ထရမ့်ရဲ့ တင်သွင်းခွန် တိုးမြှင့်မှု ဂယက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်ကို တင်သွင်းလာတဲ့ ကုန်ပစ္စည်းအားလုံးရဲ့ အပေါ်မှာ အခွန်သစ်တွေကို သမ္မတ ဒေါ်နယ်ထရမ့်က ချမှတ်လိုက်ပြီး ဒါဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ရှိလာနေခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်ရေး အခင်းအကျင်းမှာ ကြုံလိုက်ရတဲ့ အကြီးဆုံးသော ကသောင်းကနင်းဖြစ်မှုလို့ ဆိုနေကြပါတယ်။
အနည်းဆုံး ချမှတ်လိုက်တဲ့ တင်သွင်းခွန်က ၁၀% ပါ၊ ဒီ ပမာဏက သူ ရွေးကောက်ပွဲ မဲဆွယ်စဉ်က ပေးခဲ့တဲ့ အဆိုပြုချက်အတိုင်း ဖြစ်ပါတယ်။
ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံတွေအပါအဝင် သူ့အဆိုအရ "အဆိုးဆုံး ကျူးလွန်ခဲ့သူများ" လို့ ဆိုတဲ့ ကုန်သွယ်မှု မိတ်ဖက် နိုင်ငံ ၆၀ က ကုန်တွေအပေါ် ပို ကြီးလေးတဲ့ တင်သွင်းခွန်တွေ ချမှတ်ခဲ့ကာ၊ ဒါဟာ မညီမျှခဲ့တဲ့ ပေါ်လစီတွေ အတွက် ပြန်လည်ပေးဆပ်ရတာလို့ မစ္စတာ ထရမ့်က ပြောပါတယ်။
တရုတ်က အမေရိကန်ကို တင်သွင်းတဲ့ ကုန်တွေအတွက် အခွန် ၃၄% စည်းကြပ် လိုက်ပြီး၊ လက်ရှိ ရှိထားတဲ့ တင်သွင်းခွန်က ၂၀% ဖြစ်တဲ့အတွက် စုစုပေါင်း ၅၄% ဖြစ်သွားပါတယ်။
ဥရောပ သမဂ္ဂက တင်သွင်းကုန်တွေအပေါ် ၂၀% အခွန်စည်းကြပ်ပြီး ဗြိတိန်ကိုတော့ ၁၀% ပါ။
အာရှက သူ့ရဲ့ အစဉ်အလာ မဟာမိတ်နိုင်ငံတွေ အပေါ် တင်သွင်းခွန် စည်းကြပ်မှု ကလည်း မနည်းပါဘူး။ ဥပမာ - ဂျပန်က တင်သွင်းကုန်တွေအပေါ် ၂၄% အခွန် စည်းကြပ် မှာပါ။
ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေတချို့လည်း သမ္မတ ထရမ့်ရဲ့ အမြင့်ဆုံး တင်သွင်းခွန်တွေ ချမှတ်တဲ့အထဲ ပါဝင်ပါတယ်။
အဲဒီနိုင်ငံတွေထဲမှာ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ မြန်မာ စတဲ့ နိုင်ငံတွေ လည်း ပါဝင်ပြီး မြန်မာက အမေရိကန်ကို တင်သွင်းတဲ့ ကုန်တွေကို တင်သွင်းခွန် ၄၄% ဆောင်ရမှာ ဖြစ်သလို ကမ္ဘောဒီးယားက ၄၉%၊ ဘင်္ဂလားဒေ့ရှ်က ၃၇%၊ လာအိုနိုင်ငံက ၄၈% အထိ ဆောင်ကြရမှာပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကမ္ဘာတလွှားက အမေရိကန်ကို တင်သွင်းတဲ့ ကုန်တွေအပေါ် ဒေါ်နယ်ထရမ့်က တင်သွင်းခွန်တွေ တိုးမြှင့်တာ ကြေညာပြီးတဲ့နောက် တရုတ်က အဲဒီအပေါ် ဒေါသ တကြီး ရှုတ်ချလိုက်ပါတယ်။
အမေရိကန်ရဲ့ တဘက်သတ် အနိုင်ကျင့်မှုပဲလို့ တရုတ်အစိုးရ စီးပွားရေး ဝန်ကြီးဌာန ကပြောပါတယ်။
ဒီအတွက် တုံ့ပြန်မယ်လို့လည်း တရုတ်က ပြောပါတယ်။
အမေရိကန် တင်သွင်းခွန်တွေ တိုးမြှင့်တာဟာ ကမ္ဘာ့စီးပွားရေးကို အကြီးအမား ထိခိုက်လိမ့်မယ်လို့ ဥရောပသမဂ္ဂက ပြောပြီး သူတို့အနေနဲ့ ထိပ်တိုက် ရင်ဆိုင်တာတွေ မလုပ်လိုသေးဘူး၊ ဆွေးနွေးလိုတယ်လို့ ပြောပါတယ်။
တင်သွင်းခွန်တွေကို အမေရိကန်က တိုးမြှင့်လိုက်တဲ့နောက် ဖြစ်လာမယ့် စီးပွားရေး သက်ရောက်မှုတွေကို ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်လာကြတာနဲ့အတူ ကမ္ဘာတလွှားမှာ ရှယ်ယာစျေးတွေ ထိုးကျသွားပါတယ်။
လန်ဒန်၊ ပဲရစ် နဲ့ ဖရန့်ဖတ်က စတော့စျေးကွက်တွေမှာ ၂ ဒသမ ၅ ရာခိုင်နှုန်း စျေးကျ သွားပါတယ်။
ဒီနေ့ စတော့စျေးကွက် ပိတ်သွားပြီဖြစ်တဲ့ ဂျပန် နစ်ကီ စတော့ စျေးကွက်မှာ ၃ ရာခိုင်နှုန်း ကျခဲ့ပါတယ်။
စီးပွားရေး ညွှန်းကိန်း တခုဖြစ်တဲ့ ရေနံစျေးတွေလည်း သိသိသာသာ ကျဆင်း သွားပါတယ်။
အမေရိကန် စတော့ စျေးကွက်က စျေးနှုန်းတွေလည်း ဒီနေ့ စျေးကွက်စဖွင့်လိုက်ကတည်းက ကျဆင်းနေပါတယ်။
ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာရင် အမေရိကန်နိုင်ငံသားတွေ ကုန်စျေးနှုန်း ကြီးလာမှု နဲ့ ရင်ဆိုင်ရမှာ ဖြစ်သလို အမေရိကန် စီးပွားရေး တိုးတက်မှုနှုန်းက နှေးကွေးသွားမယ်၊ ကမ္ဘာ့ တခြားနိုင်ငံတချို့မှာ စီးပွားရေး ကျဆင်းမှု (Economic Recession) နဲ့ ကြုံရလိမ့်မယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။








