'ပူတင်လို ထရမ့်က စဉ်းစားနေတယ်' - လစ်ဘရယ် ကမ္ဘာ့အခင်းအကျင်း နိဂုံးချုပ်တော့မလား


ဂျာမနီက လှုပ်ရှားတက်ကြွသူတွေ ၂၀၂၅ ဖေဖော်ဝါရီ လတွင်းက ဆန္ဒပြစဉ်မှာ ထရမ့်နဲ့ သူ့ရဲ့ မဟာမိတ်တွေလို့ ယူဆတဲ့ ကြတဲ့ ဂျာမနီ လက်ယာစွန်း အေအက်ဖ်ဒီပါတီက အဲလစ်စ် ဝီဒဲလ်၊ တက်စ်လာနဲ့ စပေ့အိတ်စ် စီအီးအို အီလွန် မတ်စ်၊ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်၊ အမေရိကန် ဒုသမ္မတ ဂျေဒီ ဗန့်စ် တို့ရဲ့ မျက်နှာဖုံးပုံတွေကို တပ်ထားကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျာမနီက လှုပ်ရှားတက်ကြွသူတွေ ၂၀၂၅ ဖေဖော်ဝါရီလအတွင်း ဆန္ဒပြစဉ်မှာ ထရမ့်နဲ့ သူ့မဟာမိတ်တွေလို့ ယူဆခံရသူတွေရဲ့ မျက်နှာဖုံးပုံတွေ တပ်ထားကြ

ဂရီဂေါ အက်တန်နီဆန်

ဘီဘီစီ ရုရှားဘာသာဌာန

ယူကရိန်းကို ရုရှားတို့ အင်အားအလုံးအရင်းနဲ့ ကျူးကျော်ပြီးနောက် ၃ နှစ်လုံးလုံးမှာ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေက ရုရှားဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တဲ့အတွက် အပြစ်ရှိပြီး နိုင်ငံတကာအသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ထားရမယ့်သူအဖြစ် သဘောထားခဲ့ကြပါတယ်။

အခုတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အရင်တုန်းကနဲ့မတူတဲ့ အတွေးအမြင်တွေနဲ့ ရုရှားကို ကျူးကျော်သူလို့ မခေါ်ဝေါ်တာ၊ ယူကရိန်းကို စစ်ပြုတဲ့ဒဏ်ခံရသူအဖြစ် သဘောမထားတာ စတဲ့ပြောင်းလဲမှုတွေ လုပ်ပြီး မော်စကိုနဲ့ ဆက်ဆံရေး ပြန်ထူထောင်ပါတယ်။

အိမ်ဖြူတော်မှာ ထရမ့်နဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးတို့ ယူကရိန်းစစ်ပွဲအရေးနဲ့ အဲဒီစစ်ပွဲကို ဘယ်လိုအဆုံးသတ်ကြမလဲ ဆိုတဲ့အပေါ် အပြင်းအထန် ငြင်းခုံကြတဲ့အဖြစ်ကိုကြည့်ပြီး လူအများက ဒီအပြောင်းအလဲကို တွေ့လိုက်ကြရပါတယ်။

တချို့ကတော့ ၁၉၉၀ နှစ်တွေတဝိုက်ကတည်းက စတင်ခဲ့တဲ့ "လစ်ဘရယ် ကမ္ဘာ့အခင်းအကျင်း" နိဂုံးချုပ်တော့မယ့် အခြေအနေ ဆိုက်လာတာလား လို့ တွေးမိကြပါတယ်။

လစ်ဘရယ်ဝါဒ သြဇာလွှမ်းတဲ့ခေတ်

'လစ်ဘရယ် ကမ္ဘ့ာအခင်းအကျင်း ' ဆိုတဲ့ ၀ေါဟာရက ယုံကြည်ခိုင်မာမှုတွေ၊ အခြေခံမူတွေ၊ စံသတ်မှတ်ချက်တွေအပေါ်အခြေခံပြီးတည်ဆောက်ထားတဲ့ နိုင်ငံတကာ ဆက်ဆံရေး စနစ်တခုကို ပေါင်းခြုံ ခေါ်ဝေါ်ထားတာပါ။

နိုင်ငံတကာ ဥပဒေတွေနဲ့ ကုလသမဂ္ဂလို၊ ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီလို နိုင်ငံတကာ အင်စတီကျူးရှင်းတွေအပေါ် ဒီအခင်းအကျင်းက အဓိက အခြေပြုထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

'လစ်ဘရယ် ကမ္ဘ့ာအခင်းအကျင်း ' ဟာ တန်ဖိုးထားမှုသတ်မှတ်ချက်တွေကိုလည်း ရောင်ပြန်ဟတ်ပါတယ်။ ဥပမာ - ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ် (World Bank) တို့လို အဖွဲ့အစည်းတွေက ကိုင်စွဲထားတဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေးကို တန်ဖိုးထားတာမျိုးပါ။

အနောက်တိုင်း လစ်ဘရယ် ဒီမိုကရေစီဟာ အကောင်းဆုံး အုပ်စိုးမှု ပုံစံဆိုတဲ့ အမြင်ကိုလည်း ဒီအခင်းအကျင်းက စံထားပါတယ်။

နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာတွေအပေါ် ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်မယ်၊ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice) မှာ စီရင်မယ် စသဖြင့် ချမှတ် ထားပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စီးပွားရေး ပိတ်ဆို့အရေးယူမှု ဆန်ရှင်တွေနဲ့ အရေးယူ၊ မယူ ဆုံးဖြတ်ပြီး၊ သိပ်ဆိုးရွားတဲ့ အရေးတွေဆိုရင်တော့ စစ်ရေးအရ အရေးယူမလားဆိုတာအထိ ဆုံးဖြတ်ပါတယ်။

လက်တွေ့မှာတော့ ရုရှားက တခါတလေမှာ ဝေဖန်ထားတဲ့ အတိုင်း ဆန်ရှင်တွေ၊ စစ်ရေးအရ စွက်ဖက်မှုတွေကို ကုလသမဂ္ဂရဲ့ အတည်ပြုချက် မပါဘဲ အနောက်နိုင်ငံကြီးတွေက ဆောင်ရွက်နေခဲ့ကြတာပါ။ ၂၀၀၇ ခုနှစ် မြူးနစ် လုံခြုံရေး ညီလာခံမှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က "အင်အားသုံး လုပ်ဆောင်မှု မှန်သမျှ ကုလသမဂ္ဂက စီစဉ်ညွှန်ကြားမှသာ တရားဝင်တယ်လို့ သတ်မှတ်နိုင်မယ်။ နေတိုးတို့၊ ဥရောပ သမဂ္ဂတို့နဲ့ ကုလသမဂ္ဂကို ကျွန်တော်တို့ အစားထိုးလို့မရဘူး" လို့ ပြောခဲ့ပါတယ်။

ယူကရိန်းက စစ်ပွဲဟာ ဥပဒေကို လိုက်နာသူတွေနဲ့ ပါဝါအင်အားကိုသာ အခြေပြုသူတို့ကြား ဖြစ်တဲ့စစ်ပွဲလို့ ဆိုကာ ဒီစစ်ပွဲက "လွတ်လပ်ရေးအတွက် ကြီးမြတ်တဲ့ တိုက်ပွဲ" လို့ ၂၀၂၃ က ဝါဆောမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပုံဖော်ပြောခဲ့ပါတယ်။

ရုရှားတို့ ယူကရိန်းကို အင်အားအလုံးအရင်းနဲ့ ဝင်ကျူးကျော်တာဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရုံမျှသာမကဘဲ ကမ္ဘာ့ရေးရာတွေအပေါ် ကိုယ်တွယ်ဆောင်ရွက်ပုံ နည်းလမ်းကိုပါ စိန်ခေါ်လိုက်တာလို့ နိုင်ငံအများအပြားက မြင်ကြပါတယ်။

၂၀၁၄ ခုနှစ်ကတည်းက စပြီး ပူတင်ကလည်း ကုလသမဂ္ဂရဲ့ အတည်ပြုချက်မပါဘဲ စစ်အင်အားတွေကို အသုံးပြုခဲ့ပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်တဲ့ အရေးဟာ စစ်အေးခေတ်နောက်ပိုင်း ဥပဒေကြောင်းအရ အခြေပြုတဲ့ အခင်းအကျင်းနဲ့ သွားနေကြတာကို ရုရှားက ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာလို့ အနောက်အုပ်စုက မြင်ပါတယ်။

"အဓိက အခြေခံမူတွေနဲ့ တည်ဆောက်ထားတဲ့ အခင်းအကျင်း ၃ ခု စလုံးကို ချိုးဖောက်လိုက်တာကို ကျွန်တော်တို့ တွေ့လိုက်ရတာပါ" လို့ ပရင့်စတန် တက္ကသိုလ်က နိုင်ငံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးဘာသာ ပါမောက္ခ ဂျီ ဂျွန် အက်ကန်ဘာရီက ဖိုင်နန်ရှယ်တိုင်းမ် သတင်းဌာနကို ပြောပါတယ်။

"တခုက နယ်မြေ နယ်နိမိတ်ကို အင်အားသုံးပြီး ကျူးကျော်လို့ မရပါဘူး။ နောက်တခုက စစ်ပွဲမှာ အရပ်သားတွေကို ပစ်မှတ်ထား အကြမ်းဖက်လို့ မရပါဘူး။ တတိယကတော့ နျူကလီးယား လက်နက်ကို သုံးပြီး ခြိမ်းခြောက်လို့ မရပါဘူး။ အခု ပူတင်က ပထမဆုံး ၂ ခုကို လုပ်ပြီးပါပြီ၊ တတိယအချက်ဖြစ်တဲ့ နျူကလီးယားလက်နက်နဲ့ လုပ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဥပဒေအရသွားနေတဲ့ အခင်း အကျင်းအတွက် ဒါတွေက တကယ့်ကို အကျပ်ဆိုက်စေတာပါ" လို့ သူက ပြောပါတယ်။

အပြန်အလှန်အားဖြင့် ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ဗရော့ဗ်က အနောက်အုပ်စုရဲ့ ချဉ်းကပ်မှုကလည်း နိုင်ငံတကာ ဥပဒေတွေ၊ ကုလသမဂ္ဂ အင်စတီကျူးရှင်းတွေကို အလေးမထားပါဘူးလို့ ငြင်းချက်ထုတ်ပါတယ်။

၁၉၉၉ တုန်းက ယူဂိုဆလားဗီးယားကို နေတိုးက ဗုံးကြဲခဲ့တာ၊ ၂၀၀၃ တုန်းက အမေရိကန် ခေါင်းဆောင်ပြီး အီရတ်ကို ကျူးကျော်တာ၊ ၂၀၀၈ တုန်းက ကိုဆိုဗို လွတ်လပ်ရေးကို အသိအမှတ်ပြုတာ စတာတွေက ကုလသမဂ္ဂ ပဋိဉာဉ်မှာ အခြေခံမူအဖြစ် ပြဋ္ဌာန်းထားတဲ့အတိုင်း ကုလသမဂ္ဂရဲ့ အတည်ပြုချက်ရယူ ရမယ်ဆိုတဲ့အချက်ကို အနောက်အုပ်စုက မလိုက်နာဘဲ ချိုးဖောက်တာတွေလို့ သူက ခဏခဏ ထောက်ပြပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်နဲ့ ယူကရိန်း သမ္မတ ဗိုလော့ဒီမီယာ ဇလန်းစကီးက ဘဲဥပုံ ရုံးခန်းမှာ ငြင်းခုံခဲ့တာကို တိုက်ရိုက် ရုပ်မြင်သံကြားက တဆင့် အများပြည်သူတို့ တွေ့ခဲ့ကြရ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အိမ်ဖြူတော်မှာ ဒေါ်နယ်ထရမ့်နဲ့ ဗိုလိုဒီမီယာ ဇလန်းစကီးတို့ အချေအတင်ဖြစ်ခဲ့တာက ကမ္ဘာတ၀န်း ဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ်

ယနေ့ခေတ်ကာလမှာ လစ်ဘရယ် ကမ္ဘာ့အခင်းအကျင်းအပေါ် အထူးခြားဆုံး ဆန်းစစ်မှုတခုလို့ ဆိုရမယ့် တချက်ကလည်း အစ္စရေး-ဟားမတ်စ် ပဋိပက္ခနဲ့ ပတ်သက်ပြီး ဝါရှင်တန်ရဲ့ ရပ်တည်ပုံပါ။ ဝါရှင်တန်ဟာ ပါလက်စတိုင်းတွေ သောင်းနဲ့ချီပြီး သေဆုံးနေတဲ့အပေါ် စာနာမှု မရှိဘဲ ဘိုင်ဒန်အစိုးရကအစ္စရေးကို စစ်ရေးအကူအညီတွေ ပေးနေတဲ့အပေါ်နိုင်ငံများစွာက အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။

"အဲဒါက စံကို လိုရင်တမျိုး မလိုရင် တမျိုးသုံးပြီး ကြောင်သူတော်လုပ်တာ၊ ဒါက ရှင်းရှင်းကြီးပဲ" လို့ တူရကီ လွှတ်တော် ဥက္ကဋ္ဌ နူမန် ကတ်တဲမတ်စ်က ဝါရှင်တန်ပို့စ်နဲ့ အင်တာဗျူးမှာ ပြောပါတယ်။ "ဒါက လူမျိုးရေးခွဲခြားရေးဝါဒ တမျိုးပဲ၊ ကြည့်လေ၊ ပါလက်စတိုင်းမှာ ထိခိုက်ခံစားရသူတွေနဲ့ ယူကရိန်းမှာ ထိခိုက်ခံစားရသူတွေ အတူတူပဲဆိုတာကို လက်မခံတဲ့ သဘောပါ။ လူသားလောကမှာ ဘယ်သူကပဲ အထက်က လွှမ်းမိုးနေရမယ်ဆိုတာကို ဖန်တီးထားတာပါ။ ဒါမျိုးကို လုံးဝ လက်မခံပါဘူး။"

'လစ်ဘရယ် ကမ္ဘာ့အခင်းအကျင်း ' ဆိုတာက အမေရိကန်ပြည်ထောင်စု၊ အမေရိကန် ဒေါ်လာ၊ အမေရိကန် စီးပွားရေး တို့ကိုသာ တွဲချိတ်ထားတာလို့ ပါမောက္ခ အက်ကန်ဘာရီက လက်ခံထားပါတယ်။ လုံခြုံရေးကောင်စီထက်စာရင် နေတိုးနဲ့ မဟာမိတ်တို့ကို ရှေ့တန်းတင်တာဖြစ်ကြောင်း သူက ပြောပါတယ်။ ချုပ်ပြောရရင် ဒါက "အမေရိကန်ရဲ့ လစ်ဘရယ် သြဇာလွှမ်းမိုးမှု" ပါပဲလို့ သူက ပြောပါတယ်။

အမေရိကန်ဟာ ဥပဒေလိုက်နာရေး ဆောင်ရွက်သူကနေ နှောင့်ယှက်သူ ဖြစ်လာပြီလား

A picture of former US President Joe Biden speaking at a microphone in Warsaw in 2022.

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၂၀၂၂ မတ်လက သမ္မတ ဂျိုးဘိုင်ဒန် ဝါဆောမှာ မိန့်ခွန်းပေးစဉ်

လက်ရှိပေါ်ထွန်းနေတဲ့ နိုင်ငံတကာ အခင်းအကျင်းကို စိန်ခေါ်ဖို့ကြံရွယ်တဲ့ နိုင်ငံတွေကို "ပြန်လည်ပြင်ဆင်ရေးဝါဒီ နိုင်ငံကြီးတွေ"လို့ ကင်ပွန်းတပ်လေ့ရှိကြပါတယ်။ တရုတ်နဲ့ ရုရှားတို့ဟာ ကမ္ဘာ့စင်မြင့်မှာ အမေရိကန် လွှမ်းမိုးထားတာကို အဆုံးသတ်ပြီး နေရာဝင်ယူချင်သူတွေလို့ ဆိုရင်း သူတို့ဟာ ပြန်လည်ပြင်ဆင်ရေး သမားတွေလို့ အမေရိကန်က မူဝါဒချမှတ်သူတွေနဲ့ သုံးသပ်သူတွေက ခေါ်ဝေါ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီသီတင်းပတ်တွေ အတွင်း အမေရိကန်ကိုယ်နှိုက်က ကမ္ဘာ့ထိပ်တန်း ပြန်လည်ပြင်ဆင်ရေးဝါဒီ နိုင်ငံ အဖြစ်ပြောင်းလဲသွားပြီး၊ ထရမ့်အစိုးရဟာ ကုန်သွယ်ရေးကနေ ဒီမိုကရက်တစ် မဟာမိတ် စုဖွဲ့မှု အလယ် လူ့အခွင့်အရေးအဆုံး "လစ်ဘရယ် ကမ္ဘာ့အခင်းအကျင်းရဲ့ ဘက်ပေါင်းစုံ" ကို ဖြိုဖျက်ဖို့ လုပ်နေကြပြီလို့ ပါမောက္ခ အက်ကန် ဘယ်ရီက ပြောပါတယ်။

"အတိတ်က၊ အရင်အစိုးရလက်ထက်က နိုင်ငံခြာရေး ပေါ်လစီ အမှားတွေကနေ ကျွန်တော့်ရဲ့ အစိုးရက ပြတ်ပြတ်သားသား လမ်းခွဲထွက်နေပါတယ်" လို့ ထရမ့်က တလောတုန်းက ကြေညာခဲ့ပါတယ်။ သူ့အဖွဲ့က တင်းမာတဲ့ပြောင်းလဲမှုတွေကို ကွန်ဂရက်လွှတ်တော်နဲ့ တရားရေးကဏ္ဍက တားနိုင်တာမျိုး အခုအပြောင်းအလဲကြီးကို သိပ်တားလို့ မရနိုင်ပါဘူး၊ ဘာလို့လဲဆိုတော့ နိုင်ငံခြားရေး ပေါ်လစီဆိုတာက သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာ အောက်မှာ လုံးလုံးလျားလျားကြီး ရှိနေလို့ပါ။

ရုရှားနဲ့ ပြန်လည်နီးစပ်အောင်လုပ်ဖို့ ဆိုတဲ့ အရွေ့ကို အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ပဲ နှိုင်းချိန်စဉ်းစားနေတာပါ။

"ပဋိပက္ခက ဆက်ဖြစ်နေရင် ရုရှားအတွက်လည်း မကောင်းဘူး၊ ယူကရိန်းအတွက်လည်း မကောင်းဘူး၊ ဥရောပ အတွက်လည်း မကောင်းဘူးလို့ ကျွန်တော်တို့ ယုံကြည်တယ်။ ဒီထက် ပို အရေးကြီးတာက ဒီပဋိပက္ခက အမေရိကန်အတွက် မကောင်းဘူး" လို့ အမေရိကန် ဒုတိယ သမ္မတ ဂျေဒီ ဗန့်စ်က လူမှု မီဒီယာမှာ ရေးပါတယ်။

ဒါပေမဲ့ ထရမ့်ရဲ့ ဒီပလိုမေစီ တော်လှန်ရေးက လူထုကြား ရေပန်းမစားဆုံးတွေထဲ ပါဝင်နေပါတယ်။

မကြာခင်က ကောက်ယူတဲ့ လူထုစစ်တမ်းတွေမှာ သူ့ရဲ့ လူဝင်မှုကြီးကြပ်ရေး ပေါ်လစီတွေကို အမေရိကန်တွေက ကြိုက်ပေမဲ့ ရုရှား - ယူကရိန်းစစ်ပွဲ၊ အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ရပ်တည်မှုတွေက လူကြိုက်အနည်းဆုံး နေရာမှာ ရောက်နေပါတယ်။

အမေရိကန် လူထုရဲ့ သုံးပုံနှစ်ပုံက ယူကရိန်းကို အမေရိကန်ရဲ့ မဟာမိတ်အဖြစ် သဘောထားပြီး လူထု တဝက်ကျော်က ယူကရိန်း သမ္မတ ဇလန်းစကီးကို ထောက်ခံကြပါတယ်။

ထရမ့်ရဲ့ ကသောင်းကနင်း ဒီပလိုမေစီ

ဂါဇာအပျက်အစီးတွေကြားက ထိုင်နေတဲ့ မိန်းကလေးတစ်ဦးပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပါလက်စတိုင်းက အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး နေတိုးမဟာမိတ်တွေနဲ့ အမေရိကန်ဟာ ကြောင်သူတော်ဝါဒ လက်ကိုင်ထားတယ်လို့ နိုင်ငံအများအပြားက မြင်

"ဥပဒေနဲ့ ထိန်းထားတဲ့ အခင်းအကျင်းကို ၂၀၂၅ ဖေဖော်ဝါရီမှာ အမေရိကန်က ပြောင်းပြန်လှန်ပစ်မယ်လို့ ခြိမ်းခြောက်လိုက်တာပါပဲ" လို့ အောက်စဖို့ဒ် တက္ကသိုလ်၊ ရုရှားနဲ့ အာရှဥရောပ လေ့လာရေး သုတေသီ ဒေါက်တာ ဂျူလီ နယူတန်က ပြောပါတယ်။

သူက အထောက်အထားတွေ အဖြစ် ယူကရိန်း သဘာဝ သယံဇာတွေကို ထရမ့်က တောင်းဆိုတာ၊ ရုရှားနဲ့ ပုံမှန်ဆက်ဆံရေးပြန်လုပ်ဖို့ လုပ်ကိုင်တာ၊ ဇလန်းစကီးကို လူပုံအလယ်မှာ တိုက်ခိုက်တာ၊ ဥရောပက လက်ယာစွန်းပါတီတွေကို ထရမ့်က မဟာမိတ်အဖြစ် ထောက်ခံတာ စတာတွေကို ပြပါတယ်။

ရုရှားက ကျူးကျော်ပြီး ယူကရိန်းနယ်မြေတွေကို သိမ်းယူတာကို ရှုတ်ချတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အတွက် ရုရှားတို့ အင်အားအလုံးအရင်းနဲ့ ယူကရိန်းကို ဝင်တဲ့ တတိယမြောက်နှစ်ပတ်လည်နေ့ ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က မဲခွဲရာမှာ အမေရိကန်က ဆန့်ကျင်မဲပေးပါတယ်။

"ထရမ့် ဒီပလိုမေစီ တော်လှန်ရေးက ဟယ်ဆင်ကီ ပဋိဉာဉ်ရဲ့ အခြေခံမူတွေကို ထိုးချေလိုက်တာဖြစ်ပြီး အမေရိကန်ဟာ သူ့မဟာမိတ်တွေရဲ့ မျက်စိထဲမှာကို ဆန့်ကျင်ဖက် ရန်ဘက်ဖြစ်နေပြီ" လို့ ဒေါက်တာ နယူတန်က ထပ်ဖြည့်ပြောပါတယ်။

၁၉၇၅ ဟယ်ဆင်ကီ စာချုပ်ဟာ အမေရိကန်၊ ဆိုဗီယက်ပြည်ထောင်စု၊ ဥရောပ နိုင်ငံတွေအကြား နယ်မြေသတ်မှတ်မှုဆိုင်ရာ၊ နယ်နိမိတ်တွေကို မဖောက်ဖျက်မှုဆိုင်ရာ၊ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို မစွက်ဖက်ရေးဆိုင်ရာ စတဲ့ အရေးတွေကို လိုက်နာကြဖို့ သဘောတူလက်မှတ်ရေးထိုးကြတာပါ။

"ထရမ့်က ပူတင်လို စဉ်းစားနေတာပါ၊ ၁၉ ရာစု နယ်ချဲ့ ဝါဒီလိုပါပဲ" လို့ ဂျွန်ဟော့ပင်း တက္ကသိုလ်က ရုရှားရေးရာ ကျွမ်းကျင်သူ ဆာဂေ ရက်ချန်ကိုက ပြောပါတယ်။

"ဥရောပအနေနဲ့ ရုရှားကို ဖိအားပေးနိုင်ဖို့အတွက် စီးပွားရေးအရ အင်အားခိုင်မာမှုနဲ့ ဘဏ္ဍာရေးပိုင်း ဆိုင်ရာ ကိရိယာတွေရှိပါတယ်" လို့ ရက်ချန်ကိုက ပြောပါတယ်။ "ပူတင်နဲ့ ဆွေးနွေးတာမှာ ထရမ့်က ဘယ်အထိ ခြေလှမ်းပေါက်ပေါက်၊ ရုရှားနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လုပ်ဖို့ကို ဥရောပနိုင်ငံတွေက လက်ခံဖို့ ခဲယဉ်း နေပါတယ်။"

'လစ်ဘရယ် ကမ္ဘာ့အခင်းအကျင်း' နောက်ဆုံးအချိန်ရောက်နေပြီလို့ ပြောနိုင်ဖို့ရာက အတော်စောလွန်းနေပါသေးတယ်လို့ အတ္တလန်တိတ် ကောင်စီရဲ့ အာရှဥရောပ စင်တာက ရှယ်ဘီ မက်ဂစ်က ဆိုပါတယ်။ ရုရှား အပေါ် အမေရိကန်ဆန်ရှင်တွေ ဆက်လက် ထားရှိနေဆဲဖြစ်ပြီး ယူကရိန်းမှာ လုပ်နေတဲ့ စစ်ပွဲကို ရုရှားတို့ ရပ်ဆိုင်းမှ ဒီဆန်ရှင်တွေကို ဖြုတ်ပေးမှာဖြစ်ကြောင်း ထရမ့်အစိုးရက ပြောထားပါတယ်။

"အချိန်မတန်ဘဲ ပုံမှန် ပြန်ဆက်ဆံမှာ၊ အန္တရာယ်များတဲ့ ဆက်ဆံမှု ဖြစ်လာမှာ စတာတွေကို စိုးရိမ်ကြတာ ကျွန်တော်လက်ခံပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီအခြေအနေ အထိကို မရောက်သေးပါဘူး" လို့ မက်ဂစ်က ပြောပြီး " ကမ္ဘာ့အခင်းအကျင်းအပေါ် ရေရှည်သက်ရောက်လာနိုင်မှုကို ဆန်းစစ်ရာမှာ စစ်ပွဲပြီးသွားအောင် လုပ်တဲ့နည်းထက်စာရင် ဒီစစ်ပွဲ ဘယ်လိုနည်းနဲ့ နိဂုံးချုပ်သွားလဲ၊ ငြိမ်းချမ်းရေးကို ဘယ်လို ရသွားလဲ ဆိုတဲ့ အချက်တွေက ပိုပြီး အရေးပါပါလိမ့်မယ်" လို့ ဆိုပါတယ်။