ပျော်ရာမွေးရပ်မြေကနေ ကျည်လွတ်ရာမြို့ပြတွေမှာ ရုန်းကန်နေကြရတဲ့ စစ်ရဲ့မြေဇာပင်တွေ

ရန်ကုန်မြို့မှာ ဘတ်စ်ကားစီးဖို့ တန်းစီစောင့်နေကြသူတွေကို သြဂုတ်လ ၁၄ ရက်တုန်းက မြင်တွေ့ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့မှာ ဘတ်စ်ကားစီးဖို့ တန်းစီစောင့်နေကြသူတွေကို သြဂုတ်လ ၁၄ ရက်တုန်းက မြင်တွေ့ရတာဖြစ်ပါတယ်

တချိန်က ပညာရေး၊ စီးပွားရေးအပါအဝင် အခြေအနေ အရပ်ရပ်ကြောင့် တနေရာကနေ တနေရာကို “ရေကြည်ရာ မြက်နုရာ”ဆိုပြီး ရွှေ့ပြောင်းကြပေမဲ့ အခုချိန်မှာတော့ “တိုက်ပွဲလွတ်ရာ၊ ကျည်ဘေးဝေးရာ”အရပ်ကို ပြောင်းကြရတဲ့ စစ်ပွဲရဲ့ မြေဇာပင်တွေ ဒါမှမဟုတ် စစ်ကြောင့်နေရပ်စွန့်ရသူတွေပိုများလာပါတယ်။

ရန်ကုန်နဲ့ မန္တလေး ဆိုရင် တိုက်ပွဲတွေကြောင့် မြို့တွေပျက်စီးသွားတဲ့ဒေသတွေက စစ်တိမ်းရှောင်သူတွေရဲ့ ခေတ္တအမှီပြုရာ မြို့တွေဖြစ်လာပါတယ်။

ရန်ကုန်မြို့ကို တခါမှ မရောက်ဖူးခဲ့တဲ့ လားရှိုးမြို့က အသက် ၂၃ နှစ်အရွယ် မယမင်းဟာ အခုတော့ ဗိုလ်တထောင်မြို့နယ်က အဆောင်တစ်ခုမှာငှားနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ တိုက်ပွဲတွေပြင်းထန်ချိန်မှာ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ ဆွေမျိုးတွေရှိတဲ့နေရာကို အရင်တိမ်းရှောင်ခဲ့တာပါ။ အဲဒီက တဆင့် အလုပ်လုပ်ဖို့ဆိုပြီး ရန်ကုန်ကို သူတစ်ယောက်တည်းရောက်ခဲ့တာပါ။

“လားရှိုးမှာနေခဲ့တာ ကျွန်မ တစ်သက် ပဲလေ။ ရန်ကုန်ဆိုတာ တခါမှ မရောက်ဖူးခဲ့ဘူး”လို့ မယမင်းက ပြောပါတယ်။

အသိမိတ်ဆွေတချို့ ရဲ့ အကူအညီကြောင့် ဗိုလ်တထောင်မြို့နယ်က နေစရာအဆောင်တစ်ခုကို ရောက်ခဲ့ပြီး အလုပ်လုပ်ဖို့အတွက် ရှာဖွေခဲ့ပါတယ်။

သူနေထိုင်တဲ့ရပ်ကွက်မှာ အနည်းဆုံး သုံးပတ်လောက်နေမှ ရပ်ကွက်ရုံးတွေက ထောက်ခံစာထုတ်ပေးတာကြောင့် ထောက်ခံစာချက်ချင်းရဖို့လည်း အခက်အခဲရှိခဲ့ပါတယ်။

အသိမိတ်ဆွေတချို့ရဲ့ အကူအညီကြောင့် ဆေးခန်းတစ်ခုမှာ အလုပ်ရဖို့ သွားလျှောက်ခဲ့ပေမဲ့ ရပ်ကွက်ထောက်ခံစာမရှိတာကြောင့် အလုပ်နဲ့ လွဲချော်ခဲ့ရပါသေးတယ်။

“ အလုပ်တွေကို ၁၀ ခုထက်မနည်း လျှောက်ခဲ့တယ်။ အရောင်းဝန်ထမ်းအလုပ်တွေပေါ့။ အခုတော့ G&G စတိုးမှာ အလုပ်ရခဲ့တယ်”လို့ သူက ပြောပါတယ်။

ရန်ကုန်ရောက် စစ်ရှောင်ရောင်းတဲ့ ရခိုင်စာ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

ဓာတ်ပုံ ပုံစာ, ရန်ကုန်ရောက် စစ်ရှောင်ရောင်းတဲ့ ရခိုင်စာ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အစစအရာရာ ဈေးနှုန်းမြင့်တက်နေတဲ့ ရန်ကုန်လိုမြို့ပြမှာ ကိုယ့်နေထိုင်၊ စားသောက်စရိတ်တွေကို ရတဲ့ လစာနှစ်သိန်းခွဲဝန်းကျင်က ကာမိပါ့မလားဆိုတာလည်း မယမင်း တွေးနေမိပါတယ်။

လက်ရှိမှာတော့ လားရှိုးကနေ စစ်ဘေးရှောင်ချိန်တုန်းက ပါလာတဲ့ငွေကြေးတချို့ကို အရင်သုံးစွဲနေရပါတယ်။

တကယ်တော့ သူက လားရှိုးမြို့မှာ ကိုယ်ပိုင်ကုန်စုံဆိုင်ဖွင့်ခဲ့တာ လေးနှစ်ကျော်ခဲ့ပါပြီ။

ကိုးကန့်တပ်(MNDAA)နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ပြင်းထန်တိုက်ပွဲတွေကြားမှာ လူနေအိမ်တွေထဲ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲပြီး လူသေဆုံးတာတွေရှိလာချိန်မှာတော့ အိမ်တံခါးတွေ၊ ဆိုင်တံခါးတွေပိတ်ပြီး ဘေးလွတ်ရာကို မဖြစ်မနေ တိမ်းရှောင်ရပါတော့တယ်။

“အခုတော့ ဆိုင်ရော၊ အိမ်တွေရော အဖောက်ခံလိုက်ရပြီ။ ဘာမှ မရှိတော့ဘူးလေ။ ကိုယ်တိုင်အိမ်ပြန်မကြည့်ဖြစ်ပါဘူး။ လားရှိုးမှာ ကျန်ခဲ့တဲ့အသိတစ်ယောက်က လှမ်းပြောလို့ သိရတာ။ ဆိုင်ကို ပြန်ရင်းဖို့ကလည်း မတတ်နိုင်တော့ဘူး”လို့ မယမင်းက ပြောပါတယ်။

စစ်ပွဲကြားမြေဇာပြင်ဖြစ်ခဲ့တဲ့ မယမင်းဟာ လားရှိုးမြို့က ကိုယ်ပိုင်ဆိုင်ရှင်ဘဝကနေ ရန်ကုန်မြို့က အရောင်းဝန်ထမ်းဘဝကို လပိုင်းအတွင်းမှာပဲ ရောက်ရှိခဲ့ပါတယ်။

ရောက်ရာအရပ်မှာ စားဝတ်နေရေးအတွက် အဖြေရှာကြရ

ရန်ကုန်ရောက် မိုးကုတ်စစ်ရှောင်ရောင်းတဲ့ အထည်ဆိုင်

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ရန်ကုန်ရောက် မိုးကုတ်စစ်ရှောင်ရောင်းတဲ့ အထည်ဆိုင်

ဇွန် ၂၅ ရက်ဝန်းကျင်မှာ ပြန်စခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာပါဝင်လာတဲ့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့ကနေ မန္တလေးမြို့ကို တိမ်းရှောင်ပြေးကြရသူတွေလည်း ရှိပါတယ်။

ဆိုင်ကယ်တစ်စီး၊ အဝတ်တစ်ထုတ်နဲ့ စစ်ပွဲပြင်းထန်ချိန် မိုးကုတ်ကနေ မန္တလေးကို တိမ်းရှောင်လာသူကတော့ မနန်းအိသူပါ။

မန္တလေးမြို့မှာ တစ်လနှစ်သိန်းနဲ့ တိုက်ခန်းငှားနေရပြီး အိမ်သုံးပစ္စည်းတွေဖြစ်တဲ့ အိုး၊ ခွက်၊ ပန်းကန်ကအစအကုန် ပြန်ဝယ်ကြရပါတယ်။ ပါလာတဲ့ ငွေလေးနဲ့နေထိုင်ရင်း ဝင်ငွေမရှိတော့တာကြောင့် မာလာဟင်းဆိုင်လေး ဖွင့်ခဲ့ပါတယ်။

“အစကတော့ ဒီအတိုင်းပဲ လာနေရတာဆိုတော့ မိတ်ဆွေအသိလည်း မရှိတော့ နေ့တိုင်း ငွေထွက်နေတာလေ။ ဒါ့ကြောင့် ကိုယ်တတ်တာလေးနဲ့ လုပ်လိုက်တာ” လို့ မနန်းအိသူက ပြောပါတယ်။

မိုးကုတ်မှာတုန်းက ကိုယ်ပိုင်အထည်ဆိုင်ဖွင့်သလို အွန်လိုင်းကနေလည်း ဈေးရောင်းတာကြောင့် အမြတ်ငွေကို သိသိသာသာ မြင်ရပေမဲ့ အခုဖွင့်ထားတဲ့ စစ်ဘေးရှောင်ဆိုင်လေးကတော့ စားသောက်ဖို့သာ ရနေတာပါ။

“အရောင်းအဝယ်လုပ်တတ်ပေမဲ့ အစားအသောက် တခါမှ မရောင်းဖူးဘူး။ ခု ရတာက အိမ်ငှားခရော၊ ပြန်ရင်းရတာရောဆိုတော့ အမြတ်မမြင်ရဘူးပေါ့။ ဘာကြောင့်လဲဆို ဆိုင်ကအစ အလကား မဖွင့်ရဘူးလေ။ အိမ်ရှင်ပေးရတယ်၊ ရေသုံးတာ၊ ပစ္စည်းအပ်တာ၊ ဈေးကောက်ပေးရတာနဲ့ ငွေ ၈,၀၀၀ လောက်က ဟိုကြေး ဒီကြေးပေါ့” လို့ သူ့ရဲ့ ဆိုင်အသစ်မှာ သုံးစွဲလိုက်ရတဲ့စရိတ်တွေကိုလည်း ပြောပြပါတယ်။

တစ်သိန်းဖိုး ဈေးရောင်းရရင် ကိုးသောင်းဖိုးက ပြန်ရင်းရပြီး ကျန်တဲ့တစ်သောင်းလောက်ကပဲ ဝင်ငွေဖြစ်နေတာပါ။

မနန်းအိသူတို့လိုမျိုး စစ်ဘေးရှောင်သူကြတွေဟာ ရက်ကနေ လချီကြာလာတဲ့အခါ ရောက်တဲ့နေရာမှာ ကိုယ်တတ်နိုင်တဲ့ အရင်းအနှီးနဲ့ ဆိုင်ဖွင့်ရောင်းချလာတာတွေကို ရန်ကုန်နဲ့ မန္တလေးတို့မှာ တော်တော်များများတွေ့လာကြရပါတယ်။

“ခေါက်ဆွဲနွဲ့တဲ့ ၊ မာလာထန်တဲ့ တခါမှမကြားဖူးဘူး။ ရှမ်းမြောက်ကနေ လာဖွင့်တာလို့ ပြောတယ်။ စားကြည့်ချင်သေးတယ်” လို့ ရန်ကုန်မြို့ခံတစ်ယောက်က ပြောပါတယ်။

လှည်းတန်း(ကမာရွတ်)၊ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်းမြို့နယ်တွေအပါအဝင် ရန်ကုန်မြို့က မြို့နယ်တချို့နဲ့ မန္တလေးဘက်က မြို့နယ်တချို့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက အစားအစာအသစ်တွေ၊ ရခိုင်အစားအစာတွေကို ရောင်းချတာရှိသလို အထည်ဆိုင်တွေ၊ အင်္ကျီချုပ်ဆိုင်တွေ ဖွင့်လှစ်လာတာတွေလည်း တွေ့ရပါတယ်။

တောင်ကုတ်မြို့မှာ ရခိုင်အစားအစာနဲ့ အသုပ်မျိုးစုံကို ကိုယ်ပိုင်ဆိုင်ဖွင့်ပြီး ရောင်းချခဲ့တဲ့ ကိုရွှေပြည့်ကဆိုရင်တော့ ရန်ကုန်မြို့မှာ ဆိုင်ခန်းငှားခတွေ ဈေးကြီးတာ၊ ဆိုင်ပစ္စည်းတွေကအစ အသစ်ပြန်ဝယ်ရမှာတွေကြောင့် ဆိုင်ဖွင့်ဈေးမရောင်းတော့ဘဲ ရွှေပြည်သာမြို့နယ်ထဲမှာ အိမ်ငှားနေပြီး ဘေးတွဲဆိုင်ကယ်မောင်းနေပါတယ်။

“ရန်ကုန်မှာ အရင်းအနှီး မထုတ်နိုင်သေးဘူး။ နေရာအသစ်မှာ နေသားမကျဘူးပေါ့။ အရင်းအနှီးက ၁၄၊ ၁၅ သိန်းလောက်ဆိုရတယ်။ တောင်ကုတ်မှာက ပစ္စည်းအစုံရှိတော့ ဒီမှာ ထပ်မထုတ်ချင်တော့ဘူး။ ရန်ကုန်မှာ နေရာထိုင်ခင်းခ မလွယ်ဘူး။ တွန်းလှည်းနဲ့ ရောင်းမယ်ဆိုတော့လည်း တွန်းလှည်းခက ခြောက်သိန်းလောက်ရှိတယ်။ အရင်းက ၂၀-၂၅ သိန်း လောက်သွားမှာ။ ဒီအတိုင်းပဲ ဆိုင်ကယ်ဘေးတွဲလေး ဝယ်ပြီး မောင်းနေလိုက်တယ်”လို့ သူက ပြောပါတယ်။

အသက် ၄၀ ဝန်းကျင်ဖြစ်လာတဲ့ သူ့အသက်အရွယ်ကြောင့် တခြားအလုပ်တွေမှာ အလုပ်ဝင်လျှောက်ရမှာကိုလည်း စိတ်မသက်သာ ဖြစ်နေရသူပါ။ ဒါ့ကြောင့်လည်း ပြီးခဲ့တဲ့ လပိုင်းတုန်းက ငါးတွေယူရောင်းပေမဲ့ ၆ ရက်အကြာမှာ ငွေ ၈ သိန်း အရင်းပြုတ်သွားတယ်လို့ ကိုရွှေပြည့်က ပြောပါတယ်။

“အမြတ်နည်းပြီး စရိတ်က စားတယ်လေ။ သွားစရိတ်၊ လာစရိတ်တွေ တက်လာတော့ အရှုံးပြတာနဲ့ နားထားလိုက်ရတယ်” လို့ နေရာအသစ်မှာ လုပ်ကိုင်စားသောက်ရဖို့ မလွယ်ကူတာကို သူက ရှင်းပြပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ရဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂ ရက် နောက်ဆုံးထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ ၂၀၂၁ ဖေဖော်ဝါရီ မတိုင်ခင်နဲ့ ဖေဖော်ဝါရီ နောက်ပိုင်း နိုင်ငံတဝန်းမှာ စစ်ကြောင့်ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒုက္ခသည် စုစုပေါင်း ၃ သန်းကျော်ရှိလာပြီလို့ ဆိုပါတယ်။

အဲဒီထဲက ရှမ်းမြောက် ဒေသမှာ နေရပ်စွန့်ခွာထွက်ပြေးသူ လူဦးရေ ၆ သောင်းကျော်၊ ရခိုင်ပြည်နယ်က ၅ သိန်းကျော်၊ မန္တလေးက ၃ သောင်းနီးပါး ရှိနေပါတယ်။

ဒီဒေသ ၃ ခုထဲမှာ ရခိုင်ပြည်နယ်ကတော့ အာဏာမသိမ်းခင်ကတည်းက ဒုက္ခသည်တွေရှိနေပြီး ကျန် ၂ မြို့ကတော့ အာဏာသိမ်းနောက်ပိုင်း အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှ ရှိလာတာဖြစ်ပါတယ်။

ရန်ကုန်ကရော ဖော်ရွေရဲ့လား၊ လုံခြုံသလား

စစ်ဘေးရှောင်တွေရောက်လာကြတဲ့ ရန်ကုန်မြို့(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ဘေးရှောင်တွေရောက်လာကြတဲ့ ရန်ကုန်မြို့(ပုံဟောင်း)

ရှမ်းမြောက်က စစ်ဘေးရှောင်တွေလိုပဲ အာရက္ခတပ်တော်(AA)ရဲ့ မြို့သိမ်းတိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ ခုခံတိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ထဲက တောင်ကုတ်၊ သံတွဲအပါအဝင်မြို့နယ်တော်တော်များများက ရခိုင်ဒေသခံတွေဟာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်မြို့တွေဆီ ရောက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သုံးလ ဝန်းကျင်လောက်ကစပြီး စစ်ဖြစ်ပွားရာ ဒေသတွေကနေ ရန်ကုန်ကို ပြောင်းရွှေ့လာသူတွေများတာကြောင့် အိမ်၊ တိုက်ခန်းအငှားလုပ်ငန်းတွေပိုပြီး အငှားသွက်လာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေကနေ သိရပါတယ်။

“အငှားများတော့ အိမ်ငှားခတွေလည်း၊ ဒီရေတက်သလို ထိုးတက်သွားတယ်။ ဒီရေကျသလိုတော့ ပြန်ကျမှာ မဟုတ်ဘူး”လို့ အိမ်အငှားဝန်ဆောင်မှုပေးသူ ရန်ကုန်မြို့ခံတစ်ယောက်က ပြောပါတယ်။

တိုက်ခန်း၊ အိမ်ဈေးတွေဟာ ဆိုရင်လည်း လက်ရှိဈေးကနေ အနည်းဆုံး ငါးသောင်းကနေ တစ်သိန်းအထိ တက်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အနည်းဆုံး ၆ လ နေထိုင်ဖို့ စာချုပ်ချုပ်ကြရတဲ့အတွက် စစ်ဘေးရှောင်လာကြသူတွေအဖို့ နေစရိတ်ကလည်း ကြီးမားတဲ့ အခက်ခဲဖြစ်လာပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာတိုက်ပွဲဖြစ်ချိန် လျှပ်စစ်ပစ္စည်းနဲ့ လူသုံးကုန်တွေရောင်းတဲ့ဆိုင်ကို ဖောက်ထွင်းခံရလို့ ဆိုင်ထဲရှိသမျှ ဆုံးရှုံးခဲ့ရတဲ့ မစိုးစိုးကလည်း ရန်ကုန်မှာ စစ်ရှောင်ဖို့ တိုက်ခန်းငှားနေရပါတယ်။

“အားလုံး ဆုံးရှုံးသွားပါပြီ။ ခု ရန်ကုန်ရောက်ပြီးမှ ဘာအလုပ်မှ မရှိပါဘူး။ ထိုင်စားနေရတယ်။ သားလေးက မကျန်းမာလို့ သူ့ကိုပဲ ပြုစုရင်း ဆေးရုံတက်ရတာကပဲ ၃ ကြိမ် ရှိပါပြီ။ ပါလာတဲ့ငွေလေးနဲ့ သုံးစွဲနေရတာပါပဲ။ ရောက်ခါစက အိမ်လခက အပေါ်ဆုံးထပ်ကို ၁၈၀,၀၀၀ ၊ နောက်လကျတော့ ၂၆၀,၀၀၀ ပေးရတာ ”လို့ ရန်ကုန်မြို့ အိမ်ငှားစျေးကွက်ကို စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

တိုက်ခန်းငှားခတွေ ဈေးမြင့်ပြီး လူနေထူထပ်တဲ့ ရန်ကုန်မြို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တိုက်ခန်းငှားခတွေ ဈေးမြင့်ပြီး လူနေထူထပ်တဲ့ ရန်ကုန်မြို့ (ပုံဟောင်း)

ဒီလို လိုအပ်သူများလို့ နှုန်းထားတွေမြင့်တက်တာတွေရှိသလို ဖေးမ ကူညီတာတွေလည်း ရှိကြပါတယ်။

စစ်ဘေးရှောင်တွေ ဖွင့်ထားတဲ့ဆိုင်တွေမို့လို့ ဝိုင်းဝန်းအားပေးကြဖို့ ကြော်ငြာပေးကြတာတွေ ရှိသလို အလုပ်အကိုင်အခွင့်အလမ်းတွေပေးဖို့ ကမ်းလှမ်းကြတဲ့ လုပ်ငန်းရှင်တွေလည်း ရှိကြပါတယ်။

တချို့က ကိုယ့်လုပ်ငန်းခွင်မှာ လစ်လပ်တဲ့နေရာကို ကူညီထည့်သွင်းပေးသလို အလုပ်အကိုင် ကူရှာပေးကြပါတယ်။

ဘီဘီစီက စကားပြောခွင့်ရခဲ့တဲ့ ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်ထဲက စက်ရုံတာဝန်ခံတစ်ယောက်ကတော့ သူ့ စက်ရုံမှာတင် ၂၀၂၄ ခုနှစ်အတွင်း အလုပ်လျှောက်တဲ့ စစ်ကိုင်းနဲ့ အလယ်ပိုင်းဒေသက စစ်ဘေးရှောင် အယောက် ငါးဆယ်ဝန်းကျင်ရှိနေတယ်လို့ ပြောပါတယ်။

အလုပ်လာရှာတဲ့ စစ်ဘေးရှောင်တချို့မှာ စာရွက်စာတမ်း မစုံလင်တာတွေရှိခဲ့ရင် ဖြေလျှော့လက်ခံပေးတာတွေ လုပ်ပေးတယ်လို့ သူက ပြောပါတယ်။

“စစ်မှုထမ်းဥပဒေပေါ်လာပြီးနောက်ပိုင်း အလုပ်ထွက်သွားကြတာများတယ်။ ကျွမ်းကျင်ဝန်ထမ်းတွေပါ ပါသွားတာ။ အဲဒါနဲ့ အလုပ်ထွက်ကြတာ၊ နေရာပြောင်းတာတွေရှိတာများတယ်။ နယ်ခံတွေက ထွက်ပြီး တဖက်ကိုသွား၊ စစ်ဘေးဖြစ်တဲ့နေရာတွေလူတွေက ဒီဘက်ကို ပြန်လာပေါ့။ အလုပ်မှာ လူမမြဲတဲ့ ပြဿနာ ဖြစ်နေတာက စက်ရုံတိုင်းဖြစ်နေတာ”လို့ စက်ရုံတာဝန်ခံက ရှင်းပြပါတယ်။

အရောင်အသွေးစုံ လူမျိုးပေါင်းစုံ စုဝေးနေတဲ့ ရန်ကုန်မြို့ဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအောက်မှာ ရှိနေပေမဲ့ လူမြင်ကွင်းမှာ ဓားပြတိုက်မှု၊ အနုကြမ်းစီးမှု၊ ခါးပိုက်နှိုက်၊ လုယက်မှုတွေ မျိုးစုံဖြစ်နေတာကြောင့် လုံခြုံရေးအတွက် စိတ်ချစရာ ရှိမနေဘူးလို့လည်း မြို့ခံတွေနဲ့ စစ်ဘေးရှောင်တွေက ပြောကြပါတယ်။

“ရန်ကုန်နဲ့ တောင်ကုတ်ကလည်း မတိမ်းမယိမ်းပါပဲဗျာ။ လုံခြုံမှုဘာညာကအစ မတိမ်းမယိမ်းပဲ၊ ကိုယ်တွေဆီမှာက မြင်တာနဲ့ ဘာကောင်ဆိုတာ သိရတယ်။ ရန်ကုန်က ဘာမှန်းမသိဘူး။ လူမျိုးပေါင်းစုံလေ။ အဲဒါတွေကြောင့် ညနေဆိုလည်း စောစောသိမ်းတယ်” လို့ ဘေးတွဲဆိုင်ကယ်မောင်းတဲ့ ကိုရွှေပြည့်က ပြောပါတယ်။

ရန်ကုန်မြို့ခံတွေကတော့ ဒီလိုမလုံခြုံမှုတွေက စစ်အာဏာသိမ်းပြီးနောက်ဖြစ်လာတဲ့အခြေအနေလို့ ပြောကြပါတယ်။

လားရှိုးကနေ ရန်ကုန်မြို့မှာ အရောင်းဝန်ထမ်းလုပ်ကိုင်နေတဲ့ မယမင်းဆိုရင် တစ်ခါတလေ ည ၁၁ နာရီအထိ အလုပ်လုပ်ရပါတယ်။

ညဘက် အလုပ်ကနေ နာရီဝက်ကြာ လမ်းလျှောက်ရတဲ့ အဆောင်ကိုပြန်တဲ့အခါ ဖုန်းကို လက်ကမကိုင်ရဲဘဲ အိတ်ထဲကိုထည့်ပြီး အိတ်ကို သေသေချာချာ၊ တင်းတင်းကြပ်ကြပ်ဆွဲထားရပါတယ်။

“ညဉ့်နက်ပိုင်းရောက်လာတော့ လူခြေတိတ်နေပြီ။ သတင်းတွေမှာလည်း တက်တက်လာတယ်။ ဘယ်မြို့နယ်မှာ လူငယ်ဘယ်နှယောက် ပေါ်တာအဆွဲခံရတယ်ဆိုတာတွေကြားရတော့ အရမ်းကြောက်တယ်”လို့ သူက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် အသက်ဘေးကနေလွတ်အောင် တိမ်းရှောင်လာကြရတဲ့ မြို့ပြရောက် စစ်ဘေးရှောင်တွေဟာ အခြေအနေ အရပ်ရပ်တွေကြား ကြိုးစားရုန်းကန်ကြရင်း သူတို့နေထိုင်ခဲ့တဲ့ မွေးရပ်မြေကိုသာ အမြန်ပြန်ရဖို့ မျှော်လင့်နေကြပါတယ်။