိတ်လွှတ်တော်အမတ် အလစ်ဆာ ဆလော့ကင်က သမ္မတထရမ့်ဟာ အမေရိကန် ဒီမိုကရေစီ အပေါ် အန္တရာယ် ပေးနေတဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။
"အမေရိကန်ဆိုတာ ပြီးပြည့်စုံလှပြီလို့ မဆိုလိုပေမယ့်၊ အမေရိကန် အများစုလိုပဲ ကျွန်မ ယုံကြည်တာက ကျွန်မတို့နိုင်ငံဟာ ကမ္ဘာပေါ်မှာ အခုချိန်ထိအောင် သူမတူ နှိုင်းယှဉ်စရာ မရှိ နိုင်ငံ ဖြစ်တယ် ဆိုတဲ့ အချက်ပါပဲ။ ဒီလို နိုင်ငံမျိုးကို ဦးဆောင်တဲ့ အစိုးရ အနေနဲ့ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် တရုတ် အစိုးရ၊ ရုရှား အစိုးရထက် သာလွန် သင့်ပါတယ်။ အမေရိကန် အစိုးရက ပိုမို ကောင်းမွန်တဲ့ အချက်တွေကို အာမခံ နိုင်ဖို့ လိုပါတယ်။ ကျွန်မတို့နိုင်ငံ အပေါ် အများက လေးစားအားကျရတဲ့ အထဲ ကျွန်မတို့ရဲ့ ဒီမိုကရေစီနဲ့ ကျွန်မတို့ရဲ့ အစိုးရစနစ်ပုံစံ ပါဝင်ပါတယ်။ အခု အဲဒီအရာတွေဟာ အန္တရာယ်ကျရောက်နေရပြီ ဖြစ်ပါတယ်" ဆိုပြီး ဆီးနိတ်အမတ် ဆလော့ကင်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေါ်နယ်ထရမ့်ရဲ့ တကျော့ပြန် အိမ်ဖြူတော် ကာလ ထရမ့် 2.0 ရဲ့ ကနဦး သီတင်းပတ်တွေ အတွင်းမှာပဲ သူဖော်ဆောင်နေတဲ့ မူဝါဒတွေထဲ ပြည်တွင်းရော ပြည်ပမှာပါ အရှိန်ပြင်းပြင်း ရိုက်ခတ်ခံရတဲ့ ကိစ္စကတော့ အမေရိကန် ဗဟို အစိုးရ ဌာနတစ်ခု ဖြစ်တဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ ယူအက်စ် အေအိုင်ဒီကို ဖျက်ဖို့ အထိ စိုင်းပြင်းလာတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
ဝန်ထမ်းထောင်ပေါင်း များစွာကို အလုပ်ကနေ ရပ်နားလိုက်ပြီး နိုင်ငံရပ်ခြား ထောက်ပံ့မှုတွေကို ရက် ၉၀ ဆိုင်းငံ့ လိုက်ပါတယ်။ အဲဒီလို စာနာမှု အကူအညီတွေ ဖြတ်တောက် ခံရတဲ့ အတွက် ချက်ချင်းလက်ငင်း ဆိုသလို သက်ရောက် ရိုက်ခတ် ခံရတဲ့ အထဲ ထိုင်း- မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ကူညီရေး လုပ်နေတဲ့ အဖွဲ့တွေ၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ ဆေးခန်းတွေ ပါဝင်ပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီတော့ ယူအက်စ်အေအိုင်ဒီ ကို ဆိုင်းငံ့တာကြောင့် မြန်မာ့အရေး အပေါ် ဘယ်လို သက်ရောက်သလဲ၊ မြန်မာ့ ဒီမိုကရေစီ အရေးကို အကူအညီပေးမယ် ဆိုပြီး ပြဋ္ဌာန်းထားတဲ့ ဘားမားအက် ဥပဒေ ဘာဆက် ဖြစ်လာမလဲ၊ အမေရိကန် အမျိုးသား လုံခြုံရေး အပေါ် ခြိမ်းခြောက်တဲ့ နိုင်ငံတွေ စာရင်းထဲ မြန်မာကို ဆက်လက် ထည့်သွင်းထားတဲ့ ထရမ့် အစိုးရ အနေနဲ့ မြန်မာ့အရေး အပေါ် ဘယ်ပုံ ဘယ်နည်း သဘောထားနိုင်သလဲ ... တရုတ်နဲ့ ယှဥ်ပြိုင်တဲ့ ကျယ်ပြန့်တဲ့ မဟာဗျူဟာထဲ မြန်မာကို ထည့်သွင်းမှာလား .... စတာတွေကို အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အာရှ အရှေ့ပိုင်းနဲ့ ပစိဖိတ်ရေးရာမှာ လက်ထောက် ဒုဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့သူ ဝါရင့် ထိပ်တန်း သံတမန်ဟောင်း စကော့မာဆီရယ်ကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုးက ပြီးခဲ့တဲ့ သတင်းပတ်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဘီဘီစီ။ ။ USAID ဌာနရဲ့ သဘောသဘာဝကို စပြီး ရှင်းပြပေးပါ့လားခင်ဗျ။ ဘယ်လုပ်ငန်းတာဝန်တွေ အတွက် ရည်ရွယ် ထူထောင်ထားတာလဲ ... နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အပြင်ဘက် သီးသန့် အေဂျင်စီ တစ်ခု အဖြစ်ထားခဲ့တယ် ဆိုတော့ ဘယ်လောက် ထူးခြားတဲ့ အခန်းကဏ္ဍမျိုးမှာ ရှိနေခဲ့တာမျိုးလဲ။
စကော့မာဆီရယ်။ ။ ယူအက်စ် အေအိုင်ဒီရဲ့ အခန်းကဏ္ဍဟာ နှစ်ပေါင်းများစွာ ကာလတွေ အတွင်းမှာ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ အခြေခံကတော့ ... ဒီဌာနဟာ နိုင်ငံခြားရေး မူဝါဒပိုင်း ချမှတ်တာနဲ့ မသက်ဆိုင်ဘဲ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ပေးတဲ့ဌာန အဖြစ် ရည်ရွယ်ပြီး ထူထောင်ထားတာ ဖြစ်ပါတယ်။ ဒီလိုဆိုပေမဲ့ ... နိုင်ငံခြားရေးနဲ့ ပတ်သက် စပ်ယှက်နေတဲ့ အခန်းကဏ္ဍတွေ ရှိနေခဲ့တဲ့ အချက်ကလည်း သိသာ ထင်ရှားပါတယ်။
နိုင်ငံတကာ ဖွံ့ဖြိုးရေး ဆိုတဲ့ နာမည်နဲ့ အမေရိကန် အစိုးရရဲ့ အေဂျင်စီ အဖြစ် ထူထောင်ရတဲ့ အခြေခံ အတွေးအမြင်ကတော့ ... နိုင်ငံတကာမှာပါ အများပြည်သူရဲ့ ကောင်းရာကောင်းကျိုးတွေကို ဖြစ်ထွန်းနိုင်စေတဲ့ good governance လို့ ခေါ်တဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှုတွေကို ဖော်ဆောင်နိုင်မယ်ဆိုရင် .... ဖွံ့ဖြိုး တိုးတက်လာမယ် ဆိုရင် ... ကမ္ဘာကြီး တစ်ခုလုံး အနေနဲ့ ကောင်းရာကောင်းကျိုး ရှိလိမ့်မယ် ... ဒီ အဓိပ္ပာယ်ဟာ အမေရိကန် ပြည်ထောင်စု အတွက်လည်း ကောင်းရာ ကောင်းကျိုး ဖြစ်စေမယ် ဆိုတဲ့ အခြေခံ အတွေးအခေါ် အပေါ်မှာ ထူထောင်ထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးကို အမေရိကန်က လိုလားတယ် ... ဖွံ့ဖြိုးတိုးတက် အောင် ကြံဆောင် ကြိုးစားနေတဲ့ နိုင်ငံတွေကို အမေရိကန်က ကူညီနေတယ် ဆိုတဲ့ အချက်ကို ထင်ဟပ် ပြသပေးနေတဲ့ ဌာနအဖြစ် နားလည်နိုင်ပါတယ်။ ဒါဟာ ယူအက်စ်အေအိုင်ဒီဌာနအနေနဲ့ နှစ်ပေါင်းများစွာ လည်ပတ် လှုပ်ရှားနေခဲ့တာရဲ့ ပင်မ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။ လုပ်ငန်း ပရောဂျက်တွေကို အကောင်အထည် ဖော်ပုံဖော်နည်းတွေကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တချို့မှာ အပြောင်းအလဲ ရှိလာတယ်လို့ ပြောနိုင်ပါတယ်။
လိုအပ်နေတဲ့ အရာတွေကို အဆင်သင့် တိုက်ရိုက် ဖြည့်ဆည်းပေးတဲ့ ပုံစံမျိုးထက် စာရင် သက်ဆိုင်ရာ နယ်ပယ် ဒေသက သူတွေ ကိုယ်တိုင် ဖန်တီး လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးတဲ့ အပေါ် ပိုပြီး အာရုံ စိုက်လာပါတယ်။ အဲဒီလို "Capacity building" ပိုင်းမှာ အာရုံစိုက်လာတဲ့ အခါ လူတွေကို သင်ကြားလေ့ကျင့်ပေးတဲ့တဲ့ ပရောဂျက်တွေ အများအပြား လုပ်ဆောင်ပါတယ်။ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ ကျွမ်းကျင်သူတွေ ရှိလာအောင် သင်တန်းတွေ ပေးပါတယ်။ စိုက်ပျိုးရေးကဏ္ဍအတွက်လည်း နည်းပညာ ပံ့ပိုးပေးတာတွေ ပြုလုပ်ပါတယ်။
ဒီတော့ ယူအက်စ် အေအိုင်ဒီရဲ့ လုပ်ငန်း ပရောဂျက် ဆိုတာမျိုးတွေဟာ ဆိပ်ကမ်းကြီးတွေ၊ လေဆိပ်ကြီးတွေ တည်ဆောက်ပေးတာမျိုး မဟုတ်ဘဲ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးသာ အခရာကျတယ် ဆိုတဲ့ ချဉ်းကပ်မှုအပေါ် ပိုပြီး အာရုံစိုက်လာခဲ့တာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ စကော့ဟာ ဝါရင့် သံတမန် တစ်ယောက် ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် မြန်မာ အပါအဝင် အရှေ့တောင်အာရှ ဒေသပိုင်းဆိုင်ရာမှာ အတော်လေး အတွေ့အကြုံ ရင့်ကျက်တဲ့သူ အဖြစ် အများက အသိအမှတ်ပြုကြပါတယ်။ ဒီတော့ စကော့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေ အပေါ် မူတည်ပြီး အရင် အမေရိကန် အစိုးရ အဆက်ဆက် လက်ထက်၊ ဥပမာ အိုဘားမား အစိုးရ ဘိုင်ဒင် အစိုးရတွေ လက်ထက်မှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဌာနနဲ့ ယူအက်စ်အေအိုင်ဒီတို့ အနေနဲ့ ဘာတွေ လုပ်ဆောင်ခဲ့တယ် ဆိုတာ ပြောပြပေးပါ့လား။
စကော့မာဆီရယ်။ ။ ဟုတ်ကဲ့၊ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်ကတော့ အတော်လေးပဲ ရှင်းလင်းပါတယ်။ ခေတ်သစ် သံတမန်ရေး အခင်းအကျင်းကို ဂျော့ရှ် ဒဗယ်လျူ ဘွတ်ရှ် (George W. Bush) လက်ထက်လောက်အထိ ပြန်ပြီး ကြည့်နိုင်ပါတယ်။ နောက်ပိုင်း ဘားရက် အိုဘားမား လက်ထက်မှာသာမက ထရမ့်ရဲ့ ပထမ အကြိမ် သမ္မတ သက်တမ်း အပါအဝင် ဘိုင်ဒန် အစိုးရ လက်ထက်အထိအောင် ရပ်တည်ချက်တွေ မကွာခြားဘဲ တစ်သမတ်တည်းပဲ ရှိခဲ့ပါတယ်။
ဘယ်လို ရပ်တည်ချက်မျိုးလဲဆိုတော့ .... ပိုပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ဖြစ်ထွန်းလာဖို့ .... ပိုပြီး ဒီမိုကရေစီကျတဲ့ ကိုယ်စားပြု နိုင်ငံရေးစနစ် ပေါ်ထွန်းလာဖို့နဲ့ လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာတဲ့ ဝန်းကျင် အခြေအနေမျိုး ဖြစ်လာအောင် ဖန်တီးနိုင်ဖို့ အတွက် မြန်မာပြည်သူတွေ လှုပ်ရှား ရုန်းကန် ကြိုးစားနေကြတာတွေကို အမေရိကန်က အားပေး ကူညီတဲ့ ရပ်တည်ချက် ဖြစ်ပါတယ်။
လူမျိုးစု အသီးသီး၊ လူနည်းစု အုပ်စု အသီးသီး၊ မတူကွဲပြားတဲ့ လူမှု အသိုင်းအဝိုင်း အသီးသီးက သူတွေပါ ကျေနပ်နှစ်လိုတဲ့ ဝန်းကျင်အခြေအနေမျိုး တည်ဆောက်နိုင်ရေးကို အမေရိကန်က အားပေးပါတယ်။ အခြေခံအားဖြင့်ပြောရရင် စစ်တပ် လွှမ်းမိုးကြီးစိုးတဲ့ နိုင်ငံမျိုး မဖြစ်အောင်၊ ပြင်းထန်ကြီးမားတဲ့ ပဋိပက္ခတွေ ပေါ်ပေါက်စေနိုင်တဲ့ အခြေခံ အကြောင်းတွေကို ဖယ်ရှားနိုင်အောင် မြန်မာနိုင်ငံ ကြိုးစားနေတဲ့အပေါ် ပိုပြီး တိတိကျကျ ပြောရရင် မြန်မာ ပြည်သူတွေ ကြိုးစားနေတဲ့ အပေါ် အမေရိကန်က တတ်စွမ်းသလောက် အကူအညီပေးရေး ဆိုတဲ့ မူဝါဒပဲ ဖြစ်ပါတယ်။
အဲဒီ မူဝါဒဟာ ပထဝီနိုင်ငံရေး အပေါ် မူတည်ပြီး ချမှတ်တဲ့ ဗျူဟာမြောက် နိုင်ငံခြားရေး မူဝါဒမျိုးထက် စာရင် မြန်မာနိုင်ငံထဲ ပေါ်ပေါက်နေခဲ့တဲ့ အချင်းရာတွေ၊ အခြေအနေတွေ အပေါ် မူတည်ပြီး မြန်မာနိုင်ငံက လူအများ ခံစားတွေ့ကြုံ နေရတာတွေကို အမေရိကန်က ကူညီဖေးမရမယ် ဆိုတဲ့ သဘောထားမျိုး ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, USAID
ဘီဘီစီ။ ။ စကော့ပြောသလို ပထဝီ နိုင်ငံရေး အတွက် ဗျူဟာမြောက် ရည်ရွယ်ချက်မျိုး မဟုတ်ဘူး ဆိုရင် မြန်မာ အပါအဝင် အရှေ့တောင်အာရှ ဒေသမှာ တရုတ်ရဲ့ သြဇာလွှမ်းမှုကို အာဏာချိန်ခွင်လျှာ ညှိနိုင်ဖို့ ဆိုတဲ့ တွက်ချက်မှုမျိုး မရှိခဲ့ဘူးလို့ ဆိုလိုတာလား။ အဲဒါဆိုရင် အမေရိကန်ရဲ့ စာနာမှု အကူအညီတွေ ရပ်ဆိုင်းသွားတဲ့ လက်ရှိ ကြုံတွေ့လာရတဲ့ အခြေအနေဟာ တရုတ်နဲ့ ယှဥ်ပြိုင်မှု အပေါ် ဘယ်လိုမှ ထိခိုက် မသွားစေဘူးလို့ ဆိုလိုတာလား။
စကော့မာဆီရယ်။ ။ ကျွန်တော်ပြောနိုင်တာကတော့ ၂၀၁၂ ရှေ့ပိုင်းမှာ အမေရိကန်ရဲ့ အကူအညီ ဆိုတာတွေဟာ မြန်မာနိုင်ငံထဲ တိုက်ရိုက်သွားတာမျိုး ... စစ်အစိုးရလက်ထဲ တိုက်ရိုက် ထည့်ပေးတာမျိုးထက်စာရင် နယ်စပ်ဖြတ်ကျော် ပေးပို့တဲ့ အကူအညီတွေ ဖြစ်ပါတယ်။ အဲဒီ အချိန်ကတည်းက စလို့ ပေးလာတဲ့ အကူအညီတွေဟာ ကျွန်တော်ပြောခဲ့သလို လူတွေကို ကူညီနိုင်ရေး အပေါ် ပိုပြီး အာရုံစိုက်ပါတယ်။ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ အကူအညီတွေ ပေးတာ ဖြစ်ပြီး ဒီမိုကရေစီ စနစ် ထွန်းကားဖို့၊ ဥပဒေစိုးမိုးမှု အပေါ် လေးစားဖို့၊ ပဋိပက္ခတွေ အဆုံးသတ် နိုင်ဖို့ ဆိုတဲ့ အတွေးအခေါ်ပေါ်မှာ အခြေခံထားပါတယ်။
နောက်ပိုင်းနှစ်တွေမှာတော့ ... ခင်ဗျားပြောသလို ပထဝီ နိုင်ငံရေး ရှုထောင့် အမြင်မျိုး အနည်းငယ် ပါဝင်လာပါတယ်။ တရုတ်ရဲ့ သြဇာကလည်း ကြီးထွားလာတယ်ဆိုတော့ အဲဒါကို ထည့်သွင်း တွက်ချက်တာမျိုး လုပ်တာမှန်ပေမဲ့ .... "အကူအညီ ဘာ့ကြောင့် ပေးရတယ်" ဆိုတဲ့ အခြေခံ တရားကိုယ် အကြောင်းရင်းခံဟာ "ပထဝီ နိုင်ငံရေး" မဟုတ်ဘူးလို့ ကျွန်တော် ဆိုလိုတာ ဖြစ်ပါတယ်။
အမေရိကန် အနေနဲ့ မြန်မာ ပြည်သူတွေရဲ့ မိတ်ဆွေကောင်း အဖြစ် ရပ်တည်မယ် ဆိုရင်၊ မိတ်ဆွေကောင်း အဖြစ် အသိအမှတ် ပြုခံရမယ် ဆိုရင် မြန်မာနဲ့ အမေရိကန်ကြား နှစ်နိုင်ငံ ဆက်ဆံရေး ပိုပြီး နီးစပ်စေမယ်၊ ခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်မယ် ဆိုတဲ့ နိုင်ငံခြားရေး ဆိုင်ရာ ရည်မှန်းချက် ရှိတာဟာ တရုတ်ကို ဆန့်ကျင်ဖို့ အတွက် မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာဟာ အမေရိကန်နဲ့ ဆက်ဆံရေး ခိုင်မာလာမယ်ဆိုရင် မြန်မာအနေနဲ့၊ မြန်မာအစိုးရတွေအနေနဲ့ ... တရုတ်တစ်ခုတည်းပဲ မှီခို အားထားစရာရှိတယ် ဆိုတဲ့ ခံစားမှုမျိုးကနေ ကျော်လွန်နိုင်မှာ ဖြစ်ပါတယ်။
ဘီဘီစီ ။ ။ အခု ကျွန်တော်တို့ ရှိလက်စ ဘားမားအက် အကြောင်း အာရုံစိုက်ကြည့်ရအောင်။ အခု အမေရိကန် အစိုးရသစ် အနေနဲ့ ဘားမားအက် အပေါ် ဘယ်လို သဘောထားနိုင်လဲ။ အခု သူတို့ဟာ နိုင်ငံခြားရေး ဌာန အပါအဝင် အစိုးရ ဌာနတွေကို ပြင်ဆင် သုံးသပ်တာတွေ လုပ်နေတယ် ဆိုတော့ ဘားမားအက် အပေါ် ဘယ်လို သဘောထားလာနိုင်လဲ။
စကော့မာဆီရယ်။ ။ ကျွန်တော် မသိပါဘူး။ အစိုးရသစ် အနေနဲ့ မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး ဘယ်လို ချည်းကပ်မလဲ ဆိုတာကို ကျွန်တော် မသိပါဘူး။ ကျွန်တော် နားလည်သလောက်၊ မြင်နေရသလောက်ကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တိုက်ရိုက် ကိုင်တွယ် သုံးသပ်တာမျိုး အပြုလုပ်သေးပါဘူး။ ဒီတော့ ဘာဆက် ဖြစ်လာမလဲ ဆိုတာကို ပြောရခက်ပါတယ်။
လောလောဆယ်မှာတော့ နိုင်ငံရပ်ခြားကို သွားတဲ့ အထောက်အပံ့ အကူအညီတွေကို ဖြတ်တောက် လိုက်တဲ့အခါ မြန်မာပြည်သူတွေထဲက အဲဒီအထောက်အပံ့တွေ အပေါ် မှီခိုနေရသူတွေလည်းပဲ ထိခိုက် ခံစားရပါတယ်။ ဒါပေမဲ့ မြန်မာ့အရေး အတွက် ဆိုပြီး သီးသန့် ရည်ရွယ် လုပ်ဆောင်တာမျိုး မဟုတ်ဘဲ နိုင်ငံရပ်ခြား အထောက်အပံ့တွေကို ဖြတ်တောက်လိုက်တဲ့ လုပ်ရပ်ကြောင့် ထိခိုက်ရသူတွေထဲမှာ မြန်မာလည်းပဲ ပါဝင်တာမျိုး ဖြစ်ပါတယ်။ အစိုးရ အသုံးစရိတ်တွေ ဖြတ်တောက်ဖို့ ဆိုရင် လိုအပ်နေသူတွေ အပေါ် စာနာမှု အကူအညီတွေ ပေးတာတွေလည်း ဖြတ်ရမယ် ဆိုတဲ့ အတွေးအမြင်မျိုး၊ တောင်းဆိုမှုမျိုးတွေကို အမေရိကန် ပြည်သူအများကြားမှာတော့ မတွေ့ရပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ ကျွန်တော် နားလည်ဖို့ ကြိုးစားနေတာကတော့ မြန်မာကို အထောက်အပံ့ အကူအညီတွေပေးရေး အမေရိကန် လွှတ်တော်နှစ်ရပ်က အတည်ပြုထားတဲ့ ဘားမားအက် ဥပဒေ ရှေ့ ဘာဆက်ပြီး ဖြစ်လာနိုင်လဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ အိမ်ဖြူတော်မှာ ဘယ်သူ အစိုးရ ဖြစ်လာသည်ဖြစ်စေ ဘားမားအက် ဥပဒေ ကတော့ ဆက်ရှိနေမှာ မဟုတ်လား။
စကော့မာဆီရယ်။ ။ ဟုတ်ပါတယ်။ အဲဒါဟာ ဥပဒေ တစ်ရပ် ဖြစ်ပါတယ်။ အစိုးရသစ် ပြောင်းသွားတဲ့ အခါ အလိုအလျောက် ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘားမားအက် ဆိုတာ ဘာလဲ ဆိုတာကို ကျွန်တော်တို့ ပြန်ကြည့်ရအောင်ပါ။ အခြေခံ အချက်ကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ငွေကြေးတွေ သုံးစွဲခွင့် ပြုတယ်ဆိုတဲ့ ခွင့်ပြုချက် ဥပေဒေ ဖြစ်ပါတယ်။ ဒီလိုဆိုပေမဲ့ ဘယ်လောက် ပမာဏ ဆိုပြီး ဘတ်ဂျက်ငွေ ခွဲတမ်းချပေးတဲ့ ဥပဒေ မဟုတ်ပါဘူး။ မြန်မာ့အရေးကို ကူညီမယ် ဆိုတဲ့ ရပ်တည်ချက် အမေရိကန် ပြည်ထောင်စုထံမှာ ရှိတဲ့ အကြောင်း ဖော်ပြတဲ့ ဥပဒေ ဖြစ်ပါတယ်။
ဒီတော့ ဘတ်ဂျက်ငွေ ဘယ်လောက် ခွဲတမ်းချ သုံးစွဲမယ် ဆိုတာ အစိုးရက ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာတော့ နိုင်ငံရပ်ခြား အထောက်အပံ့တွေကို ဖြတ်တောက် ကန့်သတ်ထားဖို့ သက်သက် အစိုးရသစ်က လုပ်ဆောင်နေတာ မဟုတ်ပါဘူး။ ယူအက်စ် အေအိုင်ဒီ ဌာန တစ်ခုလုံးကို ဖျက်ဖို့ လုပ်နေတာ ဖြစ်ပါတယ်။ ဒီတော့ ဘားမားအက် ဥပဒေအရ အစိုးရသစ်က မြန်မာအတွက် ဘတ်ဂျက်ငွေ လျာထား ခွဲတမ်းချလာသည် ဆိုဦး၊ ယူအက်စ်အေအိုင်ဒီ မရှိတဲ့ အတွက် ဘယ်လို အကောင်အထည်ဖော်မယ် ... ဘယ်သူက ကြီးကြပ်မယ် ဆိုတာတွေဟာ အခုအချိန်မှာ ဘယ်သူမှ မသိသေးပါဘူး။ ကျွန်တော်လည်း မစဥ်းစား တတ်ပါဘူး။
ခင်ဗျား ပြောတဲ့ အတိုင်း ဥပဒေကတော့ ဆက်ရှိနေမှာပါ။ ဥပဒေကို ဖျက်ဖို့ ဆိုရင် ကွန်ဂရက်စ် လွှတ်တော်ထဲမှာ လုပ်ဆောင်ဖို့ အထိ လိုအပ်ပါတယ်။
ဘီဘီစီ ။ ။ ဘားမားအက်ဟာ ပါတီ နှစ်ခုစလုံးက သဘောတူ အတည်ပြုထားတဲ့ ဥပဒေ အဖြစ် ကျွန်တော် နားလည်ထားပါတယ်။ ဒီတော့ အစိုးရရဲ့ ဆန္ဒ ဘယ်လို ရှိသည်ဖြစ်စေ၊ ဘားမားအက် ဥပဒေနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာရော ပြင်ဖို့၊ ဖျက်ဖို့၊ အပြောင်းအလဲတွေ ပြုလုပ် လာနိုင်တယ်လို့ ထင်လား။
စကော့မာဆီရယ်။ ။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဥပဒေသစ်တစ်ရပ် အစားထိုး ပြဋ္ဌာန်းဖို့ ဖြစ်စေ၊ ရှိလက်စ ဥပဒေကို ပြင်ဆင်ဖို့ ဖြစ်စေ ကြိုးစားနေတဲ့ လုပ်ရပ်မျိုး ရှိတယ်လို့ ကျွန်တော် သတိ မထားမိပါဘူး။ ခင်ဗျားသိတဲ့အတိုင်း ကျွန်တော်က လက်ရှိ ဝါရှင်တန်မှာလည်း မဟုတ်တော့ ၁၀၀% တတ်အပ်တော့ မပြောနိုင်ပါဘူး။ ကျွန်တော့် အနေနဲ့ မကြားမိဘူးလို့ပဲ ဆိုလိုပါတယ်။ ကျွန်တော် ပြောခဲ့သလို ဥပဒေ ရှိသည် ဆိုဦး ငွေကြေး ခွဲတမ်းချရမှာက အစိုးရ ဖြစ်ပါတယ်။ ဒီတော့ အစိုးရရဲ့ နိုင်ငံခြားရေးမူ ဘယ်လို ထားရှိမယ် ဆိုတာကို အဓိက ဆုံးဖြတ်သူ၊ တိုက်ရိုက် ညွှန်ကြားသူဟာ သမ္မတ ဖြစ်ပါတယ်။ ဒီတော့ မြန်မာ့အရေး ဘတ်ဂျက်ငွေ သတ်မှတ်ပေးဖို့ လိုတယ်လို့ ဆုံးဖြတ်မှာလား ကျွန်တော် မသိပါဘူး။ သတ်မှတ်ပြီ ဆိုဦး ယူအက်စ်အေအိုင်ဒီ မရှိဘဲနဲ့ ဘယ်လို ဖော်ဆောင်နိုင်မလဲဆိုတာလည်း ကျွန်တော် မသိပါဘူး။
ဘီဘီစီ။ ။ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်စေတဲ့ နိုင်ငံတွေရဲ့ စာရင်းထဲ မြန်မာကို ထည့်သွင်းထားတဲ့ အပေါ် သမ္မတထရမ့်က သတ်တမ်း ထပ်တိုးလိုက်ပါတယ်။ အဲဒါကရော ဘယ်လို အဓိပ္ပာယ်သက်ရောက်နေလဲ။ မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး တိုက်ရိုက် ကိုင်တွယ် ဆုံးဖြတ်တဲ့ လုပ်ဆောင်ချက်မျိုး မဟုတ်ဘူးလား။
စကော့မာဆီရယ်။ ။ သူ ဘာဖြစ်လို့ အဲဒီလို လုပ်ဆောင်တယ် ဆိုတာကို ကျွန်တော် မသိပါဘူး။ အရင်တုန်းကတော့ အဲဒီလို စာရင်းထားရှိတာဟာ မြန်မာ စစ်အစိုးရ အဆက်ဆက် အပေါ် အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှု (sanctions) တွေ ချမှတ်နိုင်အောင် ရည်ရွယ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အခု သက်တမ်းတိုးလိုက်တာဟာ အဲဒီ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာလား၊ သူ့မှာ အဲဒီလို ရပ်တည်ချက်မျိုးရှိလား ... ကျွန်တော် ၁၀၀% တပ်အပ်သေချာ မပြောနိုင်ပါဘူး။
ကျွန်တော့် နားလည်မှုအရတော့ သမ္မတ ထရမ့်ဟာ မြန်မာနိုင်ငံ အခြေအနေတွေ အကြောင်း အရေးတယူ စိတ်ဝင်တစား ရှိခဲ့သူ မဟုတ်ပါဘူး။ သူ့ရဲ့ အကြံပေးတွေက လတ်မှတ်ထိုးဖို့ ပြောတဲ့အတွက် ထိုးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ အဲဒီလို လက်မှတ်ထိုး သက်တမ်းတိုးလိုက်တဲ့ အပေါ် ဘာ့ကြောင့် ဖြစ်နိုင်တယ် ... သူ့မှာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဘယ်လို သဘောထား ရပ်တည်ချက်မျိုး ရှိနိုင်တယ် ဆိုပြီး အသည်းအသန် အလေးအနက် လိုက်စဥ်းစားတာမျိုး၊ တွက်ဆတာမျိုး မလုပ်ပါဘူး။ လုပ်စရာ လိုမယ်လို့ မထင်ပါဘူး။
ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of YouTube post
ဘီဘီစီ။ ။ တရုတ်ကိုပါ ထည့်ပြီး စဥ်းစားတဲ့ ရှုထောင့်ကနေ ဆိုရင်ရော သံအမတ်ကြီးရေ။ သူဟာ တရုတ်နဲ့ ကုန်သွယ်ရေး စစ်ခင်းတဲ့ အသွင်မျိုးအထိ ပြိုင်ဆိုင်မှု ပြင်းထန်သူအဖြစ် သတ်မှတ်ခံရပါတယ်။ ဒီတော့ တရုတ်ကို ကိုင်တွယ်ရေးမှာ မြန်မာ့အရေးကိုပါ တစ်ပါတည်း ဆက်စပ် တွက်ချက်တာမျိုးရော မဖြစ်နိုင်ဘူးလား။
စကော့မာဆီရယ်။ ။ ကျွန်တော့်အမြင်မှာ ထရမ့်ရဲ့ နိုင်ငံခြားရေးမူ ဘာလဲ ဘယ်လို ရှိနိုင်လဲ ဆိုတာကို ကြိုပြီး ခန့်မှန်း တွက်ဆဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဗျ။ ခင်ဗျား သိသလားဗျ ... သူဟာ ကပြောင်းတိ ကပြောင်းပြန် သမားခင်ဗျ ... လုံးဝကို completely upended ဖြစ်နေတာ။ ဆယ်စုနှစ်များစွာ အမေရိကန် အစိုးရ အဆက်ဆက် လက်ထက် ကိုင်စွဲ ကျင့်သုံးခဲ့တဲ့ ဥရောပနဲ့ ရုရှားရေးရာ မူဝါဒ ချည်းကပ်ပုံတွေကို သူ ဘယ်လို လုပ်ပစ်နေတယ် ဆိုတာကို ကြည့်ပါ့လား။ ဒီတော့ ခင်ဗျား သူနဲ့ ပတ်သက်ပြီး ခန့်မှန်းတွက်ဆတာတွေ လုပ်ဖို့ ကြံရင် တက်တက်စင်အောင် လွဲဖို့ ဖြစ်နိုင်ခြေ ပိုများလိမ့်မယ်။ သူဟာ ကမ္ဘာ့ရေးရာတွေအပေါ် အသေအချာ သဘောပေါက် သိမြင်နားလည်တဲ့ သမ္မတထဲမှာ ပါဝင်တဲ့သူ မဟုတ်ပါဘူး။ အခု သူ အိမ်ဖြူတော်ကို ပြန်ရောက်ပြီး တစ်လအတွင်း ပြုမူနေခဲ့တာတွေကို ကြည့်ရင် ပြောနိုင်တာ တစ်ခုပဲ ရှိပါတယ် ... အဲဒါကတော့ အကြောင်းချင်းရာ ကိစ္စတစ်ခုအပေါ်မှာ အတိတကျ မူဝါဒ တစ်ခု ခိုင်ခိုင်မာမာ ချထားပြီး ချဉ်းကပ်သွားမယ်လို့ မျှော်လင့်မထားသင့်ဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
ထိပ်သီး အကြံပေးတွေ အဖြစ် သူ ခန့်အပ်ထားတဲ့ သူတွေကို ကြည့်ရင် China hawks တွေရယ်လို့ ညွှန်းဆိုလေ့ ရှိတဲ့ တရုတ် ဆန့်ကျင်ရေး သမားတွေ ဖြစ်တာ တွေ့ရပါတယ်။ သူ ကိုယ်တိုင်လည်းပဲ တရုတ် ဆန့်ကျင်ရေး စကားမျိုးတွေ တွင်တွင် ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း တစ်ဖက်မှာ ကျပြန်တော့ ရှီကျင့်ဖျင်အပေါ် သူ အများကြီး အားကျတဲ့ အကြောင်း ပြောပြန်ပါတယ်။ ဒီတော့ ထရမ့် ဘာလဲ ဆိုတာ ပြောဖို့ ခက်ပါတယ်။
ဘီဘီစီ။ ။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေရဲ့ ပြောဆိုချက်အရတော့ သူတို့နိုင်ငံထဲ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် အမေရိကန် အစိုးရပေးတဲ့ ထောက်ပံ့ မှုတွေဟာ ရပ်သွားမှာ မဟုတ်ဘူး ... ဆက်ရှိ နေဦးမယ်လို့ ဆိုပါတယ်။ ဒီတော့ အဲဒီအချက်ကိုကြည့်ရင် စာနာမှု အကူအညီတွေဟာ ယူအက်စ် အေအိုင်ဒီ မရှိတော့သည်ဆိုဦး ... ဆက်လက် စီးဆင်းနေစေမယ့် နည်းလမ်းမျိုးတွေ ထရမ့် အစိုးရ ဘက်က ဖန်တီး ထားရှိမယ်လို့ နားလည်နိုင်လား။
စကော့မာဆီရယ်။ ။ ကျွန်တော် မသိပါဘူး။ ကျွန်တော် ဆိုလိုတာက ဒုက္ခသည်တွေအတွက် စာနာမှု အကူအညီတွေဟာ နိုင်ငံခြားရေး ဝန်ကြီးဌာနအောက်မှာ ရှိတဲ့ ဒုက္ခသည်နဲ့ လူဝင်မှု ဆိုင်ရာ ဗျူရို အဖွဲ့ကနေ တဆင့် ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ အခု ထရမ့်အစိုးရလက်ထက်မှာ ဒုက္ခသည် ကူညီရေး အတွက် ရှေ့ဆက် ဘယ်နည်းဘယ်ပုံ လုပ်ဆောင်သွားမလဲ ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။
နိုင်ငံခြားရေး ဝန်ကြီး ရူဘီအို ပြောထားတာတော့ ရှိပါတယ်။ နိုင်ငံရပ်ခြား အထောက်အပံ့တွေကို ရပ်ဆိုင်းထားတယ် ဆိုပေမဲ့ ခြွင်းချက် တချို့တော့ ရှိတယ် ဆိုပြီး သူ ပြောထားပါတယ်။ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတချို့နဲ့ လူ့ အသက်တွေ ကယ်တင်နိုင်ရေး အတွက် ပေးအပ်တဲ့ အကူအညီ တချို့ကိုတော့ ဆိုင်းငံ့ထားတာတွေထဲကနေ ခြွင်းချက်အဖြစ် ဆက်လက်ပေးမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အကောင်အထည် ဖော်တဲ့ဌာနတွေ၊ နည်းလမ်းတွေကို ဆိုင်းငံ့ ရပ်တန့်ပစ်ချိန်မှာ အဲဒီ ခြွင်းချက်ဆိုတာတွေကို ဘယ်ပုံဘယ်နည်း လက်တွေ့ ပေးမှာလည်း ဆိုတဲ့ မေးခွန်းတွေ အများအပြားပဲ ဆက်လက် ရှိနေပါတယ်။








