ရွှေ နဲ့ ငွေကြေးဈေးကွက်ကို စောင့်ကြည့်ဖို့ဆိုပြီး စစ်ကောင်စီ အဖွဲ့ ဖွဲ့

အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ဗဟိုဘဏ် အဆောက်အအုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ဗဟိုဘဏ် အဆောက်အအုံ

စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဦးဆောင်ပြီး ရွှေနဲ့ ငွေကြေးဈေးကွက်ကို စောင့်ကြည့် စိစစ်တာတွေပြုလုပ်မယ့် ကော်မတီတစ်ခု ဖွဲ့စည်းလိုက်တယ်လို့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံပြန်တမ်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဲဒီလို ရွှေဈေးကွက်ကို စောင့်ကြည့်လေ့လာ စိစစ်တာတွေအတွက် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးအုန်းမြိုင်က ကြိုဆိုတယ်လို့ပြောပါတယ်။

ရွှေနဲ့ငွေကြေးဈေးကွက်ကို စောင့်ကြည့်အရေးယူမယ့် အဖွဲ့ စစ်ကောင်စီက ဖွဲ့စည်းလိုက်တာကြောင့် လတ်တလော ရွှေစျေးငြိမ်သွားတယ်လို့ သူကပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ရွှေစျေးနူန်းတွေကို တစ်ကျပ်သားကို ၁၄ သိန်းကျော်ကနေ တစ်နှစ်ခန့်အတွင်း ၁၈ သိန်းကျော်အထိ စျေးတက်လာခဲ့တာ ဖြစ်ပါတယ်။

ရွှေဈေးအဆမတန် မြင့်တက်နေတာကြောင့် ဈေးကွက်ကို ထိန်းချုပ်ဖို့ လုပ်ငန်းရှင်တွေ ဆွေးနွေးခဲ့ကြတယ်။

ဓာတ်ပုံ ရင်းမြစ်, Huw Evans picture agency

ဓာတ်ပုံ ပုံစာ, ရွှေဈေးအဆမတန် မြင့်တက်နေတာကြောင့် ဈေးကွက်ကို ထိန်းချုပ်ဖို့ လုပ်ငန်းရှင်တွေ ဆွေးနွေးခဲ့ကြတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းကတော့ ရွှေစျေးနူန်းတွေ တည်ငြိမ်ဖို့ အတွက် Paper Gold ထုတ်ရောင်းမယ်လို့ ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလ တုန်းက ပြောခဲ့ပါတယ်။

ရွှေစျေးတွေ တက်တဲ့အခါတိုင်းမှာ ရွှေလုပ်ငန်းရှင်တွေက ပြည်တွင်းကျပ်ငွေနဲ့ ဒေါ်လာစျေးနူန်းတွေတက်လို့ ၊ကမ္ဘာရွှေစျေးနူန်းတွေ တက်လို့ ဆိုပြီး အမြဲပြောဆိုလေ့ရှိပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းနဲ့ ပတ်သက်ပြီး ရွှေဈေးကွက်ကို အရင်စစ်အစိုးရလက်ထက်က ပုံစံအတိုင်း ထိန်းဖို့ စစ်ကောင်စီဘက်က ကြိုးစားခဲ့ပါတယ်။

တရားဝင် ရွှေလေလံဆွဲတဲ့နေရာကို စုံစမ်းစစ်ဆေးရေးအဖွဲ့- စစစ ကလာပြီး စာရင်းယူတာ၊ စောင့်ကြည့်သတိပေးတာတွေလုပ်ခဲ့တာရှိတယ်လို့ ရွှေလုပ်ငန်းရှင်တချို့က ဘီဘီစီကို အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် အတွင်းက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာလ ၉ ရက်နေ့က နိုင်ငံခြားငွေကြေး လဲလှယ်မှု အတွက် ဝယ်စျေးနှုန်း၊ ရောင်းစျေးနှုန်းတွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြန်လည် သတ်မှတ်ခဲ့ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

နိုင်ငံခြားငွေ အရောင်းအဝယ်မှာ ဗဟိုဘဏ်က နေ့စဉ် သတ်မှတ်တဲ့ စျေးနှုန်းရဲ့ ၀ ဒသမ ၅ ရာခိုင်နှုန်း အတိုး၊ အလျှော့နဲ့ အရောင်းအဝယ် လုပ်ကြဖို့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ဗဟိုဘဏ်က ပြန်လည် စည်းကမ်း တင်းကြပ်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြား ငွေကြေး အလွန်အကျွံစျေးတက်မှာကြောင့် အခုလို ကန့်သတ်တာ ဖြစ်တယ်လို့ ဗဟိုဘဏ် ဘက်က ပြောဆိုထားခဲ့ပေမယ့် စျေးကွက်မှာ ဗဟိုဘဏ်သတ်မှတ်တဲ့စျေးက တစ်စျေး အပြင်ပေါက်စျေးက တစ်စျေးဖြစ်နေခဲ့ပါတယ်။

အခု ဗဟိုဘဏ်က ဖွဲ့လိုက်တဲ့စောင့်ကြည့်အဖွဲ့ဟာအဖွဲ့ဟာ ရွှေဈေးကွက် ၊ ငွေကြေးဈေးကွက်အရောင်းအဝယ်လုပ်တာတွေကို စောင့်ကြည့်မှာဖြစ်သလို နိုင်ငံခြားငွေရောင်းဝယ်ခွင့်ရှိတဲ့ ဘဏ်တွေ ၊ ငွေလဲကောင်တာတွေ ရဲ့ ငွေစာရင်းအသွင်းအထုတ်ကိုလည်း စောင့်ကြည့်မယ်လို့ သိရပါတယ်။

ဒီလိုအဖွဲ့မျိုး ဖွဲ့စည်းပြီး စောင့်ကြည့်အရေးယူတာဟာ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်က ပုံစံအတိုင်းဖြစ်တယ်လို့ ဝေဖန်မူတွေလည်း ရှိနေပါတယ်။