တိုက်ရိုက်ထုတ်လွှင့်မှု, နေပြည်တော် - တောင်တွင်းကြီးလမ်းပိုင်းမှာ ဇော်လေးနိုင် ဇာတ်အဖွဲ့ ယာဉ်တိမ်းမှောက်မှု ၇ ဦးသေဆုံး

နေပြည်တော် - တောင်တွင်းကြီးလမ်းပိုင်းမှာ ဇော်လေးနိုင် ဇာတ်အဖွဲ့ ယာဉ်တိမ်းမှောက်မှု ၇ ဦးသေဆုံး တဲ့ သတင်းအပါအဝင် ဇန်နဝါရီ ၂၉ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာ ဖြစ်ပါတယ်။

အနှစ်ချုပ်

  • နေပြည်တော် - တောင်တွင်းကြီးလမ်းပိုင်းမှာ ဇော်လေးနိုင် ဇာတ်အဖွဲ့ ယာဉ်တိမ်းမှောက်မှု ၇ ဦးသေဆုံး
  • လွှတ်တော်သုံးရပ်က ကိုယ်စားလှယ်တွေရဲ့ တည်းခို၊ စားသောက်စရိတ်တွေကို စစ်ကော်မရှင် တိုးမြှင့်ပြဋ္ဌာန်း
  • မြဝတီမြို့မှာ စစ်တပ်က အင်အားတိုးချဲ့ပြီး တပ်ဖြန့်ထား

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တည်းခို၊ စားသောက်စရိတ်တွေ တိုးမြှင့်ပြဋ္ဌာန်း

    ပြည်ထောင်စုလွှတ်တော်အဆောက်အဦး မြင်ကွင်း (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ပြည်ထောင်စုလွှတ်တော်အဆောက်အဦး မြင်ကွင်း (ပုံဟောင်း)

    လွှတ်တော် သုံးရပ်ကိုယ်စားလှယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်တွေ တာဝန်အရ ခရီးသွားလာတဲ့အခါ သတ်မှတ်ထားတဲ့ တည်းခိုနေထိုင်စရိတ်၊ အခြားအသုံးစရိတ်တွေကို တိုးမြှင့်လိုက်တယ်လို့ စစ်ကော်မရှင်က ကြေညာပါတယ်။

    ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ များ ၏ ချီးမြှင့်ငွေ နှင့် စရိတ်များဆိုင်ရာဥပဒေ ကို ဒုတိယအကြိမ် ပြင်ဆင်တဲ့လိုက်တာပါ။

    လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဦးစီးအဖွဲ့ဝင်တွေ တာဝန်အရ ခရီးသွားတဲ့အခါ နိုင်ငံတော်က အခမဲ့တည်းခိုနေထိုင်ဖို့ မစီစဉ်ပေးနိုင်ရင် ဥပဒေပုဒ်မ ၆ မှာ ပြဋ္ဌာန်းထားတဲ့ တည်းခိုနေထိုင်စရိတ် ကျပ် ၅,၀၀၀ ကို ကျပ် ၈,၀၀၀ တိုးမြှင့်လိုက်ပြီး အခြားအသုံးစရိတ် ကျပ် ၅,၀၀၀ ကို ကျပ် ၇,၀၀၀ ဆိုပြီး ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။

    ဥပဒေပုဒ်မ ၈ မှာပါတဲ့ စားသောက်စရိတ် ကျပ် ၁၀,၀၀၀ ကိုလည်း ကျပ် ၂၀,၀၀၀ ဆိုပြီး ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။

    စစ်ကော်မရှင် က ရွေးကောက်ပွဲတတိယအပိုင်းကို ဇန်နဝါရီ ၂၅ ရက်မှာ ကျင်းပပြီးစီးခဲ့ပြီး လာမယ့် မတ်လမှာတော့ လွှတ်တော်စခေါ်မယ်လို့ က ကြေညာထားပါတယ်။

    စစ်တပ်က ဒီဇင်ဘာ ၂၈ ရက် က စတင်တဲ့ ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၆၃ နယ်၊ အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် ၇၃ နယ်၊ PR မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် FPTP မဲဆန္ဒနယ် ၂၅၅ နယ်၊ PR မဲဆန္ဒနယ် ၄၂ နယ်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ် ၂၉ နယ် နဲ့ ကျင်းပခဲ့တယ်။

    ဒီ လွှတ်တော်သုံးရပ် မဲဆန္ဒနယ်တွေ က အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ က တိုးမြှင့်လိုက်တဲ့ ခံစားခွင့်တွေ ရရှိမှာဖြစ်တယ်လို့ နားလည်ရပါတယ်။

  2. ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၅,၂၀၀ ကျော်၊ မြန်မာ့ရွှေစျေး သိန်း ၁၁၀ နီးပါးကပ်လာ

    ၁ ကီလို အရွယ်အစားရှိတဲ့ ရွှေအတုံးမြင်ကွင်း (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၁ ကီလို အရွယ်အစားရှိတဲ့ ရွှေအတုံးမြင်ကွင်း (ပုံဟောင်း)

    ကမ္ဘာ့ရွှေစျေး တစ်အောင်စဟာ အခုဆို ပထမဆုံးအချိန်အနေနဲ့ အမေရိကန်ဒေါ်လာ ၅၂၀၀ အထက်ကို ရောက်လာပါတယ်။ တဖက်မှာလည်း ဒါဟာ ၂၀၂၅ ခုနှစ်မှာ ၆၀ ရာခိုင်နှုန်းအထိ ထိုးတက်ခဲ့တဲ့ရွှေစျေးရဲ့ နောက်တစ်ဆင့် စျေးတစ်ဆစ်ချိုး ဖြစ်လာပါတယ်။

    ကမ္ဘာ့ရွှေဈေးနဲ့အတူ စျေးနှုန်းတက်လေ့ရှိတဲ့ မြန်မာ့ရွှေစျေးဟာ အခုဆိုရင် အခေါက်ရွှေ တစ်ကျပ်သားကို သိန်း ၁၁၀ နီးပါးအထိ ရောက်လာပါတယ်။

    ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၅,၀၀၀ ရောက်ချိန်မှာ မြန်မာ့ရွှေ သိန်း ၁၀၀ အထိ ထိုးတက်သွားခဲ့တာဖြစ်ပါတယ်။

    ဇန်နဝါရီ ၂၈ ရက်၊ မနက်ပိုင်းမှာ ပြင်ပ‌ပေါက်စျေး ၁၆ ပဲရည် တစ်ကျပ်သားကို ၁၀,၈၅၀,၀၀၀ သိန်း(တစ်ရာ့ရှစ်သိန်းငါးသောင်း) ကျပ် စျေးဖွင့်ထားတယ်လို့ ရွှေစျေးကွက်အသိုင်းအဝိုင်းဆီက သိရှိရပါတယ်။

    ဒါက တစ်ပတ်အတွင်းမှာ ကျပ်သိန်း ၁၁၀ ဝန်းကျင်အထိ စျေးပေါက်လာတာဖြစ်ပါတယ်။

    ဒါဟာဘာ့ကြောင့်ပါလဲ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  3. နေပြည်တော် - တောင်တွင်းကြီးလမ်းပိုင်းမှာ ဇော်လေးနိုင် ဇာတ်အဖွဲ့ ယာဉ်တိမ်းမှောက်မှု ၇ ဦးသေဆုံး

    "ဇော်လေးနိုင်ဇာတ်သဘင်အဖွဲ့" စီးလာတဲ့ ကားအပျက်အစီးမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, မွန်မြတ်သူလူမှုကူညီရေးအသင်း

    ဓာတ်ပုံ ပုံစာ, "ဇော်လေးနိုင်ဇာတ်သဘင်အဖွဲ့" စီးလာတဲ့ ကားအပျက်အစီးမြင်ကွင်း

    မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကနေ တပ်ကုန်းမြို့မှာ ဖျော်ဖြေရေးလုပ်မယ့် “ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့” ဟာ တောင်ညိုလမ်းပိုင်း အရောက်မှာ ဇာတ်ကားမှောက်လို့ သဘင်အဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့က ဘီဘီစီကို အတည်ပြုပါတယ်။

    မနေ့ ညနေ ၆ နာရီကျော်လောက်မှာ ဇာတ်သဘင်အဖွဲ့စီးလာတဲ့ ကားဟာ နေပြည်တော်- တောင်တွင်းကြီးလမ်း၊ ဂွေးချိုကျေးရွာ အရောက်မှာ အရှိန်လွန်ပြီး ချောက်ထဲကို ပြုတ်ကျခဲ့တာလို့ မွန်မြတ်သူလူမှုကူညီရေးအဖွဲ့ က ပြောပါတယ်။

    “အလောင်းတွေက ကျွန်တော်တို့ရောက်မှ ဖော်တာ။ ကျွန်တော်တို့က ဆွဲထုတ်တဲ့အဖွဲ့ဆိုတော့ လောလောဆယ် ရုပ်အလောင်း ၇ လောင်း တွေ့ထားတယ်။ ၁ ယောက်တော့ ပိတ်မိနေဆဲဖြစ်တယ်” လို့ မွန်မြတ်သူလူမှုကူညီရေးအဖွဲ့ ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

    ခန့်မှန်းခြေ ၂၂ ပေ အရွယ်အစားရှိတဲ့ ကုန်တင်ကားပေါ်မှာ ဇာတ်သဘင်အဖွဲ့ဝင် ၂၅ ဦလောက်ပါလာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။ ဇာတ်သဘင်အဖွဲ့စီးလာတဲ့ အဲဒီကားကို လက်ရှိမှာချောက်ထဲကနေ အပေါ်ကို ကရိန်းနဲ့ ဆွဲတင်နေတယ်လို့ သိရပါတယ်။

    ဇာတ်သဘင်အဖွဲ့သားတွေ ရဲ့ ပါလာတဲ့ပစ္စည်းကိုလည်း ဖြစ်စဉ်ဖြစ်ပွားတဲ့ အနီးအနားက ဆိုင်တွေမှာ ပေးထားခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    “ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေ ညီမလေးတို့ သိမ်းထားပေးတယ်။ လာကယ်တဲ့ စစ်သားအဖွဲ့က ဖုန်းနဲ့ပိုက်ဆံအိတ်တွေ သူတို့ဆွဲထုတ်တဲ့သူတွေဆီက ပါလာလို့ သိမ်းထားပေးပါဆိုလို့ သိမ်းထားပေးတာ။ ကားမှောက်တဲ့ နေရာနဲ့ ညီမတို့ ဆိုင်က သိပ်မဝေးဘူး” လို့ ဂွေးချိုကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

    ထိခိုက်ဒဏ်ရာရတဲ့သူတွေကို တော့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို ပို့ထားတယ်လို့ သိရပြီး ထိခိုက်ဒဏ်ရာသူတွေ များပြားနိုင်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။

  4. မင်္ဂလာပါ။ ဇန်နဝါရီ ၂၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။