ဗင်နီဇွဲလား သမ္မတ မဒူရိုကို စစ်တပ်က ဘာ့ကြောင့် ထောက်ခံနေသလဲ။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဗင်နီဇွဲလား သမ္မတ နီကိုလတ် မဒူရိုက ထင်ရာစိုင်းနေတဲ့ လူနည်းစုကို နှိမ်နင်းချေမှုန်းသွားမယ်လို့ ပြောလိုက်ပါတယ်။
ကြားဖြတ်သမ္မတအဖြစ် ကြေညာထားတဲ့ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုင်ဒိုကို သမ္မတ မဒူရိုက နယ်ချဲ့တွေရဲ့ ရုပ်သေးရုပ်လို့ အကြိမ်ကြိမ်ညွှန်းဆိုလေ့ရှိပြီး အတိုက်အခံတွေရဲ့ ဆန္ဒပြပွဲတွေကို တန်ပြန်တဲ့ နယ်ချဲ့ဆန့်ကျင်ရေး ချီတက် ဆန္ဒပြပွဲတွေ လုပ်ဖို့ စနေနေ့တုန်းက ဆော်သြခဲ့ပါတယ်။
အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုင်ဒိုဟာ တရားရုံးချုပ်ရဲ့ ခရီးသွားလာမှုပိတ်ပင်တဲ့အမိန့်ကို အာခံပြီး လက်တင်အမေရိကတိုက်အတွင်းက တခြားနိုင်ငံတွေဆီကို စည်းရုံးဖို့ ထွက်ခွာခဲ့ပါတယ်။ သူ့ကို သမ္မတအဖြစ် ထောက်ခံကြရေး အတွက် စည်းရုံးဖို့ ဖြစ်ပါတယ်။ အဲသလို တရားရုံးချုပ်အမိန့်ကို အာခံတဲ့ နိုင်ငံခြားခရီးက ပြန်လာချိန်မှာ သမ္မတ နီကိုလတ် မဒူရိုက အစိုးရထောက်ခံသူတွေရဲ့ နယ်ချဲ့ဆန့်ကျင်ရေးချီတက်ပွဲပြုလုပ်ဖို့ နှိုးဆော်လိုက်တာဖြစ်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းကို ဖော်ပြနေတဲ့ အထင်ရှားဆုံးလက္ခဏာက ပြည်သူလူထုကြားမှာကို အမြင်ကွဲပြားနေတာကို ကြည့်ရင် သိသာပါတယ်။ အတိုက်အခံကို ထောက်ခံပြီး လက်ရှိသမ္မတ နီကိုလတ် မဒူရိုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ရှိနေသလို တချိန်တည်းမှာပဲ သမ္မတမဒူရိုကို ထောက်ခံကြသူတွေလည်း ရှိနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်တပ်နဲ့ မဒူရို
ဗင်နီဇွဲလားစစ်တပ်ရဲ့ အကြီးအကဲဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ဗလာဒီမီယာ ပတ်ဒရီနို လိုးပက်ဇ်က လက်ရှိသမ္မတ နီကိုလတ်စ် မဒူရိုကို ထောက်ခံတယ်လို့ ကြေညာပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ ဗင်နီဇွဲလားအရေးမှာ ဝင်ပြီး မစွက်ဖက်နဲ့လို့ သတိပေးလိုက်ပါတယ်။
စီးပွားရေးကျဆင်းနေပြီး အတိုက်အခံက ကြားဖြတ်အစိုးရ ကြေညာတာကို ခံထားရတဲ့ သမ္မတ မဒူရိုအစိုးရအတွက် စစ်တပ်ရဲ့ ထောက်ခံချက်က အရေးပါ ပါတယ်။ စစ်တပ်ထောက်ခံမှုနဲ့ သူ့ကိုထောက်ခံတဲ့လူထုကြောင့်သာ သမ္မတ နီကိုလတ်စ် မဒူရိုအနေနဲ့ အခုချိန်အထိ ကြံ့ကြံ့ခံနိုင်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ကာကွယ်ရေးဝန်ကြီး ဗလာဒီမီယာ ပတ်ဒရီနို လိုးပက်ဇ်က သမ္မတမဒူရိုဟာ အရွေးကောက်ခံသမ္မတဖြစ်တဲ့အတွက် ဥပဒေအရ တရားဝင်အုပ်ချုပ်ပိုင်ခွင့်ရှိသူလို့ ဆိုပြီး အတိုက်အခံတွေဟာ အာဏာသိမ်းဖို့ ကြံစည်နေတယ်လို့ ရုပ်မြင်သံကြား ကနေ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ မိန့်ခွန်းထဲထည့်သွင်းပြောကြားခဲ့ပါတယ်။
"ပြည်သူလူထုကို သတိပေးချင်တာက ကျွန်တော်တို့ရဲ့ ဒီမိုကရေစီနဲ့ ကျွန်တော်တို့ရဲ့သမ္မတ နီကိုလတ် မဒူရိုတို့ကို ဆန့်ကျင်ပြီး အာဏာသိမ်းရေးကြံစည်သူတွေရှိနေကြတယ်ဆိုတာပါပဲ။ စစ်သားတွေဖြစ်ကြတဲ့ ကျွန်တော်တို့ဟာ စစ်ပွဲအတွက် မရပ်တည်ဘဲ ငြိမ်းချမ်းရေးအတွက် ရပ်တည်ကြပါမယ်။ ၂၀၀၂ ခုနှစ်တုန်းက အာဏာသိမ်းပွဲကို ကျွန်တော်တို့စိတ်ထဲမှာ မြင်ယောင်နေပါတယ်။ ဒါမျိုးနောက်တခါ ထပ်မြင်ရတော့မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ထင်ခဲ့ပေမယ့် မနေ့ကတော့ ဒါမျိုးထပ်ဖြစ်မယ့် အရိပ်အယောင်တွေကို မြင်ခဲ့ရပါတယ်" လို့ကာကွယ်ရေးဝန်ကြီးကပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အငြင်းပွားမှုရှိတဲ့ရွေးကောက်ပွဲ
၂၀၁၈ ခုနှစ်မေလ ၂၀ ရက်မှာ ဗင်နီဇွဲလားရွေးကောက်ပွဲပြုလုပ်ခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ နီကိုလတ် မဒူရိုကို ဒုတိယ ၆ နှစ်သက်တမ်းအတွက် သမ္မတအဖြစ် အရွေးကောက်ခံရကြောင်း ကြေညာခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံရဲ့ ဒီမိုကရေစီနည်းနဲ့ ပြုလုပ်တဲ့ ရွေးကောက်ပွဲတွေအနက်မှာ မဲလာပေးသူ အနည်းဆုံး ရွေးကောက်ပွဲပါ။
ဗင်နီဇွဲလားနိုင်ငံ ရွေးကောက်ပွဲဟာ ဆိုရှယ်လစ် အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းပြီး ပါတီပေါင်းစုံဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုထားတဲ့ စနစ်ဖြစ်ပါတယ်။
ရွေးကောက်ပွဲကို မူလက ၂၀၁၈ ခုနှစ်ဒီဇင်ဘာလမှာ လုပ်ဖို့ လျာထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဧပြီလ ၂၂ ရက်မှာစောလုပ်ဖို့ကြေညာခဲ့ပါတယ်။ နောက်တခါ မေလ ၂၀ ရက်ကို တခါနောက်ဆုတ်ရွှေ့ပြောင်းပြန်ပါတယ်။ ဒီလိုထူးခြားတဲ့ အပြုအမူတွေ ကြောင့် ရွေးကောက်ပွဲအပေါ် သံသယဝင်တာတွေရှိခဲ့ပါတယ်။
ရွေးကောက်ပွဲရလဒ်ကို အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ လီမာအုပ်ဝင်နိုင်ငံတွေက ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံ၊ရုရှား၊ တောင်အာဖရိက၊ ကျူးဘား၊ အီရန်၊ အီဂျစ်၊ ဆီးရီးယား၊ တူရကီနဲ့ တခြားနိုင်ငံတချို့ကတော့ အသိအမှတ်ပြုလက်ခံခဲ့ပါတယ်။
ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုရှိလာပြီး မကြာမီမှာပဲ လွှတ်တော်ဥက္ကဋ္ဌလည်း ဖြစ်ပြီး အတိုက်အခံခေါင်းဆောင်လည်း ဖြစ်တဲ့ ဟွမ်ဂွိုင်ဒိုက ကြားဖြတ်အစိုးရရဲ့ သမ္မတအဖြစ်ကြေညာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက ချက်ချင်း လိုလိုပဲ အသိအမှတ်ပြုကြောင်း ထုတ်ဖော်ကြေညာခဲ့ပါတယ်။ နောက်ထပ် အနောက်နိုင်ငံတချို့နဲ့ လက်တင်အမေရိကန် နိုင်ငံတချို့ကလည်း ကြားဖြတ်သမ္မတ ဟွမ်ဂွိုင်ဒိုကို ထောက်ခံခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မဒူရိုကို စစ်တပ်က ဘာ့ကြောင့်ထောက်ခံသလဲ
စစ်တပ်ရဲ့ အကြီးအကဲဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ဗလာဒီမီယာ ပတ်ဒရီနို လိုးပက်ဇ်ဟာ သမ္မတ နီကိုလတ် မဒူရိုက ရွေးချယ်တင်မြှောက်ထားသူပါ။
ဗင်နီဇွဲလားစစ်တပ်ဟာ ကွယ်လွန်သူ သမ္မတဟောင်း ဟူးဂိုးချားဗတ်ဇ်နဲ့ သူ့ရဲ့ လက်ဝဲအတွေးအခေါ်ကို ထောက်ခံသူတွေဖြစ်ပါတယ်။ သမ္မတနီကိုလတ် မဒူရိုဟာ ဟူးဂိုးချားဗတ်ဇ်က ရွေးချယ်လျာထားခဲ့တဲ့ သူ့နေရာဆက်ခံသူပါ။
သမ္မတဟောင်း ဟူးဂိုးချားဗတ်ဇ်ဟာ လက်တင်အမေရိကခေါင်းဆောင် ဆိုင်မွန်ဘိုလီးဗီးယားရဲ့ အတွေးအခေါ်နဲ့ ကွန်မြူနစ်ဝါဒ၊ ထရော်စကီဆိုရှယ်လစ် ဝါဒတွေကို တိမ်းညွှတ်ယုံကြည်သူဖြစ်ပါတယ်။ သူဟာ ငယ်စဉ်က ဆင်းရဲပြီး မူလတန်းကျောင်းကို ဖိနပ်မပါဘဲ ကျောင်းတက်ခဲ့ရသူဖြစ်ပါတယ်။ သူ့အဖွားလုပ်ပေးတဲ့ သကြားလုံးကပ်စေးနှဲကို ရောင်းရင်း ကျောင်းတက်ခဲ့ရသူပါ။ သူဟာ ဆင်းရဲသားတွေကိုစာနာသူဖြစ်ပြီး ဗင်နီဇွဲလားကို လက်ဝဲတိုင်းပြည်အဖြစ် ထူထောင်လိုသူဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟူးဂိုးချားဗတ်ဇ်ဟာ စစ်တပ်ထဲဝင်ပြီး စစ်ဗိုလ်ဖြစ်လာချိန်မှာ အာဏာသိမ်းဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ အဖမ်းခံလိုက်ရပါတယ်။ ဟူးဂိုး ချားဗတ်ဇ်ဟာ စစ်တပ်အပေါ်မှာ သြဇာရှိသူတယောက်ပါ။ အဲဒီတုန်းက အစိုးရကို လူထုက ဆန့်ကျင်တဲ့အချိန် ဖြစ်တဲ့အတွက် အာဏာသိမ်းဖို့ကြိုးစားတဲ့ ဟူးဂိုးချားဗတ်ဇ်ဟာ ချက်ချင်းနာမည်ကြီးလာပြီး ထောင်ကလွတ်လာချိန်မှာ ရွေးကောက်ပွဲဝင် အနိုင်ရခဲ့ပါတယ်။ အမေရိကန်က ဒေါ်လာသန်းချီပြီး ထောက်ခံ အားပေးထားတဲ့ ပြိုင်ဘက်သမ္မတလောင်း ဗင်နီဇွဲလားမယ်စကြာဝဠာဘွဲ့ရှင် အီရင်းနေး ဆာအက်ဇ် ကွန်ဒါကို အနိုင်ရခဲ့ပါတယ်။
ဟူးဂိုးချားဗတ်ဇ်ဟာ ရေနံလုပ်ငန်းကို အစိုးရကချုပ်ကိုင်ခဲ့ပါတယ်။ အမေရိကန် အစိုးရရဲ့ သမ္မတအဆက်ဆက်ကိုလည်း အမြဲဝေဖန်သူတယောက်ဖြစ်ခဲ့ပါတယ်။
၂၀၀၂ ခုနှစ်မှာ သမ္မတ ဟူးဂိုးချားဗတ်ဇ်ကို ဖမ်းဆီးပြီး အာဏာသိမ်းဖို့ကြိုးစားတဲ့ ဖြစ်စဉ်တခုဖြစ်ပွားခဲ့ပါတယ်။ ၄၇ နာရီကြာ အဖမ်းခံရပြီးနောက် ချားဗတ်ဇ် ပြန်လွတ်လာပြီး အာဏာသိမ်းပွဲရှုံးနိမ့်သွားခဲ့ပါတယ်။ ဟူးဂိုးချားဗတ်ဇ်က အဲဒီအာဏာသိမ်းပွဲကို အမေရိကန်က ကြံစည်အားပေးခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ အမေရိကန်က သူ့ကို လုပ်ကြံဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်လို့လည်း စွပ်စွဲလေ့ရှိပါတယ်။
ဗင်နီဇွဲလား စစ်တပ်ဟာ ဟူးဂိုးချားဗတ်ဇ်ကို ထောက်ခံပြီး အမေရိကန်ဆန့်ကျင်တဲ့ အစဉ်အလာရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရေနံနဲ့ ဗင်နီဇွဲလား စီးပွားရေး
ဗင်နီဇွဲလားဟာ ကမ္ဘာမှာ ရေနံသယံဇာတ အပေါများဆုံးနိုင်ငံဖြစ်ပါတယ်။ ဆော်ဒီအာရေဗီးယားထက်တောင် ရေနံပမာဏပိုများပြီး ရေနံတင်ပို့နိုင်ငံများအဖွဲ့ (OPEC) ကထုတ်လုပ်တဲ့စုစုပေါင်း ရေနံပမာဏရဲ့ လေးပုံတပုံကို ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။ OPEC ကိုစတင်တည်ထောင်တဲ့ နိုင်ငံတွေထဲက တနိုင်ငံလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဗင်နီဇွဲလားဟာ အမေရိကန်ကို အမြဲလိုလိုဝေဖန်နေတဲ့ အတွက် သေနင်္ဂဗျူဟာကျတဲ့ရန်သူနိုင်ငံတနိုင်ငံဖြစ်နေပါတယ်။
အမေရိကန်က ဗင်နီဇွဲလားကို စီးပွားရေးအရ ပိတ်ဆို့မှုတွေ လုပ်ထားပါတယ်။ ပိတ်ဆို့အရေးယူမှုတွေဟာ အုပ်ချုပ်သူတွေကို ရည်ရွယ်ပစ်မှတ်ထားတယ်ဆိုပေမယ့် ဗင်နီဇွဲလားရဲ့ ရေနံလုပ်ငန်းနဲ့ ဘဏ္ဍာရေးတွေကိုပါ ပိတ်ဆို့ထားပြီး တိုင်းပြည်ရဲ့ စီးပွားရေး တခုလုံးကို ထိခိုက်စေပါတယ်။ အမေရိကန်ကပစ်မှတ်ထား ပိတ်ဆို့တဲ့အထဲမှာ ဗင်နီဇွဲလား ဗဟိုဘဏ်နဲ့ ဗင်နီဇွဲလားအစိုးရရေနံကုမ္ပဏီ (PdVSA) တို့ပါဝင်ကြပါတယ်။ ၂၀၁၈ ခုနိုဝင်ဘာလမှာ အင်္ဂလန်ဘဏ်က ဗင်နီဇွဲလား ဗဟိုဘဏ်ရဲ့ ရွှေ ၁၄ တန်ကို ထုတ်ယူခွင့်မပြုဘဲ ဆိုင်းငံ့ပိတ်ဆို့ထားလိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သမ္မတနီကိုလတ် မဒူရိုလက်ထက်မှာ စီးပွားရေးအကျပ်အတည်းကြောင့် တိုင်းပြည်ကနေ ထွက်ပြေးရွှေ့ပြောင်းသူတွေရှိလာပါတယ်။ အစားအသောက်တချို့ ပြတ်တောက်ရှားပါးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ သမ္မတဟောင်း ဟူးဂိုးချားဗတ်ဇ်ကို ထောက်ခံသူတွေကတောင် သမ္မတ မဒူရိုရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းလို့ စီးပွားရေး အကျပ်အတည်းတွေပေါ်ပေါက်လာတယ်ဆိုပြီး ဝေဖန်မှုတွေနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အခုအခါမှာ မစ္စတာမဒူရို အာဏာစွန့်လွှတ်လာဖို့အတွက် အမေရိကန်က ပိတ်ဆို့အရေးယူမှု အသစ်တွေထပ်လုပ်ပြီး ဖိအားတိုးပေးဖို့ စဉ်းစားနေတယ်လို့ဆိုပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ မစ်ချဲ ဘက်ချလက်ကတော့ သမ္မတ မဒူရိုဟာ ဗင်နီဇွဲလားပြည်သူတွေရဲ့ နိုင်ငံသားအခွင့်အရေး၊ နိုင်ငံရေး အခွင့်အရေးတွေကို ချိုးဖောက်နေတာမှန်ပေမယ့် ဗင်နီဇွဲလားကို ပိတ်ဆို့အရေးယူမှုတွေဟာ ဗင်နီဇွဲလားရဲ့ စီးပွားရေး အကျပ်အတည်းနဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို မပြေလည်စေဘဲ ပိုဆိုးလာအောင် လုပ်သလို ဖြစ်လိမ့်မယ်လို့ သတိပေးထားပါတယ်။








