ထရမ့်ကြောင့်ရပ်သွားတဲ့ USAID ရဲ့ မြန်မာက HIV/TB ကုသရေးလုပ်ငန်းတွေ

ရန်ကုန်မှာရှိတဲ့ USAID ရဲ့ ထောက်ပံ့မှုနဲ့လည်ပတ်တဲ့ TOP HIV ဆေးခန်းမှာ HIV ရောဂါပိုး ကူးစက်မှု အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တဲ့ PrEP လို့ သိကြတဲ့ Pre-Exposure Prophylaxis ဆေးပေးနေမှု ( ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, USAID Burma

ဓာတ်ပုံ ပုံစာ, USAID ရဲ့ ထောက်ပံ့မှုနဲ့လည်ပတ်တဲ့ TOP HIV ဆေးခန်းမှာ HIV ရောဂါပိုးကာကွယ်ပေးနိုင်တဲ့ PrEPဆေးပေးနေမှု ( ပုံဟောင်း)

တကျော့ပြန်သမ္မတထရမ့်ရဲ့ "America First" (အမေရိကန်ကိုသာပထမဦးစားပေး) ဆိုတဲ့ မူဝါဒတစိတ်တပိုင်းက မြန်မာက HIV ရောဂါပိုးကုသနေရသူတွေနဲ့ TB(တီဘီ) ဝေဒနာရှင်တွေအတွက် ဖိအားတွေဖြစ်လာပါတယ်။

အမေရိကန်အစိုးရသစ်က နိုင်ငံခြားရပ်ခြားမှာသူပေးနေတဲ့ USAID ရဲ့ အကူအညီအားလုံးကို ရက် ၉၀ ရပ်ဆိုင်းလိုက်ကြောင်းကြေညာခဲ့ပြီး ရန်ပုံငွေဒေါ်လာဘီလီယံပေါင်းများစွာရဲ့ အလွှဲအပြောင်းတွေကို ရပ်တန့်ခဲ့ပါတယ်။

အဲဒီလိုကြေညာပြီး တစ်ပတ်အကြာမှာပဲ ဘီလျံနာသူဌေးကြီးအီလွန်မတ်စ် ဦးဆောင်တဲ့ အမေရိကန် အစိုးရအစွမ်းထက်မှုဌာန (Doge) ကနေ မေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကို ပိတ်ပစ်မယ်ဆိုတဲ့အထိထပ်ပြီးပြောလာပါတယ်။

ဒါကြောင့် USAID အကူအညီကိုအဓိကသုံးနေရတဲ့ မြန်မာက သိန်းနဲ့ချီတဲ့ HIV (အိတ်ချ်အိုင်ဗီ)၊တီဘီရောဂါကုသနေရသူတွေအတွက် ရေတို/ရေရှည်မှာ ကျန်းမာရေးပြဿနာတွေဆက်ကြီးလာမှာက အထူးစိုးရိမ်စရာဖြစ်လာပါတယ်။

မြန်မာမှာ USAID ကူညီတိုက်ဖျက်ပေးတဲ့ တီဘီရောဂါ

 Stool specimen (မစင်နမူနာ)ကို အသုံးပြုပြီး GeneXpert Ultra စက်နဲ့ တီဘီရောဂါရှာဖွေမှု နည်းပညာအသစ်ကို USAID က မြန်မာမှာထောက်ပံ့ပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, USAID Burma

ဓာတ်ပုံ ပုံစာ, USAID က GeneXpert Ultra စက်နဲ့တီဘီရောဂါရှာဖွေမှုနည်းပညာအသစ်ထောက်ပံ့ပေးခဲ့

စစ်တပ်အာဏာသိမ်းထားလို့ နိုင်ငံတဝန်းလုံးလက်နက်ကိုင်ပဋိပက္ခတွေ၊ စီးပွားရေးကျဆင်းမှုတွေကြားမှာ ရုန်းကန်နေရတဲ့ မြန်မာက အမေရိကန်ရဲ့ အကူအညီပေးရေးရန်ပုံငွေကို အားကိုးသုံးစွဲနေရတဲ့နိုင်ငံဖြစ်ပါတယ်။

အထူးသဖြင့် ကျန်းမာရေးပိုင်းမှာဆိုရင် USAID လို့ခေါ်တဲ့ အမေရိကန်ရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးရန်ပုံငွေက HIV (အိတ်ချ်အိုင်ဗီ)၊တီဘီရောဂါနဲ့ ငှက်ဖျားရောဂါကာကွယ်၊ကုသမှုအပိုင်းမှာအဓိက ဒေါက်တိုင်တွေဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အဆုတ်ရောဂါ- တီဘီ (TB) ရောဂါဖြစ်ပွားမှုနှုန်း ၁၇ ရာခိုင်နှုန်းမြင့်တက်လာတဲ့မြန်မာမှာ လူဦးရေ ၂ သိန်းကျော်က တီဘီရောဂါခံစားနေရတယ်လို့ USAID ရဲ့အချက်အလက်တွေကဖော်ပြပါတယ်။

USAID က မြန်မာမှာ တီဘီရောဂါ ကြိုတင်ကာကွယ်ရေး၊ ရောဂါရှာဖွေစစ်ဆေးရေးနဲ့ ကုသရေးဝန်ဆောင်မှုတွေကိုပေးနေတာဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ ရုတ်ခြည်းဆိုသလို အမေရိကန်ရဲ့ ကျန်းမာရေးအကူအညီတွေရပ်ဆိုင်းလိုက်တာက မြန်မာပြည်တွင်းထဲက တီဘီရောဂါဝေဒနာရှင် သိန်းနဲ့ချီ အတွက်ကုသရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေအပိုင်းမှာ ဖိအားတွေကိုရင်ဆိုင်လာရပါတယ်။

တီဘီဆေးသောက်နေရတဲ့ ရောဂါသည် ၃ ဦးထက်မနည်းနဲ့ မိသားစုဝင်တွေကို ဘီဘီစီမေးမြန်းခဲ့တဲ့အခါမှာလည်း ဆေးပြတ်လပ်မှာကို စိုးရိမ်သောကရောက်နေကြပါတယ်။

"ဆေးမသောက်ရလို့ ရောဂါမသက်သာရင် အပြင်ထွက်ပြီး အလုပ်မလုပ်နိုင်ဘူး၊ ရောဂါအမြစ်မပြတ်ရင် ဘေးက လူတွေကို ကူးစက်မယ်၊ ရောဂါပြင်းထန်လာရင် လူလည်း ပိန်ချုံးပြီး လူတောထဲ မတိုးရဲတော့ဘူး" လို့ တီဘီရောဂါခံစားနေရသူတစ်ဦးက ရှင်းပြပါတယ်။

မြန်မာဟာ တီဘီ၊ ဆေးယဉ်ပါးတီဘီနဲ့ တီဘီ - အိပ်ချ်အိုင်ဗီ ယှဉ်တွဲဖြစ်ပွားမှု အများဆုံးနိုင်ငံပေါင်း ၃၀ ထဲမှာ တစ်နိုင်ငံအပါအဝင်ဖြစ်တယ်လို့ အရပ်သားအစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၂၀၂၁ ခုနှစ်အထိ အချက်အလက်ကဖော်ပြပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က မြန်မာက တီဘီရောဂါကာကွယ်ကုသရေးလုပ်ငန်းစဥ်ကို အာရုံစိုက်လုပ်ခဲ့တဲ့ ပြည်တွင်းက NGO/အရပ်ဖက်အဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကတော့ ၂၀၂၀ ခုနှစ်အထိ USAIDနဲ့ သူတို့ ပူးတွဲလုပ်ခဲ့တဲ့ စစ်တမ်းအချက်အလက်တခုကို ဘီဘီစီကိုပြောပြပါတယ်။

'' ၂၀၂၀ ခုနှစ်အထိ ကျွန်တော်တို့ အချက်အလက်အရ နိုင်ငံတဝန်းမှာရှိတဲ့ ဆေးယဉ်ပါးတီဘီ လူနာထက်ဝက်ကျော်နဲ့ ရိုးရိုးတီဘီ ရောဂါသည် လေးပုံတပုံ က ရန်ကုန်မြို့မှာနေထိုင်ကြတာပါ။ဒါကြောင့် ရန်ကုန်မှာတီဘီရောဂါသည်အများဆုံးရှိပါတယ်'' လို့ ရှင်းပြပါတယ်။

၂၀၁၉ ခုနှစ် ကမ္ဘာ့တီဘီရောဂါ အစီရင်ခံစာအရ မြန်မာမှာ တီဘီရောဂါ ဖြစ်ပွားမှုနှုန်းက လူဦးရေတစ် သိန်း မှာ ၃၃၈ ဦးနဲ့ တီဘီရောဂါကြောင့် သေဆုံးမှုနှုန်းက ၃၉ ဦး ရှိပါတယ်။

မြန်မာမှာ ၂၀၁၂ ခုနှစ်ကတည်းက USAID က အကူအညီပေးနေတဲ့ မြန်မာနိုင်ငံအမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး အစီအစဉ်ရှိပါတယ်။

အဲဒီအစီအစဥ်အပေါ် အခြေခံတဲ့''တီဘီကင်းစင် မြန်ပြည်တစ်ခွင် ရှေ့ရှုနိုင်ဖို့ ကြိုးစားစို့'' စီမံကိန်းသစ်ကိုစစ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်က USAID ကထပ်တိုးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

USAID ရဲ့ အဲဒီအစီအစဥ်တွေဟာ တီဘီရောဂါ ကာကွယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေအတွက် အဓိကထောက်ပံ့ခဲ့တာဖြစ်ပါတယ်။၂၀၂၄ ခုနှစ် မတ်လကတင် USAID ကနေ ကလေးတီဘီရောဂါစစ်ဆေးမှုနဲ့ပတ်သက်တဲ့နည်းပညာအထောက်အပံ့ကို မြန်မာကိုပေးထားပါတယ်။

တီဘီရောဂါရှာဖွေခြင်းနဲ့ဆိုင်တဲ့အဲဒီနည်းပညာအထောက်အပံ့ထဲမှာ Stool specimen (မစင်နမူနာ)ကို အသုံးပြုပြီး GeneXpert Ultra စက်နဲ့ တီဘီရောဂါရှာဖွေမှု နည်းပညာအသစ်အထိပါဝင်ခဲ့ပါတယ်။

'' တီဘီကုသရေးရော ကာကွယ်ရေးရော နည်းပညာပိုင်းရော USAID ရဲ့ ထောက်ပံ့မှုက အတော်ကိုများပါတယ်။ အခုရပ်သွားပြီဆိုတော့ ရေရှည်ကာကွယ်ကုသရေးတွေအတွက် အတော်စိုးရိမ်ရပါတယ်'' လို့ ၂၀၂၂ ခုနှစ်အထိ ကျန်းမာရေးဝန်ကြီးဌာနမှာတာဝန်ထမ်ဆောင်ခဲ့တဲ့ ညွှန်ကြားရေးမှူးအဆင့်အထိတာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာဝန်ကြီးက ဘီဘီစီကိုမှတ်ချက်ပြုပါတယ်။

HIV အတွက် USAID ရဲ့ အကူအညီ

USAID ရဲ့ HIV ပိုးနဲ့ ဆေးစစ်ပေးတဲ့လုပ်ငန်းစဥ်တခု

ဓာတ်ပုံ ရင်းမြစ်, USAID Burma

ဓာတ်ပုံ ပုံစာ, USAID ရဲ့ HIV ပိုးနဲ့ ဆေးစစ်ပေးတဲ့မြန်မာကလုပ်ငန်းစဥ်တခု

တီဘီရောဂါဝေဒနာရှင်တွေအတွက်သာမက မြန်မာရဲ့ စီးပွားရေးမြို့တော်ကြီး ရန်ကုန်၊မန္တလေးနဲ့ နိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အပါအဝင် နိုင်ငံတဝန်းက ခုခံအားကျဆင်းမှုအိတ်(ချ်)အိုင်ဗွီ HIV ရောဂါပိုး ကုသနေသူတွေအတွက်လည်း မရေမရာဖြစ်နေရပါတယ်။

HIV ပိုးက လူ့ကိုယ်ခံစွမ်းအားကိုဖျက်ဆီးတဲ့ ဗိုင်းရပ်စ်ပိုးဖြစ်ပြီး ပိုးကူးစက်ခံရတဲ့အခြေအနေမှာ ကုသမှုမခံယူရင် ခုခံအားကျဆင်းမှုကူးစက်ရောဂါ (အေအိုင်ဒီအက်စ်- AIDS ) ကိုဖြစ်ပေါ်စေပါတယ်။

ဒါကြောင့် AIDS ရောဂါကိုထိန်းချုပ်နိုင်ဖို့မှာ HIV ပိုးကူးစက်ခံထားရတဲ့အဆင့်မှာ နိုင်နင်းစွာကုသပေးရတာဖြစ်ပါတယ်။

"ရန်ကုန်မှာဆို ဆေးခန်းတစ်ခုတည်းမှာတင် HIV ပိုးရှိသူတွေ အေအာတီဆေး စွဲသောက်နေရတဲ့လူက ၃,၀၀၀ ကျော်ရှိတယ်" လို့ HIV ပိုးရှိသူတွေအတွက် အေအာတီ(ART)ဆေးဖြန့်ဝေပေးနေတဲ့ အရပ်ဖက်အဖွဲ့ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အရှေ့တောင်အာရှမှာ မြန်မာက ခုခံအားကျဆင်းမှုရောဂါ အိတ်(ချ်)အိုင်ဗွီ (HIV) ပိုးကူးစက်ခံရသူအရေအတွက် တတိယအများဆုံးနိုင်ငံဖြစ်ပါတယ်။

သွေးကြောထဲမူးယစ်ဆေးဝါးထိုးသွင်းသူ၊လိင်တူဆက်ဆံတဲ့အမျိုးသားတွေနဲ့ လိင်လုပ်သားတွေကြောင့် မြန်မာမှာ ရောဂါကူးစက်မှုအဓိကပျံ့နှံ့ရတာလို့ USAID ကပြောထားပါတယ်။

USAID ရဲ့ မြန်မာက အိတ်(ချ်)အိုင်ဗွီ ပိုးရှိသူတွေအတွက်ပေးတဲ့ဝန်ဆောင်မှုတွေထဲမှာ ပိုးကူးစက်မှုမှ ကြိုတင်ကာကွယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသရေးဝန်ဆောင်မှုတွေကို ဘက်စုံလွှမ်းခြုံတဲ့ပုံစံနဲ့ ထောက်ပံ့ပေးတာဖြစ်ပါတယ်။

ဒါအပြင် ခုခံအားကျဆင်းမှုရောဂါမှပြန်လည်ထူထောင်ရေး အမေရိကန်သမ္မတရဲ့ အရေးပေါ်ရန်ပုံငွေ (PEPFAR) အစီအစဉ် တဆင့် ၂၀၁၃ ခုနှစ်ကစတင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်အထိစာရင်းအရ လူပေါင်း ၄၁၃,၀၆၉ ( ၄ သိန်းကျော်)ကို အိပ်ချ်အိုင်ဗွီရောဂါပိုး စမ်းသပ်စစ်ဆေးပေးခဲ့ပြီး ကုသပေးတာနဲ့ အခြားလုပ်ငန်းစဉ်များအတွက် ဒေါ်လာသန်း ၁၀၀ ကျော်ကို အသုံးပြုခဲ့တယ်လို့ USAID က ၂၀၂၃ ခုနှစ်က ထုတ်ပြောထားပါတယ်။

USAID ရဲ့ လက်အောက်က ကျန်းမာရေးဝန်ထမ်းတစ်ဦးရဲ့ အပြောအရ HIV ပိုးရှိသူတွေအတွက် အေအာဆီဆေးပေးတဲ့အခါ ဆေး ၆ လစာပေးပြီးတိုင်း သွေးဖောက်စစ်ဆေးပေးတယ်လို့ဆိုပါတယ်။ အဲဒီနောက် ဆေးစစ်ချက်ရလာတဲ့ လူနာကို ဆရာဝန်ဆီပြပြီး ဆေးကုသမှုဆက်ခံယူကြတယ်လို့ ပြောပါတယ်။

ဒီလုပ်ငန်းစဥ်တွေအတွက် လိုအပ်တဲ့အထောက်အပံ့အားလုံးရဲ့ ရာခိုင်နှုန်းအများစုက USAID ရဲ့ အကူအညီတွေဖြစ်ပါတယ်။

"ရပ်လိုက်တဲ့ စီမံကိန်းတွေထဲ ဝန်ထမ်းလစာတွေလည်းပါတယ်၊ ဝန်ထမ်းမရှိတော့ ဒီလူနာတွေအတွက် ဘယ်သူကဆေးပေးတာ၊ သွေးဖောက်ဆေးစစ်တာတွေ လုပ်မှာလဲ" လို့ သူက ဆက်ရှင်းပြပါတယ်။

HIV ပိုးကူးစက်မှုကုသရေးလုပ်ငန်းတွေထဲမှာ ဆေးပေးတဲ့လုပ်ငန်းစဥ်အပြင် တခြားကျန်းမာရေးဝန်ဆောင်မှုတွေအများအပြားရှိလို့ အမေရိကန်အစိုးရရဲ့ အကူအညီရပ်ဆိုင်းထားမှုက ဖိအားတွေကြုံလာရတယ်လို့ ကျန်းမာရေးဝန်ထမ်းကပြောပါတယ်။

"ဆေးစစ်မယ့်လူလည်း မရှိတော့ ဆေးပေးတာကိုလည်း ဆိုင်းထားလိုက်ပြီ။ ဘတ်ဂျတ်လုံးဝ ရပ်သွားပြီဆိုရင်တော့ လူနာတွေကို အစိုးရဆေးရုံဘက်ပြန်လွှဲပေးလိုက်တော့မှာပါ၊ အဲဒီလိုပြန်လွှဲပေးလိုက်ရင်လည်း ဆေးပေါက်ဈေးက အရမ်းမြင့်နေတော့ ဆေးမရတော့မှာ စိုးရိမ်တယ်" လို့ သူကပြောပါတယ်။

HIV ပိုးကူးစက်ခံထားရသူတွေ စွဲသောက်ရတဲ့ အေအာတီဆေးမှာ ရောဂါပြင်းထန်မှုအခြေအနေအလိုက် ART ဆေးသောက်သုံးရသူ အဆင့်အမျိုးအစား ၃မျိုးရှိတယ်လို့ ART ဆေးဖြန့်ဝေပေးနေသူတစ်ဦးက ရှင်းပြပါတယ်။

"အေအာတီကို ပထမလိုင်း(HIV ပိုး ခန္ဓာကိုယ်ထဲကူးစက်ခံရနှုန်း အနည်းဆုံးသူတွေအတွက်)၊ ဒုတိယလိုင်းနဲ့ တတိယလိုင်းရှိတယ်၊ မြန်မာမှာတော့ ပထမလိုင်းသောက်ရတဲ့သူက ပိုများတယ်၊ ဒုတိယလိုင်းကတော့ ရှိပေမယ့် နည်းတယ်" လို့ သူကဆိုပါတယ်။

၂၀၂၅ ဇန်နဝါရီလအထိ မြန်မာမှာ ART ဆေးပထမလိုင်းအတွက် ပြင်ပဆေးပေါက်ဈေးက ကျပ် ၁ သိန်းခွဲဝန်းကျင်ရှိတယ်လို့ ပြောပြီး ဒုတိယလိုင်းအတွက် ဆေးပေါက်ဈေးက ကျပ် ၆ သိန်းအထိ ရှိနေပါတယ်။

"ဆေးတွေက အစိုးရကပဲ အခမဲ့ပေးတာ၊ အစိုးရကလည်း အလှူရှင်တွေ ထောက်ပံ့တာနဲ့ ဆေးဝယ်ပြီး ဆေးခန်းတွေဆီ ပြန်ချပေးတာဆိုတော့ ငွေကြေးတတ်နိုင်ရင်တောင် ပြင်ပကနေ ဝယ်ဖို့ခက်ခဲတယ်" လို့ သူက ဖြည့်ပြီးပြောပြထားပါတယ်။

မြန်မာမှာ HIV ပိုး ကူးစက်ခံထားရသူ ၂၇၀,၀၀၀ (၂ သိန်း ၇ သောင်းကျော်) ရှိပြီး အဲဒီထဲက ၁၉၀,၀၀၀ (၁ သိန်း ၉ သောင်း) ကျော်ဟာ အေအာတီဆေးဝါးကို နိုင်ငံရဲ့ကျန်းမာရေးဝန်ကြီးဌာနအောက်က အေအာတီဆေးကုသဌာနတွေကနေရယူပြီး ကုသမှုခံယူနေကြတာဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီဆေးဝါးနဲ့တခြားကျန်းမာရေးအထောက်အပံ့တွေဟာ အမေရိကန်ရဲ့အကူအညီပေးမှုတွေကတဆင့်အများဆုံးစီးဆင်းတာဖြစ်ပါတယ်။

စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကတော့ နိုင်ငံတွင်းက ကျန်းမာရေးဝန်ဆောင်မှုတချို့မှာ အမေရိကန်ရဲ့ USAID အကူအညီတွေရပ်ဆိုင်းသွားတဲ့အပေါ် တစုံတရာထုတ်ပြောတာမရှိသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ နယ်စပ်ကလူထုရဲ့ကျန်းမာရေးပြဿနာတွေအတွက် နည်းလမ်းရှာဆောင်ရွက်မယ်လို့ ဇန်နဝါရီ ၂၉ ရက်က သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရ အမေရိကန်ရဲ့ အထောက်အပံ့နဲ့ ဆေးဝါးရယူနေတဲ့ HIV လူနာပေါင်း သန်း ၂၀ ရှိပြီး ကလေးအရေအတွက် ၅ သိန်းခွဲဝန်းကျင်ပါဝင်နေပါတယ်။

မြန်မာမှာ အမေရိကန်ရဲ့ ထောက်ပံ့မှုရပ်ဆိုင်းတဲ့နောက် ရှေ့ဆက်ဆောင်ရွက်မယ့်ကိစ္စတွေနဲ့ ပတ်သက်လို့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

သံရုံးရဲ့ တုံ့ပြန်မှုကတော့ "အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုအတည်ပြုပြောခဲ့သလိုပဲ အမေရိကန်အစိုးရဟာ အလုပ်ကြိုးစားတဲ့ အမေရိကန်ပြည်သူတွေရဲ့ အခွန်ငွေတွေကို ဉာဏ်ရှိရှိနဲ့သုံးစွဲသွားမှာဖြစ်ပြီး အမေရိကအတွက် အကောင်းဆုံးဖြစ်နိုင်မယ့်အခြေအနေတွေကို ဦးတည်နိုင်ဖို့ ချိန်ဆသွားမယ်" လို့ဆိုပါတယ်။

HIV/TB ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့လုပ်ငန်းစဥ်တွေကို သိရှိတဲ့ ညွှန်ကြားရေးမှူးအငြိမ်းစားဆရာဝန်ကြီးကတော့ USAID ရဲ့ HIV ရောဂါပိုးကူးစက်မှုနှုန်းကျဆင်းအောင်လုပ်ပေးတဲ့လုပ်ငန်းစဥ်တွေက ထိရောက်ခဲ့တယ်လို့ ပြောပြပါတယ်။

'' HIV ပိုးရှိတဲ့သူတွေ ပိုးကောင်ရေကျဆင်းအောင်လုပ်ပေးတဲ့ အေအာတီ ဆေးပေးတဲ့ကုသရေး၊ ရောဂါရှာဖွေရေးပိုင်းဆိုရင်မြေပြင်မှာလူထုထဲ ကွင်းဆင်းပြီးလူနာရှာတဲ့ လုပ်ငန်းတွေ၊ ကာကွယ်ရေးပိုင်းလို ကွန်ဒုံးဖြန့်ဝေတဲ့လုပ်ငန်းတွေ ကွင်းဆက်ကြီးတခုလုံးအတွက် USAID ရဲ့ ထောက်ပံ့မှုတွေပါတယ်'' လို့ ၂၀၂၂ ခုနှစ်ကမှ အငြိမ်းစားယူထားတဲ့ ဆရာဝန်ကြီးကရှင်းပြပါတယ်။

USAID ရပ်သွားမယ်ဆို ဘာတွေဖြစ်လာနိုင်လဲ

ထိုင်း-မြန်မာနယ်စပ် "ဘဲကလော်" မယ်လ ဒုက္ခသည်စခန်းထဲက ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ လသားကလေးငယ်လေးနဲ့ စောင့်ရှောက်ပေးနေတဲ့မိခင်ဖြစ်သူ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်း-မြန်မာနယ်စပ် "ဘဲကလော်" မယ်လ ဒုက္ခသည်စခန်းထဲက ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ လသားကလေးငယ်လေးနဲ့ စောင့်ရှောက်ပေးနေတဲ့မိခင်ဖြစ်သူ (ပုံဟောင်း)

ရက် ၉၀ အလွန်မှာလည်း ထရမ့်အစိုးရက USAID ကို လုံးဝပိတ်ပစ်လိုက်မလားဆိုတဲ့အပေါ် စိုးရိမ်စိတ်တွေဖြစ်နေကြပါတယ်။

ပြည်တွင်းမှာ USAID အထောက်အပံ့နဲ့ HIV လူနာထောင်ချီအတွက် ကျန်းမာ‌ရေး ဝန်ဆောင်မှုတွေပေးနေတဲ့ ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်း ၃ ခုထက်မနည်းမှာ စိုးရိမ်ချက်တွေရှိနေကြတာဖြစ်ပါတယ်။

အမေရိကန်ဘက်က ရပ်ဆိုင်းလိုက်တဲ့ ရက် ၉၀ အတောအတွင်း ART ဆေးက ၃ လစာလောက် ကာမိပေမယ့်ရက် ၉၀ ပြည့်လို့ USAID ကို လုံးဝပိတ်ပစ်လိုက်ရင်တော့ ဆေးမရတော့မှာ ဒါမှမဟုတ် ဆေးအလုံအလောက်မရမှာ စတဲ့အချက်တွေကို အဓိက စိုးရိမ်ကြပါတယ်။

USAID ရဲ့ အကူအညီရပ်ဆိုင်းထားတဲ့ကာလမှာ ရထားတဲ့လက်ကျန် အေအာတီဆေး ဆက်ပေးနိုင်ဖို့ အတွက် ဖြစ်သမျှတာဝန်ခံကြောင်းလက်မှတ်ထိုးပြီးမှ ဆေးထုတ်ပေးနေရတဲ့အခြေအနေလို့ အေအာတီဆေး ဖြန့်ဝေပေးနေတဲ့အရပ်ဖက်အဖွဲ့တခုက ဒါရိုက်တာအဆင့်ရှိသူတစ်ဦးကရှင်းပြပါတယ်။

"ဖြစ်သမျှကိစ္စအားလုံး အာမခံပြီး တာဝန်ယူပါတယ်ဆိုတဲ့သဘောနဲ့ လက်မှတ်ထိုးပြီး ဆေးထုတ်ပေးနေတာ" လို့ သူကဆိုပါတယ်၊။

ဒီအခြေအနေတွေကြောင့် "အေအာတီဆေး ပုံမှန် လူနာတစ်ယောက်ကို ၃ လစာ ပေးရာကနေ အခုဆို ဆေး ၁ လစာ ပဲပေးနိုင်တော့တယ်" လို့ သူက ပြောပါတယ်။

USAID ရဲ့ မြန်မာက HIV လူနာတွေအတွက် ကာကွယ်တားဆီးကုသရေးတွေလုပ်ဆောင်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းမှာလုပ်နေတဲ့ ဆရာဝန်တစ်ဦးကလည်း အေအာတီ ဆေးပြတ်သွားခဲ့ရင် ဖြစ်လာမယ့်အကျိုးဆက်တွေကို ဆိုးကျိုးပဲရှိတယ်လို့ဆိုပါတယ်။

အေအာတီဆေးရဲ့ သဘောက နှစ်နဲ့ချီ ဆေးသောက်လာတဲ့သူတွေအတွက် ရက် ၉၀ လောက်ဆေးပြတ်လပ်တာက ပြဿနာမရှိပေမယ့် ဆေးကို နှစ်နဲ့ ချီပြတ်ခဲ့မယ်ဆိုရင်တော့ ခုခံအားတွေ ကျဆင်းလာမယ်လို့ သူက ရှင်းပြပါတယ်။

ခုခံအားကျဆင်းတာမျိုးဖြစ်လာရင် ကူးစက်လွယ်တဲ့ တီဘီရောဂါကူးစက်ခံရနိုင်သလို နောက်ဆက်တွဲ ကူးစက်ရောဂါတွေ ထပ်ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

အေအာတီဆေးမှာ ဆေးအာနိသင် အပျော့ဆုံးဖြစ်တဲ့ ပထမလိုင်းအမျိုးအစားကို သောက်တဲ့သူဟာ သောက်စရာဆေးပြတ်တာ ဒါမှမဟုတ် ဆေးပုံမှန်မသောက်ရတာမျိုးဆိုရင် အန္တရာယ်ရှိပါတယ်။

"HIV ပိုးတွေ ခန္ဓာကိုယ်တွင်း ပိုများလာမယ်။ ဆေးပြန်ရလို့ သောက်မယ်ဆိုရင်လည်း ဆေးယဉ်ပါးပြီး ဆေးမတိုးတော့တာကြောင့် ပထမလိုင်းထက် ဆေးအာနိသင်ပြင်းတဲ့ ဒုတိယလိုင်းကို တိုးပြီး‌သောက်ရတာမျိုး ကြုံနိုင်တယ်"လို့ HIV လူနာတွေကို ကုသပေးနေတဲ့ဆရာဝန်တစ်ဦးက ရှင်းပြပါတယ်။

HIV ပိုးရှိသူတွေသောက်သုံးရတဲ့ ART ဆေး၊ ငှက်ဖျားနဲ့ တီဘီဆေးတွေဟာ ရေရှည်သောက်ရတဲ့ဆေးတွေဖြစ်သလို ဈေးကွက်ထဲမှာ အလွယ်တကူဝယ်မရဘဲ စျေးနှုန်းကြီးမြင့်ပါတယ်။

ဒီအခြေအနေတွေကြောင့် မြန်မှာ HIV/ AIDS နဲ့ တီဘီရောဂါတွေရဲ့ ရောဂါပိုးကူးစက်မှုနှုန်းမြင့်လာနိုင်သလို ဆေးဝါးလုံလောက်စွာကုသခွင့်မရလို့ သေဆုံးမှုတွေတိုးလာနိုင်တယ်လို့ လူထုကျန်းမာရေးဆိုင်ရာအသိပညာတွေကို ဝေမျှနေတဲ့ ဒေါက်တာသူရိန်လှိုင်ဝင်းက သုံးသပ်ပါတယ်။

"ရပ်လိုက်ပြီဆိုရင် ဒီဆေးတွေသောက်နေတဲ့သူတွေအကုန် ဒုက္ခရောက်သွားနိုင်တယ်။ တီဘီဆိုရင် ကာယကံရှင်တွေခံစားရတာအပြင် နောက်ထပ်လူတွေအများကြီး ကူးသွားနိုင်တယ်။ ပိုဆိုးတာက ဆေးယဉ်ပါးတီဘီတွေ အများကြီးဖြစ်လာနိုင်တယ်'' လို့ ဒေါက်တာသူရိန်လှိုင်ဝင်းက မှတ်ချက်ပြုပါတယ်။

ဒါအပြင် HIV ပိုးရဲ့ သဘောအရ U=U လို့ခေါ်ကြတဲ့ "HIV ပိုးကို ထိန်းချုပ်နိုင်ရင် လိင်ကတစ်ဆင့် ပိုးကူးစက်နိုင်ခြေ မရှိသလောက်နည်း"တယ်ဆိုတဲ့အဆင့်ကနေ ART ဆေးရှားပါးလာလို့ ဆေးသောက်နှုန်းတွေလျော့လာရင် HIV ပိုးရှိသူ အရေအတွက်ပြန်များလာပြီး တခြားလူတွေပါကူးနိုင်တာကြောင့် ဆေးဝါးမပြတ်ရဖို့ မျှော်လင့်နေကြပါတယ်။

တကျော့ပြန်သမ္မတရဲ့ 2.0 ရိုက်ခတ်မှု

၂၀၂၄ နိုဝင်ဘာတုန်းက မီချီဂန်မြို့မှာ မဲဆွယ်စည်းရုံးရေးပွဲမှာတွေ့ရတဲ့ သမ္မတထရမ့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၄ နိုဝင်ဘာတုန်းက မီချီဂန်မြို့မှာ မဲဆွယ်စည်းရုံးရေးပွဲမှာတွေ့ရတဲ့ သမ္မတထရမ့်

နိုင်ငံတွင်းက ကူးစက်ရောဂါသည်တွေအတွက် သောကတွေတင်မကပါဘူး။ သမ္မတထရမ့်ရဲ့ တူးပွိုင့်ဇီးရိုး (Trump 2.0) လှိုင်းက ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေဆီ ရိုက်ခတ်ခဲ့ပါတယ်။

မြန်မာအတွက် ပြည်တွင်းနဲ့နယ်စပ်ဒေသတွေရဲ့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ သဘာဝဘေးစတဲ့ကဏ္ဍစုံမှာ (USAID)က ဒေါ်လာသန်းရာနဲ့ချီ အကူအညီပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။

နယ်စပ်မှာကျန်းမာရေးနဲ့လူသားစာနာအကူအညီတွေပေးနေတဲ့ နိုင်ငံတကာကူညီကယ်ဆယ်ရေးကော်မတီ (IRC)လို အဖွဲ့အစည်းတွေကလည်း အမေရိကန်ထောက်ပံ့မှုနဲ့လည်ပတ်တာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွက် USAID ရဲ့ မြန်မာအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးမှုတစ်ခုတည်းမှာတင် အမေရိကန်ဒေါ်လာ ၁၄၆ သန်းရှိပါတယ်။

ဒါပေမဲ့ သမ္မတထရမ့်ရဲ့ နိုင်ငံတကာအကူအညီတွေဆိုင်းငံ့ထားတဲ့နောက်မှာ ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်စခန်းတွေဖြစ်တဲ့ အုန်းပြန်နဲ့ ဘဲကလော် (မယ်လ) စခန်းတို့မှာ IRC ရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအားလုံး ရပ်နားခဲ့ပြီဖြစ်ပါတယ်။

ဒီစခန်းတွေဟာ ဆယ်စုနှစ် ၇ စုချီကျော်ကြာပြီဖြစ်တဲ့ မြန်မာပြည်တွင်းစစ်ကြောင့် ဆယ်စုနှစ် ၃ စုနီးပါးကြာ ထိုင်း - မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်းမှာအခြေစိုက်ထားတဲ့ မြန်မာဒုက္ခသည်စခန်းတွေဖြစ်ပါတယ်။

ပုံမှန်မှာ USAID အကူအညီက နိုင်ငံအလိုက် အာဏာပိုင်တွေဆီကတဆင့် အရပ်ဖက်အဖွဲ့တွေဆီကို ငွေကြေးစီးဆင်းတာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာမှာစစ်အာဏာသိမ်းပြီးနောက်မှာ ပြည်တွင်းက မိတ်ဖက်အဖွဲ့အစည်းတွေ၊ ကွန်ရက်တွေက တဆင့် ဆက်လက်အကူအညီပေးနေတာဖြစ်ပါတယ်။

လက်ရှိပြည်တွင်းက ကူးစက်ရောဂါရှင်တွေအတွက်ကတော့ အာဏာပိုင်တွေကတဆင့် အရပ်ဖက်အဖွဲ့တွေဆီကို လူနာအချိုးကျအရေအတွက်၊ ငွေကြေးနဲ့ ဆေးဝါးတွေကို ဝယ်ယူပြီး ခွဲတမ်းပြန်ချဝေပေးတဲ့စနစ်နဲ့ လည်ပတ်နေတာလို့ HIV ပိုးရှိသူတွေအတွက် ကုသမှုနဲ့ အေအာတီဆေး အခမဲ့ထောက်ပံ့ပေးနေတဲ့ ရန်ကုန်က အရပ်ဖက်ဆေးခန်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

ဆင်းရဲတဲ့ နိုင်ငံတွေမှာ PEPFAR လို့ခေါ်တဲ့ AIDS - ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်သမ္မတရဲ့ အရေးပေါ်အစီအစဉ်ကို ဇန်နဝါရီ ၂၈ ရက်ကစပြီး ဆိုင်းငံ့ထားဖို့ ထရမ့်အစိုးရက ညွှန်ကြားခဲ့ပါတယ်။

နိုင်ငံတကာကို ထောက်ပံ့တာရပ်ဆိုင်းတဲ့ ဒီအစီအစဉ်အတွက် အမေရိကန် သမ္မတရုံးရဲ့ ညွှန်ကြားစာထဲမှာတော့ ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အမေရိကန်အစိုးရ သုံးစွဲခဲ့တဲ့ ဒေါ်လာ ၁၀ ထရီလီလံနီးပါးမှာ ၃ ထရီလီယံက ထောက်ပံ့ရေးအတွက် သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအသုံးစရိတ်တွေက အမေရိကန်ပြည်သူတွေရဲ့ ဆန္ဒနဲ့ ကိုက်ညီဖို့ အစိုးရမှာ တာဝန်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီထဲက တချို့အကူအညီတွေဟာ အခွန်ပေးဆောင်ထားတဲ့ အမေရိကန်ပြည်သူတွေရဲ့ ဘဝမြင့်မားဖို့ မရှိဘဲ ဒေါ်လာငွေတွေကို အလဟဿဖြစ်စေခဲ့တယ်လို့ ညွှန်ကြားစာကနေ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ နောက်ရက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက နိုင်ငံအကူအညီတွေအများစုကိုရပ်ဆိုင်းလိုက်ပေမဲ့ အသက်ဘေးဆိုင်ရာကူညီကယ်ဆယ်မှုတွေကိုတော့ ရပ်ဆိုင်းတဲ့အထဲကနေ ဖယ်ထုတ်ထားတယ်လို့ပြောပါတယ်။

အဲဒီလို အမေရိကန်က ဆက်ပြီး အကူအညီပေးမယ့်အထဲ ကမ္ဘာ့ နိုင်ငံပေါင်း ၅၅ နိုင်ငံမှာ အမေရိကန်အစိုးရရဲ့ ရန်ပုံငွေပံ့ပိုးထားတဲ့ HIV ကုသမှုတွေပါဝင်မယ်လို့ဆိုပါတယ်။

တစ်ကမ္ဘာလုံး HIV ပိုးရှိနေသူ သန်း ၂၀ ကျော်အတွက် United States President's Emergency Plan for AIDS Relief (PEPFAR) က တိုက်ရိုက်ပံ့ပိုးကူညီနေတာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုပြောဆိုမှုတွေက မြန်မာပြည်တွင်းနဲ့နယ်စပ်က အမေရိကန်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ရပ်တည်နေရသူတွေအတွက်သာမက သူတို့ကိုကျန်းမာရေးစောင့်ရှောက်မှုနဲ့ဝန်ဆောင်မှုပေးနေတဲ့အရပ်ဖက်အဖွဲ့တွေအတွက် ရေရေရာရာသိရတဲ့အခြေအနေမျိုးတော့မဟုတ်သေးပါဘူး။

သူတို့ဆီကို ဝန်ဆောင်မှုတွေပြန်လည်ပတ်နိုင်တဲ့ညွှန်ကြားချက်တွေ၊ ရန်ပုံငွေတွေ သုံးစွဲခွင့်ပြန်ရတာမျိုးမရှိသေးပါဘူး။

နယ်စပ် ဒုက္ခသည်စခန်းက HIV/TB ‌ရောဂါကုသနေရသူတွေ

HIV ရောဂါပိုးကူးစက်ခံထားရတဲ့ လူနာတွေကို HIV-AIDS စောင့်ရှောက်ရေးနှင့် ကာကွယ်ရေးစင်တာမှာ တွေ့ရစဉ် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, HIV ရောဂါပိုးကူးစက်ခံထားရတဲ့ လူနာတွေကို HIV-AIDS စောင့်ရှောက်ရေးနှင့် ကာကွယ်ရေးစင်တာမှာ တွေ့ရစဉ် (ပုံဟောင်း)

အမေရိကန်ရဲ့အကူအညီတွေရပ်ဆိုင်းတဲ့ကြေညာချက်ထွက်တဲ့နောက်တစ်ရက်မှာပဲ ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်စခန်းတွေထဲမှာ ဖွင့်ထားတဲ့ဆေးရုံတွေကို နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ- IRC က ပိတ်လိုက်ရပါတယ်။

အရေးပေါ်လူနာတွေနဲ့ ကိုယ်ဝန်ဆောင်တွေသာမက မီးဖွားပြီးစကလေးမိခင်တွေလည်း ဆေးရုံကပြန်လွှတ်ခံရပါတယ်။

အောက်ဆီဂျင်ပိုက်တပ်ထားရတဲ့ လူနာတချို့ကလွဲပြီး ကျန်တဲ့လူနာတွေအားလုံးကို ပြန်လွှတ်လိုက်တာလို့ စခန်းထဲမှာ အုန်းပြန်လို့ခေါ်တဲ့ မြန်မာ-ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဆေးလစဉ်စွဲသောက်ရတဲ့သူတွေကို ဆေးရုံမပိတ်ခင်နောက်ဆုံးအနေနဲ့ တစ်ပတ်စာဆေးပဲ ထုတ်ပေးလိုက်တယ်လို့ စခန်းထဲမှာ နေထိုင်သူနောက်ထပ် ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်က မယ်လဒုက္ခသည်စခန်းထဲမှာ တီဘီရောဂါခံစားနေရတဲ့သူ ၂၀ ဝန်းကျင်ရှိပြီး HIV ပိုးကူးစက်ခံထားရသူက ကလေးငယ်တွေအပါအဝင် လူ ၁၀၀ ကျော်ရှိတယ်လို့ စခန်းတာဝန်ရှိသူက ရှင်းပြပါတယ်။

"တီဘီရောဂါသည်တွေအတွက် ဆေးတစ်ပတ်စာပေးထားတယ်၊ HIV သမားတွေကိုတော့ ဆေး တစ်လစာ ထုတ်ပေးထားတယ်" လို့ သူက ဆိုပါတယ်။

မယ်လစခန်းတစ်ခုတည်းမှာပဲ ဒုက္ခသည် ၃ သောင်းကျော် ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု မဖြစ်မနေလိုအပ်တဲ့သူက ထောင်နဲ့ချီရှိနေတာဖြစ်ပါတယ်။

နောက်ထပ် လူသောင်းနဲ့ချီရှိတဲ့ အုန်းပြန်စခန်းမှာလည်း ဆေးရုံပိတ်လိုက်တဲ့နောက် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေတဲ့ လူနာ ထောင်နဲ့ချီက စိုးရိမ်သောကရောက်နေရပြီလို့ စခန်းထဲနေထိုင်သူတချို့ကပြောပြပါတယ်။

"ဆေးလည်း တစ်ပတ်စာပဲပေးလိုက်တော့ ဒီဆေးကုန်ရင် ဆေးဝယ်ဖို့ မတတ်နိုင်တော့ဘူး၊ ဆေးခန်းသွားဖို့လည်းမတတ်နိုင်ဘူး"လို့ အုန်းပြန်စခန်းထဲက တီဘီရောဂါဝေဒနာရှင်တစ်ဦးက သူ့စိုးရိမ်ချက်ကိုပြောပြပါတယ်။

အမေရိကန်မဟုတ်တဲ့အကူအညီတွေဘယ်လိုရှိမလဲ

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေဟာ စခန်းထဲက ဆေးရုံနဲ့ ဆေးပေးခန်းတွေကိုပဲ အားထားနေရတာပါ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေဟာ စခန်းထဲက ဆေးရုံနဲ့ ဆေးပေးခန်းတွေကိုပဲ အားထားနေရတာပါ

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေအတွက် ထိုင်းအစိုးရဘက်က အကူအညီပေးဖို့ စဥ်းစားနေတယ်လို့ထုတ်ပြောလာပါတယ်။

IRC ရဲ့ ကျန်းမာရေးဆိုင်ရာကူညီမှုတွေရပ်ဆိုင်းလိုက်တဲ့နောက် ထိုင်းအာဏာပိုင်တချို့နဲ့ စခန်းတာဝန်ရှိသူတချို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပြီးနောက် ဒီလိုအဖြေထွက်လာတာပါ။

တစ်ချိန်တည်းမှာပဲ ဒုက္ခသည်စခန်းထဲက ဆေးရုံတွေ ပိတ်လိုက်ရတဲ့နောက် စခန်းထဲမှာကိုယ်ထူ ကိုယ်ထ စနစ်နဲ့ ကျန်းမာ‌ရေးစောင့်ရှောက်ကုသမှုတွေ လုပ်ပေးနေတယ်လို့ မယ်လစန်းထဲကမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

"အလှူငွေနဲ့ စခန်းထဲက အိမ်ထောင်စုအလိုက် အချိုးကျပေးတာတွေ ပေါင်းပြီး အရင်ဆေးရုံဝန်ထမ်းတွေကို ကုသစရိတ်ပေးတယ်၊ ကျန်တာဆေးဝါးအတွက် သုံးတယ်" လို့ သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ စခန်းထဲကနေ အချိုးကျကောက်ခံလို့ရတဲ့ငွေတွေက ဆေးရုံတွေဖွင့်တုန်းက "ငွေကြေးကုန်ကျစရိတ်ရဲ့ ၁၀ ပုံ ၁ ပုံစာပဲရှိတယ်" လို့ ကရင်ဒုက္ခသည်များကော်မတီ (KRC) ရဲ့ အတွင်းရေးမှူး စောပွယ်ဆေးက ထောက်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ အုန်းပြန်၊ မယ်လနဲ့ နို့ဖိုးအပါအဝင် မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး နိုင်ငံတကာ အကူအညီပေးရေးကော်မတီ -IRC က ကျန်းမာရေး၊ သောက်သုံးရေဖြန့်ဝေရေးနဲ့ စခန်းသန့်ရှင်းရေး လုပ်ငန်းတွေမှာ အဓိက ကူညီထောက်ပံ့နေတာဖြစ်ပါတယ်။

"USAID ကနေပဲ ၇၀ ရာခိုင်နှုန်းလောက်အထိ ပုံစံအမျိုးမျိုး၊ ပရောဂျက်အမျိုးမျိုးနဲ့ အကူအညီစီးဝင်နေတာတွေရှိတယ်။ အခုက ရပ်သွားပြီဆိုတော့ နယ်စပ်က လူဦးရေ သန်းနဲ့ချီအထိ နစ်နာနိုင်တယ်လို့ စောပွယ်ဆေးက မှတ်ချက်ပြုပါတယ်။

ဒီအခြေအနေတွေကြောင့် အမေရိကန်မဟုတ်တဲ့ အနောက်နိုင်ငံတွေဆီကနေ ထောက်ပံ့မှုရဖို့ ဆက်သွယ်ကြိုးစားနေတယ်လို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က မြန်မာဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတချို့က ပြောပြပါတယ်။

"ရပ်တန့်ထားတဲ့ ရက် ၉၀ အတွက် ကာမိအောင် ဆွီဒင်၊ နော်ဝေ၊ ဒိန်းမတ်နဲ့ နယ်သာလန်တို့က အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေပါတယ်၊ ချက်ချင်းတော့ မဖြစ်နိုင်ပေမယ့် တုံ့ပြန်မှုတွေတော့ ကောင်းတဲ့အလားအလာရှိပါတယ်" လို့ မြန်မာဒုက္ခသည်အရေးဆောင်ရွက်နေသူတစ်ဦးက ပြောပြပါတယ်။

နိုင်ငံတွင်းနဲ့ နိုင်ငံပြင်ပ နယ်စပ်က ကျန်းမာရေးဝန်ဆောင်မှုလုပ်နေတဲ့ အရပ်ဖက်အဖွဲ့တွေကတော့ ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားမှုကနေ အပြီးရပ်ဆိုင်းတာမျိုးဖြစ်မှာစိုးရိမ်နေကြပါတယ်။