ဗင်နီဇွဲလားသမ္မတကို ဝင်ဖမ်းတဲ့ထရမ့် လုပ်ရပ်အတိုင်း အာဏာရှင်အင်အားကြီးနိုင်ငံတွေ လိုက်လုပ်လာနိုင်မလား

ဓာတ်ပုံ ရင်းမြစ်, EPA
- ရေးသားသူ, ဂျယ်ရမီ ဘိုဝမ်
- ရာထူးတာဝန်, ဘီဘီစီ နိုင်ငံတကာသတင်း အယ်ဒီတာ
အမေရိကန် စစ်တပ်ရဲ့ ထောက်ခံအားပေးမှုနဲ့ ဒေါ်နယ်ထရမ့်က အရင်က သူ့ကိုယ်သူ ယုံကြည်ထားတဲ့ စိတ်စွမ်းအားထက် ပိုသြဇာရှိရှိလုပ်ပြလိုက်ပြီး ဗင်နီဇွဲလား ခေါင်းဆောင် နီကိုလက်စ် မာဒူရိုကို ဖမ်းဆီးခဲ့ပါတယ်။ သူ့ရဲ့အမိန့်နဲ့ မာဒူရို အကျဉ်းထောင်ထဲ ရောက်ခဲ့ရပြီး အခုဆိုရင် ဗင်နီဇွဲလားနိုင်ငံကို အုပ်ချုပ်တော့မှာပါ။
ဖလော်ရီဒါမှာရှိတဲ့ သူ့ရဲ့ မာရာလာဂို ကလပ်နဲ့ စံအိမ်မှာ အမေရိကန်ရဲ့ ကမ္ဘာတဝန်းဆိုင်ရာ နိုင်ငံခြားရေးပေါ်လစီတွေ ချပြတဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတထရမ့်က အခုလို ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
"လုံခြုံစိတ်ချ၊ ကောင်းမွန်ပြီး ကျိုးကြောင်းဆီလျော်တဲ့ အသွင်ကူးပြောင်းမှုတစ်ခု ဖြစ်လာအောင်ကျွန်တော်တို့ လုပ်နိုင်တဲ့ အချိန်အထိ ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်က အုပ်ချုပ်သွားမယ်" လို့ ထရမ့်က ထုတ်ဖော် ကြေညာခဲ့ပါတယ်။
ဗင်နီဇွဲလား ဒုတိယသမ္မတ ဒယ်လ်ဆီ ရော့ဒရီဂက်ဇ်နဲ့ စကားပြောခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက "လိုတာမှန်သမျှ လုပ်သွားပါ့မယ်၊ ကျွန်တော့်အထင် ဒယ်လ်ဆီက အတော့်ကို ယဉ်ကျေးပါတယ်။ ဒါပေမဲ့ သူ့မှာက တကယ့်ကို ရွေးစရာနည်းလမ်း မရှိပါဘူး" ဆိုပြီး သူ့ကိုပြန်ပြောပြခဲ့တယ်လို့ သမ္မတထရမ့်က ပြောပါတယ်။
အသေးစိတ်အချက်အလက်တွေကိုတော့ ထရမ့်က ထုတ်ဖော် ပြောမသွားခဲ့ပါဘူး။ "တကယ်လို့ သူတို့ကို တိုက်ရမယ်ဆိုရင်လည်း လက်တွေ့လုပ်ပြဖို့ ဝန်မလေးပါဘူး" လို့သာ သမ္မတထရမ့်က ပြောသွားပါတယ်။
ဒါပေမဲ့ မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။ ဗင်နီဇွဲလားနိုင်ငံကို အဝေးထိန်းခလုတ်နဲ့ သူလှမ်းအုပ်ချုပ်နိုင်မယ်လို့ ထရမ့်က ယုံကြည်ထားပါသလား။ မာရာလာဂို သတင်းစာရှင်းလင်းပွဲမှာ မာကို ရူဘီယိုကရော၊ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဂ်ဆက်သ် ကပါ အကြီးအကျယ် ချီးမွမ်းခန်းထုတ်ခဲ့ကြတဲ့ စစ်ရေးအရ အရေးယူဆောင်ရွက်မယ်ဆိုတဲ့ သူ့ရဲ့ စကားအတိုင်း လုပ်ပြတာက ဗင်နီဇွဲလားနိုင်ငံကို အသွင်ပြန်ပြောင်းဖို့ လုံလောက်ပါသလား၊ အာဏာရှင် လက်တင်အမေရိကန်နိုင်ငံ ခေါင်းဆောင်တွေကရော လိုက်နာပါ့မလား။
ကြည့်ရတာကတော့ ထရမ့်က ဒီလို ဖြစ်လာမယ်လို့ ယုံကြည်ထားပုံရပါတယ်။
ရှိထားခဲ့တဲ့ အထောက်အထားတွေအရကတော့ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ဖြစ်မယ့်ပုံ မတွေ့ရပါဘူး။
သမ္မတ မာဒူရို ရာထူးကနေ ပြုတ်ကျခဲ့ရင် ဗင်နီဇွဲလားနိုင်ငံမှာ အကြမ်းဖက်မှုတွေ၊ မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တယ်လို့ International Crisis Group နိုင်ငံတကာပဋိပက္ခဖြေရှင်းရေးအဖွဲ့က အောက်တိုဘာလတုန်းက သတိပေးထားခဲ့ပါတယ်။
တခါ ထရမ့်အစိုးရရဲ့ ပထမ သမ္မတသက်တမ်းကာလတုန်းက ကာကွယ်ရေးနဲ့ သံတမန်ရေးရာ တာဝန်ရှိသူတွေက တကယ်လို့ မာဒူရို ရာထူးကနေ ဖြုတ်ချခံရရင် ဖြစ်လာနိုင်တဲ့အခြေအနေအတွက် စစ်ရေးလေ့ကျင့်ခန်းတွေ ကြိုလုပ်ထားခဲ့ကြကြောင်း အဲဒီအောက်တိုဘာလတုန်းကပဲ New York Times သတင်းစာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေ အာဏာလုကြတဲ့အခါ အကြမ်းဖက်မှုတွေနဲ့ ကသောင်းကနင်း အခြေအနေတွေ ဖြစ်လာနိုင်တယ်လို့ New York Times က ကောက်ချက်ချခဲ့ပါတယ်။
အခုလို နီကိုလက်စ် မာဒူရိုကို ရာထူးကနေ ဖြုတ်ချပြီး ဖမ်းဆီးလိုက်တာဟာ အမေရိကန် စစ်တပ်ရဲ့ သြဇာအာဏာကို အခိုင်အမာ အသုံးပြုခဲ့တဲ့ထူးခြားမှုလို့ ဆိုရမှာ ဖြစ်ပါတယ်။
အမေရိကန်တပ်ဖွဲ့ဟာ တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ အသက်မဆုံးရှုံးခဲ့ဘဲ ဧရာမ တပ်ဖွဲ့ကြီးကို သုံးပြီး ရည်ရွယ်ချက် အထမြောက်အောင် ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မာဒူရိုဟာ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ပေမဲ့ ရာထူးကနေ ဆင်းမပေးဘဲ ဗင်နီဇွဲလားပြည်သူတွေရဲ့ ဆန္ဒကို လစ်လျူရှုထားခဲ့တာကြောင့် သူရာထူးကနေ ဖယ်ရှားခံရတာအပေါ် ပြည်သူအတော်များများက ကြိုဆိုကြမှာကတော့ မလွဲမသွေပါပဲ။
ဒါပေမဲ့ အမေရိကန်ရဲ့လုပ်ရပ် အကျိုးဆက်တွေက ဗင်နီဇွဲလားနိုင်ငံ နယ်စပ်ကိုကျော်ပြီး ပဲ့တင်ထပ်လာဖို့ ရှိနေပါတယ်။
အမေရိကန်တပ်ဖွဲ့တွေရဲ့ ပရော်ဖက်ရှင်နယ် ကျကျ စစ်ဆင်ရေးကြီး အနိုင်ရခဲ့တယ်ဆိုတာက သံသယဖြစ်စရာ မလိုတာမို့ မာရာလာဂို သတင်းစာရှင်းလင်းပွဲက အောင်ပွဲခံတဲ့ အငွေ့အသက်တွေနဲ့ ဖုံးလွှမ်းနေပါတယ်။
ဒီစစ်ဆင်ရေးက ပထမအဆင့်သာ ရှိပါသေးတယ်။
ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း အင်အားသုံးပြီး အာဏာရှင်အစိုးရတွေ ဖြုတ်ချဖို့ ကြိုးစားခဲ့တဲ့ အမေရိကန်အစိုးရဲ့ အောင်မြင်မှု မှတ်တမ်းက သိပ်တော့ မကောင်းလှပါဘူး။
ဒီစစ်ဆင်ရေး လုပ်ငန်းစဉ်အတွက် အနိုင်အရှုံးရလဒ်ကို နောက်ပိုင်း နိုင်ငံရေးလုပ်ဆောင်မှုတွေနဲ့ ဆုံးဖြတ်တာဖြစ်ပါတယ်။
၂၀၀၃ ခုနှစ်က အမေရိကန် ကျူးကျော်တိုက်ခိုက်ခဲ့အပြီး အီရတ်နိုင်ငံမှာ သွေးထွက်သံယို ဒုက္ခတွေနဲ့ ကြုံခဲ့ရပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာဆိုရင်လည်း ဒေါ်လာ ဘီလျံပေါင်းများစွာ သုံးပြီး ဆယ်စုနှစ် နှစ်ခုကြာ နိုင်ငံပြန်လည်ထူထောင်ဖို့ ကြိုးပမ်းခဲ့မှုတွေဟာ ၂၀၂၁ ခုနှစ်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေဆုတ်ခွာခဲ့အပြီး ရက်ပိုင်းအကြာမှာပဲ အားလုံး ပျက်သုဉ်းသွားခဲ့ပါတယ်။
အဲဒီနှစ်နိုင်ငံစလုံးဟာ အမေရိကန်နိုင်ငံအနားမှာ တည်ရှိတဲ့ နိုင်ငံတွေ မဟုတ်ပါဘူး။
လက်တင်အမေရိကဒေသမှာ အရင်က ကျူးကျော်ခဲ့မှုတွေကို ကြည့်ရင်လည်း အောင်မြင်မှု သိပ်မတွေ့ခဲ့ရပါဘူး။
ကမ္ဘာ့အနောက်ဘက်ခြမ်းမှာ အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုအပေါ် တခြား အင်အားကြီးနိုင်ငံတွေ ဝင်မစွက်ဖို့ သတိပေးတဲ့အနေနဲ့ ၁၉၂၃ ခုနှစ်က သမ္မတ ဂျိမ်းစ် မွန်ရိုး ထုတ်ပြန်ခဲ့တဲ့ Monroe Doctrine မွန်ရိုးကြေညာချက် စာတမ်းနေရာမှာ ထရမ့်က Donroe Doctrine ဒွန်ရိုးကြေညာချက် ဆိုတဲ့ သူ့နာမည်ပါတဲ့ နာမည်ပြောင် အသစ်တစ်ခုပေးပြီး အစားထိုးဖို့ ကြိုးစားခဲ့ပါတယ်။
"မွန်ရိုးကြေညာချက်က အတော့်ကို ကြီးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဒါ့ထက် အများကြီး ပိုသာအောင် လုပ်နိုင်ခဲ့ပါတယ်" လို့ မာရာလာဂို သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ပြောသွားပါတယ်။ "ကျွန်တော်တို့ရဲ့ နိုင်ငံတော် လုံခြုံရေး နည်းဗျူဟာသစ်အရ ကမ္ဘာ့အနောက်ခြမ်းမှာ အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုအပေါ် နောက်ထပ် ဘယ်တော့မှ မေးခွန်းထုတ်နိုင်တော့မှာ မဟုတ်ပါဘူး။"
ကိုလမ်ဘီယာ သမ္မတ ဂမ်စ်တာဗို ပက်ထရို ကိုလည်း သူ့အလှည့်ရောက်လာမှာမို့ "သတိထားနေဖို့" ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။
တခါ "မက္ကဆီကို ကိုလည်း တစ်ခုခု လုပ်ဖို့ ရှိတယ်" ဆိုပြီး သမ္မတထရမ့်က Fox သတင်းဌာနကို နောက်ပိုင်းမှာ ပြောခဲ့ပါတယ်။
ကျူးဘားလူမျိုး အမေရိကန်နိုင်ငံသား မိဘတွေရဲ့ သားဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုရဲ့ တွန်းအားပေးမှုအရ ကျူးဘားနိုင်ငံကလည်း အမေရိကန်ရဲ့ စာရင်းထဲမှာ မလွဲမသွေ ပါနေပါတယ်။
အမေရိကန်ဟာ လက်တင်အမေရိကဒေသမှာ လက်နက်ကိုင် ကျူးကျော်တိုက်ခိုက်မှုလုပ်ခဲ့တဲ့ သမိုင်းမှတ်တမ်းရှည်ကြီးတစ်ခု ရှိခဲ့ပါတယ်။
ဟေတီမှာ အာဏာရှင်အစိုးရ ဖြုတ်ချဖို့ သမ္မတ ဘေလ် ကလင်တန်က တပ်ဖွဲ့ဝင် ၂၅၀၀၀ နဲ့ လေယာဉ်တင် သင်္ဘောကြီးနှစ်စင်း စေလွှတ်ခဲ့ချိန် ၁၉၉၄ ခုနှစ်တုန်းက ဟေတီနိုင်ငံမှာ ဘီဘီစီသတင်းထောက် ဂျယ်ရမီ ဘိုဝမ် ရှိနေခဲ့ပါတယ်။ အဲဒီတုန်းက သေနတ် တစ်ချက် မဖောက်လိုက်ရဘဲ ဟေတီအာဏာရှင်အစိုးရ ပြုတ်ကျခဲ့ပါတယ်။ နှစ်ပေါင်း ၃၀ ကြာလာချိန် အခုအခါ ပိုကောင်းမွန်တဲ့ အနာဂါတ်ဘဝတစ်ခု ရလာမယ့်အစား ဟေတီပြည်သူတွေ အရင်အတိုင်း ဆင်းရဲဒုက္ခတွေနဲ့ ကြုံနေခဲ့ကြရပါတယ်။ အခုဆိုရင် ဟေတီနိုင်ငံဟာ လက်နက်ကိုင် ဂိုဏ်းအုပ်စုတွေ ကြီးစိုးတဲ့ နိုင်ငံတစ်ခု ဖြစ်နေတယ်လို့ ဂျယ်ရမီ ဘိုဝမ် ကပြောပါတယ်။
ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံကို တဖန်ပြန်ကြီးမြတ်တဲ့ နိုင်ငံတစ်ခု ဖြစ်လာအောင် လုပ်မယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်အောင် လုပ်မယ်လို့တော့ မပြောခဲ့ပါဘူး။ ၂၀၂၅ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မချာဒို ဗင်နီဇွဲလားနိုင်ငံကို ဦးဆောင်သင့်တယ်ဆိုတဲ့ အကြံပြုချက်ကို ထရမ့်က ပယ်ချခဲ့ပါတယ်။
"ကျွန်တော့်အထင် နိုင်ငံ့ခေါင်းဆောင်ဖြစ်ဖို့ သူ့အတွက် အတော်ခက်ခဲပါလိမ့်မယ်။ သူ့အပေါ် ထောက်ခံအားပေးမှုတွေ၊ ကြည်ညိုလေးစားမှုတွေ ရှိမနေပါဘူး"
၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ အမှန်တကယ် အနိုင်ရခဲ့သူအဖြစ် ဗင်နီဇွဲလား ပြည်သူ အတော်များများ ယုံကြည်ထားခဲ့တဲ့ အက်ဒ်မွန်ဒို ဂွန်ဇားလက်ဇ် ကိုလည်း ထရမ့်က စကားထဲ ထည့်မပြောခဲ့ပါဘူး။
အဲဒီအစား မာဒူရိုရဲ့ ဒုတိယသမ္မတ ဒယ်လ်ဆီ ရော့ဒရီဂက်ဇ်ကိုပဲ ယာယီသမ္မတအဖြစ် အမေရိကန်အစိုးရက လောလောဆယ် လက်ခံထားပါတယ်။
မာဒူရိုကို ရာထူးကနေ ဖယ်ရှားပစ်ဖို့ လိုအပ်တဲ့ အတွင်းသတင်းတွေ အမေရိကန်အစိုးရကို ပေးခဲ့တဲ့ ပြည်တွင်းက ပူးပေါင်းကြံစည်သူတချို့ ရှိကောင်းရှိမှာ ဖြစ်သလို မာဒူရိုရဲ့ အရင်သမ္မတ ဟူဂို ချားဗက်ဇ်ဖန်တီးဖွဲ့စည်းခဲ့တဲ့ အာဏာရှင်အစိုးရကလည်း အမေရိကန်နဲ့ အဆက်အသွယ် ရှိနေပုံ ရပါတယ်။
ဗင်နီဇွဲလား စစ်တပ်အနေနဲ့ အမေရိကန်ရဲ့ စီးနင်းတိုက်ခိုက်မှုကို တုံ့ပြန်နိုင်စွမ်း မရှိခဲ့တဲ့အတွက် အရှက်ရကောင်းရမှာ ဖြစ်ပေမဲ့ အမေရိကန်ရဲ့ အစီအစဉ်တွေအတိုင်း အတူလိုက်လျောမယ့်ပုံမျိုး မရှိပါဘူး။
ဗင်နီဇွဲလား စစ်တပ်နဲ့ အစိုးရကို ထောက်ခံအားပေးသူတွေက အဂတိလိုက်စားမှု ကွန်ရက်တွေကနေတဆင့် ချမ်းသာကြွယ်ဝလာကြတာမို့ ဒါတွေကို လက်လွှတ် ဆုံးရှုံးချင်ကြမှာ မဟုတ်ပါဘူး။
အရပ်သား ပြည်သူ့စစ်တွေကို အာဏာရှင်အစိုးရက လက်နက်တပ်ဆင်ပေးထားသလို ဗင်နီဇွဲလားနိုင်ငံမှာ တခြား နောက်ထပ် လက်နက်ကိုင်အုပ်စုတွေလည်း ရှိနေပါတယ်။
အဲဒီလက်နက်ကိုင်အုပ်စုတွေထဲမှာ ရာဇဝတ်ကွန်ရက်ဂိုဏ်းတွေရော၊ ဗင်နီဇွဲလားနိုင်ငံဘက်ခြမ်းမှာ ခိုလှုံခွင့်ရနေတာကြောင့် မာဒူရိုအစိုးရကို ထောက်ခံအားပေးခဲ့တဲ့ ကိုလမ်ဘီယာ ပြောက်ကျား သူပုန်တွေပါ ပါဝင်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်က ကြားဝင်စွက်ခဲ့မှုကြောင့် ထရမ့်ရဲ့ ကမ္ဘာ့အမြင်တချို့အပေါ် နက်နက်နဲနဲ အာရုံစိုက်မှုတွေ ဖြစ်လာစေပါတယ်။
တခြားတိုင်းပြည်တွေရဲ့ သယံဇာတပေါကြွယ်မှုတွေကို သူ တပ်မက်တယ်ဆိုတာကို ထရမ့်က ဖုံးကွယ်မထားပါဘူး။
စစ်ရေးအကူအညီပေးပြီး အပြန်အလှန်အနေနဲ့ ယူကရိန်းရဲ့ သဘာဝ သယံဇာတရင်းမြစ်တွေကနေ အကျိုးအမြတ်ယူဖို့ ထရမ့် ကြိုးစားခဲ့ပြီး ဖြစ်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံရဲ့ ကြီးမားတဲ့ သယံဇာတ သတ္တုသိုက်ကြီးကို ထိန်းချုပ်ဖို့ သူဆန္ဒရှိနေတယ်ဆိုတာကို ထရမ့်က ပြောင်ပြောင်တင်းတင်း ထုတ်ပြောခဲ့ပါတယ်။ အဲဒီမှာ ရေနံလုပ်ငန်းကို ပြည်သူပိုင် သိမ်းလိုက်တဲ့အတွက် အမေရိကန် ရေနံကုမ္ပဏီတွေ အရှုံးပေါ်ခဲ့ရတယ်လို့ သူက ယုံကြည်နေတာ ဖြစ်ပါတယ်။
"မြေကြီးထဲကနေ သယံဇာတတွေ အများကြီး ကျွန်တော်တို့ ထုတ်ပေးပါတယ်။ အဲဒီ သယံဇာတတွေကို ဗင်နီဇွဲလားပြည်သူတွေ၊ ဗင်နီဇွဲလားနိုင်ငံထဲမှာ နေခဲ့ပြီး နိုင်ငံပြင်ပရောက်နေသူတွေ ရကြမှာပါ။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုကလည်း တစ်နည်းတဖုံ အကျိုးအမြတ် ပြန်ခံစားရဖို့ ရှိပါတယ်"
ထရမ့်က မြောက်ပိုင်းကိုရော တောင်ပိုင်းကိုပါ မျက်စိကျနေတာမို့ သူ့ရဲ့ ဒီပြောဆိုချက်ဟာ ဂရင်းလန်းနဲ့ ဒိန်းမတ်နိုင်ငံတွေမှာ စိုးရိမ်ကြောက်လန့်မှုတွေ ပိုဖြစ်လာစေခဲ့ပါတယ်။
အမေရိကန်အစိုးရအနေနဲ့ အာတိတ်ဒေသမှာ သူ့ရဲ့ ဗျူဟာပိုင်း ရပ်တည်ချက်အတွက်ရော၊ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရေခဲတွေ အရည်ပျော်လာပြီး သဘာဝသယံဇာတတွေကို ပိုလွယ်လွယ် ထုတ်ယူလာနိုင်တဲ့အတွက်ရော ဂရင်းလန်းကို သိမ်းပိုက်ဖို့ ဆန္ဒကို လက်မလွှတ်ခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Donald Trump / Truth Social
နိုင်ငံတကာဥပဒေမှာ သဘောတူ ရေးဆွဲထားတဲ့ စည်းမျဉ်းတွေအတိုင်း လိုက်နာရေးဟာ ကမ္ဘာ့နိုင်ငံတွေလည်ပတ်ဖို့ အကောင်းဆုံးနည်းဖြစ်တယ်ဆိုတဲ့ အယူအဆဟာ အခု မာဒူရိုကို ဖမ်းဆီးလိုက်တဲ့ စစ်ဆင်ရေးကြောင့် နောက်ထပ် ကြီးကြီးမားမား ထိခိုက်သွားခဲ့ရပြန်ပါတယ်။
ဒေါ်နယ်ထရမ့် အာဏာ မရခင်ကတည်းက ဒီအယူအဆက သိပ်အခြေမခိုင်ဖြစ်နေခဲ့တာပါ။ အခု ထရမ့်က သူမကြိုက်တဲ့ စည်းမျဉ်းဥပဒေတွေကို သူဂရုမစိုက်ဘဲ နေလို့ ရတယ်လို့ သူယုံကြည်ထားတယ်ဆိုတာကို အမေရိကန်နိုင်ငံတွင်းမှာရော နိုင်ငံတကာမှာပါ အကြိမ်ကြိမ် လက်တွေ့ လုပ်ပြခဲ့ပြီးဖြစ်ပါတယ်။
ထရမ့် အမျက်ဒေါသ မထွက်အောင် အသည်းအသန် ကြိုးစားနေကြတဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ အပါအဝင် ဥရောပမဟာမိတ်နိုင်ငံတွေက မာဒူရိုကို ဖမ်းဆီးတဲ့ စစ်ဆင်ရေးက ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ကျတယ်ဆိုတဲ့ အချက်ကို ပြစ်တင်ဝေဖန်တာမျိုး မလုပ်ဘဲ နိုင်ငံတကာဥပဒေကို လိုက်နာသင့်တယ်ဆိုတဲ့အချက်ကို သူတို့ ထောက်ခံအားပေးပါတယ်ဆိုတာမျိုးလောက်ပဲ ပြောနေကြပါတယ်။
မူးယစ်ရာဇာတစ်ဦးအဖြစ် ဖမ်းဝရမ်း ထုတ်ထားတဲ့ ဗင်နီဇွဲလား သမ္မတကို အမေရိကန် စစ်တပ်က ကူညီဖမ်းဆီးပေးခဲ့တာဆိုတဲ့ အမေရိကန်ရဲ့ အကြောင်းပြချက်က ကျိုးကြောင်း သိပ်မခိုင်လုံလှပါဘူး။ အထူးသဖြင့် အခုအခါ ဗင်နီဇွဲလားနိုင်ငံနဲ့ ရေနံလုပ်ငန်းကို အမေရိကန်က အုပ်ချုပ်မယ်ဆိုတဲ့ ထရမ့်ရဲ့ကြေညာချက်ကြောင့် ဖြစ်ပါတယ်။
မာဒူရိုနဲ့ သူ့ဇနီးတို့ ဖမ်းဆီးမခံရခင် နာရီပိုင်းအလိုမှာ ကာရာကက်စ်မြို့က သမ္မတအိမ်တော်မှာ တရုတ်သံတမန်တွေနဲ့ မာဒူရို တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်ရဲ့ လုပ်ရပ်ကို တရုတ်က ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ "အမေရိကန်ရဲ့ လွှမ်းမိုးချုပ်ကိုင်လိုတဲ့ လုပ်ရပ်ဟာ နိုင်ငံတကာဥပဒေနဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်မှုကို အကြီးအကျယ် ချိုးဖောက်လိုက်တာဖြစ်ပြီး လက်တင်အမေရိက ဒေသနဲ့ ကာရေဘီယံ ဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက် အန္တရာယ်ပြုလိုက်တာ ဖြစ်တယ်"လို့ ဆိုပါတယ်။
"အမေရိကန်အနေနဲ့ တခြားနိုင်ငံတွေရဲ့ အချုပ်အခြာ အာဏာပိုင်မှုနဲ့ လုံခြုံရေးအပေါ် ချိုးဖောက်နေမှုတွေကို ရပ်တန့်သင့်တယ်" လို့ တရုတ်အစိုးရက ပြောပါတယ်။
ဒါပေမဲ့လည်း တရုတ်အစိုးရအနေနဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကို ရှေ့ပြေးနမူနာ တစ်ခုအဖြစ် ယူဆကောင်း ယူဆနိုင်ပါတယ်။
ထိုင်ဝမ်ကို ပြည်မကြီးကနေ ခွဲထွက်တဲ့ ပြည်နယ်တစ်ခုအဖြစ် တရုတ်က သတ်မှတ်ထားပြီး တရုတ်အစိုးရရဲ့ ထိန်းချုပ်မှုအောက် ပြန်သွတ်သွင်းရေးကို တရုတ်အစိုးရရဲ့ နိုင်ငံတော် ဦးစားပေး အစီအစဉ်တစ်ခုအဖြစ် ထုတ်ဖော် ကြေညာထားတာ ဖြစ်ပါတယ်။
တရုတ်က အတုခိုး လိုက်လုပ်လာမှာကို အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော် ဆီးနိတ်လွှတ်တော် ထောက်လှမ်းရေးကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌ ဒီမိုကရက်တစ်ပါတီဝင် ဆီးနိတ်လွှတ်တော်အမတ် မာ့ခ် ဝါနာ က စိုးရိမ်နေတာ ဖြစ်ပါတယ်။ တရုတ်ခေါင်းဆောင်တွေနဲ့ တခြားနိုင်ငံခေါင်းဆောင်တွေက အနီးကပ် စောင့်ကြည့်နေကြတယ်လို့ သူက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
"ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံခြားတိုင်းပြည်ခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စုက စစ်တပ်အင်အား သုံးပြီး ကျူးကျော်ဖမ်းဆီးခွင့် ရှိတယ်ဆိုတာကို လုပ်ပြခဲ့တာကြောင့် တကယ်လို့ တရုတ်ကလည်း ထိုင်ဝမ်ရဲ့ခေါင်းဆောင်မှုပိုင်းအပေါ် အလားတူ သြဇာအာဏာသုံးပြီး လုပ်လာခဲ့ရင် ဘယ်လို တားဆီးမလဲ။ အလားတူ အကြောင်းပြပြီး ယူကရိန်းသမ္မတကို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဖမ်းဆီးခဲ့ရင် ဘယ်လို တားဆီးမလဲ။ တစ်ကြိမ် ဘောင်ကျော်ပြီးရင် ကမ္ဘာတဝန်း ကသောင်းကနင်းဖြစ်မလာအောင် ထိန်းချုပ်ထားတဲ့ စည်းမျဉ်းဥပဒေတွေ စပျက်ပြယ်သွားတော့မှာ ဖြစ်ပြီး အာဏာရှင်အစိုးရတွေက ဒါကို အရင်ဆုံး အသုံးချလာကြပါလိမ့်မယ်။"
ဒေါ်နယ်ထရမ့်က သူ့ရဲ့ အမိန့်ညွှန်ကြားချက်နဲ့ ကိုက်ညီတဲ့ စည်းမျဉ်းဥပဒေတွေကို သူ့စိတ်ကြိုက် ဆွဲနေပေမဲ့ ဒီဥပဒေတွေကို တခြားသူတွေကတော့ လိုက်လုပ်ခွင့် မရှိဘူးလို့ ယူဆနေပုံရပါတယ်။
ဒါပေမဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအတွက်ကတော့ ဒီလိုမယူဆထားကြပါဘူး။
၂၀၂၆ ခုနှစ်အစပိုင်းမှာ လုပ်လိုက်တဲ့ထရမ့်ရဲ့လုပ်ရပ်ကြောင့် လာမယ့် ၁၂ လတာ ကာလပတ်လုံး ကမ္ဘာတဝန်းမှာ ကသောင်းကနင်း အခြေအနေတွေ ကြုံလာရဖို့ ရှိနေပါတယ်။











