ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၅,၂၀၀ ကျော်၊ မြန်မာ့ရွှေစျေး သိန်း ၁၁၀ နီးပါးကပ်လာ

C 3 5 5 4 1 တံဆိပ် ရိုက်နှိပ်ထားပြီး ၉၉၉.၉ သန့်စင်ရွှေ ၁၀၀ ဂရမ်လို့ ရေးထားတဲ့ တောက်တောက်ပပ ရွှေချောင်း

ဓာတ်ပုံ ရင်းမြစ်, Hiba Kola/Reuters

    • ရေးသားသူ, ပီတာ ဟော့စ်ကင်း
    • ရေးသားသူ, အဒမ် ဟမ်းကွတ်
    • ရာထူးတာဝန်, စီးပွားရေးသတင်းထောက်

ကမ္ဘာ့ရွှေစျေး တစ်အောင်စဟာ အခုဆို ပထမဆုံးအချိန်အနေနဲ့ အမေရိကန်ဒေါ်လာ ၅၂၀၀ အထက်ကို ရောက်လာပါတယ်။ တဖက်မှာလည်း ဒါဟာ ၂၀၂၅ ခုနှစ်မှာ ၆၀ ရာခိုင်နှုန်းအထိ ထိုးတက်ခဲ့တဲ့ရွှေစျေးရဲ့ နောက်တစ်ဆင့် စျေးတစ်ဆစ်ချိုး ဖြစ်လာပါတယ်။

အမေရိကန်နဲ့ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး)တို့ကြား ဂရင်းလန်းအတွက် တင်းမာမှုကြောင့် ဘဏ္ဍာရေးနဲ့ ပထဝီနိုင်ငံရေး မရေရာမှုတွေဖြစ်နေချိန်မှာ အခုလို စျေးတက်မှု ထွက်လာတာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ် မူဝါဒတွေဟာ ရွှေစျေးကွက်တွေကို မျက်ခုံးလှုပ်စေခဲ့တာဖြစ်ပါတယ်။ စနေနေ့တုန်းကတော့ တရုတ်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်လုပ်ရင် ကုန်သွယ်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မယ်လို့ ကနေဒါကို ခြိမ်းခြောက်ပါတယ်။

ရွှေနဲ့ တခြားအဖိုးတန်သတ္တုတွေဟာ မရေရာမှုတွေကြုံနေရချိန်မှာ စီးပွားဥစ္စာကို ဆုပ်ဆုပ်ကိုင်ကိုင်ဖြစ်နိုင်ဖို့ရာ စုဆောင်းကြတဲ့ပစ္စည်းတွေဖြစ်ပါတယ်။

သောကြာနေ့တုန်းကတော့ ငွေသတ္တုတန်ဖိုးဟာ အခုတစ်ခေါက်မှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၀၀ အထိ စျေးမြောက်သွားပါတယ်။ ဒါကြောင့် ငွေသတ္တုစျေးဟာလည်း ပြီးခဲ့တဲ့လကထက်စာရင် စျေးဟာ ၁ ဆခွဲနီးပါးအထိ စျေးမြောက်သွားပါတယ်။

ရွှေနဲ့ ငွေသတ္တုလို အဖိုးတန်သတ္တုတွေ စျေးတက်ရတဲ့အကြောင်းရင်းစုံရှိပါတယ်။ အဲဒီထဲမှာ ငွေကြေးစျေးနှုန်းဟာ ပုံမှန်ထက်မြင့်တာ၊ ကမ္ဘာတလွှားက ဘဏ်တွေရဲ့ ဒေါ်လာဝယ်နှုန်း လျော့လာတာနဲ့ ဒေါ်လာစျေးတန်ဖိုးကျလာတာအပြင် အမေရိကန်ဗဟိုဘဏ်က ဒီနှစ်မှာ အတိုးနှုန်းလျှော့ချဖို့ရှိနေတာတွေကလည်း အကြောင်းရင်းတွေဖြစ်ပါတယ်။

ယူကရိန်းနဲ့ ဂါဇာက စစ်ပွဲတွေ၊ ရေနံပေါကြွယ်ဝတဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့သမ္မတ နီကိုလာ့စ် မာဒူရို ကို အမေရိကန်က ဝင်ရောက်ဖမ်းဆီးတာတွေကလည်း ရွှေစျေးနှုန်း တက်လာဖို့ အကြောင်းဖန်စေပါတယ်။

ရွှေကို မျက်စိကျကြတဲ့အကြောင်းရင်း နောက်တစ်ချက်ကတော့ လိုတိုင်းမရ ရှားပါးတာကြောင့်ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေကောင်စီရဲ့အပြောအရ တူးဖော်တဲ့ ရွှေတန်ချိန်ဟာ ၂၁၆,၂၆၅ တန် အထိပဲရှိပါတယ်။

ဒီပမာဏဟာ အိုလံပစ်အားကစားပြိုင်ပွဲမှာ သုံးတဲ့ ရေကူးကန် သုံးကန် လေးကန်စာကို ဖြည့်နိုင်တဲ့ပမာဏဖြစ်ပါတယ်။ မိုင်းတွင်းနည်းပညာ တိုးတက်လာတာနဲ့ ရွှေကြောတွေကို တွေ့တာတွေကြောင့် ဒီရွှေတွေ အများစုကို ၁၉၅၀ ကတည်းက စပြီး တူးဖော်လာတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ကတည်းက မြင့်တက်လာတဲ့ ရွှေစျေးနှုန်းပြတဲ့ဇယား၊ အဲဒီတုန်းက ရွှေတစ်အောင်စကို ၁,၈၄၄ ဒေါ်လာဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်မှာ ဒေါ်လာ ၅,၀၉၇ အထိရောက်နေတာကို ပြသနေပါတယ်။
ဓာတ်ပုံ ပုံစာ, ၂၀၂၂ ကနေ ၂၀၂၆ ခုနှစ်အတွင်း ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ စျေးနှုန်းတက်တဲ့နှုန်းဖြစ်ပါတယ်

လာမယ့်နှစ်တွေအတွင်း ရွှေထွက်နှုန်း နည်းသွားနိုင်တယ်လို့ ပြောကြပေမဲ့ အမေရိကန် ဘူမိ လေ့လာရေးအဖွဲ့ (The US Geological Survey) ကတော့ မြေအောက်ရွှေကြောတွေကနေ နောက်ထပ် ထုတ်ယူနိုင်တဲ့ ရွှေတန်ချိန် ၆၄,၀၀၀ အထိရှိသေးတယ်လို့ ဆိုပါတယ်။

''ရွှေပိုင်တာက စျေးကျသွားနိုင်တဲ့ ငွေတိုက်စာချုပ်ကို ကိုင်ထားတာ ဒါမှမဟုတ် အလားအလာကောင်းမှ အမြတ်တွေ့ရမယ့် ကုမ္ပဏီကို ပိုင်ထားတာနဲ့တော့ မတူဘူးလေ'' လို့ ABC Refinery မှာ ကမ္ဘာ့စျေးကွက်ဆိုင်ရာ ခေါင်းဆောင် နီကိုလပ်စ် ဖရာပဲလ်က ပြောပါတယ်။

''မရေရာမှုတွေနဲ့ပြည့်နေတဲ့ကမ္ဘာကြီးမှာ ရွှေက ကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံမှုကို လှည့်ကြည့်ဖို့ကောင်းတဲ့အရာပါပဲ''

'အလုအယက် ဝယ်လာကြတဲ့ရွှေ'

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရွှေဟာ ၂၀၂၅ ခုနှစ်မှာ စံချိန်တင်စျေးတက်တာကို မြင်ခဲ့ရပါတယ်။ ဒါဟာ ရွှေစု ရင်းနှီးမြှုပ်နှံကြဖို့ ဦးလှည့်လာကြတဲ့ ၁၉၇၉ ခုနှစ်ကတည်းကဆိုရင် အမြင့်ဆုံးစျေးတက်နှုန်းဖြစ်ခဲ့ပါတယ်။

ထရမ့်ရဲ့အခွန်တိုးကောက်တာနဲ့ တိုးကောက်မယ်ဆိုတဲ့ခြိမ်းခြောက်မှုတွေကြောင့် ငွေကြေးစျေးကွက် ထိတ်ထိတ်လန့်လန့်ဖြစ်ကြချိန်မှာ ရွှေဟာ စံချိန်တင်စျေးကို အကြိမ်ကြိမ်ချိုးနေတာဖြစ်ပါတယ်။

လူချမ်းသာတွေ ရင်းနှီးမြှုပ်နှံမှုလုပ်နိုင်တဲ့ ပလက်ဖောင်း Wealth Club ရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဦးဆောင်ဗျူဟာသမား ဆူဇန်နာ စထရီတာကတော့ ရွှေဟာ လက်ရှိနိုင်ငံရေး မရေရာမှုတွေကြားမှာ ''တန်ဖိုးအပိုင်း အကန့်အသတ်မဲ့နေတဲ့အရာ ဖြစ်နေဟန်တူပါတယ်'' လို့ ပြောပါတယ်။

''ရွှေဘက်ကို စုဆောင်းဖို့ လူတွေ ယိမ်းလာတာဟာ ရွှေစျေးတက်လာစေတဲ့အကြောင်းရင်းပါပဲ'' လို့ သူက ပြောပါတယ်။

ကနေဒါကို အခွန်တိုးကောက်မယ်လို့ ထရမ့် ခြိမ်းခြောက်ထားတာကြောင့် ကုန်သွယ်မှုတင်းမာမှုဖြစ်လာမှာကို ရင်းနှီးမြှုပ်နှံသူတွေက မျက်ခုံးလှုပ်ကြတယ်လို့လည်း သူက ပြောပါတယ်။

စီးပွားရေးကို စိုးရိမ်ချက်တွေဟာ ရွှေစျေးကို မြင့်တက်စေဖို့ အကြောင်းဖန်စေပေမဲ့ အတိုးနှုန်းလျှော့ချတာကို ရင်းနှီးမြှုပ်နှံသူတွေက ကြိုတွက်မိကြရင်လည်း ရွှေစျေးကို အတက်ပြစေပါတယ်။

အတိုးနှုန်းလျှော့ချလိုက်တာဟာ ငွေတိုက်စာချုပ်ဝယ်ထားတဲ့သူတွေဆိုရင် ရတဲ့အတိုးနှုန်း နည်းသွားတာဖြစ်လို့ ရင်းနှီးမြှုပ်နှံသူတွေဟာ ရွှေနဲ့ ငွေဘက်ကို ပိုင်ဆိုင်မှု လှည့်ကြပါတယ်။

အမေရိကန်ဗဟိုဘဏ်ဟာ အခုနှစ်မှာ အတိုးနှုန်းကို လျှော့ချမှု ၂ ကြိမ်လောက် လုပ်နိုင်ခြေရှိတယ်လို့ မှန်းထားကြပါတယ်။

''အစိုးရငွေတိုက်စာချုပ်တွေမှာ ရင်းနှီးထားလို့ သုံးထားရတဲ့ငွေကြေးဟာ ဆက်ထားလို့ မကောင်းတော့ဘူးဆိုပြီး မြင်လာကြမယ်။ ဒါကြောင့် လူတွေက ရွှေကို အလုအယက် ဝယ်လာကြတာ'' လို့ ပက်ပါစတုန်းက သုတေသနဗျူဟာသမား အာမက် အဆီရီက ပြောပါတယ်။

မြန်မာ့ရွှေ သိန်း ၁၁၀ နားကပ်လာ

ကမ္ဘာ့ရွှေဈေးနဲ့အတူ စျေးနှုန်းတက်လေ့ရှိတဲ့ မြန်မာ့ရွှေစျေးဟာ အခုဆိုရင် အခေါက်ရွှေ တစ်ကျပ်သားကို သိန်း ၁၁၀ နီးပါးအထိ ရောက်လာပါတယ်။

ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၅,၀၀၀ ရောက်ချိန်မှာ မြန်မာ့ရွှေ သိန်း ၁၀၀ အထိ ထိုးတက်သွားခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ ၂၈ ရက်၊ မနက်ပိုင်းမှာ ပြင်ပ‌ပေါက်စျေး ၁၆ ပဲရည် တစ်ကျပ်သားကို ၁၀,၈၅၀,၀၀၀ သိန်း(တစ်ရာ့ရှစ်သိန်းငါးသောင်း) ကျပ် စျေးဖွင့်ထားတယ်လို့ ရွှေစျေးကွက်အသိုင်းအဝိုင်းဆီက သိရှိရပါတယ်။

ဒါက တစ်ပတ်အတွင်းမှာ ကျပ်သိန်း ၁၁၀ ဝန်းကျင်အထိ စျေးပေါက်လာတာဖြစ်ပါတယ်။

ဇန်နဝါရီ ၂၇ ရက် ည‌နေပိုင်းက မြန်မာ့ရွှေ တစ်ကျပ်သားကို ၁၀,၆၅၀,၀၀၀ ဈေးပိတ်ခဲ့တဲ့အတွက် တစ်ရက်အတွင်း ကျပ် ၂ သိန်းတက်သွားတာ ဖြစ်ပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းရွှေစျေးကွက်မှာတော့ ဇန်နဝါရီ ၂၈ ရက် မနက် အဖွင့်ဈေးက ၁ ဘတ် (၁၅ ဂရမ်)ကို ၇၆,၁၀၀ ဘတ်နဲ့ဖွင့်ခဲ့ပြီး မနေ့က အပိတ်ဈေးထက် ဘတ် ၁,၃၀၀ တက်သွားတာပါ။

ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်း မိနစ်ပိုင်းအတွင်း ထိုင်းရွှေဈေးလည်း တရိပ်ရိပ်တက်နေပြီး ဈေးဖွင့်ပြီး တစ်နာရီအတွင်း ဘတ် ၈၀၀ (ပြင်ပ ငွေလဲပေါက်စျေး မြန်မာငွေ ကျပ် ၁ သိန်းကျော်ခန့်) ဈေးထပ်တက်လာပါတယ်။

လက်ရှိရွှေဈေးဟာ ကမ္ဘာ့ရွှေဈေးနဲ့ဆက်စပ်ပြီး မြန်မာရော ထိုင်းမှာပါ စံချိန်တင်မြင့်တက်လာတာဖြစ်ပါတယ်။

ရွှေဆိုင်မှာ ခင်းကျင်းပြထားတဲ့ ရွှေကို ရွေးနေကြတဲ့ ဆာရီဝတ် အမျိုးသမီး ၂ ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရွှေကို စုကြတာ ရင်းနှီးမြှုပ်နှံသူတွေတင် မဟုတ်ပါဘူး။

ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် ဗဟိုဘဏ်တွေဟာ ရွှေတန်ချိန် ရာချီိကို အရန်အဖြစ် ဝယ်ယူခဲ့ကြတယ်လို့ ကမ္ဘာ့ရွှေကောင်စီက ပြောပါတယ်။

''ဒေါ်လာဘက်ထက် ရွှေဘက်ကို ပိုခြေလှမ်းလာကြတယ်။ ဘာလို့ဆို အမြတ်အစွန်းက ရွှေမှာ မြင်သာတာကိုး'' လို့ ကာဗာလစ်က ပြောပါတယ်။

နှစ်စမှာ ရွှေစျေး ဆက်တိုက် အတက်ပြနေပေမဲ့ သတင်းတွေကြောင့်လည်း အတက်ပြတာမျိုး ဖြစ်နိုင်လို့ ရွှေစျေးကျကိုလည်း ကြိုတင်မျှော်လင့်ထားဖို့ လိုတယ်လို့ ဖရာပဲလ်က ပြောပါတယ်။

''ကမ္ဘာအတွက် အကောင်းဘက်ကို ဆောင်တဲ့သတင်းတွေ မမျှော်လင့်ပဲ ထွက်လာတဲ့အခါ ဒါ ကမ္ဘာ့ကောင်းခြင်းလို့ ပြောလို့ရပေမဲ့ ရွှေအတွက်တော့ အကောင်းဘက် မရောက်ဖြစ်သွားတာမျိုး ရှိနိုင်တယ်'' လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ရင်းနှီးမြှုပ်နှံရုံ သက်သက်နဲ့တော့ ရွှေ ဝယ်ကြတာတင်မဟုတ်ပါဘူး။

ရွှေကို အလှအပနဲ့ မင်္ဂလာ အခမ်းအနားတွေအတွက် ရှိတန်ဆာ မရှိဝမ်းစာအဖြစ် ဝယ်ယူဆင်မြန်း စုဆောင်းကြတာတွေလည်း ရှိပါတယ်။

အိန္ဒိယမှာဆိုရင် ရွှေဟာ ကံကောင်းခြင်းနဲ့ ကြွယ်ဝခြင်းကိုဆောင်ကျဉ်းတယ်လို့ မှတ်ယူတာကြောင့် နှစ်စဉ်ကျင်းပနေကျ ဒီပါဝလီပွဲတော်ကာလမှာ ရွှေကို ဝယ်ယူနှုန်းမြင့်ပါတယ်။

အမေရိကန် ရင်းနှီးမြှုပ်နှံမှုဘဏ် မော်ဂန်စတန်လေက အိန္ဒိယ GDP ကို အခြေခံ တွက်ချက်မှုအရဆိုရင် အိန္ဒိယ အိမ်ထောင်စုတွေမှာ ရောက်နေတဲ့ ရွှေတန်ချိန်ဟာ ၃.၈ တန်နီးပါးရှိတယ်လို့ ဆိုပါတယ်။

အိန္ဒိယနဲ့ မြန်မာရဲ့ အိမ်နီးချင်း တရုတ်ကတော့ ရွှေစျေးကွက်မှာ ကမ္ဘာမှာ အကြီးမားဆုံးဖောက်သည်ဖြစ်ပါတယ်။ အနာဂတ်အတွက် ရွှေစုကြတာဖြစ်ပါတယ်။

''တရုတ်နှစ်သစ်ကူးကာလ ပတ်ဝန်းကျင်မှာ ရွှေဝယ်လိုအား မြင့်တယ်လေ။ ဒါကြောင့်လည်း အခု ရက်ပိုင်းတွေမှာ ရက်ဆက် စျေးမြင့်တာတွေ မြင်နေရတာပေါ့'' လို့ ကာဗာလစ်က ပြောပါတယ်။ တရုတ်နှစ်သစ်ကူး မြင်းနှစ်ဟာ ဖေဖော်ဝါရီလမှာ စတင်မှာဖြစ်ပါတယ်။