စနစ်ကျတဲ့ ဖက်ဒရယ်အာဏာပိုင်အဖြစ် ပြောင်းလဲဖို့ NUG နဲ့ တော်လှန်ရေးအင်အားစုတွေ FSC ဖွဲ့စည်းမယ်

စနစ်ကျတဲ့ ဖက်ဒရယ်အာဏာပိုင်အဖြစ် ပြောင်းလဲဖို့ NUG နဲ့ တော်လှန်ရေးအင်အားစုတွေပေါင်းပြီး FSC ဖွဲ့စည်းမယ်ဆိုတဲ့သတင်းအပါအဝင် ဇန်နဝါရီ ၂၈ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • စနစ်ကျတဲ့ ဖက်ဒရယ်အာဏာပိုင်အဖြစ်ကို ပြောင်းလဲဖော်ဆောင်ဖို့ဆိုပြီး ဖက်ဒရယ် ဦးဆောင်ကောင်စီ The Federal Steering Council (FSC)ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ တော်လှန်ရေးဦးဆောင်အဖွဲ့တွေ ပူးပေါင်း အကောင်အထည်ဖော်နေပြီလို့ ဘီဘီစီက သိရှိရပါတယ်။
  • စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အဲဒီလုပ်ငန်းတွေကို ဝန်ဆောင်မှုပေးတဲ့ အကောင့်ပေါင်း ၂၇၀ ဖေ့ဘွတ်ခ်ကနေ ဖယ်ရှားခံလိုက်ရပါတယ်။
  • ကမ္ဘာ့ရွှေဈေးနဲ့ဆက်စပ်ပြီး မြန်မာရော ထိုင်းမှာပါ စံချိန်တင်မြင့်တက်လာကာ မြန်မာ့ရွှေဈေး သိန်း ၁၁၀ နား ကပ်လာ
  • NLD အစိုးရလက်ထက်မှာ ကျန်းမာရေးဝန်ကြီးတာဝန်ယူခဲ့သူ ဒေါက်တာမြင့်ထွေးရဲ့ စျာပနကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီနေ့ မနက်ပိုင်း ပြုလုပ်
  • အရေပြားရောဂါကူးစက်မှု မြင့်တက်နေတဲ့ ရှားတောမြို့နယ်၊ စစ်ရှောင်စခန်းက ကလေး၊ လူကြီးအရွယ်စုံအတွက် ဆေးဝါးအရေးပေါ်လိုအပ်
  • ၂၀၂၆ ခုနှစ် အလှည့်ကျ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်အနေနဲ့ မြန်မာစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြု ငြင်းပယ်ဖို့ တိုက်တွန်းတယ်လို့ အာဆီယံပါလီမန်အမတ်များအဖွဲ့-APHR က ထုတ်ပြန်
  • တောင်ကိုရီးယားသမ္မတကတော်ဟောင်း တံစိုးလက်ဆောင်ယူမှုနဲ့ ထောင်ဒဏ် လပေါင်း ၂၀ ချမှတ်ခံရ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇန်နဝါရီ ၂၈ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ဖလူးတိုက်ပွဲ၊ စစ်တပ်လေကြောင်းဗုံးက ထိုင်းနယ်စပ်အနီးကျရောက်

    ထိုင်း - မြန်မာနယ်စပ်အနီး လေကြောင်းဗုံးကျ

    ဓာတ်ပုံ ရင်းမြစ်, ทันเหตุการณ์ ทุกมุมโลก

    ဓာတ်ပုံ ပုံစာ, ထိုင်း - မြန်မာနယ်စပ်အနီး လေကြောင်းဗုံးကျ

    ထိုင်း - မြန်မာနယ်စပ်အနီးကို မြန်မာစစ်တပ်ရဲ့ တိုက်လေယာဥ်က ဗုံးကြဲခဲ့လို့ ထိုင်းဘက်ခြမ်း မဲဆောက်မြို့ နဲ့ နယ်စပ်တစ်လျှောက်မှာ ဗုံးဒဏ်ပြင်းအားကို သိသိသာသာ ခံစားခဲ့ရတယ်လို့ ထိုင်းဒေသတွင်း မီဒီယာတချို့ကဖော်ပြပါတယ်။

    တော်လှန်ရေးတပ်ဖွဲ့တွေရှိတယ်လို့ ယူဆတဲ့ ဖလူးကျေးရွာတွေဘက်ကို စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ‌မြေပြင်သတင်းရင်းမြစ်က ‌ပြောပါတယ်။

    '' ထိုင်းဘက်ခြမ်းကို မကျဘူး။ ဒါ‌ပေမဲ့ နယ်စပ်တစ်လျှောက်က အသံအကျယ်ကြီးကြားရတယ်။ မဲဆောက်ဘက်မှာ တုန်ပါတုန်တယ်။ ပေါက်ကွဲသံတွေကို ထိုင်းနိုင်ငံဘက်ခြမ်းက ဒေသခံတွေသိကြတဲ့အထိဖြစ်ခဲ့တာ'' လို့ မြေပြင်သတင်းရင်းမြစ်က ‌ဆိုပါတယ်။

    လက်ရှိအချိန်အထိ ထိခိုက်ဒဏ်ရာရသူ ရှိ မရှိ ကိုမသိရသေးပါဘူး။

    လက်ရှိမှာ ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်ခြမ်း ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနဲ့ PDF တပ်တွေထိန်းချုပ်ထားတဲ့ မင်းလက်ပံနှင့်ဖလူးကျေးရွာဘက်ကို စစ်ကော်မရှင်တပ်တွေက စစ်ကြောင်းထိုးနေပြီး ဒီကနေ့ မနက်ပိုင်း အထိ တိုက်ပွဲတွေပြင်းထန်နေတယ်လို့မြေပြင်စစ်ရေးရင်းမြစ်ကပြောပါတယ်။

    စစ်တပ်က လေကြောင်းပစ်ကူပစ်ခတ်မှုအပြင် လေးကေ့ကော်၊ ရသေ့ဂူနဲ့ စွယ်တော်ကုန်းအနီးတဝိုက်မှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်မှုရှိခဲ့တယ်လို့ ကရင်သတင်းဌာန ကေအိုင်စီကဖော်ပြထားပါတယ်။

    မြဝတီတောင်ပိုင်းဒေသ တကျော့ပြန်တိုက်ပွဲများကြောင့် အင်းကြင်းမြိုင်၊ မင်းလက်ပံ၊ ဖလူး၊ ဖလူးလေး၊ လေးကေကော်၊ ထီးမယ်ဝါးခီး၊ ရ‌သေ့ဂူအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းရှိ ဒေသခံ ၅,၀၀၀ ကျော် စစ်ရှောင်နေရတယ်လို့ ကေအိုင်စီက ရေးသားထားပါတယ်။

  3. သတင်းထူး, ဗြိတိန်ဝန်ကြီးချုပ်ကို တရုတ်က ကော်ဇောနီခင်း ခရီးဦးကြို

    ဇန်နဝါရီ ၂၈ ရက်မှာ ဘေကျင်းမြို့ကို ရောက်လာတဲ့ ဗြိတိန်ဝန်ကြီးချုပ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဇန်နဝါရီ ၂၈ ရက်မှာ ဘေကျင်းမြို့ကို ရောက်လာတဲ့ ဗြိတိန်ဝန်ကြီးချုပ်

    ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတားမာဟာ ၃ ရက်ကြာ အလည်အပတ်ခရီးစဥ်အဖြစ် တရုတ်နိုင်ငံကို ခြေချပြီဖြစ်ပါတယ်။

    သူဟာ ၈ နှစ်နီးပါးအတွင်း တရုတ်ကို ပထမဆုံးရောက်တဲ့ ဗြိတိန်ဝန်ကြီးချုပ်လည်း ဖြစ်လာပါတယ်။

    ဗြိတိန်စီးပွားရေးသမားတွေနဲ့ ယဥ်ကျေးမှုဆိုင်ရာခေါင်းဆောင် အယောက် ၆၀ နီးပါးတဲ့အတူ တရုတ်ကို ခရီးထွက်လာတဲ့ စတားမာဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးဖို့ရှိနေပါတယ်။​

    ဘေကျင်းမြို့ကိုအလာ လေယာဥ်ပေါ်မှာတုန်းကတော့ ဝန်ကြီးချုပ်က အခုတစ်ခေါက် သူ့ရဲ့တရုတ်ခရီးစဥ်ဟာ ဗြိတိန်လူထုအတွက် အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ ပြောသလို တရုတ်နဲ့ပတ်သက်ပြီး ဘက်စုံလွှမ်းခြုံတဲ့ချဥ်းကပ်မှုတစ်ခု ရှိချင်တဲ့အကြောင်း ပြောထားပါတယ်။​

    တရုတ်ရဲ့ လူ့ခွင့်အရေးပြဿနာတွေနဲ့ပတ်သက်ပြီး စတားမာက ''ကျွန်တော်က ပြောစရာရှိရင် ထုတ်ပြောလေ့ရှိသူပါ'' လို့ ပြောပါတယ်။​ ဒါပေမဲ့ ဘယ်လို အကြောင်းအရာတွေလဲ ဆိုတာမျိုးတော့ သူက တိတိပပ မပြောပါဘူး။

    တစ်ချိန်တည်းမှာပဲ ဗြိန်လွှတ်တော် ထောက်လှမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌကတော့ တရုတ်ကြောင့်ဖြစ်နိုင်ခြေရှိတဲ့လုံခြုံရေးခြိမ်းခြောက်မှုကို ဗြိတိန်အနေနဲ့ သတိ မလပ်သင့်ဘူးလို့ ပြောထားပါတယ်။

  4. မြန်မာရွှေ့ပြောင်းတွေအရေးလုပ်တဲ့ NGO တွေကို နှိမ်နင်းရေးလုပ်မယ်ဆိုပြီး ထိုင်းပါတီ မဲဆွယ်

    ပါတီပြောခွင့်ရသူ ရှာဝါလက် ဗီယန်ဗီဆက်ကိုယ်တိုင် ပြောထားတဲ့ မဲဆွယ်ရုပ်သံကို ပါတီက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ လွန်ခဲ့တဲ့ ၇ နာရီခန့်က တင်ခဲ့တာဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, screengrab

    ဓာတ်ပုံ ပုံစာ, ပါတီပြောခွင့်ရသူ ရှာဝါလက် ဗီယန်ဗီဆက်ကိုယ်တိုင် ပြောထားတဲ့ မဲဆွယ်ရုပ်သံကို ပါတီက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ လွန်ခဲ့တဲ့ ၇ နာရီခန့်က တင်ခဲ့တာဖြစ်ပါတယ်

    ထိုင်းရဲ့အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် မြန်မာရွှေပြောင်းလုပ်သားတွေ အရေးဆောင်ရွက်တဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း(NGO) တွေ ထူထောင်တာကို နှိမ်နင်းရေး လုပ်ဆောင်မယ်လို့ဆိုပြီး ထိုင်းပါတီငယ်တစ်ခုက သူတို့ရဲ့ လူမှုကွန်ရက်ကနေ မဲဆွယ်ရုပ်သံ တင်ပါတယ်။

    မဲဆွယ်တဲ့ရုပ်သံကို ထုတ်ပြန်ခဲ့တဲ့ ထိုင်းပတ်ဒီး(Thai Pak Dee Party)က မဲဆွယ်ရုပ်သံကိုသူတို့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ပြီးခဲ့တဲ့ ၇ နာရီကျော်ခန့်က တင်ခဲ့တာဖြစ်ပါတယ်။​

    မြန်မာတွေဟာ တရုတ်နဲ့ အိန္ဒိယကို သွားမယ့်အစား ဘာလို့ ထိုင်းကိုပဲ လာနေကြတာလဲလို့ ဆိုပြီး ပါတီပြောခွင့်ရသူ ကိုယ်တိုင်ပြောထားတဲ့ အဲဒီရုပ်သံမှာ မေးခွန်းထုတ်ပါတယ်။​

    ထိုင်းဟာ NGO တွေနဲ့ ပတ်သက်လာရင် လုပ်ထုံးလုပ်နည်းလျော့ရဲနေတာကြောင့် NGO အဖွဲ့အစည်းတွေဟာ ပြည်ပရန်ပုံငွေတွေနဲ့ လူ့အခွင့်အရေးကိစ္စကို ရှေ့တင်ပြီး ရွှေ့ပြောင်းလုပ်သားတွေနဲ့ ဒုက္ခသည်တွေကို လွယ်လွယ်လက်ခံဖို့ ထိုင်းအစိုးရကို ဖိအားပေးနေတယ်လို့လည်း သူက ပြောပါတယ်။​

    နောက်ပြီး မြန်မာနိုင်ငံသားတွေက ဖောင်ဒေးရှင်းတွေ ထူထောင်နေတာကလည်း အနာဂတ်မှာ ထိုင်းနိုင်ငံသားတွေဟာ ဒုတိယနေရာကို ရောက်သွားစေတဲ့အမျိုးသားလုံခြုံရေးစိုးရိမ်စရာ စိမ့်၀င်ထိုးဖောက်မှုလို့လည်း ပါတီပြောခွင့်ရသူက သူ့ရဲ့ ရုပ်သံထဲမှာ ထည့်ပြောပါတယ်။​

    ထိုင်းနိုင်ငံရေးသမားတချို့နဲ့ ပညာတတ်ကွန်ရက်အချို့ဟာ အစိုးရအဖွဲ့အစည်းတွေအောက်ကနေတဆင့် ရွှေ့ပြောင်းလုပ်သားတွေရဲ့ လွှမ်းမိုးမှုတွေကို ထောက်ခံနေတယ်လို့လည်း သူက စွပ်စွဲပေမဲ့ ဘယ်သူဘယ်ဝါရယ်လို့ နာမည်တပ် မပြောသွားပါဘူး။

    ဒီအချက်တွေကြောင့် အမျိုးသားအကျိုးစီးပွားနဲ့ အချုပ်အခြာကို ကာကွယ်ဖို့ NGO တွေနဲ့ လာဘ်စားမှုကို နှိမ်နင်းရေးတွေလုပ်ဖို့ လွှတ်တော်က တဆင့် ကြိုးပမ်းသွားမယ်လို့ဆိုပြီး ပါတီက မဲဆွယ်ပါတယ်။

    ဘန်ကောက်အခြေစိုက် ထိုင်းသတင်းထောက်ဦးကတော့ အခုပါတီဟာ လက်ယာယိမ်းအမျိုးသားရေးပါတီငယ်တစ်ခုဖြစ်ပြီး ရွေးကောက်ပွဲဝင်ကြမယ့် ပါတီကြီးတော်တော်များများဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်အရေးကို အာရုံစိုက် မဲဆွယ်နေချိန်မှာ ဒီပါတီငယ်က ရွှေ့ပြောင်းအရေးကို အမျိုးသားရေးသဖွယ် မဲဆွယ်တာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။​

  5. တောင်ကိုရီးယားသမ္မတဟောင်းကတော် ထောင်ဒဏ် ၁ နှစ် ၈ လ ချမှတ်ခံရ

    သြဂုတ်လတုန်းက မြင်တွေ့ရတဲ့ သမ္မတဟောင်းရဲ့ကတော် ကင်ကွန်ဟီ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သြဂုတ်လတုန်းက မြင်တွေ့ရတဲ့ သမ္မတဟောင်းရဲ့ကတော် ကင်ကွန်ဟီ

    တောင်ကိုရီးယားသမ္မတဟောင်းရဲ့ကတော် ကင်ကွန်ဟီဟာ သမ္မတကတော်ဖြစ်ချိန်တုန်းက တံစိုးလက်ဆောင် ယူခဲ့တယ်ဆိုတာ ထင်ရှားတယ်လို့ဆိုပြီး တရားရုံးက ဆုံးဖြတ်ခဲ့တာကြောင့် ထောင်ဒဏ် ၁ နှစ်နဲ့ ၈ လ ချမှတ်ခံလိုက်ရပါတယ်။

    ကင်ကွန်ဟီဟာ အငြင်းပွားဖွယ် ပြန်လည်ပေါင်းစည်းရေးအသင်းတော်ထံကနေ လာဘ်ယူခဲ့တယ်လို့ ဆိုးလ်မြို့တရားရုံးက ဒီနေ့ ဆုံးဖြတ်ခဲ့တာပါ။

    ဒါပေမဲ့ အသက် ၅၂ နှစ်အရွယ် သမ္မတဟောင်းကတော်ဟာ စတော့စျေးနှုန်းကို ကြိုးကိုင်ချယ်လှယ်တယ်ဆိုတဲ့စွပ်စွဲချက်၊ နောက်ပြီး သူ့ခင်ပွန်း သမ္မတဟောင်း ယွန်းဆွတ်ယို အနိုင်ရရှိခဲ့တဲ့ ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေးပွဲစားထံကနေ အမြင်သဘောထားစစ်တမ်းကို အခမဲ့ယူခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေကိုတော့ တရားရုံးက ပယ်ချပေးခဲ့ပါတယ်။​

    သူ့ခင်ပွန်း သမ္မတဟောင်း ယွန်းဆွတ်ယိုကတော့ အာဏာအလွဲသုံးမှု၊ ၂၀၂၄ ခုနှစ်တုန်းက သူထုတ်ပြန်ခဲ့တဲ့ မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေးအမိန့်နဲ့ဆက်နွှယ်ပြီး တရားရေးကို ဟန့်တားမှု စတဲ့ အချက်တွေနဲ့ ထောင် ၅ နှစ်ချမှတ်ခံထားရပါတယ်။​

    ဒါဟာ တောင်ကိုရီးယားနိုင်ငံသမိုင်းမှာ သမ္မတဟောင်းရော၊ သမ္မတကတော်ဟောင်းပါ တစ်ချိန်တည်းမှာ ထောင်ဒဏ်ချမှတ်ခံရမှု ပထမဆုံးဖြစ်ရပ်ဖြစ်လာပါတယ်။

  6. အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်အနေနဲ့ မြန်မာရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဖို့ APHR တိုက်တွန်း

    အာဆီယံပါလီမန်အဖွဲ့ဝင်များနဲ့ ဥရောပအဖွဲ့ ( ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, APHR

    ဓာတ်ပုံ ပုံစာ, အာဆီယံပါလီမန်အဖွဲ့ဝင်များနဲ့ ဥရောပအဖွဲ့ ( ပုံဟောင်း)

    ၂၀၂၆ ခုနှစ် အလှည့်ကျ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင် အနေနဲ့ မြန်မာစစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုငြင်းပယ်ဖို့ တိုက်တွန်းတယ်လို့ အာဆီယံပါလီမန်အမတ်များအဖွဲ့-APHR က ထုတ်ပြန်ပြောဆိုပါတယ်။

    ဒါအပြင် စစ်ကော်မရှင်ဦးဆောင်တဲ့ ရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက် နောက်ခံပြုပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)က အနိုင်ရထားတယ်ဆိုတဲ့ ပြောဆိုချက်တွေထွက်လာတာကြောင့် အဲဒီလို ရလဒ်ကိုလည်း ကန့်ကွက်ရှုတ်ချတယ်လို့ APHR က ထည့်ပြောထားပါတယ်။

    ဒေသတွင်းက ဥပဒေပြုအမတ်များအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာအစိုးရတွေက မြန်မာစစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ အဲဒီက တဆင့်ဖွဲ့စည်းမယ့် ဘယ်လိုအဖွဲ့ကိုမဆို လူသိရှင်ကြား ငြင်းပယ်ရမယ်လို့ ဆိုပါတယ်။

    ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ဟာ သူတို့စီစဥ်တဲ့ ရွေးကောက်ပွဲကို ဖိနှိပ်မှု၊ အဓိကအတိုက်အခံတွေကို ချန်လှပ်မှုနဲ့ အကြမ်းဖက်မှုတွေအောက်မှာ ပြုလုပ်ခဲ့တာလို့လည်း ထည့်ပြောထားပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဓိကအတိုက်အခံပါတီရဲ့ ခေါင်းဆောင်တွေက အကျဥ်းကျခံရဆဲဖြစ်တာကြောင့် ဒီရွေးကောက်ပွဲကို လွတ်လပ်၊ တရားမျှတ ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲလို့ မယူဆနိုင်ကြောင်းလည်း ဆိုပါတယ်။

    ဒါအပြင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ အရပ်သားတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခွင့်အရေးနဲ့ ကာကွယ်စောင့်ရှောက်မှုကို သေချာစေဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်သူတွေကို တာဝန်ခံစေဖို့ လိုတယ်လို့ APHR က တောင်းဆိုထားပါတယ်။

    စစ်ကော်မရှင်နဲ့ စစ်ခေါင်းဆောင်ကတော့ အဓိကအတိုက်အခံတွေကိုဖယ်ထားတဲ့ရွေးကောက်ပွဲဆိုတာကို လက်မခံကြောင်းနဲ့ အားလုံးတန်းတူပါဝင်ခွင့်ပေးထားတယ်လို့ တုံ့ပြန်လေ့ရှိပါတယ်။ ဒါအပြင် နိုင်ငံတကာကလက်မခံတာကို နားမလည်ဘဲ ပြည်သူလူထုထောက်ခံမဲပေးမှုက အဓိကလို့ပြောထားပါတယ်။

  7. မြန်မာစစ်တပ်ကို လေယာဉ်ဆီတိုက်ရိုက်ပို့နေတဲ့ အီရန်သင်္ဘောတွေ

    Amnesty International အပြောအရ မြန်မာကို လေယာဉ်ဆီတင်ပို့တဲ့ သင်္ဘောတစ်စင်းကို ဇန်နဝါရီ ၉ ရက် ၂၀၁၅ ခုနှစ်မှာ မြင်တွေ့ရတဲ့ ဂြိုဟ်တု ဓာတ်ပုံလို့ ဆိုပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Amnesty International

    နိုင်ငံတကာရဲ့ပိတ်ဆို့မှုခံထားရတဲ့ အီရန်နိုင်ငံက လေယာဉ်လောင်စာဆီတင်သင်္ဘောတွေ ရေဒါဖျောက်ပြီး ရန်ကုန်၊ သီလဝါဆိပ်ကမ်းကို ရောက်လာခဲ့တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ထုတ်ပြောပါတယ်။

    AI အဖွဲ့က "တစ္ဆေသင်္ဘောတွေ" လို့ သုံးနှုန်းတဲ့ အီရန်က သင်္ဘောလေးစင်းဟာ ၂၀၂၄ ခုနှစ် နှစ်လယ်ကနေ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ လေယာဉ်လောင်စာဆီ ၉ ကြောင်းကို ရန်ကုန်မြို့က သီလဝါဆိပ်ကမ်းကို တင်ပို့ခဲ့တယ်လို့ဆိုပါတယ်။

    AI အဖွဲ့ က ရရှိထားတဲ့အချက်အလက်တွေ၊ ဂြိုဟ်တုဓာတ်ပုံတွေကို စိစစ်မှုတွေအရ မြန်မာစစ်ကော်မရှင်ဟာ လေယာဉ်ဆီရဖို့ နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေကို ကျော်လွှားပြီး ဒီ "တစ္ဆေသင်္ဘောတွေ" ကို မှီခိုနေရတယ်လို့ ဆိုပါတယ်။

    "ဒီတင်ပို့မှု တစ်ခုချင်းစီက လူထုကို ဒုက္ခဖြစ်စေမှာပါ။ ပြည်သူတွေကို ကာကွယ်ဖို့ စစ်တပ်အတွက် လောင်စာဆီဖြတ်တောက်ရေးက အရေးတကြီးလိုအပ်နေပြီ" လို့ Amnesty International ရဲ့ ဒေသတွင်းသုတေသနဆိုင်ရာ ဒါရိုက်တာ မွန်စီဖာရာက ဘီဘီစီကို ပြောပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။

  8. စစ်ကော်မရှင်နဲ့ ပါကစ္စတန်တို့ နိုင်ငံရေးနဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဖို့ ခြေလှမ်း

    ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါးနဲ့ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ

    ဓာတ်ပုံ ရင်းမြစ်, MFA Myanmar

    ဓာတ်ပုံ ပုံစာ, ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါးနဲ့ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ

    မြန်မာစစ်ကော်မရှင်နဲ့ ပါကစ္စတန်တို့ဟာ နိုင်ငံရေးနဲ့ စွမ်းအင်ကဏ္ဍတို့မှာ ပူးပေါင်းဆောင်ရွက်တာတွေလုပ်ဖို့ အခုရက်ပိုင်းတွေအတွင်း ဆက်တိုက်တွေ့ဆုံဆွေးနွေးနေပါတယ်။

    ပါကစ္စတန်ကို ၄ ရက်ကြာခရီးရောက်နေတဲ့ စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေရဲ့ ခရီးစဉ်အတွင်း မြန်မာနဲ့ ပါကစ္စတန် နှစ်ဖက်ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ဖို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။

    နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါးနဲ့ ဇန်နဝါရီ ၂၇ ရက်မှာ တွေ့ဆုံပါတယ်။

    စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီ ၂၇ ရက်ထုတ်ပြန်ချက်အရ ဝန်ကြီးတွေဟာ နှစ်နိုင်ငံအနေနဲ့ စွမ်းအင်ကဏ္ဍအပါအဝင် နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမယ့်ကဏ္ဍတွေမှာ ပူးပေါင်းမယ်လို့ ပြောထားပါတယ်။

    စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုကဏ္ဍတွေမှာ လည်း ပူးပေါင်းဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

    ဒါအပြင် အာဆီယံ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာစာမျက်နှာတွေမှာလည်း နှစ်နိုင်ငံအကြား ပူး‌ပေါင်းဆောင်ရွက်မှုတိုးမြှင့်မယ်လို့ ပြောထားပါတယ်။

    ဒီတွေ့ဆုံမှုမတိုင်ခင် ဇန်နဝါရီ ၂၆ ရက်တုန်းကလည်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက ဝန်ကြီးဌာနနှစ်ခုအကြား မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲ တည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသေးတယ်။

    အဲဒီတွေ့ဆုံမှုမှာလည်း ကုလသမဂ္ဂ၊ အာဆီယံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၊ အာဆီယံ ဒေသဆိုင်ရာဖိုရမ် (ARF) တို့ အပါအဝင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေမှာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။

    ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ဆက်ဆံပုံနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့တဲ့ ပါကစ္စတန်နဲ့ မြန်မာစစ်ကော်မရှင်တို့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆက်ဆံရေး တန်းခဲ့ကြပေမဲ့ အခုတော့ နှစ်နိုင်ငံ ဆက်ဆံရေး ရင်းနှီးဖို့ နေပြည်တော်ရဲ့ အားထုတ်မှုလို့ မြင်နိုင်ပါတယ်။

  9. ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၅,၂၀၀ ကျော်၊ မြန်မာ့ရွှေစျေး သိန်း ၁၁၀ နီးပါးကပ်လာ

    ဇန်နဝါရီလ ၂၆ ရက် ရန်ကုန်မြို့က ရွှေဆိုင်တစ်ဆိုင်မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဇန်နဝါရီလ ၂၆ ရက် ရန်ကုန်မြို့က ရွှေဆိုင်တစ်ဆိုင်မြင်ကွင်း

    ကမ္ဘာ့ရွှေစျေး တစ်အောင်စဟာ အခုဆို ပထမဆုံးအချိန်အနေနဲ့ အမေရိကန်ဒေါ်လာ ၅၂၀၀ အထက်ကို ရောက်လာပါတယ်။ တဖက်မှာလည်း ဒါဟာ ၂၀၂၅ ခုနှစ်မှာ ၆၀ ရာခိုင်နှုန်းအထိ ထိုးတက်ခဲ့တဲ့ရွှေစျေးရဲ့ နောက်တစ်ဆင့် စျေးတစ်ဆစ်ချိုး ဖြစ်လာပါတယ်။

    အမေရိကန်နဲ့ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး)တို့ကြား ဂရင်းလန်းအတွက် တင်းမာမှုကြောင့် ဘဏ္ဍာရေးနဲ့ ပထဝီနိုင်ငံရေး မရေရာမှုတွေဖြစ်နေချိန်မှာ အခုလို စျေးတက်လာတာဖြစ်ပါတယ်။

    ကမ္ဘာ့ရွှေစျေးနဲ့အတူ မြန်မာ့ရွှေစျေးဟာလည်း တရိပ်ရိပ်တက်လာနေပြီး ဇန်နဝါရီ ၂၈ ရက်မှာ မြန်မာ အခေါက်ရွှေ တစ်ကျပ်သားကို သိန်း ၁၁၀ နားအထိရောက်မယ်လို့ ပြည်တွင်း ရွှေလုပ်ငန်းရှင်တွေက ခန့်မှန်းပါတယ်။

    ရွှေနဲ့ ငွေသတ္တုလို အဖိုးတန်သတ္တုတွေ စျေးတက်ရတဲ့အကြောင်းရင်းစုံရှိပါတယ်။ အဲဒီထဲမှာ ငွေကြေးစျေးနှုန်းဟာ ပုံမှန်ထက်မြင့်တာ၊ ကမ္ဘာတလွှားက ဘဏ်တွေရဲ့ ဒေါ်လာဝယ်နှုန်း လျှော့လာတာနဲ့ ဒေါ်လာစျေးတန်ဖိုးကျလာတာအပြင် အမေရိကန်ဗဟိုဘဏ်က ဒီနှစ်မှာ အတိုးနှုန်းလျှော့ချဖို့ရှိနေတာတွေကလည်း အကြောင်းရင်းတွေဖြစ်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  10. ရှားတောမြို့နယ်ထဲက စစ်ရှောင်စခန်းအချို့မှာ အရေပြားရောဂါကူးစက်မှု မြင့်တက်နေတယ်လို့ဆို, ဆေးဝါးအကူအညီအ‌ရေးပေါ်လိုအပ်နေ

    အရေပြားရောဂါကူးစက်ခံထားရတဲ့ ကရင်နီပြည်နယ်ထဲက ရှားတောမြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းက ကလေးငယ်တစ်ဦး

    ဓာတ်ပုံ ရင်းမြစ်, CTER-Karenni

    ဓာတ်ပုံ ပုံစာ, အရေပြားရောဂါကူးစက်ခံထားရတဲ့ ကရင်နီပြည်နယ်ထဲက ရှားတောမြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းက ကလေးငယ်တစ်ဦး

    ကယား (ကရင်နီ) ပြည်နယ်ထဲက ရှားတောမြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းက ကလေး၊ လူကြီးအရွယ်စုံမှာ အရေပြားရောဂါကူးစက်မှု မြင့်တက်နေတယ်လို့ ကရင်နီအရေးပေါ် ကယ်ဆယ်ရေးညှိနှိုင်းရေးအဖွဲ့ (CTER-Karenni) အဖွဲ့က ထုတ်ပြန်ပါတယ်။

    အဖွဲ့ကထုတ်ပြန်တဲ့ဓာတ်ပုံတွေအရ မျက်နှာအပါအဝင် တကိုယ်လုံးကူးစက်တဲ့အခြေအနေတွေ တွေ့ရတာပါ။

    ရေ၊ ဆေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရာသီဥတုနဲ့ စစ်ရှောင်ထူထပ်မှု အခြေအနေကြောင့် ပြည်နယ်တွင်း ကူးစက်ရောဂါ ပြန့်ပွားမှု မြန်နေရတာလို့ ကရင်နီစစ်ရှောင်ကူညီနေသူတစ်ဦးက အကြောင်းရင်းကို ပြောပြပါတယ်။

    “အရေပြားရောဂါအပြင် ရာသီတုပ်ကွေး၊ ပါးချိတ်ရောင်ရောဂါတွေ ကူးစက်ပြန့်ပွားနေတာပါဗျ” လို့ သူက ပြောပါတယ်။

    ဒီလိုအ‌ရေပြားပြဿနာတွေကို တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ဆောင်ဖို့ ခက်ခဲတဲ့ ဒုက္ခသည်စခန်းတွေမှာ တွေ့ရများပြီး အနာကထွက်တဲ့ အရည်ကတဆင့် ကူးစက်တာလို့ ကျန်းမာရေးအသိုင်းအဝိုင်းက ပြောပါတယ်။

    “ကာဘောလိပ်လို ဆပ်ပြာသုံးတာ၊ scabicide လို လိမ်းဆေးတွေ သုံးရမယ်” လို့ ဆရာဝန်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ခံထားရတာ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ ကန့်သတ်ခံထားရတာကြောင့် အရေးပေါ်လိုနေတဲ့ အရေပြားရောဂါကုသဆေးလည်း စစ်ရှောင်စခန်းတွေမှာ ပြတ်လပ်နေတယ်လို့ သိရပါတယ်။

  11. NLD အစိုးရ ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာမြင့်ထွေး စျာပနကို ဘန်ကောက်မြို့မှာ ပြုလုပ်

    ဘန်ကောက်မြို့မှာ ဇန်နဝါရီလ ၂၈ ရက်မနက်ပိုင်းမှာ မြင်တွေ့ရတဲ့ ဒေါက်တာမြင့်ထွေး စျာပန

    ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်မှာ ကျန်းမာရေးဝန်ကြီးတာဝန်ယူခဲ့သူ ဒေါက်တာမြင့်ထွေးရဲ့ စျာပနကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီနေ့ မနက်ပိုင်း ပြုလုပ်နေပါတယ်။

    ဒေါက်တာမြင့်ထွေးဟာ ဘန်ကောက်မြို့မှာ ဇန်နဝါရီလ ၂၆ ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်ပြီး အဆုတ်ကင်ဆာရောဂါအတွက် ကုသမှုခံယူရင်း ရုတ်တရက်ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

    ဒေါက်တာမြင့်ထွေးရဲ့စျာပနကို ဒီနေ့ စတင်ပြုလုပ်နေပြီး သက်ပျောက်ဆွမ်းကပ်အလှူလည်း ပြုလုပ်ခဲ့ပါတယ်
    ဓာတ်ပုံ ပုံစာ, ဒေါက်တာမြင့်ထွေးရဲ့စျာပနကို ဒီနေ့ စတင်ပြုလုပ်နေပြီး သက်ပျောက်ဆွမ်းကပ်အလှူလည်း ပြုလုပ်ခဲ့ပါတယ်

    ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာ မြင့်ထွေးဟာ ပြည်သူ့ကျန်းမာရေးကဏ္ဍမှာထင်ရှားတဲ့ ဆေးပညာရှင်တစ်ဦးဖြစ်ပါတယ်။

    ကမ္ဘာ့ထိပ်တန်း ဂျွန်ဟော့ကင်းတက္ကသိုလ်ထွက်ဆရာဝန်တစ်ဦးဖြစ်သလို အဲဒီတက္ကသိုလ်ထွက် ထူးချွန်သူတွေကိုပေးအပ်တဲ့ Distinguished Alumni Award ကို ရရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းပညာရှင်လည်းဖြစ်တယ်လို့ ဆေးပညာအသိုင်းအဝိုင်းက သိရှိရပါတယ်။

    ဘန်ကောက်မြို့က ဒေါက်တာမြင့်ထွေး စျာပနကျင်းပရာ ကျောင်းတိုက်
    ဓာတ်ပုံ ပုံစာ, ဘန်ကောက်မြို့က ဒေါက်တာမြင့်ထွေး စျာပနကျင်းပရာ ကျောင်းတိုက်
    ထိုင်းနိုင်ငံ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ဒေါက်တာ မြင့်ထွေး စျာပနကို လွမ်းသူ့ပန်းခွေ ပို့ခဲ့ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, ပေးပို့

    ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ဒေါက်တာ မြင့်ထွေး စျာပနကို လွမ်းသူ့ပန်းခွေ ပို့ခဲ့ပါတယ်

    အာဏာမသိမ်းခင် ပထမနဲ့ ဒုတိယ ကိုဗစ်ကာလ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေရဲ့ စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး လူထုရဲ့ မှတ်ချက်ပေးချီးကျူးမှုကို ခံရသူတစ်ဦးဖြစ်ပါတယ်။

    ပြည်သူ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အပိုင်းမှာ ထူးချွန်ပြီး အလုပ်ကြိုးစားသူဖြစ်ကြောင်း မှတ်ချက်ပြုခံခဲ့ရတဲ့ ဒေါက်တာမြင့်ထွေးဟာ ၁၉၇၆ခုနှစ်မှ ၁၉၉၄ မတိုင်မီအထိ ကျန်းမာရေးဝန်ကြီးဌာနမှာ ၁၈ နှစ်ကြာ ဝန်ထမ်းဘဝနဲ့ တာဝန်ထမ်းခဲ့ပါတယ်။

    ဒါအပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO) အရှေ့တောင်အာရှရုံးရဲ့ ဒေသဆိုင်ရာအကြံပေးအဖြစ် ၁၉၉၄ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ၁၇ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

  12. ကမ္ဘာ၊ မြန်မာနဲ့ ထိုင်း ရွှေဈေးတဟုန်ထိုးမြင့်တက်

    ရွှေလက်ကောက်တွေ ကိုင်ထားတဲ့ လက်ကို အနီးကပ်ရိုက်ထားတဲ့ပုံ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရွှေဆိုင်တစ်ခု မြင်ကွင်း

    ကမ္ဘာ့ရွှေဈေးတစ်အောင်စကို အမေရိကန်ဒေါ်လာ ၅၂၂၃.၆ ထိ စျေးရောက်လာချိန်မှာမြန်မာရွှေဈေးက ဇန်နဝါရီ ၂၈ ရက်၊ မနက်ပိုင်းမှာ ပြင်ပ‌ပေါက်စျေး ၁၆ ပဲရည် တစ်ကျပ်သားကို ၁၀,၈၅၀,၀၀၀ သိန်း(တစ်ရာ့ရှစ်သိန်းငါးသောင်း)ကျပ် စျေးဖွင့်ထားတယ်လို့ ရွှေစျေးကွက်အသိုင်းအဝိုင်းဆီက သိရှိရပါတယ်။

    ဒါက တစ်ပတ်အတွင်းမှာ ကျပ်သိန်း ၁၁၀ နားကပ်စျေးရောက်လာတာဖြစ်ပါတယ်။

    မနေ့ည‌နေပိုင်းက မြန်မာ့ရွှေ တစ်ကျပ်သားကို ၁၀,၆၅၀,၀၀၀ ဈေးပိတ်ခဲ့တဲ့အတွက် တစ်ရက်အတွင်း ကျပ် ၂ သိန်းတက်သွားတာ ဖြစ်ပါတယ်။

    ထိုင်းရွှေစျေးကွက်မှာတော့ ဒီမနက်အဖွင့်ဈေးက ၁ ဘတ်(၁၅ ဂရမ်)ကို ၇၆,၁၀၀ ဘတ်နဲ့ဖွင့်ခဲ့ပြီး မနေ့က အပိတ်ဈေးထက် ဘတ် ၁,၃၀၀ တက်သွားတာပါ။

    ဒီကနေ့ မနက်ပိုင်း မိနစ်ပိုင်းအတွင်း ထိုင်းရွှေဈေးလည်း တရိပ်ရိပ်တက်နေပြီး ဈေးဖွင့်ပြီး တစ်နာရီအတွင်း ဘတ် ၈၀၀ ဈေးထပ်တက်လာပါတယ်။

    လက်ရှိရွှေဈေးဟာ ကမ္ဘာ့ရွှေဈေးနဲ့ဆက်စပ်ပြီး မြန်မာရော ထိုင်းမှာပါ စံချိန်တင်မြင့်တက်လာတာ ဖြစ်ပါတယ်။

  13. မြန်မာစစ်တပ်ရဲ့ စီးပွားရေးနဲ့ ဝါဒဖြန့်ချိရေး အကောင့်ပေါင်း ၂၇၀ ကို ဖေ့ဘွတ်ခ် ဖယ်ရှား

    ဖေ့ဘွတ်ခ်က ဖယ်ရှားခံရတဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းအကောင့်တွေလို့ JFM က ထုတ်ပြန်

    ဓာတ်ပုံ ရင်းမြစ်, Justice For Myanmar

    ဓာတ်ပုံ ပုံစာ, ဖေ့ဘွတ်ခ်က ဖယ်ရှားခံရတဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းအကောင့်တွေလို့ JFM က ထုတ်ပြန်

    မြန်မာစစ်တပ်ပိုင် ဖုန်းကွန်ရက် MECtel၊ အင်းဝဘဏ်၊ မြဝတီဘဏ်၊ မြန်မာဘီယာနဲ့ ဒဂုန်ဘီယာအမှတ်တံဆိပ်တွေလို စစ်တပ်စီးပွားရေးနဲ့ဆက်နွှယ်တဲ့အကောင့်ပေါင်း ၂၇၀ ကို ဖေ့ဘွတ်ခ်ပေါ်ကနေ ဖယ်ရှားခံလိုက်ရတယ်လို့ သိရပါတယ်။

    ဖယ်ရှားခံရတဲ့အကောင့်တွေဟာ မြန်မာစစ်တပ်ရဲ့ စီးပွားရေးနဲ့ ဝါဒဖြန့်ချိရေးဆက်နွှယ်နေတဲ့အကောင့်တွေဖြစ်တယ်လို့ မြန်မာစစ်တပ်လှုပ်ရှားမှုကို စောင့်ကြည့်တဲ့ Justice for Myanmar အဖွဲ့က ပြောပါတယ်။

    ဒါဟာ စစ်တပ်ထိန်းချုပ် စီးပွားရေးလုပ်ငန်းတွေနဲ့ မီဒီယာတွေကို ပိတ်ပင်တဲ့ ဖေ့ဘုတ်ခ် မိခင်ကုမ္ပဏီ မက်တာရဲ့ မူဝါဒအောက်ကနေ လုပ်ဆောင်ခဲ့တာလို့လည်း JFM က ပြောပါတယ်။

    ဖယ်ရှားခံလိုက်ရတဲ့အကောင့်တွေထဲမှာ မြန်မာ စစ်တပ်ထိန်းချုပ် စတားဟိုက်လုပ်ငန်းနဲ့ ဗီယက်နမ်စစ်တပ်တို့ရဲ့အကျိုးတူစီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဆက်သွယ်ရေးလုပ်ငန်း မိုင်တဲလ် ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ရောင်းချနေတဲ့အကောင့်တွေ၊ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးတွေဖြစ်တဲ့ မြန်မာ့စီးပွားရေးလုပ်ငန်း(MEC)နဲ့ ဦးပိုင်လီမိတက်(MEHL)တို့ရဲ့ ကုမ္ပဏီခွဲတွေနဲ့ လုပ်ငန်းအမှတ်တံဆိပ်၊ ဆက်စပ်အကောင့်တွေဖြစ်တယ်လို့လည်း JFM အဖွဲ့က ပြောပါတယ်။

    အပိတ်ခံလိုက်ရတဲ့ တပ်စီးပွားရေးလုပ်ငန်းတွေထဲမှာ စစ်တပ်တက္ကသိုလ်တွေရှိရာ ပြင်ဦးလွင်က နန်းမြိုင် ကော်ဖီ လုပ်ငန်း၊ ရန်ကုန်မြို့မှာ တည်ရှိတဲ့ Sky Diving လုပ်ငန်းနဲ့ ဆက်စပ်အကောင့်တွေလည်း ပါဝင်တယ်လို့ JFM က ပြောပါတယ်။

    နောက်ပြီး စစ်တပ်ဝါဒဖြန့်အကောင့်တွေဖြစ်တဲ့ a Light for Justice 3၊ News Service Station နဲ့ Myanmar Information Community တို့ကိုလည်း ဖေ့ဘွတ်ခ် ပလက်ဖောင်းကနေ ဖယ်ရှားခံရတယ်လို့ ဆိုပါတယ်။

    စစ်တပ်နဲ့ဆက်စပ်အကောင့်တွေကို ပြီးခဲ့တဲ့ရက်တွေအတွင်း ပေးပို့တိုင်ကြားခဲ့အပြီးမှာ အခုလိုအကောင့် ပိတ်ပင်တာ ထွက်လာတာလို့လည်း ဆိုပါတယ်။

    JFM အဖွဲ့ကတော့ မြန်မာစစ်တပ် စီးပွားရေးလုပ်ငန်းတွေနဲ့ ဝါဒဖြန့်ချိရေးအကောင့်တွေကို ပိတ်ဖို့ ဂူဂဲလ်ကို ပိုင်တဲ့ Alphabet ကုမ္ပဏီ၊ Apple၊ TikTok နဲ့ Telegram တို့ကိုလည်း တောင်းဆိုထားပါတယ်။

    တယ်လီဂရမ်ဟာ စစ်တပ်ယိမ်းသူတွေက တပ်သတင်းတွေနဲ့ တပ်ကို ထောက်ခံကြောင်းပြသတဲ့ ချန်နယ်တွေနဲ့ အကောင့်တွေ ပုံမှန်သုံးစွဲနေတဲ့ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။

  14. စနစ်ကျတဲ့ဖက်ဒရယ်အာဏာပိုင်အဖြစ်ပြောင်းလဲဖို့ NUG နဲ့ EROS တွေ ပေါင်းပြီး FSC ဖွဲ့စည်းမယ်

    NUG နဲ့ NUCC အစည်းအဝေး

    ဓာတ်ပုံ ရင်းမြစ်, NUCC

    ဓာတ်ပုံ ပုံစာ, NUG နဲ့ NUCC အစည်းအဝေး

    စနစ်ကျတဲ့ ဖက်ဒရယ်အာဏာပိုင်အဖြစ်ကို ပြောင်းလဲဖော်ဆောင်ဖို့ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ- NUG နဲ့ တော်လှန်ရေးဦးဆောင်အဖွဲ့ (EROs)တွေပူးပေါင်းပြီး ဖက်ဒရယ် ဦးဆောင်ကောင်စီ The Federal Steering Council (FSC) ကို ဖွဲ့စည်းမယ်လို့ ဘီဘီစီက သိရှိရပါတယ်။

    FSC အတွက် အချက် ၃ ချက်ကို အဓိကထားပြင်ဆင်ထားပြီး အဲဒီထဲမှာ နိုင်ငံရေးတရားဝင်မှု၊ ချိတ်ဆက်ညှိနှိုင်းမှုနဲ့ အဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်မှု စတဲ့ အချက်တွေ ပါဝင်ပါတယ်။

    နိုင်ငံရေးတရားဝင်မှုအပိုင်းမှာ မြန်မာစစ်တပ်က သူ့ရဲ့တရားဝင်မှုကို ပုံဖော်နိုင်ရေး ရွေးကောက်ပွဲ ၃ ပိုင်းလုပ်ပြီး တည်ဆောက်နေချိန်မှာ တော်လှန်ရေးအင်အားစုတွေဘက်က တရားဝင်မှုတစ်ခုကို ပုံဖော်ပြသနိုင်ရေး ရည်ရွယ်တယ်လို့ ဆိုပါတယ်။

    ဒါအပြင် ခုခံတော်လှန်ရေး လုပ်ငန်းထက်ပိုတဲ့ စနစ်တကျဖွဲ့စည်းထားတဲ့ ဗဟို ချိတ်ဆက်ညှိနှိုင်းမှု လိုအပ်ချက်တွေကို ပြင်ဆင်ဖို့ကလည်း အဓိက လုပ်ငန်းစဥ်အဖြစ် ဆောင်ရွက်ကြမယ်လို့ သိရှိရပါတယ်။

    ဒါအပြင် ထိန်းချုပ်နယ်မြေတွေမှာ အာဏာပိုင်စိုးမှုကို ထင်ဟပ်မှုရှိစေဖို့တော်လှန်ရေးတရားဝင်မှုကို ပိုမိုခိုင်မာစေပြီး စနစ်တကျ ဖွဲ့စည်းထားတဲ့ ဗဟို ချိတ်ဆက်ညှိနှိုင်းမှု တစ်ခုအတွက်လည်း ပြင်ဆင်ကြမယ်လို့ နားလည်ရပါတယ်။

    FSC နဲ့ ပတ်သက်လို့အသေးစိတ်သိရဖို့နဲ့ ပါဝင်ကြမယ့် တော်လှန်ရေးဦးဆောင်လက်နက်ကိုင်တပ်တွေ အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်ကလည်း တော်လှန်ရေးအင်အားစုတွေကြားက သဘောထားကွဲလွဲမှုတွေကို ညှိနှိုင်းဖြေရှင်းနိုင်ရေး ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)တို့ တွေ့ဆုံခဲ့တယ်လို့ NUCC ထုတ်ပြန်ထားပါတယ်။

    ၄ နာရီနီးပါး အွန်လိုင်းကနေ တွေ့ဆုံခဲ့တဲ့ အဲဒီဆွေးနွေးပွဲမှာ ဖက်ဒရယ် ဦးဆောင်ကောင်စီ The Federal Steering Council (FSC) ရဲ့ စီမံမှုအောက်ကနေ NUCC ကလည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆွေးနွေးကြကြောင်း သိရှိရပါတယ်။

    လက်ရှိမှာ FSC အနေနဲ့ လက်ရှိ တော်လှန်ရေး အစုအဖွဲ့ဖြစ်သော NUCC/NUG တို့ အပါ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ (AFTA) အောက်မှာ ပေါ်ထွက်လာမယ့် အသွင်ကူးပြောင်းရေးကာလဖက်ဒရယ်ဒီမိုကရေစီအစိုးရ (TFDG)အကြား ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးသွားနိုင်ရေးလည်း ပါဝင်တယ်လို့ သိရှိရပါတယ်။

  15. မင်္ဂလာပါ။ ဇန်နဝါရီ ၂၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။