အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် စတင်တာဝန်ထမ်းဆောင်တဲ့ပထမနေ့ နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်တင်ဆက်မှုပြီးဆုံးပါပြီ။ ဘီဘီစီရဲ့တိုက်ရိုက်တင်ဆက်မှုကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဘိုင်ဒန် ခန့်ခဲ့တဲ့ လူ ၁၀၀၀ ကျော်ကို အလုပ်ဖြုတ်ဖို့ စနေပြီလို့ သမ္မတ ထရမ့်ပြော
ဘိုင်ဒန် ခန့်ခဲ့တဲ့ လူ ၁၀၀၀ ကျော်ကို အလုပ်ဖြုတ်ဖို့ စနေပြီလို့ သမ္မတ ထရမ့်ပြော၊ တောင်ကိုရီးယားမှာ အခြေစိုက်တဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေကို နှုတ်ဆက်ရင်း ကင်ဂျုံအွန်း အကြောင်းကိုလည်း သမ္မတ ထရမ့်က မေးမြန်း၊ အမေရိကန်လွှတ်တော်အဆောက်အအုံမှာ ဖြစ်ခဲ့တဲ့အဓိကရုဏ်းနဲ့ ပြစ်ဒဏ်ကျနေသူတွေကို ထရမ့် လွတ်ငြိမ်းပေးတာအပြင် သမ္မတ တာဝန်ထမ်းဆောင်တဲ့ ပထမနေ့မှာပဲ အမိန်တွေ ကြေညာချက်တွေကို လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။ ဒီသတင်းနောက်ဆုံးရအပါအဝင် နောက်ဆုံးရသတင်းတွေကို ဒီစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- ဒေါ်နယ်ထရမ့်ဟာ ၄၇ ဆက်မြောက် အမေရိကန်သမ္မတ အဖြစ်တာဝန်စတင်ယူပြီဖြစ်ပါတယ်။
- ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက အမေရိကန်လွှတ်တော်အဆောက်အအုံမှာ ဖြစ်ခဲ့တဲ့အဓိကရုဏ်းနဲ့ဆက်နွှယ်နေသူ ၁၆၀၀ လောက်ကိုလည်း ထရမ့်က လွတ်ငြိမ်းခွင့် ပေးလိုက်ပါတယ်
- အဲဒီထဲက လက်ဝဲစွန်း Proud Boys ခေါင်းဆောင်အပါအဝင် အများစုဟာ လာမယ့် နာရီပိုင်းအတွင်း ပြန်လွတ်လာမယ်လို့ ယူဆရပါတယ်။
- အဲဒီအချိန်တုန်း အောက်လွှတ်တော်ဥက္ကဋ္ဌတာဝန်ယူခဲ့သူ နန်စီ ပလိုစီကတော့ ဒီလုပ်ရပ်ဟာ အမေရိကန်တရားရေးစနစ်ကို စော်ကားမှုလို့ ပြောပါတယ်။
- ထရမ့်ကတော့ ''အမေရိကန် ရွှေခတ်ရောက်ပြီ'' လို့ သူ့ရဲ့ သမ္မတ တာဝန်လက်ခံယူတဲ့မိန့်ခွန်းမှာ ပြောပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ပူတင်ကို ထရမ့်ပြောမယ်လို့ဆို
တူဒေး အစီအစဉ်မှာ အစောပိုင်းတုန်းက စကားပြောခဲ့တဲ့ပင်တဂွန်စစ်ဌာနချုပ်က ထရမ့်ရဲ့ အသွင်ကူးပြောင်းကာလ အဖွဲ့ခေါင်းဆောင် ရော်ဘတ် ဝီကီ ဆီကနေ အချက်အလက်တချို့ ထွက်လာပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ ထရမ့်ရဲ့ချဉ်းကပ်ပုံကို သူထုတ်ပြောခဲ့တာပါ။
ရုရှားသမ္မတ ဗလာဒီ မီယာပူတင်ကို ထရမ့်က ဖုန်းခေါ်ပြီး စစ်ပွဲရပ်ဖို့ ပြောလိမ့်မယ်လို့ ဝီကီ က ပြောပါတယ်။
အကယ်လို့ စစ်ပွဲရပ်ဖို့ ပြောမယ့် ထရမ့်ရဲ့ တိုက်တွန်းချက်ကို ပူတင်က ငြင်းဆန်မယ်ဆိုရင် ထရမ့်ဟာ ''အမေရိကန်ရဲ့စွမ်းအင်အင်အား'' ကို သမ္မတအမိန့် ထုတ်ပြီး ပြသလိမ့်မယ်လို့လည်း သူက ပြောပါတယ်။
“အဲဒီအခါ အမေရိကန်ရဲ့ သဘာဝဓာတ်ငွေ့ဟာ ဥရောပကို စီးဆင်းလိမ့်မယ်” လို့ ဝီကီက ပြောပါတယ်။
“ကမ္ဘာ့ ရေနံဈေးကွက်မှာ အမေရိကန်ရဲ့ ပါဝင်မှုက ဆီဈေးတွေ ကျလာစေမှာဖြစ်ပြီး ဒါဟာ ရုရှားစီးပွားရေး ဒေဝါလီခံတဲ့အထိ ဦးတည်စေနိုင်တပါတယ်။ ဒီလိုဆိုရင် ပူတင်ရဲ့စစ်ပွဲ ကာလစီးပွားရေးကို သိသိသာသာအထိနာသွား စေလိမ့်မယ်” လို့ ဝီကီက ဆက်ပြောပါတယ်။
သမ္မတ တာဝန်ထမ်းချိန် တဒင်္ဂတောင် အချိန်မဖြုန်းလိုဘူးလို့ ထရမ့်ပြသထား
ဆာရာစမစ်
(မြောက်အမေရိကဆိုင်ရာအယ်ဒီတာ)
သမ္မတ ထရမ့်တစ်ယောက် သမ္မတအမိန့်တွေကို ဆက်တိုက် လက်မှတ်ထိုးထုတ်ခဲ့တာဟာ ရှိရင်းစွဲ သွားနေတဲ့အုပ်ချုပ်ရေးကို ခပ်မြန်မြန်သွက်သွက် ပြောင်းလဲမှုလို့ မြင်နိုင်ပါတယ်။ သမ္မတထရမ့်ဟာ လုပ်ထုံးလုပ်နည်းတွေကို ပြန်ရေးသားနေတယ်လို့တောင် ပြောလို့ရပါတယ်။
အမေရိကန်အတွက် သူ ဆောင်ကျဥ်းပေးမယ်လို့ဆိုတဲ့ ပြောင်းလဲမှုကြီးကြီးမားမားကို ပေးမယ်ဆို တဲ့ သူ့ကတိကို အိမ်ဖြူတော်က ဘဲဥပုံခန်းမကို အရောက်မှာ လုပ်ပိုင်ခွင့် အားလုံးကို အသုံးချလိုက်တာကိုလည်း ပြနေပါတယ်။
ဒါပေမဲ့လည်း သမ္မတ ထရမ့်ဟာ သူ့နာမည်နဲ့လက်မှတ်ထိုးလိုက်ရုံနဲ့ အားလုံးပြီးသွားတယ်လို့တော့ မဟုတ်ပြန်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် နိုင်ငံထဲမှာဖွားတဲ့ဘယ်သူ့ကိုမဆို နိုင်ငံသားဖြစ်ခွင့်ကို ပြန်ရုတ်သိမ်းမှုဟာ တရားရုံးမှာ ဥပဒေကြောင်းအရ စိန်ခေါ် ခံရနိုင်တာရှိနိုင်ပါတယ်။ ပြောင်းလဲမယ်လို့ပြောထားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး နောက်ထပ် သူ့ရဲ့ ရည်မှန်းချက်တွေဟာလည်း ကွန်ဂရက် လွှတ်တော်ရဲ့ အတည်ပြုမှုကို လိုအပ်ဦးမှာဖြစ်ပါတယ်။
ဒါပေမဲ့ မစ္စတာ ထရမ့်ဟာ ပဲရစ် ရာသီဥတုဆိုင်ရာသဘောတူညီချက်ကနေ နုတ်ထွက်တာ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ နုတ်ထွက်ဖို့လုပ်တာအပြင် မက္ကဆီကိုနဲ့နယ်စပ်တလျှောက်ကို အရေးပေါ်အခြေအနေကြေညာတာတွေကို လက်မှတ်ထိုးထားလိုက်ပြီးဖြစ်ပါတယ်။
သူ့ သမ္မတသက်တမ်းမှာ တဒင်္ဂအခိုက်အတန့်ကိုတောင် အချိန်မဖြုန်းလိုဘူးဆိုတာကိုတော့ သံသယပွားစရာမရှိအောင် မစ္စတာထရမ့် ပြထားလိုက်ပြီဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲလိုတဲ့သမ္မတတစ်ဦးဖြစ်လာဖို့ သူရည်ရွယ်ထားတယ်လို့ဆိုတာကိုလည်း ပြသထားပြီးဖြစ်ပါတယ်။
မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး ထရမ့်ရဲ့မှတ်ချက်တွေဟာ ဒေသတွင်းရိုက်ခတ်မှုရှိနိုင်
ဒုတိယအကြိမ် သမ္မတသက်တမ်းရဲ့ ပထမဆုံးနေ့မှာပဲ ထရမ့်က မြောက်ကိုရီးယားကို “နျူးကလီးယားနိုင်ငံ တစ်နိုင်ငံ” လို့ သုံးနှုန်းခဲ့ပြီး တောင်ကိုရီးယားမှာ အခြေစိုက်တဲ့ အမေရိကန်တပ်ဖွဲ့တွေကိုလည်း အွန်လိုင်းကနေ တွေ့ဆုံချိန်မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းအကြောင်း မေးမြန်းခဲ့ပါတယ်။
ကိုရီးယားကျွန်းဆွယ်လို့ပဲ သာမာန်ရည်ညွှန်း သုံးနှုန်းတဲ့အပြောဟာ ဝါရှင်တန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဆိုးလ်အတွက် နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ အီဝါတက္ကသိုလ်ရဲ့ ပါမောက္ခ လစ်ဇ် အဲရစ် အက်ရှ်လေက ပြောပါတယ်။
“ထရမ့်အတွက် ရိုးရှင်းတဲ့အချက်က မြောက်ကိုရီးယားမှာ နျူးကလီးယားလက်နက်ရှိတယ်၊ နျူလက်နက် ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေဟာ စစ်ပွဲရှောင်ရမယ်လို့ တည့်တည့်တွေးတာပါပဲ” လို့ အက်ရှ်လေက ပြောပါတယ်။
''တောင်ကိုရီးယားအတွက်အန္တရာယ်က သူ့ရဲ့ကာလရှည်မဟာမိတ်(အမေရိကန်) ရဲ့ စစ်ရေးကြားဝင်မှုအားထုတ်မှုတွေဟာ ထရမ့်ရဲ့လူပုဂ္ဂိုလ်အခြေပြု သံခင်းတမန်ခင်းကြောင့် နောက်ရောက်သွားနိုင်တယ်။ မြောက်ကိုရီးယား နျူးကလီးယားကင်းစင်ရေးအတွက် အားထုတ်မှုတိုင်းဟာ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်တာမျိုးမဟုတ်ဘူးဆိုရင်တော့ ဆိုးလ်ဟာ ပြုံရမ်းရဲ့ ပွတ်တိုက်မှုကို ခံရနိုင်တာမျိုးကို ဦးတည်သွားစေနိုင်တယ်'' လို့ သူက ပြောပါတယ်။
အမေရိကန်မှာ မွေးဖွားရင် နိုင်ငံသားဖြစ်ခွင့်ကို ပယ်ဖျက်ဖို့ ထရမ့် စတင်
အစောပိုင်းတုန်းက ဘဲဥပုံရုံးခန်းမှာ သမ္မတဒေါ်နယ်ထရမ့်လက်မှတ်ရေးထိုးထားတဲ့ အမိန့်အများကြီးထဲက တစ်ခုနဲ့ ပတ်သက်ပြီး ပိုရှင်းလင်းတဲ့အချက်အလက် ထွက်ပေါ်လာပါပြီ။
တရားဝင်နေထိုင်ခွင့်မရှိတဲ့ရွှေ့ပြောင်းနေထိုင်သူတွေ ဒါမှမဟုတ် ယာယီဗီဇာကိုင်ဆောင်ထားသူတွေကနေ မွေးဖွားလာတဲ့ကလေးတွေကို အမေရိကန်နိုင်ငံသားဖြစ်ခွင့်ပေးတာကို ပယ်ဖျက်ဖို့ ဖယ်ဒရယ်အေဂျင်စီတွေကို ညွှန်ကြားတဲ့ အမိန့်ကို သမ္မတ ထရမ့်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
နိုင်ငံဖွားမှန်သမျှ နိုင်ငံသားဖြစ်ခွင့် ဥပဒေဟာ အမေရိကန်နိုင်ငံမှာ မွေးဖွားသူအားလုံး အမေရိကန်နိုင်ငံသားတွေဖြစ်တယ်ဆိုတဲ့ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ၁၄ ခုမြောက် ပြင်ဆင်ချက်ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။
အခုတော့ မစ္စတာ ထရမ့်က သူ့ရဲ့ အမိန့် ညွှန်ကြားချက်ကို အကောင်အထည်ဖော်ဖို့အတွက် အေဂျင်စီတွေကို ရက်ပေါင်း (၃၀) အချိန်ပေးထားပါတယ်။ ဒါပေမဲ့ သမ္မတရဲ့အခုအမိန့်ကြေညာချက်ကို တရားရေးနဲ့ ပြန်လည်တုံ့ပြန်ရင်ဆိုင်တာတွေလည်း ခပ်မြန်မြန်ကြုံလာရနိုင်ခြေရှိပါတယ်။
လူဝင်မှုကြီးကြပ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ထရမ့်က မိဘတွေက တခြားတိုင်းပြည်မှာ မွေးပေမယ့် အမေရိကန်နိုင်ငံမှာ မွေးဖွားတဲ့ သားသမီးမှန်သမျှ အမေရိကန်နိုင်ငံသား ဖြစ်လာခွင့် ကို ရပ်ဆိုင်းပစ်ဖို့ သူ့ရဲ့ သမ္မတ လုပ်ပိုင်ခွင့်အာဏာ သုံးပြီး လုပ်ဆောင်သွားမယ်လို့ အစောပိုင်းကတည်းက ပြောထားတာဖြစ်ပါတယ်။
ဂါဇာအပစ်ရပ်ရေး ''ယုံကြည်မှုသိပ်ရှိလှ'' လို့ ထရမ့်ပြော
ဂါဇာအပစ်ရပ်ရေး သဘောတူညီချက် ခိုင်ခိုင်မာမာနဲ့ ဆက်ပြီးရှိမယ်လို့ သူယုံကြည်မှုနည်းတဲ့အကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလာပါတယ်။
အစောပိုင်းတုန်းက သတင်းထောက်တစ်ယောက်ရဲ့ မေးခွန်းကို သမ္မတက ပြန်ဖြေရင်း ‘‘ဒါ ကျွန်တော်တို့ စစ်ပွဲ မဟုတ်ပါဘူး။ သူတို့ စစ်ပွဲပါ။ ဒါပေမဲ့ အပစ်ရပ်နဲ့ပတ်သက်ပြီး ကျွန်တော် ယုံကြည်မှုမရှိဘူး’’ လို့ ပြောပါတယ်။
ဂါဇာဟာ ‘‘အဆောက်အအုံတွေ ဖြိုချခံထားရတဲ့နေရာတစ်ခုလို ဖြစ်နေတာ’’ကြောင့် ဟားမတ်စ်အဖွဲ့ အင်အားနည်းလာပြီလို့တော့ သူက ပြောပါတယ်။
ဂါဇာမှာ ထားရှိတဲ့အပစ်ရပ်တဲ့အခြေအနေသာ ဆက်ရှိမယ်ဆိုရင် ‘‘သိပ်လှတာတွေ ဖန်တီးလို့ရမှာ’’ လို့ အိမ်ခြံမြေ သူဌေးကြီးဟောင်းလည်းဖြစ်တဲ့ သမ္မတ ထရမ့်က ပြောပါတယ်။ ‘‘ပင်လယ်ပေါ် မေးတင်နေလို့ နေရာအချက်အခြာ သိပ်ကို ကျတယ် ... အခြေအနေ အားလုံးရှိတယ်လေ’’
အမေရိကန်သမ္မတကတော်နဲ့ ဒုတိယသမ္မတကတော်တွေရဲ့ ကပွဲတက် ဖက်ရှင်တွေက ဘာထူးခြားလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, ကျမ်းကျိန်ပွဲ ညပိုင်း ကျင်းပတဲ့ ကပွဲတွေကို အတူတက်ရောက်နေတဲ့သမ္မတ ထရမ့်နဲ့ သမ္မတကတော် မယ်လာနီယာ သမ္မတကတော်အဖြစ် ပထမဆုံး ကပွဲကို တက်ရောက်ချိန် မယ်လယ်နီယာ ထရမ့် တယောက် ဝတ်ဆင်လာတဲ့ ဂါဝန်ဒီဇိုင်းက ထရမ့်ရဲ့ပထမအကြိမ် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဝတ်ခဲ့တဲ့ဒီဇိုင်းနဲ့ ခပ်ဆင်ဆင်ပါပဲ။
ပခုံးဖော် ရင်ပြတ် လည်ပင်းဒီဇိုင်းနဲ့ ဂါဝန်ရှည်ဟာ ခြေတချောင်းပေါ်အောင် အရှေ့မှာခွဲထားပြီး ဂါဝန်ရင်ဘတ်မှာ လည်း လိုင်းတွေနဲ့ ဖန်တီးထားပါတယ်။
အရင်တကြိမ်တုန်းကလိုပဲ ဗင်နီလာရောင် ပိုးသားပျော့ ဝတ်စုံရှည်ကို ဝတ်ဆင်လာတာဖြစ်ပြီး အခုကပွဲ ပွဲတက် ဝတ်စုံမှာတော့ အပြားပုံစံအမဲရောင်ဖဲပြားထူတွေပါဝင်သလို ချော်ကာ ပုံစံ ဆွဲကြိုးနဲ့ တွဲဖက် ဝတ်ဆင်လာတာပါ။ ဒီဝတ်စုံဟာ ပထမဝတ်စုံထက် ပိုပြီးသန်မာတဲ့ဟန်ပေါ်လွင်လာပါတယ်။
ဝတ်စုံကိုအဝေးကကြည့်ရင်တွေ့မြင်ရတဲ့ ဂါဝန်ပေါ်က မျဉ်းကွေးတွေဟာ မယ်လယ်နီယာ့ ခင်ပွန်းဖြစ်သူရဲ့ သမ္မတအမိန့် ထုတ်ပြန်ချိန်ရေးထိုးတဲ့ လက်မှတ်ကို ပြန်ပြီးအမှတ်ရစေရပါတယ်။
သမ္မတကတော်ရဲ့ အဖြူအမဲတွဲဖက်ဝတ်စုံဟာ ခင်ပွန်းဖြစ်သူဝတ်ဆင်ထားတဲ့ပွဲတက်ဝတ်စုံနဲ့ ပနံသင့် နေပါတယ်။ ထရမ့်ရဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်းကာလအတွင်း ဘဲဥပုံရုံးခန်းကို လာရောက်မယ့် စုံတွဲ ဖက်ရှင်တွေကို သူတို့နှစ်ဦးကြားက ဆက်ဆံရေး၊ အပြုအမူတွေကနေတဆင့် ဆက်ပြီး တွေ့မြင်ရတော့မှာပါ။ အချိန်ကပဲ စကားပြောပါလိမ့်မယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ခင်ပွန်းဖြစ်သူတွေရဲ့ ကျမ်းကျိန်ဆိုပွဲမှာ အတူတွေ့ရတဲ့ ဒုသမ္မတကတော်(ဝဲ)နဲ့ သမ္မတ ကတော် ဒုတိယသမ္မတကတော် အုရှာ ဗန့်စ်ရဲ့ ဖက်ရှင်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဝတ်ဆင်ခဲ့တဲ့ ရှေ့နေတဦးရဲ့ ဖက်ရှင်ကျကျဝတ်စားဆင် ယင်မှုထက်သာလွန်တဲ့ ဒုသမ္မတကတော်တဦးရဲ့ ဆင်ယင်ဟန် ပိုပေါ်လွင်လာပြီး သိသိသာသာထင်ရှား နေပါတယ်။
ကျမ်းကျိန်ပွဲနေ့ အစောပိုင်းမှာ Oscar de la Renta က ပန်းရောင်ဝတ်စုံဝတ်ဆင်ခဲ့ပြီး ကပွဲအခမ်းအနားမှာ တော့ အပြာရောင်စီးကွန့်ဂါဝန်ကိုဝတ်ဆင်လာပါတယ်။ ဒါဟာ ထရမ့်ရဲ့ပြီးခဲ့တဲ့အုပ်ချုပ်မှုကာလအတွင်း အောင်မြင်မှုအမျိုးမျိုးကို နမူနာပြနိုင်တဲ့ဝတ်စုံတခုအဖြစ်ရှုမြင်နိုင်သလို အပြင်ဘက်က အာတိတ်အအေးဒဏ်ကို အံတုဟန်လည်း ပေါ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, ကပွဲညမှာမြင်ရတဲ့ ဒုတိယသမ္မတ၊ ဒုသမ္မတကတော်နဲ့ သမ္မတကတော်တို့ကို ဝဲကနေ ယာအတိုင်းမြင်တွေ့ရတာဖြစ်ပါတယ် ဒုတိယအကြိမ် သမ္မတ သက်တမ်းစ တာဝန်ယူပြီးပြီးချင်း ညနက်ပိုင်းမှာ လူမှုကွန်ရက်ပေါ် ထရမ့် ဘာရေးတင်လိုက်ပြီလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, သမ္မတတာဝန် စယူတဲ့အနေ့ ဂုဏ်ပြုပွဲအနေနဲ့ကျင်းပတဲ့ စစ်ဦးစီးချုပ်ကပွဲမှာ ဂုဏ်ပြု ကိတ်မုန့် ခွဲဖို့ ဓားကိုင်ထားတဲ့ မစ္စတာ ထရမ့် ၄၇ ဆက်မြောက် အမေရိကန်သမ္မတအဖြစ် ညနှောင်းပိုင်းမှာ လူမှုကွန်ရက်ပေါ် မစ္စတာ ထရမ့် ပထမဆုံးတင်တဲ့ ပို့စ်က ''ခင်ဗျားကို အလုပ်ဖြုတ်ပြီ'' ဆိုတဲ့စကားစုပါ။ သူက အင်္ဂလိပ်စာ စကားလုံးအကြီးတွေနဲ့ အဲဒီစကားစုကို သူ့ကိုယ်ပိုင် လူမှုကွန်ရက် Truth ပေါ် ရေးတင်ပါတယ်။
''အမေရိကန်ကို ပြန်ဦးစားပေးမယ်ဆိုတဲ့ ကျွန်တော်တို့ ရည်မှန်းချက်နဲ့ မကိုက်ညီတဲ့ ဘိုင်ဒန် ခန့်ထားခဲ့သူ လူတစ်ထောင်ကျော်ကို ဖယ်ရှားဖို့ လုပ်ငန်းစဥ်ကို စလုပ်နေပြီ'' လို့ သူက ရေးတင်ပါတယ်။
နောက်ပြီး အရာရှိ လေးဦး နာမည်ကိုလည်း သူက ရေးတင်ပါတယ်။
သူတို့တွေက အားကစား၊ ကျန်းမာကြံ့ခိုင်မှုနဲ့ အာဟာရဆိုင်ရာ သမ္မတကောင်စီက ဟိုဆေး အန်းဒရဲ၊ အမျိုးသားအခြေခံအဆောက်အဦအကြံပေးကောင်စီက မာ့ခ် မစ်လီ၊ ပညာရှင်များဆိုင်ရာ ဝီလ်ဆင်စင်တာက ဘရိုင်ယန် ဟွတ်ခ်၊ ပြည်ပပို့ကုန်ဆိုင်ရာ သမ္မတကောင်စီက ကီရှာ လန့်စ်တို့ ဖြစ်ပါတယ်။
နောက်ဆုံးမှာ သူရေးထားတာက ''ခင်ဗျားကို အလုပ်ဖြုတ်ပြီ'' ဆိုတဲ့စကားလုံးဖြစ်ပါတယ်။
ဒီညအတွက် နောက်ဆုံးကပွဲကို သမ္မတနဲ့ သမ္မတ ကတော်တို့ တက်ရောက်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, စတားလိုက် ကပွဲမှာတွေ့ရတဲ့ သမ္မတထရမ့်နဲ့ သမ္မတကတော် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော်တို့ဟာ ထရမ့်ရဲ့ သမ္မတတာဝန်ထမ်းဆောင်မှုအတွက် ဂုဏ်ပြုကျင်းပတဲ့ ညနေခင်း ကပွဲတွေထဲက နောက်ဆုံးကပွဲဖြစ်တဲ့ စတားလိုက်ကပွဲကို တက်ရောက်နေပါတယ်။
ယူနီယံကပွဲလို့လည်း သိကြတဲ့ ဒီကပွဲကို ထရမ့် မဲဆွယ်ပွဲအတွက် ရန်ပုံငွေ အများဆုံးထည့်ခဲ့ကြတဲ့ သူဌေးကြီးတွေလည်း တက်ရောက်နိုင်ခြေရှိပါတယ်။
ပွဲကို တက်တဲ့သူတွေ လူမှုကွန်ရက်မှာတင်တဲ့ ဓာတ်ပုံနဲ့ ရုပ်သံတွေအရ ထရမ့်နဲ့ ဗန့်စ်တို့ဟာ သူတို့ ဇနီးသည်တွေနဲ့အတူ စင်မြင့်ထက် ကနေတာကိုလည်း တွေ့ရပါတယ်။
ကာမလာဟဲရစ် ဘယ်ရောက်နေလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒေါ်နယ်ထရမ့်နဲ့အတူ ရွေးကောက်ပွဲယှဥ်ပြိုင်ခဲ့ပြီးတဲ့နောက် ထရမ့်ရဲ့ ကျမ်းကျိန်ပွဲကို ဒုတိယသမ္မတ တစ်ဦးအနေနဲ့တက်ရောက်ခဲ့တဲ့ ဒုတိယသမ္မတဟောင်း ကာမလာဟဲရစ်ဟာ သာမန်အရပ်သူ ဘဝကို ပြန်စဖို့ ကယ်လီဖိုးနီးယားပြည်နယ်ထဲက သူ့အိမ်ကို ပြန်သွားခဲ့ပြီဖြစ်ပါတယ်။
လော့စ်အိန်ဂျလိစ်မြို့ကို လေယာဥ်နဲ့ဆင်းဆင်းချင်းမှာပဲ နေရာ ၂ ခုကို သူဝင်ခဲ့ပါတယ်။
ပထမဆုံး သူ ဝင်ခဲ့တဲ့နေရာကတော့ တောင်ပိုင်း ကယ်လီဖိုးနီးယားက မကြာသေးခင်တုန်းက လူပေါင်း ၂၀ ကျော် သေဆုံးပြီး အဆောက်အဦ ထောင်နဲ့ချီပျက်စီးစေခဲ့တဲ့ တောမီးတွေကြောင့် မီးဘေးသင့်ပြည်သူတွေကို အစားအသောက် အကူအညီပေးနေတဲ့ World Central Kitchen ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ အခုလအစောပိုင်းတုန်းက လောင်ခဲ့တဲ့တောမီးတွေကို ငြိမ်းသတ်ရာမှာပါဝင်ခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို လည်း တွေ့ဆုံခဲ့ပါတယ်။
အဲဒီနေရာတွေကို ဝင်အပြီးမှာတော့ အနာဂတ်ခေါ်ဆောင်ရာကို လိုက်ဖို့ အချိန်နည်းနည်းယူဦးမယ်လို့ ပြောတာကို ကြားရပါတယ်။
သတင်းတွေမှာတော့ ကာမလာဟာ ကယ်လီဖိုးယားပြည်နယ်အုပ်ချုပ်ရေးမှူး နေရာအတွက် ဝင်ပြိုင်နိုင်ခြေရှိတယ်လို့ ဖော်ပြနေပါတယ်။
ဒါမဟုတ်လည်း သူအနာဂတ်ဟာ နောက်တစ်ကြိမ် သမ္မတရွေးကောက်ပွဲဝင်တာလည်းဖြစ်နိုင်ပါတယ်။
ဘာပဲ ဖြစ်ဖြစ် ဒါတွေနဲ့ ပတ်သက်ပြီး ကာမလာဘက်က တစုံတရာ မှတ်ချက်ပေးတာမျိုးတော့ မရှိသေးပါဘူး။
လစ်ဘာတီကပွဲကို YMCA သီချင်းနဲ့ နုတ်ဆက်အက ကပြီး ထရမ့် စင်မြင့်ထက်ကဆင်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အမေရိကန် ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၀ ရက် ညပိုင်းမှာ တက်ရောက်တဲ့ ညနေခင်း ကပွဲတွေထဲက တစ်ခုဖြစ်တဲ့ လစ်ဘာတီကပွဲကို The Village People အဖွဲ့ရဲ့ နာမည်ကျော် YMCA သီချင်းနဲ့အလိုက်ကပြီး စင်မြင့်ထက်ကနေ ဆင်းသွားပြီဖြစ်ပါတယ်။
ဒီသီချင်းဟာ ထရမ့်နဲ့ သူ့ကို ထောက်ခံသူတွေရဲ့ ပင်တိုင်သီချင်းလည်းဖြစ်ပါတယ်။
လစ်ဘာတီကပွဲက ပုံရိပ်တစ်ချို့ကိုလည်း စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, ထရမ့်တို့ ဇနီးမောင်နှံ၊ သားနဲ့ သမီးတို့ကို သူတို့ကြင်ယာတွေနဲ့အတူ လစ်ဘာတီကပွဲမှာ မြင်ရတာဖြစ်ပါတယ် 
ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, လစ်ဘာတီကပွဲမှာ မြင်ရတဲ့ အမေရိကန်ဒုတိယသမ္မတ ဗန့်စ်နဲ့ ဒုတိယသမ္မတ ကတော် 
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ညနေခင်းကပွဲ ၃ ခုထဲက ဒုတိယမြောက်ကပွဲဖြစ်တဲ့ လစ်ဘာတီ ကပွဲ စင်မြင့်ထက် မြင်ကွင်း လစ်ဘာတီကပွဲကို ထရမ့်ရောက်ပြီ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ သမ္မတ တာဝန်စတင်ထမ်းဆောင်တဲ့ပထမနေ့မှာ နောက်ဆုံးအစီအစဥ်တွေထဲက တစ်ခုဖြစ်တဲ့ လစ်ဘာတီကပွဲကို ဇနီးသည် သမ္မတကတော် နဲ့အတူ ရောက်ရှိပြီဖြစ်ပါတယ်။
အခု ကပွဲဟာ ဝါရှင်တန် ဒီစီမှာ ဇန်နဝါရီ ၂၀ ရက် အမေရိကန်ဒေသစံတော်ချိန် ညနှောင်းပိုင်းမှာ ပြုလုပ်တဲ့ သမ္မတ ထရမ့်နဲ့ ဒုသမ္မတတို့ တက်ရောက်တဲ့ ကပွဲ ၃ ပွဲထဲက ဒုတိယမြောက်ပွဲဖြစ်ပါတယ်။
အစောပိုင်းတုန်းကတော့ သမ္မတ ထရမ့်ဟာ စစ်ဦးစီးချုပ်ဂုဏ်ပြုကပွဲကို တက်ရောက်ခဲ့ပြီး နိုင်ငံ့စစ်တပ်ကို အားကောင်းအောင်လုပ်ဆောင်မယ်၊ အမေရိကန်ကို လူရိုသေ ရှင်ရိုသေဖြစ်အောင် ပြန်လုပ်မယ်လို့ ဆိုပြီး ပြောထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတဟာ စစ်ဦးစီးချုပ်ဖြစ်ပါတယ်။
ပနားမားတူးမြောင်းကိစ္စ မိန့်ခွန်းထဲ ထရမ့် ထည့်ပြော
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ နိုင်ငံကို ရွှေခေတ်ရောက်အောင်လုပ်မယ်လို့ ပြောသလို ပြည်ပနဲ့ ပတ်သက်တဲ့အကြောင်းရာတွေထဲမှာ ပနားမားတူးမြောင်းကိစ္စကိုလည်း သူ့ မိန့်ခွန်းထဲ ထည့်ပြောပါတယ်။
ကမ္ဘာ့ပင်လယ်ရေကြောင်းကုန်သွယ်မှုမှာအရေးပါတဲ့ ပနားမားတူးမြောင်းမှာ တရုတ်စစ်သားတွေရှိနေတာကြောင့် လိုအပ်ရင် တူးမြောင်းကို အင်အားသုံးပြန်ယူမယ်လို့ ထရမ့်က အစောပိုင်းမှာ ပြောထားတာပါ။
ဒီအကြောင်း သူ့ရဲ့ သမ္မတ မိန့်ခွန်းမှာလည်း ထည့်ပြောပါတယ်။
ဒီတော့ အမေရိကန်က ပနားမားတူးမြောင်းကို သိမ်းယူလို့ရလား၊ တရုတ်စစ်သားတွေ အဲဒီမှာ ရှိနေလား ... စတာတွေကို ဘီဘီစီ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
‘‘ကင်ဂျုံအွန်း နေကောင်းလား’’ - ထရမ့်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, ကာကွယ်ရေးဦးစီးချုပ် ဂုဏ်ပြုကပွဲကို ဓားနဲ့ ကိတ်မုန့်ခွဲပြီး သိမ်း ‘‘ကင်ဂျုံအွန်း နေကောင်းလား’’ လို့ သမ္မတ ထရမ့်က သတင်းစကားမေးပါတယ်။
ကာကွယ်ရေးဦးစီးချုပ် ဂုဏ်ပြုကပွဲကို တက်ရင်း တောင်ကိုရီးယားမှာ အခြေစိုက်တဲ့အမေရိကန် တပ်သားတွေကို ဗီဒီယိုကနေ တဆင့် စကားပြောချိန်မှာ သူက အခုလို ပြောလိုက်တာပါ။
တပ်ဖွဲ့ဝင်တွေကို နေကောင်းကျန်းမာလား မေးရင်း သူက အခုလို မေးလိုက်လို့ ပရိသတ်လည်း သူ့စကားကို ပွဲကျခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံအခြေစိုက် အမေရိကန်တပ်ဖွဲ့ဝင်တွေကို စင်မြင့်ပေါ်ကနေ ဗီဒီယိုနဲ့စကားပြောဆိုချိန်မှာ ထရမ့်က “ဟလို၊ အဲဒီမှာ ဘယ်လိုနေလဲ။ ကင်ဂျုံအွန်းရော နေကောင်းလား” လို့ မေးပါတယ်။
“သမ္မတကြီးကို ကျွန်တော်တို့ ကြိုဆိုဖို့ အသင့်ပါပဲ” လို့လည်း ဗီဒီယိုထဲမှာ ဦးဆောင်ပါဝင်စကားပြောတဲ့ အမေရိကန်အရာရှိက ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးသစ် ပိထ် ဟတ်ဆက်သ် လက်ထက်မှာ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာမှာအင်အားအကြီးဆုံး စစ်တပ်အဖြစ် မြင်လာရမယ်လို့လည်း သူက ပြောပါတယ်။
‘‘ကျွန်တော်တို့မှာ သိပ်ကိုခိုင်ခံ့တဲ့ သံမဏိကွန်ခြာတစ်ခု ရှိလာမှာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အမေရိကန်ရဲ့ ရန်သူတွေကို အနိုင်တိုက်ဖို့ပါ။ ကျွန်တော်တို့ကို မနိုင်စေရပါဘူး။ နှစ်ဦးနှစ်ဖက် နိုင်အောင် လုပ်မှာပါ’’
အစောပိုင်းဘဲဥပုံရုံးခန်းထဲ မီဒီယာတွေရှေ့မှာပဲ ထရမ့်တယောက် အမိန့်တွေကို လက်မှတ်ရေးထိုးချိန်မှာလည်း မြောက်ကိုရီးယားနဲ့ပတ်သက်လို့ ခပ်တိုတိုပြောခဲ့ပါတယ်။
“နျူးကလီးယားနိုင်ငံတစ်နိုင်ငံ” လို့ သုံးနှုန်းပြောခဲ့တာပါ။
မြောက်ကိုရီးယားမှာ နျူကလီးယားလက်နက် ကင်းစင်ရေးဟာ အမေရိကန်က ကာလရှည်ကြာ လုပ်နေတဲ့မူဝါဒတခုလည်းဖြစ်ပါတယ်။
ထရမ့်ရဲ့အခုလို မှတ်ချက်နဲ့ပတ်သက်လို့ တောင်ကိုရီးယားဘက်ကလည်း တုံ့ပြန်လာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
တောင်ကိုရီးယားကတော့ နျူကလီးယားကင်းစင်ရေးက သူ့အိမ်နီးချင်း မြောက်ကိုရီးယားအနေနဲ့ ရည်မှန်းချက်တခုအနေနဲ့ ဆက်ရှိသင့်တယ်လို့ တောင်ကိုရီးယားဘက်က တုံ့ပြန်ပြောခဲ့တာပါ။
စစ်တပ် အားကောင်းအောင် လုပ်မယ်လို့ ထရမ့်ပြော
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သုံးစရာမလိုတဲ့အထိ နိုင်ငံ့စစ်တပ်ကို ခိုင်မာ အင်အားကောင်းအောင် လုပ်သွားမယ်လို့ ဝါရှင်တန်ဒီစီမြို့မှာ ပြုလုပ်တဲ့ ကာကွယ်ရေးဦးစီးချုပ် ဂုဏ်ပြုကပွဲမှာ ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင်တွေ၊ ပြည်ပမှာ တာဝန်ထမ်းနေတဲ့တပ်ဖွဲ့ဝင်တွေကို ကောင်းချီးခံစားခွင့်ရဖို့ သူက ဆုတောင်းပေးပါတယ်။
အနောက်ဘက်ကမ်းကို ရွှေ့ပြောင်းလာသူတွေအပေါ် အရေးယူပိတ်ဆို့တာကို ထရမ့်ရုတ်သိမ်း
အစောပိုင်းသတင်းတင်ဆက်ပေးခဲ့သလိုပါပဲ၊ ထရမ့်ဟာ ဘိုင်ဒန်သမ္မတသက်တမ်းအတွင်းအတည်ပြုခဲ့တဲ့ အမိန့် (၇၈) ခုကို ဖျက်သိမ်းတာက သူ့ရဲ့ သမ္မတရာထူးအရယူအပြီး ပထမဆုံးလုပ်ဆောင်ချက်တွေထဲက တခုဖြစ်လာပါတယ်။
ဘိုင်ဒန်ကာလ လုပ်ဆောင်ချက်တွေထဲက ဖျက်သိမ်းခံရတဲ့စာရင်းကို အိမ်ဖြူတော်က ကြေညာလာပြီဖြစ်လို့ အသေးစိတ်တင်ဆက်ပေးမှာပါ။
အဲဒီဖျက်သိမ်းတဲ့အမိန့်တွေထဲက တစ်ခုက မနှစ် ဖေဖော်ဝါရီ ၁ ရက်တုန်းက ဘိုင်ဒန်လက်မှတ်ရေးထိုးခဲ့တဲ့ အမိန့်ပါ။
အနောက်ဘက်ကမ်းက ပါလက်စတိုင်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို တိုက်ခိုက်၊ ခြိမ်းခြောက်၊ သိမ်းယူ ဖို့ ကြိုးစားတဲ့ဘယ်နိုင်ငံခြားသားကိုမဆို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့ခွင့်ရှိတယ်ဆိုတဲ့ လုပ်ပိုင်ခွင့် အမိန့်ကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။
အနောက်ဘက်ကမ်းဒေသမှာ အစွန်းရောက် ရွေ့ပြောင်းလာသူတွေရဲ့ အကြမ်းဖက်မှုတွေဟာ အမြင့်ဆုံး အဆင့်ကို ရောက်ရှိနေပြီး သည်းမခံနိုင်တော့တဲ့အခြေအနေကိုရောက်နေပြီလို့ ဘိုင်ဒန်ရဲ့ မူလအမိန့်မှာ သတိပေးထားပါတယ်။
ကျမ်းကျိန်ပွဲနေ့ နှောင်းပိုင်း ကပွဲတွေကို သမ္မတနဲ့ ဒုသမ္မတတို့ ဇနီးမောင်နှံတွေ ဆက်တက်ရောက်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, ကာကွယ်ရေးဦးစီးချုပ် ဂုဏ်ပြု ကပွဲကို တက်လာတဲ့ သမ္မတထရမ့်နဲ့ သမ္မတ ကတော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သမ္မတ ကျမ်းကျိန်ပွဲနေ့ ညနေခင်း ကပွဲ ၃ ပွဲအထိ တက်ဖို့ ရှိနေပြီး လက်ရှိမှာ ကာကွယ်ရေးဦးစီးချုပ် ဂုဏ်ပြုကပွဲ ကို သမ္မတကတော်နဲ့အတူ အခုလေးတင် ရောက်ရှိပြီဖြစ်ပါတယ်။
သမ္မတ ထရမ့်နဲ့ သမ္မတကတော်တို့ ကပွဲခန်းမ စင်မြင့်တက် တက်လာချိန်မှာ အမေရိကန် မရိန်းတပ်ဖွဲ့တီးဝိုင်းကလည်း ဂုဏ်ပြုကြိုဆိုပါတယ်။
ဝါရှင်တန် ဒီစီမှာ ပြုလုပ်တဲ့ ညနေခင်း ကပွဲတွေ ၃ ပွဲအထိ တက်ဖို့ရှိပြီး အခုကပွဲက ပထမဆုံးကပွဲဖြစ်ပါတယ်။
အမေရိကန်မှာ သမ္မတက ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပါတယ်။
သမ္မတ ထရမ့် ဘာတွေဆက်လုပ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
သတင်းတင်ဆက်နေချိန်မှာပဲ ထရမ့်က နောက်ထပ်အမိန့်တွေကို လက်မှတ်ရေးထိုးပါတယ်။
ဒါကတော့ သူသိပ်မကြာသေးခင်ကမှ လက်မှတ်ရေးထိုးခဲ့တဲ့အမိန့်တွေအကြောင်း အကျဉ်းချုပ်ပါ။
- အစိုးရတရားဝင်ဌာနမဟုတ်တဲ့ အစိုးရစွမ်းဆောင်ရည်ဌာန(DOGE) ကို စတင်လိုက်ပါတယ်။
- ဒါအပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ နုတ်ထွက်မယ့် လုပ်ငန်းစဉ်လည်း စတင်ပါပြီ။
- အမေရိကန်ပြည်ထောင်စုတောင်ပိုင်းနယ်စပ်ဒေသကို “အမျိုးသားရေးအရေးပေါ် “ အဆင့်အဖြစ် ကြေညာခဲ့ပါတယ်။
- ထရမ့်က တစ်တော့ကို တားမြစ်ပိတ်ပင်တာနဲ့ပတ်သက်လို့ ယာယီတားဆီးပေးမယ်ဆိုတဲ့ လုပ်ဆောင်ချက်တခုကို ထုတ်ပြောလာပါတယ်။
- ဇန်နဝါရီ ၆ ရက် အဓိကရုဏ်းမှာ ပါဝင်သူတွေကို လွှတ်ပေးလိုက်ပါတယ်။
- ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်တဲ့ အစိုးရအဖွဲ့ဝင်ဟောင်းတွေကို တာဝန်ခံခိုင်းမယ်လို့ ဆိုပါတယ်။
ဒီအမိန့်တွေကို အိမ်ဖြူတော်ရဲ့ အင်တာနက် ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပြီးဖြစ်ပါတယ်။
တစ်တော့ ပိတ်ပင်မှုကို ယာယီ တားမြစ်တဲ့အမိန့်ကိုလည်း လက်မှတ်ထိုး
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ တစ်တော့ကို နိုင်ငံထဲ တားမြစ်တဲ့အမိန့်ကို ယာယီဆိုင်းငံ့တဲ့ အမိန့်ကိုလည်း လက်မှတ်ထိုးလိုက်ပြီဖြစ်ပါတယ်။
တစ်တော့ကို အလုံးစုံ ပြန်လည်အသုံးပြုခွင့် ပေး မပေးဆိုတာကတော့ ‘‘ရရှိတဲ့သဘောတူညီချက်’’ အပေါ် မူတည်တယ်လို့ မစ္စတာ ထရမ့်ကပြောပါတယ်။
တစ်တော့ဟာ အန္တရာယ်ရှိတယ်လို့ ပြောခဲ့တဲ့ မစ္စတာ ထရမ့် အနေနဲ့ တစ်တော့ ပိတ်ပင်မှုကို ယာယီ တားမြစ်ဖို့ ဘာကြောင့် စိတ်ပြောင်းသွားလဲလို့ဆိုပြီး သတင်းထောက်တစ်ဦးရဲ့ မေးခွန်းကို သမ္မတက ပြန်ဖြေရင်း အခုလို ပြောလိုက်တာဖြစ်ပါတယ်။
‘’သဘောတူညီချက် တစ်ခုခုမရဘူးဆိုရင်တော့ ဒီအက်ပလီကေးရှင်းဟာ အသုံးဝင်စရာ မရှိဘူးလို့ လည်း ထရမ့်က ပြောပါတယ်။ တစ်တော့နဲ့ ပတ်သက်တဲ့သဘောတူညီချက်ဟာ ဒေါ်လာ တစ် ထရီလီယံ လောက်ရှိနိုင်ပြီး အမေရိကန်ဟာ တစ်ဝက်လောက်ပါဝင်သင့်တယ်လို့လည်း သူက ပြောပါတယ်။
တစ်တော့နဲ့ ပတ်သက်ပြီး ယာယီဆိုင်းငံ့မိန့်ကို သမ္မတက လက်မှတ်ထိုးလိုက်ပေမဲ့ ဘယ်လို အကြောင်းအရာအသေးစိတ်ပါတယ်ဆိုတယ်တော့ မပြောထားသေးပါဘူး။
ဘယ်လို အရေးယူတာတွေ လုပ်နိုင်ခြေရှိလဲလို့ သူ့ကို မေးတဲ့အခါမှာတော့ တစ်တော့ အနေနဲ့ ရောင်းရင်ရောင်း၊ မရောင်းရင် အပိတ်ခံရဖို့ လုပ်ပိုင်ခွင့် သူ့မှာရှိတယ်လို့ ပြန်ပြောထားပါတယ်။
တစ်တော့ကို ပိတ်ဖို့ အမေရိကန်တရားရုံးချုပ် ဆုံးဖြတ်ချက်နဲ့ ဖြစ်လာနိုင်ခြေရှိတဲ့အခင်းအကျင်းတွေအရေး ဘီဘီစီ အစောပိုင်း သတင်းဖော်ပြချက်ကို ဒီလင့်ခ် ကနေ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။
WHO ကနေ အမေရိကန် နုတ်ထွက်တဲ့ လုပ်ငန်းစဥ် စတင်ပြီ
သမ္မတသစ် ထရမ့်ဟာ အမေရိကန်ပြည်ထောင်စုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကနေ နုတ်ထွက်တဲ့ လုပ်ငန်းစဥ် စတင်တဲ့ သမ္မတ အမိန့်ကိုလည်း လက်မှတ်ထိုးလိုက်ပြီဖြစ်ပါတယ်။
‘‘ဒါကလည်း ကြီးမားတဲ့တစ်ခုပဲ’’ လို့ ထရမ့်က အမိန့်ကို လက်မှတ်ထိုးရင်း ပြောပါတယ်။
အမေရိကန်ဟာ တခြားနိုင်ငံတွေထက်စာရင် မမျှတတဲ့ငွေကြေးပမာဏကို ပိုထည့်ဝင်နေရတယ်လို့ ဆိုပါတယ်။
‘‘သူတို့က ကျွန်တော်တို့ကို အဖွဲ့ထဲ ပြန်ဝင်စေချင်တာ။ ဒါပေမဲ့ ဘာဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်ကြတာပေါ့’’ လို့ သူက WHO ကို ရည်ညွှန်းပြောပါတယ်။ ဒီအပြောကို ကြည့်ရရင် အမေရိကန်ဟာ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ အဖွဲ့ဝင်အဖြစ် ပြန်ပါဝင်နိုင်ခြေရှိတယ်လို့ ဆိုလိုရာလည်း ရောက်နေပြန်ပါတယ်။
