ဒေါ်နယ် ထရမ့်ရဲ့ သမ္မတရာထူး လက်ခံပွဲအခမ်းအနားအကြောင်း သိကောင်းစရာ

ဒေါ်နယ် ထရမ့်၊ သမ္မတရာထူး လက်ခံပွဲ
ဓာတ်ပုံ ပုံစာ, အမေရိကန် လွှတ်တော်အဆောက်အအုံ
    • ရေးသားသူ, အန်နာ ဖဂိုင်
    • ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန၊ ဝါရှင်တန်

ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့် ဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ အမေရိကန်နိုင်ငံရဲ့ ၄၇ ယောက်မြောက် သမ္မတအဖြစ် တရားဝင် ကျမ်းသစ္စာကျိန်ဆိုပြီး အိမ်ဖြူတော်ကို ပြန်လာမှာ ဖြစ်ပါတယ်။

သမ္မတ ရာထူးလက်ခံပွဲ အခမ်းအနားနေ့မှာ တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုပွဲ၊ ဂီတဖျော်ဖြေပွဲနဲ့ ဂုဏ်ပြုချီတက်ပွဲတွေ ကျင်းပမှာဖြစ်သလို ညနေပိုင်းမှာတော့ ကပွဲအခမ်းအနားတွေ ကျင်းပမှာ ဖြစ်ပါတယ်။

ဒုတိယ သမ္မတအဖြစ် တာဝန်ယူမယ့် ဂျေဒီ ဗန့်စ် ကလည်း အစိုးရအဖွဲ့သစ် တရားဝင် စတင်ဖို့ ထရမ့်နဲ့အတူ အဲဒီနေ့မှာပဲ ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ နေ့ထူးနေ့မြတ်ကြီးအကြောင်း သိသင့်သိထိုက်တာတွေကို ရှင်းပြထားပါတယ်။

သမ္မတရာထူး လက်ခံပွဲအခမ်းအနား ဆိုတာ ဘယ်လိုမျိုးလဲ

သမ္မတရာထူး လက်ခံပွဲဟာ သမ္မတတစ်ဦး သက်တမ်းပြီးဆုံး အပြီး သမ္မတသစ်အစိုးရ အစပြုတဲ့ အထိမ်းအမှတ်အနေနဲ့ ကျင်းပတဲ့ တရားဝင် အခမ်းအနား ဖြစ်ပါတယ်။

ဒီအခမ်းအနားဟာ ဝါရှင်တန် ဒီစီမြို့က အစိုးရခေါင်းဆောင်တွေအကြား အာဏာ အကူးအပြောင်းကာလအတွင်း အာရုံစိုက်ခံရမှု အမြင့်ဆုံးအခိုက်အတန့် ဖြစ်ပါတယ်။

ဒီအခမ်းအနားရဲ့ အရေးပါဆုံးအပိုင်းက ရွေးကောက်ခံသမ္မတရဲ့ ကျမ်းသစ္စာကျိန်ဆိုချက်ပါ။

"အမေရိကန်သမ္မတ တာဝန်ကို သစ္စာရှိစွာ ထမ်းရွက်သွားပါ့မယ်၊ အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်သွားပါ့မယ် ဆိုတာကို ကျွန်ုပ် လေးလေးနက်နက် သစ္စာပြုပါတယ်" ဆိုတဲ့ ကျမ်းသစ္စာပါ။

နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမဲ့ ထရမ့်ဟာ ဒီကျမ်းသစ္စာ စာသားတွေကို ကျိန်ဆိုပြီးမှသာ ၄၇ ယောက်မြောက် အမေရိကန်သမ္မတအဖြစ် တရားဝင်မှာ ဖြစ်ပါတယ်။

ဗန့်စ် ကလည်း ဒုတိယသမ္မတ ရာထူးနေရာအတွက် ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ပါတယ်။

ဒီအခမ်းအနားမှာ ဂီတဖျော်ဖြေပွဲတွေ၊ မိန့်ခွန်းပြောမှုတွေလည်း ပါဝင်မှာ ဖြစ်ပြီး ထရမ့်က လာမယ့် ၄ နှစ်တာ ကာလအတွက် သူ့ရဲ့ ရည်မှန်းချက်တွေအကြောင်း မိန့်ခွန်းထဲမှာ ချပြဖို့ ရှိပါတယ်။

ဒါ့အပြင် ဂုဏ်ပြုချီတက်ပွဲအခမ်းအနားနဲ့ ကပွဲအခမ်းအနားတွေ ကျင်းပမှာ ဖြစ်ပါတယ်။

အခမ်းအနားပွဲ ဘယ်တော့ ကျင်းပမှာလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထရမ့်ရဲ့ ဒုတိယအကြိမ် သမ္မတရာထူး လက်ခံပွဲ အခမ်းအနားနေ့ကို ဝါရှင်တန်ဒီစီ မြို့က လာဖာရက်ရင်ပြင်မှာ ရှိတဲ့ သမိုင်းဝင် စိန့်ဂျွန်း ဘုရားကျောင်း ဝတ်ပြုပွဲနဲ့ အစပြုမှာ ဖြစ်ပြီး အဲဒီနောက် အိမ်ဖြူတော်မှာ လက်ဖက်ရည်ပွဲ ဆက်ကျင်းပမှာ ဖြစ်ပါတယ်။

အမေရိကန် လွှတ်တော်အဆောက်အဦရဲ့ အနောက်ဘက် မြက်ခင်းပြင်ပေါ်မှာ ဆောက်လုပ်ထားတဲ့ အဓိက စင်မြင့်ကြီးပေါ်မှာ ဂီတဖျော်ဖြေပွဲနဲ့ အဖွင့်မိန့်ခွန်းတွေကို ဒေသစံတော်ချိန် မနက် ၉ နာရီ ၃၀ မိနစ်၊ (ဂရင်းနစ်စံတော်ချိန် နေ့လည် ၂ နာရီ ၃၀ မိနစ်) ကစလို့ ကျင်းပသွားမှာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ထရမ့်နဲ့ ဗန့်စ်တို့ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကျင်းပမှာဖြစ်ပြီး ရာထူးလက်ခံယူတဲ့ မိန့်ခွန်းတွေ ပြောကြမှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ထရမ့်ဟာ ဆီးနိတ်လွှတ်တော် ခန်းမနားက သမ္မတရုံးခန်းကို သွားပြီး သူ့အစိုးရအဖွဲ့သစ် အစပြုရေးအတွက် အရေးပါတဲ့ စာရွက်စာတမ်းတွေကို လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။

သမ္မတရာထူး လက်ခံတဲ့ အခမ်းအနားဆိုင်ရာ ပူးတွဲ ကွန်ဂရက်လွှတ်တော် ကော်မတီက နေ့လယ်စာနဲ့ တည်ခင်းဧည့်ခံပါလိမ့်မယ်။

အဲဒီနောက်မှာတော့ အမေရိကန် လွှတ်တော်အဆောက်အအုံကနေ အိမ်ဖြူတော်ကို ဦးတည်ပြီး ပန်ဆေလ်ဗေးနီးယား အဲဗန်နယူး လမ်းတလျှောက် ဂုဏ်ပြုချီတက်ပွဲ စတင်မှာ ဖြစ်ပါတယ်။

ညနေနှောင်းပိုင်းမှာတော့ ထရမ့်ဟာ ဝါရှင်တန် ဒီစီမြို့ထဲမှာ ကျင်းပမယ့် စစ်ဦးစီးချုပ် ကပွဲ၊ လေဘာတီ ကပွဲနဲ့ စတားလိုက် ကပွဲတွေကို တက်ရောက်ဖို့ ရှိပါတယ်။

အဲဒီကပွဲ သုံးခုစလုံးမှာ ထရမ့် မိန့်ခွန်းပြောမယ်လို့ ယူဆရပါတယ်။

ထရမ့်ရဲ့ သမ္မတရာထူး လက်ခံပွဲ အခမ်းအနားကို ဘယ်လိုကြည့်နိုင်မလဲ

ထရမ့်ရဲ့ သမ္မတရာထူး လက်ခံပွဲ အခမ်းအနားကို လူကိုယ်တိုင် တက်ရောက်ကြည့်ရှုလိုသူတွေ အတော်များပြားပြီး လက်မှတ်ဝယ်လိုသူတွေ များနေပါတယ်။

ဒီအခမ်းအနား တက်ရောက်ဖို့ လက်မှတ်အများအပြားကို ကွန်ဂရက်လွှတ်တော်အမတ်တွေ ရထားကြပြီး သူတို့ မဲဆန္ဒနယ်မြေတွေက လူတွေကို ပေးနိုင်ပါတယ်။

ဒီလက်မှတ်တွေက အခမဲ့လက်မှတ်တွေဖြစ်ပြီး ရဖို့ မနည်း လုပ်ရပါတယ်။ လက်မှတ်ရဖို့ အမေရိကန်ပြည်သူတွေက သူတို့ မဲဆန္ဒနယ်မြေက အမတ်ကို တိုက်ရိုက်ဆက်သွယ် တောင်းနိုင်ကြပါတယ်။

တကယ်လို့ ဒီအခမ်းအနားပွဲကို လူကိုယ်တိုင် မတက်နိုင်ဘူးဆိုရင်လည်း အဝေးကနေကြည့်ဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။

ဒီအခမ်းအနားပွဲကို အိမ်ဖြူတော်က တိုက်ရိုက် ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

ဘီဘီစီကလည်း အခမ်းအနားပွဲအကြောင်းကို ဘီဘီစီ ရုပ်မြင်သံကြား သတင်းချန်နယ်ကနေ တိုက်ရိုက် ထုတ်လွှင့်ပေးမှာပါ။

ဘီဘီစီရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာပေါ်မှာလည်း ဒီအခမ်းအနားအကြောင်း တိုက်ရိုက် ထုတ်လွှင့်တာကို ဝင်ကြည့်နိုင်ပြီး နောက်ဆုံးဖြစ်ရပ်တွေ၊ သုံးသပ်ချက်တွေနဲ့ အရေးပါတဲ့ အခိုက်အတန့်တွေကို ဘီဘီစီရဲ့ တိုက်ရိုက်တင်ဆက်မှု စာမျက်နှာပေါ်ကနေ အချိန်နဲ့ တပြေးညီ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအခမ်းအနားပွဲကို ဘယ်သူတွေ တက်ရောက်ကြမလဲ

လူပေါင်း ၂၀၀,၀၀၀ လောက် ဝါရှင်တန် ဒီစီမြို့တော်ဆီ ရောက်လာဖို့ ရှိပြီး အဲဒီထဲမှာ ထရမ့်ကို ထောက်ခံသူတွေရော၊ ကန့်ကွက်သူတွေပါ ပါဝင်နိုင်တယ်လို့ ဒေသန္တရနဲ့ ဗဟိုအစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေက ခန့်မှန်းထားကြပါတယ်။

အမေရိကန် ဆီးနိတ်လွှတ်တော်နဲ့ အောက်လွှတ်တော်က အမတ်တွေနဲ့အတူ အစိုးရအဖွဲ့သစ်ရဲ့ ဧည့်သည်တော်တွေလည်း တက်ရောက်လာကြမှာ ဖြစ်ပါတယ်။

ထရမ့်၊ ဗန့်စ်နဲ့ သူတို့ရဲ့ မိသားစုဝင်တွေပြီးရင် ဒီအခမ်းအနားကို တက်ရောက်မယ့် အရေးပါဆုံးသူတွေကတော့ ရာထူးပြီးဆုံးမယ့် သမ္မတ၊ ဒုတိယသမ္မတ တို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီပွဲမှာ သမ္မတဘိုင်ဒန်နဲ့ သမ္မတကတော် ဂျေးလ် ဘိုင်ဒန်၊ နိုဝင်ဘာလ ရွေးကောက်ပွဲတုန်းက ထရမ့်ကို ရှုံးနိမ့်ခဲ့သူ ဒုတိယသမ္မတ ကမလာ ဟဲရစ်နဲ့ ခင်ပွန်းသည် ဒေါက် အမ်မော့ဖ် တို့ကို တွေ့ရမှာပါ။

သမ္မတဟောင်းတွေနဲ့ သမ္မတဟောင်း ကတော်တွေလည်း ဒီအခမ်းအနားကို တက်ရောက်လေ့ ရှိကြပါတယ်။

အခုနှစ်မှာလည်း ဂျော့ဘုရှ်နဲ့ လော်ရာ ဘုရှ်၊ ဘားရက်ခ် အိုဘားမား တို့ တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။ မီရှဲလ် အိုဘားမားကတော့ ဒီအခမ်းအနားကို တက်ရောက်မှာမဟုတ်ဘူးလို့ သိရပါတယ်။

ဘယ်သူတွေ ပါဝင် ဖျော်ဖြေကြမလဲ

American Idol ပြိုင်ပွဲအနိုင်ရခဲ့သူ ကျေးလက်အဆိုတော် ကယ်ရီ အန်ဒါဝုဒ် က "America the Beautiful" ဆိုတဲ့ သီချင်းကို သမ္မတရာထူး လက်ခံပွဲ အခမ်းအနားအတွင်း သီဆိုဖျော်ဖြေသွားဖို့ ရှိပါတယ်။

"ကျွန်မရဲ့နိုင်ငံကို ကျွန်မ ချစ်ပါတယ်။ သမ္မတရာထူး လက်ခံပွဲ အခမ်းအနားမှာ သီချင်းသီဆို ဖျော်ဖြေပေးဖို့ ကမ်းလှမ်းခံခဲ့ရပြီး ဒီသမိုင်းဝင်ဖြစ်ရပ်မှာ အခန်းကဏ္ဍငယ်တစ်ခုကနေ ပါဝင်ခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်။" လို့ အန်ဒါဝုဒ်က တနင်္လာနေ့တုန်းက ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ "စည်းလုံးညီညွတ်မှုစိတ်ဓာတ်နဲ့ အားလုံးအတူ လက်တွဲပြီး အနာဂတ်ကို ရှုမျှော်နေကြတဲ့ အချိန်အခါမျိုးမှာ ဒီလိုပါဝင် ဖျော်ဖြေခွင့်ရခဲ့တာအပေါ် ဂုဏ်ယူမိပါတယ်"

အမေရိကန် ဒစ္စကိုဂီတအဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ The Village People အဖွဲ့ကလည်း ထရမ့်ရဲ့ သမ္မတရာထူး လက်ခံတဲ့ အခမ်းအနား ကပွဲတစ်ခုမှာ ဖျော်ဖြေမယ်လို့ ထုတ်ဖော်ကြေညာခဲ့ပါတယ်။

မဲဆွယ်ပွဲ ကာလအတွင်းတုန်းက ထရမ့်က သူတို့အဖွဲ့ရဲ့ သီချင်းတွေဖြစ်တဲ့ YMCA သီချင်းနဲ့ Macho Man သီချင်းတွေကို မဲဆွယ်ပွဲတွေမှာ မကြာခဏ ဖွင့်ခဲ့ပါတယ်။

ဒီလိုဖျော်ဖြေတာကို လူတချို့ကတော့ ကျေနပ်ကြမှာမဟုတ်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ နိုင်ငံရေး ဆက်နွှယ်မှု မပါဘဲ ဂီတကို ဖျော်ဖြေနိုင်တယ်လို့ ကျွန်တော်တို့ ယူဆထားပါတယ် လို့ The Village People အဖွဲ့က ဖေ့စ်ဘွတ်ခ် ပေါ်ကနေ ပို့စ်တင်ထားပါတယ်။

"ကျွန်တော်တို့ရဲ့ Y.M.C.A. သီချင်းဟာ ကမ္ဘာတဝန်းနဲ့ ဆိုင်တဲ့ နိုင်ငံတော်သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ကိုယ်နှစ်သက်တဲ့ သမ္မတလောင်း ရှုံးနိမ့်ခဲ့ရပြီး အော်ကြီးဟစ်ကျယ် သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့ကြတဲ့ ရွေးကောက်ပွဲကြီးအပြီးမှာ နိုင်ငံကို တစည်းတလုံးတည်းဖြစ်အောင် ပြန်ဆောင်ကျဉ်းနိုင်ဖို့ ဒီသီချင်းက အထောက်အကူပြုပေးမယ်လို့ မျှော်လင့်ပါတယ်။"

ထရမ့်ရဲ့ ကာလတာရှည် မိတ်ဆွေလည်းဖြစ် ပူးပေါင်းဆောင်ရွက်သူလည်းဖြစ်တဲ့ ကျေးလက်အဆိုတော် လီး ဂရင်းဝုဒ်နဲ့ အော်ပရာအဆိုတော် ခရစ္စတိုဖာ မက်ကီယို တို့လည်း ပါဝင် ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။