ဗင်နီဇွဲလား မှာ အာဏာသိမ်းဖို့ ကြိုးပမ်းမှု အမေရိကန်နိုင်ငံသား ၂ ယောက်ပါဝင်ကြောင်း ဝန်ခံ

ဓာတ်ပုံ ရင်းမြစ်, epa
ဗင်နီဇွဲလား သမ္မတ နီကိုလတ်စ်မဒူရိုကို ဖြုတ်ချပြီး အမေရိကန်နိုင်ငံဆီ ဖမ်းဆီးခေါ်ဆောင်သွားဖို့ ကြံစည်ခဲ့ကြောင်း အမေရိကန်နိုင်ငံသား တယောက်က ဖွင့်ဟဝန်ခံထားတဲ့ ဗီဒီယိုကို ဗင်နီဇွဲလား အစိုးရ ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသခဲ့ပါတယ်။
အခုဖွင့်ဟဝန်ခံတဲ့ လုက်ဒန်မန်ဟာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေရက်တွေအတွင်း ဗင်နီဇွဲလားအစိုးရက ဖမ်းဆီးထားတဲ့ လူ ၁၃ ယောက်ထဲက တယောက် ဖြစ်ပါတယ်။
သူတို့ကို ဗင်နီဇွဲလားအစိုးရက ပြည်ပနိုင်ငံတခုကို ကျူးကျော်ဖို့ ငှားရမ်းစေလွှတ်လိုက်တဲ့ ကြေးစားစစ်သားတွေလို့ ခေါ်ဝေါ်သုံးနှုန်းပါတယ်။
သမ္မတထရမ့်ဟာ ဗင်နီဇွဲလားကို ကျူးကျော်ပြီး သူ့ကို ဖြုတ်ချဖို့ ကြိုးစားနေတယ်လို့ မစ္စတာမဒူရိုက မကြာခဏ ပြောလေ့ရှိပါတယ်။
အခုဖြစ်စဥ်ဟာ အမေရိကန်အစိုးရနဲ့ မပတ်သက်ဘူးလို့ သမ္မတထရမ့်ကတော့ ဒီသီတင်းပတ် စောစောပိုင်းက ငြင်းဆိုသွားပါတယ်။
အဖမ်းခံရတဲ့ အမေရိကန်နိုင်ငံသားတွေ ပြန်လွတ်လာဖို့ ရှိသမျှ နည်းလမ်းမှန်သမျှကို အသုံးပြုသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက ဆိုပါတယ်။
ဗင်နီဇွဲလားအစိုးရ ရုပ်သံကြေညာချက်မှာ အသက် ၃၄ နှစ်အရွယ်ရှိ မစ္စတာဒန်မန်က ကိုလံဘီယာနိုင်ငံတွင်းမှာရှိတဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေကို သင်တန်းပေးဖို့ သူ့ကို ငှားရမ်းခဲ့တာမှန်ကန်ကြောင်း ဗုဒ္ဓဟူးနေ့က ဗင်နီဇွဲလားရုပ်မြင်သံကြားက ထုတ်လွှင့်ပြသတဲ့ ဗွီဒီယိုထဲမှာ ရှင်းလင်းပြောဆိုသွားပါတယ်။
အဲဒီနောက် ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်ကိုသွားပြီး လေဆိပ်တခုကို ထိန်းချုပ်ဖို့ မစ္စတာမဒူရိုကို ဖမ်းဆီးပြီး ပြည်ပခေါ်ဆောင်သွားဖို့ အစီအစဥ်ရှိကြောင်း ပြောဆိုပါတယ်။
မစ္စတာဒန်မန်ဟာ အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတယောက်ဖြစ်ပြီး သူက “ဗင်နီဇွဲလားနိုင်ငံသားတွေ တိုင်းပြည်ကို ပြန်ချုပ်ကိုင်နိုင်အောင် ကူညီနေတာ”လို့ ဗွီဒီယိုထဲမှာ ထုတ်ဖော်ပြောဆိုပါတယ်။
အမေရိကန် စစ်ပြန်တယောက်ဖြစ်ပြီး Silvercorp USA လို့နာမည်ပေးထားတဲ့ ဖလော်ရီဒါ အခြေစိုက်လုံခြုံရေးကုမ္ပဏီတခုကို ဦးဆောင်သူ မစ္စတာဒန်မန်က သူနဲ့ အသက် ၄၁ နှစ်အရွယ်ရှိ အီရန်ဘယ်ရီတို့ကို ဒီစစ်ဆင်ရေးအတွက် ငှားရမ်းခဲ့တာလို့ မစ္စတာဒန်မန်က ဆိုပါတယ်။
ဒီစစ်ဆင်ရေးမှာ ပါဝင်ပတ်သက်တာ မှန်ကန်ကြောင်း ဝန်ခံခဲ့တဲ့ မစ္စတာဂူဒရိုကို ဗင်နီဇွဲလားနိုင်ငံလက် လွှဲအပ်ပေးဖို့ တောင်းဆိုသွားမယ်လို့ ဗင်နီဇွဲလားအစိုးရက ဆိုပါတယ်။
Silvercorp ကုမ္ပဏီဟာ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုင်ဒိုနဲ့ စာချုပ်ချုပ်ဆိုထားတယ်လို့ မစ္စတာမဒူရိုက ဆိုပါတယ်။ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုင်ဒိုဟာ ဗင်နီဇွဲလားရဲ့ တရားဝင်ခေါင်းဆောင်လို့ အမေရိကန်နဲ့ ဥရောပနိုင်ငံအများအပြားက လက်ခံထားသူ ဖြစ်ပါတယ်။
ဒီကျူးကျော်မှုရဲ့ တိုက်ရိုက်ခေါင်းဆောင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပဲလို့ မစ္စတာမဒူရိုက သတင်းစာရှင်းလင်းပွဲတခုမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
မစ္စတာဒန်မန်ရဲ့ ဖွင့်ဟဝန်ခံချက် ဗွီဒီယိုကို ရုပ်မြင်သံကြားက ထုတ်လွှင့်အပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသားတွေဟာ တရားမျှတတဲ့တရားစီရင်မှုကို ရရှိစေမယ်လို့ သမ္မတမဒူရိုက ဆိုပါတယ်။
သူတို့ကို အခုဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကိုတော့ သူက ထုတ်ဖော်မပြောဆိုပါဘူး။ သူတို့ဟာ ရှေ့နေငှားရမ်းတွေ့ဆုံခွင့် ရမရလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။
အဖမ်းဆီးခံအမေရိကန်တွေက ဘယ်သူတွေလဲ
သူတို့အကြောင်းကို များများစားစား မသိရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, getty images
ဗင်နီဇွဲလား စစ်ဘက်ခေါင်းဆောင်တွေကတော့ မစ္စတာဒန်မန်နဲ့ မစ္စတာဘယ်ရီတို့ဟာ အမေရိကန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေလို့ ဆိုနေပါတယ်။ အမေရိကန်မီဒီယာတွေကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းတွေလို့ဆိုပေမယ့် ဒါကိုလည်း ခိုင်ခိုင်မာမာ အတည်မပြုနိုင်ပါဘူး။
သူတို့ ၂ ယောက်အပြင် နောက်ထပ် ၁၁ ယောက်ကိုလည်း ဖမ်းထားတယ်လို့ ဗင်နီဇွဲလားအစိုးရကပြောဆိုပြီး တခြားလက်နက်ကိုင်လူ ၈ ယောက်ကတော့ အာဏာသိမ်းဖို့ကြိုးစားစဥ် အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
မစ္စတာဂွိုင်ဒိုဘာပြောသလဲ
မစ္စတာဂူဒရိုက ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မစ္စတာဂွိုင်ဒိုနဲ့ အရင်က ပူးပေါင်းပတ်သက်မှုတွေ ရှိခဲ့ကြောင်း အကြိမ်ကြိမ် ပြောဆိုပါတယ်။
မစ္စတာဂွိုင်ဒိုကတော့ လုံးဝမပတ်သက်ပါဘူးလို့ တနင်္လာနေ့က ငြင်းဆိုပါတယ်။
အမေရိကန်စစ်ပြန်ဂူဒရိုနဲ့ သူနဲ့ ဘယ်လိုမှ အဆက်အစပ်မရှိသလို သူလုပ်ဆောင်တဲ့ ဘယ်လိုလုပ်ရပ်အတွက်မှ သူ့မှာ တာဝန်မရှိပါဘူးလို့ မစ္စတာဂွိုင်ဒိုကကြေညာချက်တရပ်မှာ ထုတ်ပြန်ပြောဆိုပါတယ်။
သမ္မတမဒူရိုဟာ သောကြာနေ့က လူသေဆုံးတဲ့အထိဖြစ်ခဲ့တဲ့ ထောင်ဆူပူမှု၊ စနေညက ကာရာကတ်စ်မှာ ဖြစ်တဲ့ တိုက်ခိုက်မှုတွေနဲ့ အများပြည်သူကို အမြင်ရှုပ်ထွေးအောင်လုပ်နေတယ်လို့ မစ္စတာဂွိုင်ဒိုက စွပ်စွဲပြောဆိုပါတယ်။










