'ကျွန်တော်က စစ်သုံ့ပန်းပါ' - မာဒူရိုရဲ့ နယူးယောက်က တရားခွင်ကြားနာမှု
- ရေးသားသူ, မက်ဒယ်လင်း ဟဲလ်ပါ့ခ်
- ရာထူးတာဝန်, နယူးယောက်မြို့ တရားရုံး
ဗင်နီဇွဲလားသမ္မတ မာဒူရို တစ်ယောက် နယူးယောက်မြို့ တရားရုံးမှာ သူ့ရဲ့ ပထမဆုံးတရားခွင်ကို တက်ရောက်ဖို့ ရုံးတံခါးကို ဖြတ်လျှောက်လာချိန်မှာ သူ့ကိုမမြင်ရသေးခင် ကြားရတာက သူ့ ရဲ့သံခြေကျင်းကနေ ထွက်လာတဲ့ တချွင်ချွင်မြည်သံပါ။
ပြီးတော့ သတင်းထောက်တွေနဲ့ တရားခွင်ကို လာကြည့်တဲ့လူထုရှေ့မှာ သူ ''ပြန်ပေးဆွဲခံခဲ့ရတာ'' လို့ ပြောပါတယ်။
တရားခွင်ထဲကို သူ ဝင်ရောက်လာပြီး မိနစ်ပိုင်းအကြာမှာပဲ တရားသူကြီး အယ်လ်ဗင် ဟယ်လ်လာစတိန်းက မာဒူရိုဟာ ကိုယ်တိုင် တရားခွင်ရှေ့ရောက်လာသူ ဟုတ် မဟုတ်ဆိုတာကို အတည်ပြုခိုင်းပါတယ်။ ဒါက တရားခွင်ရဲ့ ကြားနာမှု စတင်နိုင်အောင် ဖြစ်ပါတယ်။
''ကျွန်တော် နီကိုလက်စ် မာဒူရို ဖြစ်ပါတယ် ... တရားသူကြီး ခင်ဗျာ။ ကျွန်တော်ဟာ ဗင်နီဇွဲလားပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတဖြစ်ပါတယ်။ ဇန်နဝါရီလ ၃ ရက်ကတည်းက ပြန်ပေးဆွဲခံရပြီး ကျွန်တော် ဒီကိုရောက်လာတာဖြစ်ပါတယ်။'' လို့ သူက တရားခွင်ထဲက စကားပြန်ကနေတဆင့် စပိန်စကားနဲ့ တည်တည်ငြိမ်ငြိမ်ပြောပါတယ်။
'' ဗင်နီဇွဲလားနိုင်ငံ၊ ကာရာကတ်စ်မြို့က နေအိမ်မှာ ကျွန်တော်အဖမ်းခံခဲ့ရတာပါ'' လို့ဆက်ပြောပါတယ်။
အသက် ၉၂ နှစ်အရွယ် တရားသူကြီးကတော့ မာဒူရိုကို ''ဒါတွေအားလုံးအတွက် ပြောနိုင်မယ့် အချိန်နဲ့ နေရာရှိလာပါလိမ့်မယ်'' လို့ ခပ်မြန်မြန်ပဲ ဝင်ဟန့်ပါတယ်။
အမေရိကန်စံတော်ချိန် တနင်္လာနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့တဲ့ မိနစ် ၄၀ ကြာ တရားခွင် ကြားနာမှုမှာ မာဒူရိုနဲ့ သူ့ဇနီး စီလီယာ ဖလောရက်စ်တို့ဟာ သူတို့ကို စွပ်စွဲထားတဲ့ လက်နက်နဲ့ မူးယစ်ဆေးဝါးအမှုတွေနဲ့ပတ်သက်ပြီး အပြစ်မရှိကြောင်း ပြောခဲ့ကြပါတယ်။
''ကျွန်တော့်မှာ အပြစ်မရှိပါဘူး။ ကျွန်တော်ဟာ လူယဉ်ကျေးပါ'' လို့ ပြောပါတယ်။ ဇနီးဖြစ်သူ ဖလောရက်စ်ဟာလည်း ''လုံးဝ အပြစ်မရှိပါဘူး'' လို့ သူက ပြောပါတယ်။
အသက် ၆၃ နှစ်အရွယ် မာဒူရိုနဲ့ သူ့ဇနီးတို့ကို ဗင်နီဇွဲလားက သူ့တို့ အိမ်ဝင်းထဲကနေ အမေရိကန်အထူးတပ်ဖွဲ့တွေက စနေနေ့တုန်းက ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် နယူးယောက်မြို့က အကျဥ်းထောင်တစ်ခုကို လွှဲပြောင်းခံရတာဖြစ်ပါတယ်။
အပြာနဲ့ လိမ္မော်ရောင် ထောင် အင်္ကျီ၊ ကာကီရောင် ဘောင်းဘီ ဝတ်ထားတဲ့ မာဒူရိုတို့ ဇနီးမောင်နှံဟာ ကြားနာမှုအတွင်းမှာ စပိန်ဘာသာပြန်ကို နားထောင်နိုင်ဖို့ နားကြပ်တပ်ထားကြပါတယ်။
သူတို့ နှစ်ဦးကြားမှာတော့ ရှေ့နေတစ်ဦး ထိုင်နေပါတယ်။ မာဒူရိုဟာ ကြားနာမှုအတွင်း အဝါရောင် မှတ်စုစာရွက်ပြားပေါ်မှာ မှတ်စုချရေးနေတာကိုတွေ့ရပြီး အဲဒီစာရွက်ကို သူ သိမ်းထားလို့ ရမလားဆိုပြီး ကြားနာမှုအပြီးမှာ တရားသူကြီးကို တောင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မာဒူရို ခြေလှမ်း ဝင်လာခဲ့တဲ့ တရားခွင်အခန်းဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက ရက်(ပ်)ပါအဆိုတော် Sean "Diddy" Combs ကို ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ ဖက်ဒရယ်တရားရုံး တရားခွင် ဖြစ်ပါတယ်။
အခန်းထဲကို ဝင်လာချိန်မှာ သူဟာ တရားခွင်ထဲမှာရှိတဲ့ပရိသတ် လူအတော်များများကို ခေါင်းဆတ်ပြပြီး နှုတ်ဆက်ပါတယ်။ ကြားနာမှု တလျှောက်လုံးမှာ သူ့ဟန်ပန်အတိုင်း တည်တည်ငြိမ်ငြိမ်၊ ခံစားချက်မပါတဲ့ပုံစံနဲ့ ဖြတ်ကျော်တာကို တွေ့ရပါတယ်။
တစ်ကြိမ်မှာဆိုရင် အများပြည်သူ ကြည့်ရှုနိုင်တဲ့နေရာကနေ တရားခွင်ကို လာကြည့်တဲ့အမျိုးသားတစ်ယောက်က မာဒူရိုကို သူ့ရာဇဝတ်မှုတွေအတွက် ''ပြန်ပေးဆပ်ရမယ်'' လို့ ရုတ်တရက် လှမ်းအော်ပြောပါတယ်။
''ကျွန်တော်က သမ္မတ တစ်ယောက်ပါ။ စစ်သုံ့ပန်းပါ'' လို့ အများပြည်သူထဲက အဲဒီအမျိုးသားကို မာဒူရိုက စပိန်လို လှမ်းပြောပါတယ်။ အဲဒီအမျိုးသားဟာ မျက်ရည်တွေကျလျက်နဲ့ အခန်းထဲကနေ ခေါ်ထုတ်ခံသွားရပါတယ်။
တရားခွင်ကြားနာမှုကို လာကြည့်တဲ့တခြားသူတွေအတွက်လည်း စိတ်ပိုင်းဆိုင်ရာခံစားချက်တွေ ရှိခဲ့ကြတဲ့ ကြားနာမှုလို့ဆိုနိုင်ပါတယ်။ မာဒူရို အစိုးရအကြောင်းကို သတင်းလိုက်နေတဲ့ ဗင်နီဇွဲလား ရှေ့နေ မိုင်ဘော ပစ်တီကတော့ အမေရိကန်က မာဒူရိုကို ဖမ်းဆီးဖို့ ကာရာကတ်စ်မြို့က ဖွဲတေး တီယိုနာ စစ်စခန်းကို တိုက်ခိုက်ချိန်မှာ သူ့မိသားစုပိုင်နေအိမ် ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
သူ့နိုင်ငံခေါင်းဆောင်ဟောင်းကို အမေရိကန်စစ်တပ်အရာရှိတွေက အကျဥ်းထောင်သားတစ်ယောက်နေနဲ့ ခေါ်ထုတ်သွားတာကို ကြည့်ရတာလည်း မယုံနိုင်ဘူးလို့ ပြောပါတယ်။
မာဒူရိုရဲ့ ဇနီး ဖလောရက်စ်ကတော့ တရားခွင်မှာ ပိုပြီး တိတ်ဆိတ်နေခဲ့ပါတယ်။ သူ့နားတွေနဲ့ နဖူးက ဒဏ်ရာတွေမှာ ပတ်တီး စည်းထားတာတွေ့ရပါတယ်။ သူ့ရှေ့နေကတော့ ဖလောရက်စ်ဟာ အဖမ်းခံရချိန်မှာ ဒဏ်ရာအချို့ ရခဲ့တယ်လို့ ပြောပါတယ်။
ဖလောရက်စ်ဟာ သူ့ရဲ့ရွှေအိုရောင်ဆံပင်ကို ဆံထုံး ထုံးထားပါတယ်။ တရားခွင်မှာ သူ့ရှေ့နေက ဖလောရက်စ်ကို သင့်တင့်တဲ့ဆေးဝါးကုသမှု ရ မရ မေးပါတယ်။ နံရိုးတွေ ထိ မထိဆိုတာနဲ့ ဓာတ်မှန်ရိုက်ပေးလားဆိုပြီးတော့လည်း ရှေ့နေက ဖလောရက်စ်ကို မေးတာ တွေ့ရပါတယ်။
အခုတစ်ခေါက်ကြားနာမှုမှာ မာဒူရိုနဲ့ သူ့ဇနီးတို့ဟာ အာမခံ မလျှောက်ထားကြပါဘူး။ ဒါပေမဲ့ သူတို့ဟာ နောက်ပိုင်းရက်တွေမှာ အာမခံ လျှောက်ထားခွင့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ ဖက်ဒရယ်အဆင့် ထိန်းသိမ်းခံရမှုအောက်မှာ ဆက်ရှိနေမှာဖြစ်ပါတယ်။
အမေရိကန်ကတော့ မာဒူရိုဟာ မူးယစ်အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုတာနဲ့ ကိုကင်းတွေ တင်ပို့တယ်လို့ စွပ်စွဲထားပါတယ်။ နောက်ပြီး စက်သေနတ်တွေနဲ့ ဖျက်ဆီးရေး ကိရိယာတွေကို ပိုင်ဆိုင်မှုနဲ့ စွပ်စွဲပါတယ်။
မာဒူရို အပြင် သူ့ဇနီး၊ သားနဲ့ နောက်ထပ်လူအတော်များများလည်း တရားစွဲခံရပါတယ်။နောက်တစ်ကြိမ် တရားခွင်ကြားနာမှုကိုတော့ မတ်လ ၁၇ ရက်မှာ ပြုလုပ်ဖို့ရှိပါတယ်။












