မနေ့ကရောင်းရငွေသည် ဒီနေ့အတွက် အရှုံးဖြစ်သည်

no tag

လွန်ခဲ့သော ၅ ရက်ခန့် ၊စက်တင်ဘာလ ၂၃ ရက်မှာ မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာလဲနှုန်း တစ်ဒေါ်လာ ၂၀၀၀ ကျပ် ကျော်လာအပြီး ဒေါ်သဇင်မြင့်ရဲ့ သြဂုတ်လ ဝန်ထမ်း လစာရဲ့နောက်ဆုံး ငွေလက်ကျန် လုံးဝကုန်သွားခဲ့ပါတယ်။

သူတို့ဇနီးမောင်နှံနှစ်ယောက် နှစ်ပေါင်းများစွာ လောက်လောက်ငင စားလာနိုင်တဲ့ သူ့ရဲ ဒီဝန်ထမ်း လစာ ၃ သိန်းဟာ ထူးထူးခြားခြား စက်တင်ဘာလမကုန်ခင်မှာ စျေးဝယ်အပြီးမှာ ပြတ်သွားခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလ လယ်လောက်ကစပြီး ဒေါ်လာစျေးတွေတက် တရိပ်ရိပ်တက်လာကတည်းက လစာကို ချွေတာနိုင်သမျှ ချွေတာနေပေမဲ့ လကုန်အောင်သူ ဘယ်လိုမှ မချွေတာနိုင်တောဘူးလို့ သူကပြောပါတယ်။

"မီးဖိုချောင်မှာသုံးနေတဲ့ ဂတ်စ်အိုးဖြည့်တာက ၅ ပိသာအိုး အရင် တစ်သောင်းတစ်ထောင်ကနေ တစ်သောင်းငါးထောင်၊ သောက်နေကျ ဆူပါကော်ဖီမစ် အထုပ်ကြီး ၅၀ ပါကို အရင် ကျပ် ၄၂၀၀ ကနေ အခု ကျပ် ၄၇၀၀ ၊ ဟင်းချက်တဲ့ဆီက ၅၀ သား တစ်ပုလင်း အရင် ၂၇၀၀ လောက်ကနေ အခု ၃၃၀၀ ကျပ် "အစရှိသဖြင့် သူရဲ့ငွေသုံးစွဲမှု ကွာခြားလာပုံကို ရှင်းပြပါတယ်။

ဒါအပြင် ကားစက်သုံးဆီစျေးတွေကလည်း တစ်ရိပ်ရိပ်တက်လာတာမို့ ခါတိုင်းဝယ်နေကျ ငွေနဲ့ ဝယ်ပေမယ့်ရတဲ့ ပမာဏက ခါတိုင်းရတာထက် တစ်ဝက်လောက်ပဲ ရတော့တယ်လို့သူက ပြောပါတယ်။

လစာထုတ်ဖို့ ၂ ရက်လောက်လိုတာဖြစ်လို့ ဒီလိုငွေကို မိဘတွေဆီကပဲ ထပ်တောင်းရတယ်လို့ သူက ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

တိတ်တဆိတ်ပျောက်သွားတဲ့ မြန်မာငွေများ

မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁၀ ရက်ကစပြီး ဗဟိုဘဏ်က ဒေါ်လာနဲ့ မြန်မာကျပ်‌ငွေလဲနှုန်းကို မကန့်သတ်တော့ဘဲ စျေးကွက်ပေါက်စျေးအတိုင်း ခွင့်ပြုပေးလိုက်ပြီးနောက်ပိုင်း ဒေါ်လာစျေးတွေ တစ်ရှိန်ထိုး တက်လာနေခဲ့တာ ဖြစ်ပါတယ်။

လေ့လာသူတွေရဲ့ အဆိုအရ စက်တင်ဘာ ၂၃ ရက်နေ့ခန့်မှာ တစ်ဒေါ်လာကို မြန်မာကျပ်‌ငွေလဲနှုန်း ၂၀၀၀ ကျပ်ကို စတင်ကျော်လာခဲ့ပြီး စက်တင်ဘာ ၂၇ရက် ကျပ် ၂၇၀၀ လောက်အထိကို ဖြစ်လာပါတယ်။

အာဏာသိမ်းပြီး ရှစ်လကာလ အတွင်း မြန်မာငွေကြေးတန်ဖိုးဟာ တစ်ဒေါ်လာ ၁၃၀၀ ကျပ်ကနေ ၂၇၀၀ ကျပ်ခန့်အထိကို ကျသွားခဲ့တာဖြစ်ပါတယ်။

သူ့လိုပဲ သူတို့ရုံးက ဝန်ထမ်းတွေအားလုံး ငွေကျုံ့လာတဲ့ဒဏ်ကို လိမ့်နေအောင်ခံရတယ်လို့ ဒေါ်သဇင်မြင့်က ပြောပါတယ်။

"ရုံးကို ဆိုင်ကယ်ကယ်ရီနဲ့လာတဲ့ သူတောင် စျေးက နှစ်ဆဖြစ်လာတယ်"လို့ သူကပြောပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသမှာ ကိုဗစ်-၁၉ ဒယ်လ်တာ မျိုးကွဲ ပျံ့နှံ့ကူးစက်မှုကြောင့် စီးပွားရေး ပြန်လည်နာလန်ထူလာရေးကို ထိခိုက်နိုင်ပြီး ဒေသတွင်း စီးပွားရေးတိုးတက်မှု နှေးကွေးတာ၊ မညီမမျှ ပိုဖြစ်လာတာတွေ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ စက်တင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ချက်မှာပါရှိ ပါတယ်။

ဒေသတွင်း နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ၁၈ ရာခိုင်နှုန်း စီးပွားရေး ကျုံ့နိုင်တယ်လို့ မျှော်လင့်ရပြီး ပစိဖိတ်ကျွန်းနိုင်ငံတွေမှာ ၂ ဒဿမ ၉ ရာခိုင်နှုန်း ကျုံ့နိုင်တဲ့အတွက် မြန်မာနိုင်ငံနဲ့ ပစိဖိတ်ကျွန်းနိုင်ငံ အတော်များများမှာ စီးပွားရေး အဆိုးရွားဆုံး ထိခိုက်နေကြတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

တစ်ဒေါ်လာ ၁၃၀၀ ကျပ်ကနေ ၂၇၀၀ ကျပ်ခန့်အထိကို ကျသွားခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, တစ်ဒေါ်လာ ၁၃၀၀ ကျပ်ကနေ ၂၇၀၀ ကျပ်ခန့်အထိကို ကျသွားခဲ့တာဖြစ်ပါတယ်။

ချောက်ကမ်းပါးထဲ ကျသွားတဲ့စက်တင်ဘာလ

ဒေသတွင်းနိုင်ငံတွေမှာ မြန်မာနိုင်ငံဟာ အလုပ်အကိုင်နည်းပါးလာတာကို အကြီးမားဆုံး ရင်ဆိုင်ရမှာဖြစ်ပြီး ဆင်းရဲသား ဦးရေလည်း ပိုများလာလိမ့်မယ်လို့ ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းမှုကြောင့် စီးပွားရေး လုပ်ဆောင်မှုတွေ ထိခိုက် သွားရတယ်ဆိုတာ သံသယဖြစ်စရာ မရှိကြောင်းနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM လုပ်ကြတဲ့အတွက် အလုပ်ဆင်း သူတွေ ပိုနည်းလာတာတို့ ပေါင်းစပ်သွားတာကြောင့်ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသ စီးပွားရေးဆိုင်ရာ အကြီးအကဲ Aaditya Mattoo က ပြောပါတယ်။

မြန်မာနိုင်ငံက အာဏာသိမ်းပြီးကတည်းက ချောက်ထဲကျတာပါပဲ၊ စက်တင်ဘာလ ငွေကြေးဖောင်းပွမှုတွေ တစ်ရှိန်ထိုးဖြစ်လာပြီးနောက်တော့ အားလုံးကို ထပ်ပြီးထိခိုက်သွားပြီး ချောက်အနက်ကြီးကို ထပ်ကျသွားတာလို့ မြန်မာ့အရေးလေ့လာသူ တစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့က ကုန်စုံဆိုင် အထည်ဆိုင် လူသုံးကုန်ဆိုင် စတဲ့ စျေးဆိုင်တွေအများစုဟာ စက်တင်ဘာလ ၂၈ ရက်နေ့ကစပြီး ခပ်တိုးတိုးပြောကြရင်း ကျယ်ကျယ် ကျယ်ကျယ်ဖြစ်လာတဲ့ စကား တစ်ခွန်းရှိပါတယ်။

အဲ့ဒါကတော့ မရောင်းမီကရှုံးနှင့်ပြီဆိုတဲ့စကား ဖြစ်ပါတယ်။

မနေ့က ရောင်းရငွေသည် ဒီနေ့အတွက် အရှုံးဖြစ်သည်လို့လည်း ဆိုကြပါတယ်။ရောင်းတဲ့သူလည်း ရှုံးပါတယ်၊ ဝယ်တဲ့သူလည်း ရှုံးပါတယ်လို့ ပြောကြပါတယ်။

ကုန်စည်ဒိုင်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ကုန်စည်ဒိုင်

ငွေပေါ်အရင်းပြုတ်

ဘယ်လိုစျေးတင်ရောင်းရောင်း နောက်တစ်နေ့မှာ ရှုံးပါတယ် လို့ ရန်ကုန်မြို့က ကုန်မျိုးစုံ လက်လီလက်ကား ရောင်းသူတွေက ပြောပါတယ်။

ဒီကာလဟာ မရောင်းရတဲ့ဆိုင်တွေက တစ်ဆိုင်စာ ပုံမပျက် အရင်းရှိနေမှာဖြစ်ပြီး ရောင်းရတဲ့ဆိုင်တွေကတော့ ငွေပေါ်အရင်းပြုတ် ဒါမှမဟုတ် ဆိုင်တစ်ဝက်စာလောက် ပြုတ်သွားမယ့် အခြေအနေပါလို ရန်ကုန်မြို့က လူသုံးကုန်နဲ့ အထည်ကုန်ဆိုင်ပိုင်ရှင် မကြူက ပြောပါတယ်။

ကိုယ်စျေးမရောင်းရတိုင်း ရောင်းရတဲ့သူတွေကိုကြည့်ပြီး အားမငယ်လိုက်ပါနဲ့၊ ရောင်းရတဲ့ သူတွေလည်း လုပ်ငန်းတွေ ပြန်လည်ပတ်တာနဲ့ ငွေပေါ်အရင်းပြုတ်ပြီး အကြွေးဗရပွနဲ့ လုပ်ငန်းပြန်စရမယ့်လူတွေပါလို့ သူက ရှင်းပြပါတယ်။

"ဘာကြောင့်ဖြစ်တယ်ဆိုတာက အားလုံးသိပြီးသား ရှစ်လအတွင်း ဘာတွေဖြစ်လာသလဲဆိုတာ အမြင်ပဲလို့" သူက ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

ကျုံ့သွားတဲ့ ဘဏ်ထဲကငွေများ

အာဏာမသိမ်းမီကာလက ကားရောင်းပြီးဘဏ်မှာအပ်ကာ နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ ထွက်လာခဲ့သူ ကိုအောင်ရဲ့ငွေသိန်း ၂၅၀ ဟာ အခုအခါမှာ သူရဲ့‌‌‌ ‌ငွေတွေ ထက်ဝက်လောက် အလိုလိုပျောက်သွားပြီလို့ ပြောပါတယ်။

သူ‌ဘဏ်မှာ အပ်ထားတုန်းက သိန်း ၂၅၀ ကို အခုအခါမှာ ဘယ်လောက်ဖြစ်သွားသလဲဆိုရင် အခု ငွေစျေးနဲ့တွက်ကြည့်ရင် ဒေါ်လာ တစ်သောင်းလောက်ပဲ ရှိတော့တယ်၊ အရင် တစ်ဒေါ်လာ ၁၃၀၀ လောက်နဲ့က ဒေါ်လာ နှစ်သောင်းလောက်ရတယ်ဆိုတော့ အခု ထက်ဝက်လောက်က နေရင်းထိုင်ရင်း လျော့သွားတဲ့ သဘောရှိတယ်လို့သူက ပြောပါတယ်။

စက်တင်ဘာလ ၂၇ ရက်နေ့ ဗဟိုဘဏ်ရောင်းစျေးနဲ့ အပြင်ပေါက်စျေးကလည်း တစ်ဒေါ်လာကို ကျပ် ၅၀၀ ခန့်ကွာနေပြီး ဗဟိုဘဏ်က သန်းနဲ့ချီပြီး ဒေါ်လာထုတ်ရောင်းပေမယ့် အပြင်မှာလူတွေ ဒေါ်လာဝယ်မရဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ရိုးသားစွာရှာဖွေထားသူတွေရဲ့ ဘဏ်အပ်ငွေတွေ တစ်ဝက်လောက်က အလိုလိုနေရင်း ပျောက်ဆုံးသွားတာလည်းဖြစ်တယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီထုတ်ပြန်တဲ့ သက်သာတဲ့စျေးနဲ့ရောင်းတဲ့ စက်သုံးဆီဆိုင်အချို့

ဓာတ်ပုံ ရင်းမြစ်, KSM

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီထုတ်ပြန်တဲ့ သက်သာတဲ့စျေးနဲ့ရောင်းတဲ့ စက်သုံးဆီဆိုင်အချို့

ဘာကိုင်ထားလဲ

စစ်ကောင်စီကတော့ စက်သုံးဆီတွေကို ဗဟိုဘဏ်ကရောင်းပေးတဲ့ စျေးနဲ့ ရောင်းပေးတဲ့ဆိုင်တွေဖွင့်ပြီး ကုန်စျေနှုန်းတက်မလာအောင် ထိန်းနေပါတယ်။

အလားတူ စားအုန်ဆီတွေကိုလည်း တင်သွင်းပြီး သက်သာတဲ့စျေးနဲ့ ပြန်လည်ရောင်းချပေးနေတယ်လို့ ပြောပါတယ်။

"မြန်မာငွေက ဘယ်လောက် အခြေအနေဆိုးသွားသလဲဆိုတော့ မြန်မာငွေနဲ့ ဒေါ်လာရော၊ ယူရို‌ရော၊ ထိုင်းဘတ်ရောဘာမှ ဝယ်မရတော့ဘူး နောက်ရက်တွေဆို ဒီထက်ဆိုးလာမယ်"လို့ ရန်ကုန်က ကုန်မျိုးစုံဖွင့်လှစ်ရောင်းချနေသူတစ်ဦးက ပြောပါတယ်။

မြန်မာ ငွေကိုင်ထားရင်ကုန်ပြီ ဒီတော့ ဘာကိုင်ရမှန်းမသိတော့ဘူးလို့လည်း သူတို့က ပြောပါတယ်။

ရန်ကုန်မှာ ပြီးခဲ့တဲ့ရက်ပိုင်း ရောင်းမထွက်တဲ့ မြေကွက်တချို့ အခု အဝယ်လိုက်လာနေတယ်လို့ ပါရမီမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

ဒီအခြေအနေတွေက နောက်ထပ်ဘယ်လောက်ကြာကြာဆက်ဖြစ်နေမယ်ဆိုတာကို ဘယ်သူမှလည်း မခန့်မှန်းနိုင်သလို ဖြစ်နေကြပြီးတစ်နိုင်ငံလုံး နေရာအနှံ့မှာ ပစ်ခတ်မှုတွေ စစ်ပွဲတွေ အပြန်အလှန်သတ်ဖြတ်မှုတွေ ကိုဗစ်ရောဂါဖြစ်ပွားမှုတွေနဲ့ ပိတ်မိနေတယ်လို့ မြန်မာ့အရေးလေ့လာသူတစ်ဦးက ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, AFP

ဒီနေ့ရောင်း မနက်ဖြန်ရှုံး

ကိုဗစ် ကြောင့်ပိတ်ထားတဲ့ တရုတ်နယ်စပ်ပြန်ဖွင့်ရင်တောင် အခုလိုငွေကြေးဖောင်းပွမှုနဲ့ ဘယ်လိုစခန်းဆက်မယ်ကို မသိနိုင်ဘူးလို့ နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။

တစ်ချိန်က အာရှရဲ့နေချင်စရာ အကောင်းဆုံးမြို့ဖြစ်လာဖို့ အလားလာရှိခဲ့တဲ့ ရန်ကုန်မြို့ဟာလည်း ဗုံးသံတွေ၊ မြို့လယ်မှာ အရပ်ဝတ်သေနတ်ကိုင်တွေက လူတွေကို လိုက်ချိန်နေတဲ့အထိ မလုံမခြုံ ဖြစ်လာနေပါတယ်။

ပြီးခဲ့တဲ့လက ရန်ကုန်မှာကုန်မျိုးစုံဆိုင် မီနီမတ်ဆိုင်တွေအများအပြား ပိတ်ခဲ့တာရှိပြီး နောက်ထပ်လည်း ဆိုင်တွေဆက်ပိတ်ဖို့ရှိတယ်လို့လည်း လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

"ဘာမှလည်း မှာလို့မရတော့ဘူး ရှိတဲ့ဟာလည်း ရောင်းလို့ကုန်ပြီ အရင်းလည်းပြုတ် ပစ္စည်းလည်းကုန် ဖြစ်နေပြီလို့" ပြောပါတယ်။

ရန်ကုန်မှာ နိုင်ငံခြားကတင်သွင်းတဲ့ ကုန်ပစ္စည်းတွေလည်း ငွေစျေးကြောင့် အရောင်းရပ်ထားပြီး ဆေးကုမ္ပဏီတွေလည်း အရောင်းရပ်ထားတယ်လို့ ကုန်စုံဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

နိုင်ငံခြားအရက် ဖြန့်တဲ့ကုမ္ပဏီတွေလည်း အရောင်းရပ်ထားတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

ကုန်စုံဆိုင်တွေက ဒီနေ့ရောင်း မနက်ဖြန်ရှုံးဖြစ်နေတော့ တချို့က ပိတ်ထားကြတယ်လို့လည်း ဆိုပါတယ်။

no tag

လတ်တလော စိတ်သက်သာရာရတာက သားငါးစျေးနဲ့ အသီးအရွက်စျေးတွေ သိသိသာသာ တက်မလာသေးတာလို့ ရန်ကုန်မြို့က အမျိုးသမီးသူနာပြုတစ်ဦးက ပြောပါတယ်။

ဘတ်စ်ကားခအပါအဝင် သယ်ယူပို့ဆောင်ခစရိတ်တွေ မတက်လာသေးပေမယ့် တက္ကစီလိုမျိုး ကားခတွေကတော့ တက်လာနေတယ်လို့ သူက ဆိုပါတယ်။

ကုန်မျိုးစုံ အရောင်းဆိုင်ပိုင်ရှင်တစ်ဦးကတော့ ရှိတာရောင်းပြီး ကုန်ရင်ဆိုင်ပိတ်ပြီလို့ပြောပါတယ်။

ဌာနတစ်ခုက အစိုးရအရာရှိ ဒေါ်သဇင်မြင့်ကတော့ လူတိုင်းကစျေးရောင်းနေကြပြီး စျေးရောင်းတဲ့သူတွေလည်း မကိုက်ဘူးဆိုတာကြောင့် ရှေ့လျှောက်ဘာလုပ်ရမှန်းကို မသိကြောင်း သူက ပြောပါတယ်။

"ဘာလုပ်ရမှန်းလည်းမသိဘူး ဝန်ထမ်းလုပ်တာကြာတော့ တခြားလည်း လုပ်မစားတတ်ဘူး "သူက ပြောပါတယ်။