ခင်ပွန်းထက် နိုင်ငံရေးသြဇာရှိနှင့်ခဲ့သူ ဗင်နီဇွဲလားသမ္မတကတော်

ဓာတ်ပုံ ရင်းမြစ်, Getty Images
စီလီယာ ဖလောရက်စ်ဟာ ဗင်နီဇွဲလားနိုင်ငံမှာ သမ္မတကတော်ဆိုတဲ့အဆောင်အယောင်ထက် ပိုတဲ့သူတစ်ဦးဖြစ်တာ ဟိုးအရင်ကတည်းကပါ။
ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရိုရဲ့ ဇနီးဖြစ်တဲ့သူဟာ အစိုးရအဖွဲ့ထဲမှာ အထင်ပေါ်ဆုံး အမျိုးသမီးတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူ့ကိုထောက်ခံသူတွေဆိုရင် ''ရှေ့က သူရဲကောင်း'' လို့တောင် မကြာခဏ ရည်ညွှန်းခေါ်ဝေါ်လေ့ရှိကြပါတယ်။
၁၉၅၆ ခုနှစ်ဖွား စီလီယာဟာ သူ့ရဲ့နိုင်ငံရေးခရီးလမ်းကြောင်းကို ခင်ပွန်းဖြစ်သူနဲ့အပြိုင် ဖောက်ခဲ့သူလို့တောင်ဆိုနိုင်ပြီး အတိတ်ကာလတချို့မှာ ခင်ပွန်းဖြစ်သူ ရယူခဲ့တဲ့ရာထူးထက် မြင့်တဲ့ ရာထူးတွေကိုလည်း ယူခဲ့သူဖြစ်ပါတယ်။
နိုင်ငံရဲ့ နိုင်ငံရေးလမ်းကြောင်း ဘယ်ကို ဦးတည်မလဲဆိုတာမျိုးကို ပုံဖော်တဲ့နေရာမှာ တက်တက်ကြွကြွရှိတဲ့နေရာကနေ ပါဝင်ခဲ့သူဖြစ်ပြီး အဲဒီလိုအခန်းကဏ္ဍဟာ အထူးသဖြင့် မာဒူရို သမ္မတ တာဝန် စတင်ယူတဲ့ ၂၀၁၃ ခုနှစ်ကတည်းက စတင်တယ်လို့တောင်ဆိုနိုင်ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ် စနေနေ့မှာတော့ ဗင်နီဇွဲလားနိုင်ငံထဲအထိ အမေရိကန်က ဝင်ရောက်ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးမှာ သူရော၊ ခင်ပွန်းဖြစ်သူရော အဖမ်းခံလိုက်ရပါတယ်။ အခုတော့ သူတို့ နှစ်ယောက်စလုံးဟာ နယူးယောက်က တရားရုံးမှာ မူးယစ်မှောင်ခိုကူးမှု၊ လက်နက်မှုတွေနဲ့ တရားရင်ဆိုင်နေရပြီဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဖလောရက်စ်ရော၊ မာဒူရိုရော နှစ်ယောက်စလုံးဟာ သွားလေသူ ဗင်နီဇွဲလား ခေါင်းဆောင် ဟူဂို ချားဗက်စ်ရဲ့ အရိပ်အောက်ကနေ ရာထူးအာဏာ တစ်ဆင့်ချင်း တက်လာတာဖြစ်ပါတယ်။
မာဒူရိုဟာ ဖလောရက်စ်ကို ''ရှေ့က သူရဲကောင်း'' လို့ဆိုပြီး ၂၀၁၃ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်ပွဲမှာ ရည်ညွှန်း ခေါ်ဝေါ်ခဲ့ပါတယ်။ အဲဒီနှစ်ဟာ ဗင်နီဇွဲလားသမ္မတ ချားဗက်စ် သေဆုံးပြီးနောက် မာဒူရိုတစ်ယောက် သမ္မတရာထူးအတွက် ရွေးကောက်ပွဲ စဝင်တဲ့နှစ်လည်းဖြစ်ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ ဖလောရက်စ်ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှာ ဘဏ္ဍာရေးဆိုင်ရာဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဗင်နီဇွဲလားသမ္မတရဲ့အတွင်းစည်းကို ပစ်မှတ်ထားတဲ့အနေနဲ့ အခုလို ပိတ်ဆို့မှုလုပ်ခဲ့တာပါ။
ဘဝအစ ရိုးရိုးကုတ်ကုတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဖလောရက်စ်ကို မြို့တော် ကာရာကတ်စ် အနောက်ပိုင်း ကီလိုမီတာ ၂၀၀ ခန့်အကွာက တီနာကီလိုမြို့ငယ်မှာ မွေးဖွားပါတယ်။ မာဒူရိုကတော့ သူ့ဇနီးကို မွေးခဲ့တဲ့နေရာဟာ ''ခပ်ညစ်ညစ်ကြမ်းခင်းရှိတဲ့မွေးမြူရေးခြံကြီး'' လို့ တစ်ခါပြောဖူးပါတယ်။ အဲဲဒီနောက် ဖလောရက်စ်ရဲ့ မိဘတွေဟာ သူ့အသက် ၄ နှစ်အရွယ်မှာ ကာရာကတ်စ်မြို့ကို ပြောင်းခဲ့ကြပါတယ်။
မွေးချင်း ၆ ဦးမှာ အငယ်ဆုံးသမီးဖြစ်တဲ့ ဖလောရက်စ်ဟာ မြို့မြောက်ပိုင်းက လူနေထူထပ်တဲ့ ကာတီယာနဲ့ ဘိုကာရွန်အရပ်တွေမှာ မိသားစုနဲ့အတူ ကြီးပြင်းပါတယ်။
အသက် ၃၂ နှစ်အရွယ်မှာ ပုဂ္ဂလိက တက္ကသိုလ် ဆန်တာ မာရီယာကနေ ဥပဒေဘာသာရပ်အထူးပြုနဲ့ ဘွဲ့ရပါတယ်။ နောက်ပိုင်းမှာ သူဟာ ရာဇဝတ်မှုကျင့်ထုံးနဲ့ အလုပ်သမားဥပဒေတွေကို အထူးပြု လေ့လာခဲ့ပါတယ်။
ဒါပေမဲ့ သူ့ဘဝဟာ ၁၉၉၂ ခုနှစ်တုန်းက ဟူဂို ချေးဗားစ်ပြုလုပ်ခဲ့တဲ့မအောင်မြင်တဲ့စစ်အာဏာသိမ်းမှုကြောင့် ဘဝတစ်ကွေ့ချိုးခဲ့ပါတယ်။
ဖလောရက်စ်ဟာ အာဏာသိမ်းဖို့ကြံတဲ့ စစ်တပ်အရာရှိတွေဘက်ကနေ ရှေ့နေလိုက်ပေးတဲ့အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီစစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံရေးရည်မှန်းချက်ထဲ သူကိုယ်တိုင် တဖြည်းဖြည်းပါဝင်ခဲ့ပါတယ်။
အဲဒီကာလမှာပဲ သူနဲ့ မာဒူရိုတို့ စတင် ဆုံဆည်းပါတယ်။ အဲဒီအချိန်တုန်းက မာဒူရိုဟာ ချေးဗားစ်ရဲ့ ကိုယ်ရံတော်အဖြစ်နဲ့ လူထုတွေ့ဆုံပွဲတွေမှာ ဘေးကနေ လိုက်နေလို့ ဓာတ်ပုံတွေထဲ မြင်နေရချိန်လည်းဖြစ်ပါတယ်။
''ကျွန်တော် စီလီယာကို ဆုံခဲ့တာကြာပေါ့။ သူက အကျဉ်းချခံရတဲ့ မျိုးချစ်စစ်တပ်အရာရှိတွေအတွက် ရှေ့နေ လိုက်ပေးခဲ့တာ။ ပြီးတော့ သူက တပ်မှူး ချေးဗားစ်ရဲ့ရှေ့နေလည်းဖြစ်တယ်။ တပ်မှူး ချေးဗားစ်ရဲ့ရှေ့နေကို ထောင်မှာ မြင်ရ ဆုံရတာက ... ခက်တော့ ခက်ခဲတာပေါ့လေ'' လို့ မာဒူရိုက ပြန်ပြောပြဖူးပါတယ်။ ''သူ့ ဘဝ ခရီးကြမ်းတွေကို ကျော်ဖြတ်နေရချိန်မှာ ကြုံခဲ့ရတာ။ အကြည့်ချင်းဆုံရာကနေ စတယ်ပေါ့ဗျာ''
အဲဒီကတည်းက သူတို့နှစ်ဦးရဲ့ကံကြမ္မာဟာ ချေးဗားစ်နဲ့ သူ့ရဲ့နိုင်ငံရေးလှုပ်ရှားမှု ချေဗစ်မိုနဲ့လည်း ဆက်နွှယ်ခဲ့ပါတယ်။
လွှတ်တော်အမတ် ရှေ့နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၉၀ ပြည့်နှစ်တွေမှာ ဖလောရက်စ်ဟာ ချားဗက်စ်ရဲ့ လက်ဝဲအယူ ချာဗစ်ဆိုမို ဝါဒနဲ့ဆက်နွှယ်တဲ့အဖွဲ့မျိုးစုံမှာ ပါဝင်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ချားဗက်စ်တစ်ယောက် သမ္မတ ရွေးကောက်ပွဲနိုင်ပြီး အာဏာရလာတဲ့အခါမှာ သူလည်း အရေးပါတဲ့ရာထူးတွေ ရပါတယ်။
၂၀၀၀ ပြည့်နှစ်မှာ သူဟာ အမျိုးသားလွှတ်တော်အတွက် အမတ်အဖြစ် အရွေးခံရပါတယ်။ အဲဒီနောက် ၂၀၀၆ ခုနှစ်မှာ ဒုတိယအကြိမ် မဲနိုင်တဲ့အခါ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်တဲ့ပထမဆုံး အမျိုးသမီးဖြစ်လာပါတယ်။
အတိုက်အခံပါတီတွေဟာ အဲဒီတစ်ခေါက်ရွေးကောက်ပွဲကို သပိတ်မှောက်ကြတာကြောင့် တစ်ပါတီတည်းက ဦးဆောင်တယ်လို့ဆိုတဲ့ အဲဒီလွှတ်တော်မှာ ဥက္ကဋ္ဌအဖြစ် ၆ နှစ်ကြာအောင် တာဝန်ယူခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ဖလောရက်စ်ဟာ ချားဗက်စ်နဲ့အတူ နိုင်ငံရေးတိုက်ဖော်တိုက်ဖက်ဖြစ်တယ်ဆိုတာကို ပြသခဲ့ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူချိန်မှာလည်း သူဟာ အငြင်းပွားဖွယ်ရာတွေလုပ်ခဲ့ပါတယ်။ သတင်းသမားတွေကို လွှတ်တော် ခန်းမထဲ ဝင်တာမျိုးကို တားမြစ်ခဲ့ပါတယ်။
အဲဒီတားမြစ်ချက်ဟာ ၂၀၁၆ ခုနှစ်မှာ နောက်လွှတ်တော်အသစ်တစ်ရပ် မတက်လာခင်အထိ ဆက်ရှိခဲ့ပါတယ်။ အဲဒီတစ်ခေါက်မှာတော့ လွှတ်တော်မှာ အတိုက်အခံတွေက အားကောင်းခဲ့ပါတယ်။
ဗင်နီဇွဲလားနိုင်ငံထဲက သမဂ္ဂတွေကတော့ ဖလောရက်စ်ဟာ လူ ၄၀ ကျော်ကို အလုပ်ခန့်အပ်မှု တစ်ခုမှာ ဝင်ပါခဲ့ပြီး အလုပ်မှာ ခန့်ထားသူအများစုဟာ သူ့မိသားစုဝင်တွေဖြစ်တာကြောင့် ဆွေမျိုးကောင်းစားရေးကို လုပ်ခဲ့တယ်လို့ စွပ်စွဲကြပါတယ်။
''ကျွန်မ မိသားစု အခုဒီနေရာအထိ ရောက်လာတယ်။ ရောက်လာကြသူတွေကလည်း ကျွန်မမိသားစုဖြစ်လို့ ကျွန်မ ဂုဏ်ယူတယ်။ သူတို့ဟာ အလုပ်သမားတွေဖြစ်တဲ့အကြောင်း အခု ဒီလွှတ်တော်မှာ ကျွန်မ ကာကွယ်ဆွေးနွေးမယ်။ အများအရှေ့မှာလည်း ကျွန်မ မိသားစုရှေ့ကနေ ရပ်တည်ရမှာပဲ'' လို့ သူက ဒေသတွင်းမီဒီယာတစ်ခုကို ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၁၂ ခုနှစ်အစောပိုင်းမှာတော့ ချားဗက်စ်က သူ့ကို နိုင်ငံ့ရှေ့နေချုပ်အဖြစ် ခန့်ပါတယ်။ အဲဒီ ရာထူးကို သမ္မတ ချားဗက်စ် ကွယ်လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်၊ မတ်လ မတိုင်ခင်အထိ သူ ယူခဲ့ပါတယ်။
အဲဒီနှစ်ထဲမှာပဲ သူနဲ့ မာဒူရိုတို့ တရားဝင် လက်ထပ်ခဲ့ကြလို့ ဇွန်လိုင်လအရောက်မှာ မာဒူရို သမ္မတဖြစ်လာတဲ့အခါ ဖလောရက်စ်လည်း သမ္မတကတော် ဖြစ်လာခဲ့ပါတယ်။
သူတို့ လက်ထပ်ထိမ်းမြားမှုဟာ နှစ်ပေါင်းများစွာကြာခဲ့တဲ့သူတို့ နှစ်ဦးကြားက ဆက်ဆံရေးကို အတည်ပြုလိုက်တာဖြစ်ပြီး အရင်အိမ်ထောင်တွေတုန်းက ထွန်းကားခဲ့တဲ့ သူ့ဘက်က ကလေး ၃ ယောက်နဲ့ မာဒူရိုဘက်က ကလေး ၁ ယောက်ရှိခဲ့ကြလို့ စုစုပေါင်း ကလေး ၄ ယောက်ဖြစ်လာပါတယ်။
၂၀၁၅ လွှတ်တော်ရွေးကောက်ပွဲတွေမှာ ဖလောရက်စ်ဟာ အမျိုးသားလွှတ်တော်အမတ် အဖြစ် ပြန်လည်ရွေးကောက်ခံရပါတယ်။ အဲဒီရွေးကောက်ပွဲဟာ ချားဗက်စ်ရဲ့ လက်ဝဲအယူ ချာဗစ်ဆိုမို ဝါဒသမားတွေ လွှတ်တော်မှာ ၁၅ နှစ်အတွင်း အင်အားအနည်းဆုံးလည်း ဖြစ်ခဲ့ပါတယ်။
အဲဒီနောက် ၂ နှစ်ကြာ၊ သြဂုတ်လ ၂၀၁၇ ခုနှစ်မှာ သူဟာ လွှတ်တော်ကို အပြီးတိုင် စွန့်ခွာခဲ့ပြီး ပြည်သူ့လွှတ်တော်မှာ အမတ်အဖြစ် အငြင်းပွားဖွယ်ရာ ပြန်လည်ရွေးချယ်ခံရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မိသားစု
၂၀၁၅ ခုနှစ် မေလမှာတော့ ဖလောရက်စ်ဟာ စီလီယာနဲ့အတူ မိသားစုသဖွယ် (With Cilia, As a Family) လို့ နာမည်ပေးထားတဲ့ ရုပ်သံအစီအစဥ်တစ်ခုကို စတင်ထုတ်လွှင့်ပါတယ်။ ပုဂ္ဂလိက ရုပ်သံလိုင်းမှာ ကနဦး ထုတ်လွှင့်တဲ့ဒီအစီစဥ်ကို နောက်ပိုင်းမှာ နိုင်ငံပိုင်ရေဒီယိုမှာပြောင်းလဲထုတ်လွှင့်ခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်း မီဒီယာတွေရဲ့ အာရုံစိုက်ခံရတာက သူ မဟုတ်ဘဲ သူ့ မိသားစု ဖြစ်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာတော့ သူ့ရဲ့တူတော်မောင် ၂ ဦးဟာ ဟေတီမှာ အဖမ်းခံရပါတယ်။ အဲဒီနောက် အမေရိကန် မူးယစ်ထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့ (DEA)ထံကို လွှဲပြောင်းခံရလို့ နယူးယောက် ရှေ့နေတစ်ယောက်က သူ့ တူ နှစ်ယောက်ကို မူးယစ်မှောင်ခိုကူးမှု စွပ်စွဲချက်တွေနဲ့ အမှုဖွင့်ပါတယ်။
ဖလောရက်စ်ကတော့ အမေရိကန်အာဏာပိုင်တွေဟာ သူ့ တူ နှစ်ဦးကို ပြန်ပေးဆွဲတယ်လို့ စွပ်စွဲပါတယ်။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ မူးယစ်ဆေးမှောင်ခိုကူးမှုနဲ့ သူ့တူနှစ်ယောက်ဟာ အမေရိကန်မှာ ထောင် ၁၈ နှစ် ချမှတ်ခံရပါတယ်။
တရားစွဲဆိုခံရချိန်တုန်းကတော့ ဖလောရက်စ်နဲ့ တူ နှစ်ယောက်ဟာ ကာရာကတ်စ်မြို့က မာအီရှာလေဆိပ်မှာ သမ္မတအတွက် အသုံးပြုတဲ့ ပုဂ္ဂလိက လေယာဥ်ထားရာ ဂိုထောင်ကို သုံးပြီး ကိုကင်း ကီလို ၈၀၀ နီးပါးကို ဟွန်းဒူးရက်စ်ကို ကနဦးပို့၊ အဲဒီနောက် အမေရိကန်ကို သွင်းဖို့ ကြံစည်ခဲ့တယ်ဆိုပြီး စွပ်စွဲခံရပါတယ်။
သူတို့ ၂ ဦးဟာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာ ပြန်လွတ်ပါတယ်။ ဗင်နီဇွဲလားမှာ အဖမ်းခံရတဲ့ အမေရိကန်နိုင်ငံသား ၇ ဦးကို အလဲအလှယ်အနေနဲ့ သူတို့နှစ်ဦးကို သမ္မတဂျိုးဘိုင်ဒန်လက်ထက်မှာ လွတ်ငြိမ်းပေးခဲ့တာကြောင့်ဖြစ်ပါတယ်။
သမ္မတထရမ့် အိမ်ဖြူတော်ကို ပြန်ရောက်လာတဲ့အခါမှာတော့ ဖလောရက်စ်ရဲ့ အဲဒီ တူ နှစ်ယောက်အပါအဝင် နောက်ထပ် မိသားစုဝင်တွေဟာ အမေရိကန်ရဲ့အရေးယူ ဒဏ်ခတ် ပိတ်ဆို့ခံရပါတယ်။ ဒါပေမဲ့ မာဒူရိုနဲ့ ဖလောရက်စ်တို့ နှစ်ယောက်ကတော့ အမေရိကန်မှာ အဖမ်းခံထားရပြီဖြစ်လို့ ပြဿနာကို လက်ငင်းရင်ဆိုင်နေရပြီလို့ဆိုနိုင်ပါတယ်။
ဘီဘီစီ မွန်ဒိုဌာနနဲ့ BBC Global Journalism တို့ ရေးသားပါတယ်။











