စစ်ရေးတိုးမြှင့်မယ်ဆိုပြီး အမေရိကန်နဲ့ အီရန် အပြန်အလှန် ခြိမ်းခြောက်နေကြ

အင်္ဂါနေ့က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ဒဏ် ခံခဲ့ရတဲ့ တီဟီရန်မြို့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အင်္ဂါနေ့က တီဟီရန်မြို့ပေါ် အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေ
ဖတ်ရန်အချိန်: မိနစ် ၅

အရှေ့အလယ်ပိုင်း ဒေသတဝန်း အပြန်အလှန် တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေချိန်မှာပဲ အမေရိကန်က အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ပိုတိုးလုပ်မယ်လို့ ထုတ်ဖော်ပြောလိုက်ပါတယ်။

တနင်္လာနေ့က ရေနံစျေး တစည်ကို ဒေါ်လာ ၁၂၀ နီးပါး အမြင့်ဆုံး တက်သွားရာကနေ စျေးပြန်ကျလာခဲ့ချိန်မှာပဲ ဟောမုဇ် ရေလက်ကြားကို ဖြတ်ပြီး သွားလာနေတဲ့ ရေနံတင်သင်္ဘောတွေကို ဟန့်တား တားဆီးတာတွေ မလုပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က သတိပေးခဲ့အပြီးမှာ အီရန် ထိပ်တန်း လုံခြုံရေးအရာရှိတစ်ဦးက သမ္မတထရမ့်အနေနဲ့ အပြတ်ချေမှုန်း မခံရအောင် သတိထားနေဖို့ ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် က ဒီကနေ့ဟာ အီရန်စစ်ပွဲအတွင်း အီရန်အပေါ် တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ အမြင့်ဆုံး၊ အများဆုံးနဲ့ အပြင်းထန်ဆုံး တိုက်ခိုက်မယ့်နေ့ ဖြစ်လိမ့်မယ်လို့ ပြောသွားပါတယ်။

ဒီကနေ့ဟာ အီရန်စစ်ပွဲအတွင်း အမေရိကန်ရဲ့ အပြင်းထန်ဆုံး တိုက်ခိုက်မှု ဖြစ်လာမယ်လို့ အမေရိကန်ပြော

ပင်တဂွန်စစ်ဌာနချုပ် သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် ကိုတွေ့ရပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပင်တဂွန်စစ်ဌာနချုပ် သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် ကိုတွေ့ရပုံ

ပင်တဂွန်စစ်ဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် က ဒီကနေ့ဟာ အီရန်စစ်ပွဲအတွင်း အမေရိကန်ရဲ့ တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ အများဆုံးနဲ့ တိုက်ခိုက်တဲ့ အပြင်းထန်ဆုံး တိုက်ခိုက်မှုနေ့ ဖြစ်လာလိမ့်မယ်လို့ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။

အီရန်ဘက်ကတော့ စစ်ပွဲစကတည်းက ၂၄ နာရီအတွင်း အနည်းဆုံးလို့ ဆိုနိုင်တဲ့ မစ်ဆိုင်းတိုက်ခိုက်မှုမျိုးသာ လုပ်ခဲ့တယ်လို့ သူက ပြောပါတယ်။

အမေရိကန် ပူးတွဲ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဒန် ကိန်းကလည်း "အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည် တိုက်ခိုက်မှုတွေ ဆက်လက်လျော့ကျသွားခဲ့ကြောင်း၊ စတိုက်ခိုက်ချိန်ကစလို့ ၉၀ ရာခိုင်နှုန်း ကျဆင်းသွားပြီး ဒရုန်းတိုက်ခိုက်မှုတွေကလည်း ၈၃ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်း" အလားတူ ပြောသွားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဟောမုဇ် ရေလက်ကြားမှာ သင်္ဘောတွေကို အမေရိကန်စစ်တပ်က လိုက်ပါ စောင့်ကြပ်နိုင်စွမ်းရှိလာမယ့် နည်းလမ်းတွေကို အမေရိကန်က သုံးသပ်နေတယ်လို့ ဗိုလ်ချုပ် ကိန်းက ပြောပါတယ်။

နျူကလီးယားလက်နက် မထုတ်ဖို့ ဒေါ်နယ် ထရမ့်ရဲ့ ပြောစကားကို အီရန် ဘာသာရေးခေါင်းဆောင်သစ် မို့ချ်တာဘာ ခါမေနီအနေနဲ့ အသိဉာဏ်ရှိရှိ သတိပြု နားထောင်သင့်တယ်လို့ ဟက်ဆက် က ပြောပါတယ်။

အရပ်သားတွေ အထိအခိုက် အသေအဆုံးနည်းနိုင်သမျှ နည်းအောင် ပင်တဂွန် စစ်ဌာနချုပ်က ဘယ်လိုဆောင်ရွက်မှုတွေ လုပ်နေသလဲဆိုတဲ့ မေးခွန်းကို အမေရိကန် ကာကွယ်ရေးဝန်ကြီးက စုံစမ်းစစ်ဆေးဖို့ လိုတဲ့ စွပ်စွဲမှုမှန်သမျှကို သူတို့အနေနဲ့ စုံစမ်းစစ်ဆေးသွားမှာ ဖြစ်တယ်၊ ဒါပေမဲ့ အရပ်သားတွေကို ပစ်မှတ်မထားဘူးဆိုတာကို သေချာစေဖို့ သူတို့လောက် ကြိုတင်ကာကွယ်မှုတွေ ပိုလုပ်တဲ့ နိုင်ငံမျိုး မရှိဘူးလို့ ပြန်ဖြေခဲ့ပါတယ်။

တီဟီရန်နဲ့ ဘေရွတ်မြို့တွေပေါ်မှာ မီးခိုးလုံးကြီးတွေ လွင့်တက်နေ

အင်္ဂါနေ့က ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်ပေါ် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်ခံခဲ့ရအပြီး မီးခိုးလုံးကြီးတွေ တွေ့ရပုံ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အင်္ဂါနေ့က ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်ပေါ် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်ခံခဲ့ရအပြီး မီးခိုးလုံးကြီးတွေ တွေ့ရ
အင်္ဂါနေ့က တီဟီရန်မြို့လယ်မှာ လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် မီးခိုးလုံးတွေ လွင့်တက်လာနေပုံ

ဓာတ်ပုံ ရင်းမြစ်, EPA/Shutterstock

ဓာတ်ပုံ ပုံစာ, အင်္ဂါနေ့က တီဟီရန်မြို့လယ်မှာ လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် မီးခိုးလုံးတွေ လွင့်တက်လာနေပုံ
ဘာရိန်းနိုင်ငံ မနာမာမြို့တော်မှာ အီရန်ရဲ့ ဒရုန်းတိုက်ခိုက်ခံခဲ့ရအပြီး အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးသွားခဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဘာရိန်းနိုင်ငံ မနာမာမြို့တော်မှာ အီရန်ရဲ့ ဒရုန်းတိုက်ခိုက်ခံခဲ့ရအပြီး အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးသွားခဲ့ပုံ
လက်ဘနွန်နဲ့ ကပ်ရက် နယ်စပ် အစ္စရေးဘက်ခြမ်းမှာ အစ္စရေးတင့်ကားတွေ နေရာယူထားပုံ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, လက်ဘနွန်နဲ့ ကပ်ရက် နယ်စပ် အစ္စရေးဘက်ခြမ်းမှာ အစ္စရေးတင့်ကားတွေ နေရာယူထား

အီရန်နိုင်ငံ ကရာ့ဂျ်မြို့မှာ နေအိမ်အနီးနား လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ မိခင်တစ်ဦးက မကြာခင် သူသေရမယ့်နေ့ ရောက်တော့မယ်လို့ ခံစားမိတယ်လို့ ဆိုပါတယ်။

အစ္စရေးနိုင်ငံ မြောက်ပိုင်းမှာ ဒီကနေ့ မစ်ဆိုင်းတွေ၊ ဒရုန်းတွေ ဝင်လာမယ်ဆိုတဲ့ သတိပေးချက် အနည်းဆုံး ၃၀ လောက် ရှိခဲ့ပြီး နိုင်ငံတဝန်းက တချို့နေရာမှာ လူသန်းပေါင်းများစွာ ဘေးကင်းရာ အပြေးအလွှား ဗုံးခိုခဲ့ကြရတယ်လို့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ကာတာနဲ့ ယူအေအီးနိုင်ငံတွေကလည်း နောက်ထပ် လေကြောင်းတိုက်ခိုက်မှုသစ်တွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

HMS Dragon ဗြိတိန်ရေတပ်စစ်သင်္ဘောကြီး ပို့စ်မောက်မြို့ကနေ လာမယ့်ရက်ပိုင်းအတွင်း ထွက်ခွာသွားဖို့ ပြင်ဆင်နေချိန်မှာပဲ ယူကေအစိုးရက အရှေ့မြေထဲပင်လယ်ဆီ နောက်ထပ် စစ်သင်္ဘောတစ်စင်း ထပ်လွှတ်ကောင်းလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ ယူကေ ကာကွယ်ရေးဝန်ကြီးဌာနက အစောပိုင်းတုန်းက ထုတ်ဖော်ကြေညာခဲ့ပါတယ်။