ရင်းနှီးမြှုပ်နှံမှုကြောင့် ရွှေနဲ့ ငွေစျေး စံချိန်တင် မြင့်တက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဂျော့ရှ် မာတင်
- ရာထူးတာဝန်, စီးပွားရေး သတင်းထောက်
ရွှေစျေး စံချိန်တင်အောင် နောက်ထပ် တက်ခဲ့ပြီး ပထမဆုံးအကြိမ် တအောင်စကို ဒေါ်လာ ၄၄၀၀ အထက် ဖြစ်သွားပါတယ်။
အမေရိကန် ဗဟိုဘဏ်တိုးနှုန်းကို နောက်နှစ်မှာ ထပ်လျှော့မယ်လို့ ယူဆမှုတွေကြောင့် ခုလို ရွှေစျေးတက်တာ ဖြစ်ကြောင်း သုံးသပ်နေကြပါတယ်။
ဒီနှစ်အစမှာ ရွှေတအောင်စကို ဒေါ်လာ ၂၆ဝဝ ကနေ ပထဝီနိုင်ငံရေး တင်းမာမှု၊ ထရမ့်အစိုးရရဲ့ သွင်းကုန်ခွန်တိုးမြှင့်မှုနဲ့ ဘဏ်တိုးနှုန်းကျဖို့ မျှော်လင့်မှုတွေကြောင့် ရွှေနဲ့ တခြားကုန်စည်တွေအပေါ် ပြောင်းပြီး ရင်းနှီးမြှုပ်နှံလာကြပါတယ်။
တခြား သတ္တုစျေးနှုန်းတွေလည်း တက်လာပြီး ငွေသတ္တုစျေးလည်း စံချိန်တင် တက်ခဲ့ပါတယ်။
ရွှေစျေးက ဒီနှစ်ထဲမှာ ၆၈ ရာခိုင်နှုန်းကျော် တက်လာပြီး ၁၉၇၉ နောက်ပိုင်း အမြင့်ဆုံး တက်ခဲ့ကြောင်း BullionVault ရွှေချောင်း ရောင်းဝယ်ရေးက သုတေသန ဒါရိုက်တာ အေဒရီယံအက်ရှ်က ပြောပါတယ်။
သမ္မတထရမ့်ကြောင့် ရွှေစျေး ကသောင်းသနင်း ဖြစ်ကုန်ကြောင်း ရွှေစျေးကွက်ဘက်က ပြောတယ်လို့ သူက ဆိုပါတယ်။
ကုန်သွယ်ရေး စစ်ပွဲ၊ အမေရိကန် ဖက်ဒရယ်ဘဏ်ကို တိုက်ခိုက်မှုနဲ့ ပထဝီနိုင်ငံရေး တင်းမာမှုတွေ အားလုံးက ထရမ့်ဆီက လာတာလို့ ပြောပါတယ်။
အတိုးနှုန်း ကျဆင်းနေလို့ ငွေစုစာချုပ်တွေလို ရင်းနှီးမြှုပ်နှံမှုတွေဆီက ငွေပြန်ရတာလည်း နည်းမှာဖြစ်ပါတယ်။ ဒါကြောင့် ရွှေနဲ့ ငွေသတ္တုလို ငွေပြန်ပေါ်နိုင်တဲ့ ကုန်စည်တွေဘက်ကို ရင်းနှီးမြှုပ်နှံသူတွေ အာရုံကျလာကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမေရိကန် အတိုးနှုန်းကို ၂၀၂၆ မှာ နှစ်ခါ လျှော့ချလိမ့်မယ်လို့လည်း ကျွမ်းကျင်သူတွေကြားမှာ ယေဘုယျ သုံးသပ်နေကြပါတယ်။
စီးပွားရေး မတည်ငြိမ်တာကို ကျားကန်ပြီး အမေရိကန်ဒေါ်လာအပေါ် မှီခိုမှု လျှော့ချဖို့အတွက် ကမ္ဘာတလွှားမှာ ရှိတဲ့ ဗဟိုဘဏ်တွေက ရွှေကို ပိုဝယ်လာကြတာကြောင့်လည်း ဒီလို ဝယ်လိုအား များလာတာလို့ Goldman Sachs က သုံးသပ်ပါတယ်။ နောက် သူတို့ပိုင်ဆိုင်မှုတွေကို ခွဲဖြာထားချင်ကြလို့ ရွှေကို ပိုဝယ်ကြတာပါ။ ၂၀၂၆ မှာလည်း ဒီအတိုင်း ဆက်သွားမယ်လို့ ဆိုပါတယ်။
ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေး ဂယောက်ဂယက်တွေကနေ ဝေးအောင် ကုန်သည်တွေ ကာကွယ်ဖို့ နည်းအဖြစ် ယူဆလာလို့ ဒီနှစ်ထဲ ရွှေစျေး မှန်မှန်တက်လာတာ ဖြစ်နိုင်ကြောင်း Ribble ဓန ခန့်ခွဲမှုက ဘဏ္ဍာရေး စီစဉ်သူ အနီတာ ရိုက်က ပြောပါတယ်။
စတော့တွေ၊ ဘွန်းတွေလို ပိုင်ဆိုင်မှုတွေ မတည်မငြိမ် ဖြစ်လာရင် ရွှေက ငွေပေါ်ဖို့ အမြန်ဆုံးပဲလို့လည်း မစ္စရိုက်က ဆိုပါတယ်။
အမေရိကန်ဒေါ်လာ အခြေအနေ မကောင်းလို့လည်း ပြည်ပဝယ်ယူသူတွေက ရွှေကို ပိုဝယ်လာနိုင်ပြီး ဒီအတွက် ရွှေစျေးတက်လာခဲ့ပါတယ်။
တခြားသတ္တုစျေးနှုန်းတွေလည်း စံချိန်တင် တက်ခဲ့ရာမှာ ငွေစျေးက တအောင်စကို ဒေါ်လာ ၇၀ လောက်ထိ တက်သွားပါတယ်။
၂ဝ၂၅ တနှစ်ထဲမှာပဲ ငွေစျေးက ၁၃၈ ရာခိုင်နှုန်း တက်ခဲ့ပြီး ပလက်တီနမ်ကတော့ ၁၇ နှစ်အတွင်း အမြင့်ဆုံး စျေးတက်ခဲ့ပါတယ်။
ရွှေနဲ့ မတူဘဲ တခြားသတ္တုတွေကို စက်မှုလုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးတာဖြစ်လို့ အရောင်းသွက်ပါတယ်။
အမေရိကန်က ဗင်နီဇွဲလားကို အဝင်အထွက်လုပ်တဲ့ ရေနံတင်သင်္ဘောတွေကို ပိတ်ဆို့ခဲ့လို့ ရေနံစျေးလည်း တက်လာခဲ့ပါတယ်။
ဘရန့် ရေနံစိမ်းတစည်ကို ၁.၃၁ ဒေါ်လာ ထပ်တက်ပြီး ၆၁.၇၈ ဒေါ်လာစျေးထိ ဖြစ်ခဲ့ပေမယ့် နှစ်ဆန်းက စျေးလောက် မများဘူးလို့ ဆိုပါတယ်။










