ထရမ့်ရဲ့အခွန်တိုးမှုက မြန်မာအထည်ချုပ်လုပ်ငန်းတွေအပေါ် ဘယ်လိုသက်ရောက်မလဲ

ထရမ့်ရဲ့ မြန်မာကို အခွန်တိုးမှုနဲ့ မြန်မာအထည်ချုပ်အလုပ်သမတစ်ဦး
ဓာတ်ပုံ ပုံစာ, ထရမ့်ရဲ့ မြန်မာကို အခွန်တိုးမှုနဲ့ မြန်မာအထည်ချုပ်အလုပ်သမတစ်ဦး

ကမ္ဘာ့ကုန်သွယ်ရေး အခင်းအကျင်းမှာ အခုလတ်တလော တစ်ကမ္ဘာလုံးကြုံနေရတဲ့ သမ္မတထရမ့်ရဲ့ အခွန်နှုန်းသစ်တိုးမြှင့်တဲ့ သတ်မှတ်ချက်ကို စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာလည်း ရင်ဆိုင်လာရပါတယ်။

နှုန်းထားသစ်အရ မြန်မာကနေ အမေရိကန်ကို တင်သွင်းမယ့် ပို့ကုန်တွေအတွက် အမေရိကန်အစိုးရက ၄၀ ရာခိုင်နှုန်း အခွန် ကောက်ခံမှာဖြစ်ပါတယ်။

သမ္မတထရမ့်ရဲ့ ဒီသတ်မှတ်ချက်အသစ်က လုပ်သားထု ၅ သိန်းကျော် ရှိတဲ့ မြန်မာရဲ့ အထည်ချုပ်လုပ်ငန်းကဏ္ဍကို တိုက်ရိုက်ထိခိုက်မှုတွေရှိတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း (MGMA) က တုံ့ပြန်လာပါတယ်။

မြန်မာအမျိုးသမီးငယ် အများအပြားကလည်း သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် မြန်မာနိုင်ငံထဲမှာ ဖွင့်လှစ်လည်ပတ်နေတဲ့ အထည်ချုပ်စက်ရုံတွေကို အဓိကအားထားနေရတာဖြစ်ပါတယ်။ ထရမ့်ရဲ့ အခွန်နှုန်းသစ်ကြောင့် မြန်မာအထည်ချုပ်လုပ်ငန်းတွေ ဘာဆက်ဖြစ်နိုင်လဲ။

ဇူလိုင်မှာ ထရမ့်က စစ်ခေါင်းဆောင်ကို စာပေးပို့

၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်ကစပြီး မြန်မာကနေ အမေရိကန်ကို တင်ပို့တဲ့ ပို့ကုန်တွေအတွက် အခွန် ၄၀ ရာခိုင်နှုန်း‌ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို စာပို့ပါတယ်။

ထရမ့်ရဲ့ လက်မှတ်နဲ့ အဲဒီစာထဲမှာ မြန်မာက ပို့ကုန်တင်ပို့တဲ့အခါ အခွန်လျော့နည်းသက်သာအောင် တခြားနိုင်ငံတွေကတဆင့် တင်ပို့ရင်လည်း အမေရိကန်က အခွန်စည်းကြပ်မှုတွေ ထပ်တိုးလုပ်ဆောင်သွားမယ်လို့ သတိပေးထားပါတယ်။

မြန်မာအပါအဝင် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီယား၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ ပို့ကုန်တွေကိုလည်း အခွန်တိုးမြှင့်ကောက်ခံမယ့်အ‌ကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို အမေရိကန်သမ္မတက စာပို့တာတွေ့ရပါတယ်။

ဒီ ၄၀ ရာခိုင်နှုန်းကောက်ခံခြင်းက မြန်မာ-အမေရိကန် နှစ်နိုင်ငံခြားမှာရှိတဲ့ ကုန်သွယ်မှုလိုငွေကွာဟချက်ကို ဖယ်ရှားနိုင်ဖို့ လိုအပ်တဲ့ ပမာဏထက် လျော့နည်းနေသေးတယ်လို့ အိမ်ဖြူတော်က ထည့်ပြောပါတယ်။

တစ်ဖက်မှာလည်း မြန်မာကုမ္ပဏီတွေအနေနဲ့ အမေရိကန်မှာ ကုမ္ပဏီတည်ထောင် ရင်းနှီးမြှုပ်နှံပြီး ထုတ်လုပ်မှုတွေ လုပ်မယ်ဆိုရင်တော့ အခွန်ကောက်ခံမှာ မဟုတ်ဘူးလို့ ထည့်ပြောထားပါတယ်။

အသိပေးချက်- ဇူလိုင် ၈ ရက်အချက်အလက်သစ်တချို့ကို ထပ်မံဖြည့်စွက်ထားပါတယ်။

ထရမ့်ရဲ့ အခွန်နှုန်းသစ်က မြန်မာအထည်ချုပ်လုပ်ငန်းကိုဘယ်လိုသက်ရောက်

မြန်မာက အထည်ချုပ်အမျိုးသမီးများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာက အထည်ချုပ်အမျိုးသမီးများ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန်ဟာ မြန်မာအထည်ချုပ်ကဏ္ဍရဲ့ စတုတ္ထအကြီးဆုံးဈေးကွက်ဖြစ်ပါတယ်။

မြန်မာမှာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့နောက် အမေရိကန်နဲ့ မြန်မာကြားမှာ ကုန်သွယ်ရေးပမာဏ ကြီးကြီးမားမား မရှိတော့ပါဘူး။ ဒါပေမဲ့ CMP (cut, make and package) လို့ခေါ် ကြတဲ့ လက်ခစားအထည်ချုပ်လုပ်ငန်းတွေကတဆင့် အမေရိကန်ကိုပို့ရတဲ့ အထည်ပို့ကုန်တွေကတော့ ဆက်ကျန်နေပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်မှာ မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းတွေလည်ပတ်နေတဲ့ ပုံစံကို ခွဲခြမ်းစိတ်ဖြာကြည့်ရင် နှစ်မျိုးတွေ့ရပါတယ်။

ပထမ တစ်မျိုးက မြန်မာနိုင်ငံကို တိုက်ရိုက်အထည်အပ်တဲ့ပုံစံဖြစ်ပြီး ဒုတိယတစ်မျိုးကတော့ တရုတ်က တဆင့် ဒါမှမဟုတ် ကြားခံနိုင်ငံတစ်ခုခုက တဆင့် မြန်မာကို အထည်အပ်တဲ့ လုပ်ငန်းပုံစံဖြစ်ပါတယ်။

ဒါပေမဲ့ လုပ်ငန်း အများစုလည်ပတ်နေတဲ့ပုံစံက တရုတ်လုပ်ငန်းက မြန်မာအထည်ချုပ်လုပ်ငန်းတစ်ခုကို အော်ဒါအပ်ပြီး မြန်မာမှာချုပ်လုပ်ပြီးတဲ့ ပစ္စည်းကို တရုတ်ကိုပြန်ပို့ကြတာဖြစ်ပါတယ်။

အခု မြန်မာအထည်ချုပ်လုပ်ငန်းရှင်တချို့ စိုးရိမ်နေတာက တရုတ်ဘက်က မြန်မာကိုအပ်တဲ့ အထည်တွေ နည်းသွားနိုင်တာမျိုးဖြစ်ပါတယ်။

လက်ရှိမြန်မာအထည်ချုပ်လောကမှာ တရုတ်ဘက်ကလာတဲ့ အထည်တွေကို အားပြုလည်ပတ်နေရတာပါ။ အခု ထရမ့်က တရုတ်ရဲ့ ကုန်တွေကို အခွန် ၁၀၀ ရာခိုင်နှုန်းကျော် တိုးကောက်မယ်လို့ဆိုတဲ့အတွက် တရုတ်က အမေရိကန်ကို ထုတ်ကုန်တွေပို့နိုင်မှု လျော့သွားနိုင်ပါတယ်။

ဒါကြောင့် တရုတ်က မြန်မာမှာ ချုပ်တဲ့ အထည်တွေလုံးဝမလာတော့သလောက်ဖြစ်သွားမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။

'' တရုတ်ကို အမေရိကန်တိုးလိုက်တဲ့အခွန်ကြောင့် တရုတ်က ထုတ်နိုင်တဲ့ပမာဏနည်းမယ်။ အဲဒီတော့ မြန်မာကို လာတဲ့အထည်ကလည်း နည်းသွားနိုင်တယ်။ သဘောက တရုတ်ကို မြန်မာကနေ ဖြတ်ညှပ်ကပ်ချုပ်ပေး ပြီးရင် တရုတ်ကိုပြန်ပို့တဲ့အထည်တွေက နည်းသွားနိုင်တဲ့အတွက် မြန်မာကို သွယ်ဝိုက်ထိခိုက်တာပဲ'' လို့ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦး ရှင်းပြပါတယ်။

နိုင်ငံတွင်းက အထည်ချုပ်လုပ်ငန်းရှင် သုံးယောက်ထက်မနည်းနဲ့ ဘီဘီစီက စကားပြောခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ အပေါ်မှာ မြန်မာစစ်တပ်ရဲ့ တင်းကျပ်တဲ့ဖိအားတွေရှိလို့ သူတို့ နာမည်ကို အသုံးပြုခွင့်မရပါဘူး။

ရန်ကုန်မြို့ လှိုင်သာယာစက်မူဇုန် ၃ က နှစ် ၂၀ သက်တမ်းရှိတဲ့ အထည်ချုပ်လုပ်ငန်းကြီးတစ်ခုကို ဦးဆောင်နေတဲ့လုပ်ငန်းရှင်တစ်ဦးက အမေရိကန်နဲ့ မြန်မာတိုက်ရိုက်ပို့ရတဲ့ လုပ်ငန်းတွေနည်းလို့ အများကြီးထိခိုက်မှာမဟုတ်ပေမဲ့ တဆင့်ခံလာတဲ့ လုပ်ငန်းတွေကြောင့် မြန်မာမှာ သက်ရောက်မှု ရှိတယ်လို့ ရှင်းပြပါတယ်။

''လက်ရှိ အထည်ချုပ်လောကမှာ တရုတ်ဘက်ကလာတဲ့ အထည်တွေကို အားပြုလည်ပတ်နေရသလို တခြားနိုင်ငံတွေကလည်းလာအပ်တာတွေရှိတယ်။ အခု ထရမ့်ရဲ့ အခွန်နှုန်း ပိုတိုးလိုက်တာကြောင့် တရုတ်နဲ့ တခြားအပ်ထည်တွေကို အားကိုးနေရတဲ့ မြန်မာက လုပ်ငန်းတွေကိုထိနိုင်ပါတယ်'' လို့ သူက ဆိုပါတယ်။

ပြည်တွင်းရဲ့ အထည်ချုပ်ကဏ္ဍမှာ တရုတ်နိုင်ငံက ဝင်ရောက်ရင်းနှီးမြှုပ်နှံတဲ့ စက်ရုံက ၆၀ ရာခိုင်နှုန်းခန့် ရှိပြီး တရုတ်ပြီးရင် ကိုရီးယား နဲ့ ဂျပန်နိုင်ငံတို့က ဒုတိယအများဆုံး ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းထားလို့ မြန်မာကို ဖယ်ကျဥ်ထားတဲ့ အခြေအနေကြောင့် နိုင်ငံတကာစျေးကွက်ကို ထိုးဖောက်ဖို့ခက်နေတဲ့ အခြေအနေနဲ့ နိုင်ငံတွင်းမှာ တစ်နေ့ လေးနာရီသာရတဲ့ လျှပ်စစ်မီးပြဿနာကိုလည်း ရင်ဆိုင်နေရတယ်လို့ အထည်ချုပ်လုပ်ငန်းရှင် တချို့က သူတို့အခက်အခဲကို ပြောပါတယ်။

ဒါတင်မက လောင်စာဆီရှားပါးပြတ်လပ်မှုနဲ့ ကျပ်ငွေတန်ဖိုးကျလို့ အထွေထွေကုန်ကျစရိတ်တွေတက်နေတဲ့ အခြေအနေတွေကြား မြန်မာကအထည်ချုပ်လုပ်ငန်းတွေဟာ ယိုင်နဲ့နဲ့အခြေအနေနဲ့ မပြိုလဲရုံတမယ် ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

ဒီလိုအခြေအနေတွေကြားမှာ အမေရိကန်ရဲ့ အခွန်နှုန်းတိုးမြှင့်မှုက မြန်မာအထည်ချုပ်လောကအတွက် စိန်ခေါ်ချက်တစ်ခု ဖြစ်လာပါတယ်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း (MGMA) ရဲ့ ဧပြီ ၈ ရက် ထုတ်ပြန်ချက်ထဲမှာတော့ အမေရိကန်ရဲ့ အခွန်နှုန်းသစ် သတ်မှတ်ချက်ဟာ အထူးသဖြင့် နှစ်နိုင်ငံကြားက အထည်ချုပ်လုပ်ငန်းတွေရဲ့ စီးပွားရေးကို သက်ရောက်လာမယ်လို့ ဆိုပါတယ်။

''အမေရိကန်ရဲ့ အခွန်နှုန်းတိုးမြှင့်လိုက်မှုက မြန်မာ့စီးပွားရေးလုပ်ငန်းတွေနဲ့ မြန်မာလူမှုအသိုက်အဝန်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများစွာကို ပိုမိုဆိုးရွားစေမှာဖြစ်ပါတယ်'' လို့ MGMA က ထည့်ပြောထားပါတယ်။

မြန်မာ့အထည်ချုပ်ကဏ္ဍဟာ ပြည်ပပို့ကုန်နဲ့ နိုင်ငံတွင်း အလုပ်အကိုင်ဖန်တီးရေးအတွက် အဓိကမဏ္ဍိုင်ထောက်တိုင်ဖြစ်တာကြောင့် အမေရိကန်အစိုးရဘက်က ဒါကို အလေးထားစဥ်းစားပေးဖို့လည်း ပြောထားပါတယ်။

အခု သမ္မတထရမ့်ရဲ့အခွန်စည်းကြပ်နှုန်းသစ် မတိုင်ခင်ကတည်းက မြန်မာအထည်ချုပ်လုပ်ငန်းဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးမှာ အခွန်ကင်းလွတ်ခွင့်ရတာမျိုးမရှိခဲ့သလို GSP လို့ခေါ်တဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေးအထူး အဆင့်အတန်းပေးတဲ့ နိုင်ငံစာရင်းထဲမှာလည်း ပါဝင်ခဲ့တာမရှိပါဘူး။

အမေရိကန်က မြန်မာကို ၁၉၈၉ ခုနှစ်အထိ GSP အခွင့်အရေးတွေ ပေးခဲ့ဖူးပေမဲ့ စစ်အစိုးရတွေ လက်ထက် အဓမ္မလုပ်အားပေးခိုင်းစေမှု၊ လွတ်လပ်စွာစုဝေးခွင့်တွေအပေါ် ချုပ်ချယ်ကန့်သတ်မှု တွေကြောင့် အဲဒီအခွင့်အရေးကို ပြန်ရုပ်သိမ်းထားတာ ဖြစ်ပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးအောင်နိုင်ဦးကတော့ အမေရိကန်ရဲ့ ဒီအကောက်ခွန်နှုန်းသတ်မှတ်ချက်ကို အဆမတန်မြင့်လွန်းတယ်လို့ ပြောပါတယ်။

''အ​ကောက်ခွန်နှုန်း အဆမတန် မြှင့်လိုက်တဲ့အတွက် မြန်မာက အမေရိကန်ကို ဘာပဲပို့ပို့ ထိခိုက်မှုရှိပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့လည်း မကိုက်ပါဘူး'' လို့ ဦးအောင်နိုင်ဦးက သူတာဝန်ထမ်းဆောင်ခဲ့ချိန်က အခြေအနေကို ကိုးကားပြီး မှတ်ချက်ပေးပါတယ်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံက ချုပ်ပြီးအထည်တွေကို နိုင်ငံပေါင်း ၈၀ ကျော်ကို တင်ပို့နေပါတယ်။

အဲဒီထဲမှာ အနောက်ဥရောပနိုင်ငံတွေက အများဆုံးဖြစ်ပြီး ပိုလန်၊ စပိန်၊ ဂျာမနီ၊ ယူကေ၊ နယ်သာလန်၊ အီတလီ၊ ပြင်သစ်၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံနဲ့ အမေရိကန်တို့ ပါဝင်ပါတယ်။ အာရှမှာတော့ တရုတ်၊ ဂျပန်၊ ကိုရီးယားက အဓိကတင်ပို့နေတဲ့ စျေးကွက်ဖြစ်ပါတယ်။

စီးပွား/ကူးသန်းရဲ့ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်စာရင်းအရဆိုရင် မြန်မာ အထည်ချုပ် ကဏ္ဍကနေ ဒေါ်လာ ၅ ဒသမ ၃ ဘီလျံ တင်ပို့နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ်မှာတော့ မြန်မာ့အထည်ချုပ်ကဏ္ဍကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၆ ဘီလျံရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ဒေါ်လာ ၇၅၀ သန်းလောက် ဝင်ငွေရရှိမှု လျော့သွားတာကို မှတ်တမ်းတွေအရ သိရပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA ) ရဲ့ ၁၀ နှစ်တာ မဟာဗျူဟာအစီအစဉ် (၂၀၂၅-၂၀၃၄) မှာ ၂၀၂၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် တန်ကြေးရှိတဲ့ လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နေတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ထရမ့်ရဲ့ သွင်းကုန်စည်းကြပ်ခွန်ဆိုတာဘာလဲ

အခွန်တိုးကောက်မယ့် ထရမ့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အခွန်တိုးကောက်မယ့် ထရမ့်

သွင်းကုန်စည်းကြပ်ခွန်ဆိုတာက အမေရိကန် ပြည်တွင်းကို တခြားပြည်ပနိုင်ငံတွေက တင်ပို့တဲ့ ကုန်ပစ္စည်းတန်ဖိုးအပေါ် အချိုးကျသတ်မှတ်ပြီး ကောက်ခံတဲ့ အခွန် စည်းကြပ်မှုဖြစ်ပါတယ်။

တကယ်လို့ ကားတင်သွင်းတဲ့ လုပ်ငန်းတစ်ခုက အမေရိကန်ဒေါ်လာ ၅၀,၀၀၀ တန် ကားတစ်စီးကို တင်သွင်းတဲ့အပေါ် သွင်းကုန်ခွန် ၂၅ ရာခိုင်နှုန်း ကောက်မယ်ဆိုရင် အဲဒီအတွက် သွင်းကုန်အခွန်စည်းကြပ်ငွေ အမေရိကန်ဒေါ်လာ ၁၂,၅၀၀ ကျသင့် မှာ ဖြစ်ပါတယ်။

အခု ထရမ့်ရဲ့ နှုန်းသစ်အရ မြန်မာကို ၄၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မယ်ဆိုတဲ့အတွက် အမေရိကန် ဒေါ်လာ ၅၀၀ တန်ကြေးရှိ ပစ္စည်းတစ်ခုအတွက် သွင်းကုန်အခွန်စည်းကြပ်ငွေတင် အမေရိကန်ဒေါ်လာ ၂၀၀ ကျသင့်မှာဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာနဲ့ အမေရိကန်ကြားက ကုန်သွယ်ရေး (Myanmar-US Trades) က မြန်မာရဲ့ စုစုပေါင်းကုန်သွယ်ရေးရဲ့ ၂ ရာခိုင်နှုန်းကျော်ပဲရှိပါတယ်။ ၂၀၂၀ ခုနှစ်အထိ ၃ ရာခိုင်နှုန်းကျော် ရှိခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး ကုန်သွယ်မှုပမာဏ ကျဆင်းသွားပါတယ်။

ဒါကြောင့် သမ္မတထရမ့်ရဲ့ အခွန်စည်းကြပ်မှုနှုန်းက မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးကဏ္ဍကို ထိရောက်တဲ့ သက်ရောက်မှု သိပ်မရှိနိုင်ဘူးလို့ ယေဘူယျ ပြောနိုင်ပါတယ်။

ဒါပေမဲ့ အမေရိကန်ကို မြန်မာကနေ အများဆုံးပို့နေတဲ့ ပို့ကုန်တွေထဲမှာ အထည်ချုပ်လုပ်ငန်းကထွက်ကုန်တွေပါတဲ့အတွက် အထည်ချုပ်ကဏ္ဍကို တိုက်ရိုက်ထိခိုက်နိုင်တာဖြစ်ပါတယ်။

တဖက်ကို ပြန်ကြည့်ရင်လည်း မြန်မာကနေ ပို့ကုန်အများဆုံးပို့တဲ့နိုင်ငံတွေက တရုတ် (၂၃ ရာခိုင်နှုန်း)၊ ထိုင်း (၁၉ ရာခိုင်နှုန်းကျော်)၊ အိန္ဒိယ (၈ ရာခိုင်နှုန်းကျော် ၉ ရာခိုင်နှုန်း)နဲ့ ဂျပန် ( ၇ ရာခိုင်နှုန်းကျော်) ဖြစ်တဲ့အတွက် အဲဒီနိုင်ငံတွေကပါ အခွန်နှုန်းမြှင့်လိုက်ရင် မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးကဏ္ဍကို အများကြီးသက်ရောက်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် ၂၀၂၁ ခုနှစ် မတ်လ ၂၉ ရက်မှာ USTR လို့ခေါ်တဲ့ US-Burma Trade and Investment Framework Agreement (TIFA) အရ အမေရိကန်က မြန်မာနိုင်ငံနဲ့ အမေရိကန်ကြားက ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ဆိုင်းငံ့ကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီကြေညာချက်အရ ဆိုင်းငံ့ထားမှုဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ် မပေါ်မချင်း ဆက်လက်အသက်ဝင်မှာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ ကုန်သွယ်မှုဆိုင်ရာရုံး OUSTR ရဲ့ စာရင်းအရ ၂၀၂၄ ခုနှစ်မှာ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံကြား စုစုပေါင်းကုန်သွယ်မှုဟာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၇၃၄ သန်း ရှိပါတယ်။

အမေရိကန်က မြန်မာကိုတင်ပို့တဲ့ ပို့ကုန်တန်ဖိုးက ဒေါ်လာ ၇၇ သန်းဖိုး ရှိခဲ့ပါတယ်။မြန်မာကနေ အမေရိကန်ကို ပို့ကုန်ကတော့ ၆၅၆ သန်းကျော် ရှိပါတယ်။

ဒီပမာဏတွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ နဲ့နှိုင်းယှဥ်ရင်တောင် ကုန်သွယ်မှုပမာဏကျဆင်းသွားတာလို့ ဆိုပါတယ်။ ဒါကြောင့် ၂၀၂၄ အမေရိကန်နဲ့ မြန်မာကုန်သွယ်ရေးမှာ အမေရိကန်ဘက်က ၅၇၉ သန်း လိုငွေပြနေတယ်လို့ ဆိုထားပါတယ်။

တဖက်မှာလည်း အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေကြောင့် ကမ္ဘာ့အလုပ်သမားသမဂ္ဂနဲ့ မြန်မာအလုပ်သမားသမဂ္ဂတချို့ရဲ့ တောင်းဆိုချက်တွေအရ Zara အပါအဝင် ကမ္ဘာကျော်အဝတ်အထည်အမှတ်တံဆိပ် ၇ ခုခန့် ထုတ်လုပ်နေတဲ့ Inditex လုပ်ငန်းစုက မြန်မာမှာရှိတဲ့သူတို့လုပ်ငန်းတွေကနေ ထွက်ခွာမယ်လို့ ထုတ်ပြောခဲ့ဖူးပါတယ်။

မြန်မာမှာ အာဏာသိမ်းလို့ ဆွီဒင်အခြေစိုက် H&M လို ကမ္ဘာကျော် အဝတ်အထည်လုပ်ငန်းကြီးတွေထွက်ခွာသွားပေမဲ့ တခြားကမ္ဘာကျော် အမှတ်တံဆိပ်တွေက တခြားလမ်းကြောင်းတွေကနေ အထည်အပ်တာတွေဆက်ရှိနေတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တချို့က ပြောပါတယ်။

''တချို့ ပြန်သွားကြတယ်ဆိုပေမဲ့ ထပ်ဝင်လာတဲ့သူတွေလည်းရှိတယ်။ ကျွန်တော်တို့က လှိုင်းစီးသလိုပဲ ရတဲ့အထည်လေးတွေနဲ့ တက်လိုက်ကျလိုက် ရုန်းကန်နေရတာပဲ။ သူတို့ ဆက်အပ်နေကြလို့လည်း လုပ်ငန်းတွေ မပျက်သွားတာပါ'' လို့ ရန်ကုန်မြို့ လှိုင်သာယာစက်မူဇုန် က အထည်ချုပ်လုပ်ငန်းရှင်က ပြောပါတယ်။

ဒါပေမဲ့ ဧပြီ ၉ ရက်မှာပဲ တရုတ်ကလွဲလို့ တခြားကုန်သွယ်ဖက်နိုင်ငံတွေကို အခွန်စည်းကြပ်မှုနှုန်းသစ် သတ်မှတ်မှုကို ရက် ၉၀ ဆိုင်းငံ့ထားကြောင်း သမ္မတထရမ့်က ကြေညာပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တရုတ်နိုင်ငံအပေါ် ၁၀၄ ရာခိုင်နှုန်း သွင်းကုန်ခွန်ကောက်မှု အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အခွန်စည်းကြပ်မှုဟာ ဧပြီ ၉ ရက်မှာ စတင်အသက်ဝင်ပြီ လို့ အစောပိုင်းက ကြေညာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်ပဲ ရက် ၉၀ နောက်ပိုင်းကာလကို မြန်မာအပါအဝင် နိုင်ငံအားလုံးက စောင့်ကြည့်နေကြတာဖြစ်သလို ဒီနှုန်းသစ်တွေ သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ဖို့ မျှော်လင့်နေကြပါတယ်။

ဒေသတွင်းနိုင်ငံတွေစုပေါင်းတုံ့ပြန်မယ်

၂၀၂၄ အာဆီယံနိုင်ငံများထိပ်သီးအစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၄ အာဆီယံနိုင်ငံများထိပ်သီးအစည်းအဝေး

စီးပွားရေးပညာရှင်တချို့ကတော့ အမေရိကန်ရဲ့ အခွန်တိုးမြှင့်စည်းကြပ်မှုဟာ ငွေကြေးဖောင်းပွမှုကို မြင့်တက်စေတယ်လို့ ခန့်မှန်းထားပြီး လက်တုံ့ပြန်တဲ့ အကောက်ခွန် တိုးမြှင့်မှုတွေကနေလည်း ကမ္ဘာ့ကုန်သွယ်ရေးကမောက်ကမဖြစ်မယ့် အခြေဆိုက်နိုင်တယ်လို့ လည်း သုံးသပ်ထားကြပါတယ်။

တကယ်တော့ ထရမ့်ရဲ့ အခွန်နှုန်းသစ်တွေကြောင့် အများကြီး ထိခိုက်ခံရနိုင်တဲ့ နိုင်ငံတွေထဲမှာ ဖွံ့ဖြိုးစနိုင်ငံတွေလို့ သတ်မှတ်နိုင်သလို ဆင်းရဲတဲ့နိုင်ငံတွေလို့လည်း ပြောကြတဲ့ မြန်မာအပြင် ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ လာအို စတဲ့ နိုင်ငံတွေလည်း ပါပါတယ်။

အခုတိုးမြှင့်တဲ့ နှုန်းထားအရ ကမ္ဘောဒီးယားက ၄၉%၊ ဘင်္ဂလားဒေ့ရှ်က ၃၇%၊ လာအိုက ၄၈% အထိ ဆောင်ကြရမှာပါ။

အမေရိကန်ပြည်ထောင်စုရဲ့ အခွန်စည်းကြပ်မှုကို မထင်မှတ်ဘဲ အပြင်းအထန်ခံခဲ့ရတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း - အာဆီယံကတော့ ဒီပြဿနာကို စုစည်းညီညွတ်စွာတုံ့ပြန်ဖို့ ကြိုးပမ်းနေပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ အာဆီယံခေါင်းဆောင်တွေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ အကြား အစည်းအဝေးဖြစ်နိုင်ဖို့ ကြိုးပမ်းနိုင်ခြေရှိပါတယ်။

အင်ဒိုနီးရှားကလည်း အမေရိကန်နဲ့ အင်ဒိုကြားက ကုန်သွယ်ရေး မညီမျှမှုကို ဖြေရှင်းဖို့ အင်ဒိုနီးရှား ထိပ်တန်းစီးပွားရေး အရာရှိတွေကို လာမယ့် သီတင်းပတ်မှာ ဝါရှင်တန်ကို စေလွှတ်မှာ ဖြစ်ပါတယ်။

ဗီယက်နမ်ကလည်း အမေရိကန်ရဲ့ ဧပြီ ၉ ရက်နေ့မှာ စတင်တဲ့ အခွန်စည်းကြပ်မှုကို ၄၅ ရက်ကြာ ဆိုင်းငံ့ပေးထားဖို့ တောင်းဆိုထားပါတယ်။

ထိုင်းနိုင်ငံကတော့ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုအသစ်အတွက် ပိုမိုကောင်းမွန်ပြီး မျှတတဲ့ သဘောတူညီချက်တစ်ခုရရေးကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

စင်ကာပူနိုင်ငံကတော့ သူတို့အပေါ် အမေရိကန်ရဲ့ အခွန်သတ်မှတ်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး နှစ်ဖက်အကြား ကောင်းမွန်တဲ့ ကုန်သွယ်ရေးဆက်ဆံမှုအစဥ်အလာကို မီးမောင်းထိုးပြကာ အခုလုပ်ရပ်က မိတ်ဆွေမဆန်သော လုပ်ရပ်လို့ ဝေဖန်ထားပါတယ်။

"အာဆီယံ ဥက္ကဋ္ဌအနေနဲ့ မလေးရှားဟာ ဒေသရဲ့ စည်းလုံးညီညွတ်မှုကိုပြဖို့၊ ပွင့်လင်းပြီး ခိုင်မာတဲ့ အာဆီယံရဲ့ စုပေါင်းအသံကို ကြားစေဖို့ အားလုံးကိုယ်စား ကြိုးပမ်းဆောင်ရွက်မှုတွေကို ဦးဆောင်သွားပါမယ်" လို့ မလေးရှားဝန်ကြီးချုပ်က ပြောထားပါတယ်။

သမ္မတထရမ့်ကတော့ သွင်းကုန်ခွန်တိုးတာက ပြည်တွင်း အလုပ်အကိုင်နေရာတွေကို အကာအကွယ်ပေးတာ၊ ဖန်တီးပေးတာတွေ ဖြစ်စေနိုင်တယ်လို့ မကြာခဏ ပြောသလို ဒါတွေကနေ အမေရိကန် စီးပွားရေးတိုးတက်ဖို့နဲ့ ၀င်ငွေခွန်တွေ မြင့်မားစေဖို့ နည်းလမ်းတစ်ခုလို့လည်း သူက ရှုမြင်ထားပါတယ်။

ဒါပေမဲ့ မြန်မာအထည်ချုပ်လုပ်ငန်းရှင်တချို့မှာတော့ အခုအခြေအနေမှာ အဆိုးထဲကအကောင်းဖြစ်လာနိုင်စရာလည်း ရှိပါတယ်ဆိုတဲ့ အယူအဆရှိနေပါတယ်။

CMP လက်ခစားအထည်ချုပ်လုပ်ငန်းကြီးတွေ ထုနဲ့ထည်နဲ့ရှိပြီး ဒီလုပ်ငန်းတွေနဲ့ ရပ်တည်နေကြတဲ့ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကမ္ဘောဒီးယားလိုနိုင်ငံတွေကို ထရမ့် ရဲ့ အခွန်တိုးမြှင့်မှုက မြန်မာဘက်ကို Buyer လို့ခေါ်တဲ့ ဝယ်လက်အသစ်တွေ ရောက်လာနိုင်တယ်ဆိုတဲ့ယူဆချက်ဖြစ်ပါတယ်။

ဘဏ္ဏာရေးဆိုင်ရာ အကျိုးစီးပွားပဋိပက္ခလေ့လာသူ နိုင်ငံရေးသုတေသီတစ်ဦးကတော့ ဒီယူဆချက် ဖြစ်နိုင်ခြေရှိတယ်လို့ သုံးသပ်ပါတယ်။

''ဒါမျိုးက ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာ ဖြစ်ခဲ့ဖူးတယ်။ အဲဒီတုန်းကလည်း ထရမ့်အစိုးရလက်ထက်ပဲ။ သူ့ ပထမသက်တမ်းမှာလည်း တရုတ်နိုင်ငံကို အလားတူလုပ်ခဲ့ဖူးတော့။ တရုတ်အထည်ချုပ်ကုမ္ပဏီအများစုက မြန်မာကိုလာရင်းနှီးမြှုပ်နှံပြီး သူတို့အထည်ကို Made in Myanmar အနေနဲ့ပို့ခဲ့တာ '' လို့ သူက ပြောပြပါတယ်။