အဓမ္မပြုကျင့်ခံရမှုအတွက် ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ က PDF ရဲမေ တရားမျှတမှုရှာဖွေ

ဓာတ်ပုံ ရင်းမြစ်, screengrab
မတ်လ ၈ ရက်နေ့ဟာ အမျိုးသမီးတွေရဲ့အခွင့်အရေးတွေ၊ တရားမျှတမှုတွေကို ကြွေးကြော် တောင်းဆို လှုပ်ရှားကြတဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်ပါတယ်။
အမျိုးသမီးအဖွဲ့အစည်းတွေရဲ့အချက်အလက်အရ ပဋိပက္ခကြားက မြန်မာမှာ ၅ နှစ်အတွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုပေါင်း ၉၀၀ ကျော်ရှိပြီး ဒီအမှုတွေထဲ စစ်တပ်အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ကျူးလွန်မှုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ က ရဲမေတစ်ဦးဟာ အဓမ္မပြုကျင့် နှိပ်စက်ခံရပြီး လူမျိုးရေး၊ ဘာသာရေး ခွဲခြားတာခံရတဲ့အပြင် မိသားစုတွေပါခြိမ်းခြောက်ခံနေရတယ်လို့ အမျိုးသမီးအဖွဲ့တွေက NUG ယာယီသမ္မတထံ အိတ်ဖွင့်ပေးစာ ပေးပို့ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ မှာ တာဝန်ထမ်းဆောင်နေတဲ့အသက် ၂၅ နှစ်အရွယ် ရဲမေ မသဥ္ဇာ (အမည်လွှဲ)ရဲ့ဖြစ်ရပ်ကို အမျိုးသမီးအဖွဲ့တွေက ထောက်ပြတာဖြစ်ပါတယ်။
ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ မှာ ဖမ်းဆီးခံထားရချိန် အဓမ္မပြုကျင့်ခံရမှု ဖြစ်ပွားခဲ့တာ ၃ လ နီးပါးကြာလာပေမဲ့ တရားမျှတမှုမရသေးဘူးလို့ မသဥ္ဇာ ဘီဘီစီကို ပြောပါတယ်။
"တပ်ရင်းအနေနဲ့ အစောကြီးကတည်းက ဖြေရှင်းပေးခဲ့မယ်ဆိုရင် ဒီလောက်ကြီးအထိ ချပြစရာမလိုဘူး။ အခုလိုထုတ်ပြောရတာတွေက ညီမလေးတို့အတွက် အများကြီးထိခိုက်ပါတယ်" လို့ မသဥ္ဇာက တုန်တုန်ရီရီနဲ့ ပြောပါတယ်။
(ဒီဆောင်းပါးမှာ စိတ်မချမ်းမြေ့ဖွယ် အကြောင်းအရာတွေ ပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်)
ဖြစ်စဉ် ဘယ်လို ဖြစ်ခဲ့လဲ
စစ်အာဏာသိမ်းမှုကို လက်ကိုင်တော်လှန်ကြတဲ့သူတွေထဲမှာ မြန်မာက လူနည်းစုဖြစ်တဲ့အစ္စလာမ်ဘာသာဝင်တွေလည်း ပါဝင်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီလူနည်းစုထဲမှာ မသဥ္ဇာလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။
သူ့ ဖခင်ဖြစ်သူ၊ အမျိုးသား၊ ကလေးနှစ်ယောက်နဲ့အတူ အာဏာရှင်စနစ်ကို တော်လှန်ဖို့ လွန်ခဲ့တဲ့ ၄ နှစ်က စစ်ကိုင်းတိုင်းထဲကို စစ်သင်တန်းတက်ဖို့ ရောက်ရှိလာခဲ့ပါတယ်။
သူ့ရဲ့အမျိုးသားက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) တစ်ဦးဖြစ်ပါတယ်။
ကလေး နှစ်ယောက်မှာ တစ်ယောက်က ပြင်းထန်တဲ့အဖျားရောဂါနဲ့ ကွယ်လွန်ခဲ့တာကြောင့် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးသာ ကျန်ရစ်ခဲ့ပါတယ်။
မသဉ္ဇာရဲ့မှောင်မိုက်လှတဲ့နေ့ရက်တွေဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်က တပ်ရင်း စခန်းအနီးက ရွာတစ်ရွာမှာ စက်သုံးဆီဖိုးအတွက် အလှူငွေ ထွက်ရှာခဲ့တယ်လို့ မသဉ္ဇာက ပြောပါတယ်။
အလှူငွေ ၂ သောင်းကျော်နဲ့ ဆန်အနည်းငယ်ရရှိထားတဲ့အချိန်မှာ ဒုတိယတပ်ရင်းမှူးနဲ့ တပ်ဖွဲ့ဝင် တစ်ဦးက ရောက်လာပြီး လူမြင်ကွင်းရှေ့မှာ သူ့ကို ရိုက်နှက်ပုတ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ မသဉ္ဇာက ပြောပါတယ်။
"ညီမက ထောက်ပို့အနေနဲ့ပဲ အလှူခံခဲ့တာပါ။ ရပ်ကွက်လူကြီးနဲ့ ပြောထားတဲ့အထောက်အထားတွေရှိတယ်။ အဲလိုပြောနေရင်းနဲ့ကို သူတို့အချင်းချင်း တပ်ရင်းမှူး ရန်ရှင်းက မမိုက်ဘူး၊ ဆီဖိုးတွေ ဘာတွေလည်း မပေးဘူးဆိုပြီး သူတို့အချင်းချင်း ပြောနေတဲ့အချိန်မှာ ရောက်လာတာ။ ညီမကိုပဲ အပစ်တင်လိုက်တာလား၊ ဘယ်လိုမျိုးလဲတော့ မသိဘူး" လို့ သူက ပြောပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသားဖြစ်သူက အလုပ်ကိစ္စနဲ့ ခရီးသွားရမှာဖြစ်လို့ ၃ နှစ်အရွယ် ကလေးနဲ့အတူ မသဥ္ဇာကို ယင်းမာပင်ခရိုင်အကျဉ်းထောင်မှာ ခဏနေခဲ့ရမယ်ဆိုပြီး ခေါ်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက်ပိုင်းမှာ မသဉ္ဇာကို လက်ထိပ်ခတ် ခံလိုက်ရပြီး အကျဉ်းထောင်မှာ ထိန်းသိမ်းခံလိုက်ရတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၇ ရက်မှာ ခင်ပွန်းဖြစ်သူက လာရောက်တွေ့ဆုံခွင့်ရခဲ့ပေမယ့် နောက်ပိုင်းတွေမှာတော့ အဆက်သွယ် ပြတ်တောက်သွားခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီဇင်ဘာ ၃၀ ရက်နေ့မှာတော့ တပ်ရင်းမှူးဖြစ်သူက ရောက်လာခဲ့ပါတယ်။ မသဉ္ဇာက သူ့ရဲ့ ကလေးငယ်ကို ပြန်လွှတ်ပေးဖို့ တပ်ရင်းမှူးကို တောင်းဆိုခဲ့ပေမယ့် တပ်ရင်းမှူးက "နင့်မှာ ဒီလိုအခွင့်အရေး မရှိဘူး" လို့ ပြန်ပြောခဲ့ကြောင်း မသဉ္ဇာက ပြောပါတယ်။
အဲဒီနောက် တပ်ရင်းမှူးက မသဉ္ဇာကို မြေပြင်မှာ မှောက်ခိုင်းပြီး တုတ်နဲ့ ၁၀ ချက်တိတိ ရိုက်နှက်တယ်လို့ ပြောပါတယ်။ အကြောင်းရင်းကို သူ မသိခဲ့ရပါဘူး။
နောက်တစ်ရက် ဒီဇင်ဘာ ၃၁ ရက်မှာတော့ မျက်စိကို အဝတ်စည်းခံထားရတဲ့ မသဉ္ဇာကို လူတစ်ဦးက ချုပ်နှောင်ပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ သူက ပြောပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့မှာလည်း လူတစ်ဦးက မသဉ္ဇာကို ဓားနဲ့ထောက်ကာ သူနဲ့ ကလေးရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ အဓမ္မပြုကျင့်သူက "နင်တွေ့လား။ ပထမနေ့က အမိန့်နာခံတဲ့အတွက် ဒုတိယရက်မှာ နင့်အချုပ်ခန်း တံခါး မရှိတော့ဘူး။ နောက်ဆိုရင် နင်အချုပ်ခန်းအပြင်သာ ရောက်ဖို့ပဲရှိတော့တယ်" ဆိုပြီး ပြောသွားခဲ့တယ်လို့ မသဉ္ဇာက ပြန်ပြောပြပါတယ်။
တတိယအကြိမ်အနေနဲ့ ဇန်နဝါရီ ၂ ရက်နေ့မှာ လူတစ်ဦးက ရောက်လာပြီး အဓမ္မပြုကျင့်ဖို့ ကြိုးစားတဲ့အချိန်မှာတော့ ပြန်လည် မသဉ္ဇာက ခုခံခဲ့တယ်လို့ ပြောပါတယ်။ အဲဒီလို ပြန်ခုခံပြီးတဲ့နောက်မှာ ကျူးလွန်သူက မသဉ္ဇာရဲ့ ပေါင်ပေါ်ကနေ ဖိထားပြီး ပေါင်နှစ်ဖက်မှာ "ရန်ရှင်း" ဆိုတဲ့ နာမည်ကို အသားပေါ် ဓားနဲ့ခြစ်ရေးသားခဲ့ပြီး ခြေသလုံးနှစ်ဖက်မှာတော့ "YMYZ" ဆိုတဲ့ စာသားကို ခြစ်ရေးခဲ့ပါတယ်။
ရန်ရှင်းဆိုတာကတော့ တပ်ရင်းမှူးရဲ့ နာမည်ဖြစ်ပြီး 'YMYZ' ဆိုတာကတော့ ယင်းမာပင် တပ်ရင်း ၂၀ ရိုးမရာဇာလို့ အဓိပ္ပာယ်ရတယ်လို့ ဆိုပါတယ်။
အဲဒီကာလဟာ ယင်းမာပင်မှာ ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားလွတ်မြောက်ရေးတပ်မတော် (BNRA)နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့အချိန်ဖြစ်လို့ တပ်ဖွဲ့ဝင်တွေက အကျဉ်းထောင်က နေ ဆုတ်ခွာသွားခဲ့ကြပြီး မသဉ္ဇာတို့ သားအမိ နှစ်ဦးသာ ကျန်ခဲ့ပါတယ်။
ဖခင်ဖြစ်သူက မသဉ္ဇာတို့ သားအမိနှစ်ဦးကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့တာပါ။
တရားခံလို့ စွပ်စွဲခံရသူတွေ ဘယ်သူတွေလဲ
ဇန်နဝါရီ ၅ ရက်နေ့မှာတော့ ယင်းမာပင်တပ်ရင်းမှူးက ရဲဘော် ဘယ်ကျော် ဆိုသူနဲ့ ဝက်ခြံစောင့်သူ ဆိုတဲ့ သံသယရှိသူ နှစ်ဦးကို ခေါ်ထားပြီး ကျူးလွန်သူက ဘယ်သူဆိုတာ မသဉ္ဇာကို ရွေးခိုင်းခဲ့ပါတယ်။
မသဉ္ဇာဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို ချုပ်နှောင်ခံခဲ့ရတာ၊ မျက်လုံးစည်းထားတာကြောင့် အဓမ္မပြုကျင့်သူရဲ့ မျက်နှာကို သေချာ မမြင်ရဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် ရဲဘော် ကိုဘယ်ကျော် ဖြစ်နိုင်တယ်လို့ သူက ယူဆကြောင်း ပြောဆိုခဲ့ပါတယ်။
"ဝက်ခြံစောင့်သူက ပိန်ပိန်လေး။ ညီမ ကိုယ်ပေါ်ကို ဖိတဲ့ကိုယ်အလေးချိန်က အဲဒီထက်ကြီးတယ်။ အဲဒါကြောင့် ကိုဘယ်ကျော် ဖြစ်နိုင်တယ်လို့ ပြောခဲ့တာ" လို့ မသဉ္ဇာက ပြောပါတယ်။
သုံးကြိမ်တိုင်တိုင် အဓမ္မပြုကျင့်တာ၊ ပြုကျင့်ဖို့ ကြိုးစားခဲ့သူဟာ တစ်ယောက်တည်း ဖြစ်နိုင်တယ်လို့ မသဉ္ဇာက ယူဆပါတယ်။
ဒုတိယအကြိမ်မြောက် အဓမ္မပြုကျင့်တဲ့အချိန်မှာ ကျူးလွန်သူက ပြောဆိုခဲ့တဲ့ "နင်တွေ့လား ပထမနေ့က အမိန့်နာခံတဲ့အတွက် ဒုတိယရက်မှာ နင့်အချုပ်ခန်း တံခါးမရှိတော့ဘူး။ နောက်ဆိုရင် နင်အချုပ်ခန်းအပြင်သာ ရောက်ဖို့ပဲရှိတော့တယ်" ဆိုတဲ့ စကားဟာ ကျူးလွန်သူဟာ တစ်ယောက်တည်းဖြစ်ကြောင်း သူက ကောက်ချက်ချပါတယ်။
ဒါပေမယ့် တပ်ရင်းမှူးဖြစ်သူကတော့ ကိုဘယ်ကျော် မဟုတ်ဘူးဆိုတာကို ပြန်ပြီး အသိပေးလာကြောင်း ပြောဆိုလာတယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။
" အစက ဘယ်ကျော်တဲ့... နောက်တော့ မဟုတ်ဘူးဆိုပြီး ဖြစ်ပြန်တယ်။ သူတို့ပဲ အမျိုးမျိုး" လို့ သူက ပြောပါတယ်။
ဒီဖြစ်စဉ် နဲ့ ပတ်သက်လို့ သံသယတရားခံကို ထိန်းသိမ်းပြီး စစ်ဆေးနေတယ်လို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
"ဒီအမှုကို ကာကွယ်ရေးဝန်ကြီးဌာန နဲ့ပြည်ထဲရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး စစ်ဆေးဆောင်ရွက်နေပါတယ်။ သံသယ တရားခံကိုလည်း ထိန်းသိမ်းထားပြီး စစ်ဆေးနေပါတယ်။ အသေးစိတ်တွေကိုတော့ စစ်ဆေးမှုတွေပြီးတဲ့အခါ ထုတ်ပြန်ပါလိမ့်မယ်။ စစ်ဆေးပေါ်ပေါက်မှုအပေါ်မူတည်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်"
ဒီအမှုနဲ့ ပတ်သက်ပြီး ကြားနာဖို့အတွက် ယင်းမာပင်တပ်ရင်း ၂၀ က မိသားစုကိုလည်း ခေါ်ယူ ထားတယ်လို့ မသဉ္ဇာရဲ့ဖခင်ဖြစ်သူက ဘီဘီစီက ပြောပါတယ်။
မိသားစုကတော့ သူတို့ရဲ့လုံခြုံရေး စိုးရိမ်တာကြောင့် ကြားနာမှုကို သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဒီဖြစ်စဉ်အသေးစိတ်ကို မေးမြန်းဖို့ ယင်းမာပင်တပ်ရင်း ၂၀ ရဲ့တပ်ရင်းမှူးကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ ဖြေဆိုဖို့ ငြင်းဆိုပါတယ်။
အမျိုးသမီးအဖွဲ့တွေကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သူတို့မှာ အထောက်အထားနဲ့တကွ သိရှိထားရပြီးဖြစ်တာကြောင့် ကျူးလွန်သူလို့ဆိုသူအပြင် တပ်ရင်းမှူးကိုပါ ချက်ချင်းထိန်းချုပ်တာ၊ တာဝန်က ရပ်နားတာတွေ လုပ်ဖို့ တိုက်တွန်းပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ (ABWU) အပါအဝင်အဖွဲ့အစည်း ၁၆ ခုက မတ်လ ၈ ရက်နေ့က ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ NUG ယာယီသမ္မတ ဒူဝါလရှီလထံ အိတ်ဖွင့်ပေးစာပေးပို့ရာမှာ အခုလိုထည့်သွင်း တောင်းဆိုထားတာပါ။
NUG က လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအပါအဝင် အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကို ထိရောက်စွာကိုင်တွယ်မှုအားနည်းတဲ့အပေါ် စိတ်ပျက်မိတယ်လို့လည်း အိတ်ဖွင့်ပေးစာပေးပို့တဲ့အဖွဲ့အစည်းတွေက ပြောထားပါတယ်။
ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ မှာဖြစ်ခဲ့တဲ့ဒီဖြစ်ရပ်ဟာ သက်ဆိုင်ရာတပ်ရင်းအတွက်ဆိုရင်တော့ ပထမဆုံးဖြစ်ရပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ခရိုင်ထဲက တခြားတပ်ရင်း တစ်ရင်းမှာလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဖမ်းဆီး ရိုက်နှက်ခံရပြီး အဓမ္မ ပြုကျင့်ခံရမှုဖြစ်ခဲ့ဖူးပါတယ်။
ဒီဖြစ်ရပ်ကို ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ (ABWU)အပါအဝင် အမျိုးသမီးအဖွဲ့တွေက အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ NUG ယာယီသမ္မတကို ပေးပို့တဲ့ သူတို့ရဲ့ အိတ်ဖွင့်ပေးစာမှာ ၂၀၂၅ ခုနှစ်အတွင်းဖြစ်တဲ့ ကျော်ဇောဖြစ်ရပ် နမူနာတွေထဲက တစ်ခုအဖြစ် ထောက်ပြပါတယ်။
နောက်ပြီး ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) ခေါင်းဆောင်က ကျူးလွန်တဲ့ အဓမ္မပြုကျင့်မှု၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၃ က CDM ရဲမေ ရိုက်နှက်ခံရမှုတွေကိုလည်း နမူနာဖြစ်ရပ်တွေအဖြစ် အမျိုးသမီးအဖွဲ့တွေက ပြောဆိုပါတယ်။
မသဉ္ဇာကတော့ တကယ်ကျူးလွန်ခဲ့သူကို ဖမ်းဆီးအရေးယူတာဟာ သူ့အတွက် တရားမျှတမှုဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
မတရားမှုအတွက် တရားမျှတမှုကို ရှာဖွေနေသလို စစ်အာဏာရှင်ကိုလည်း ကိုယ်နိုင်တဲ့ဘက်ကနေ ဆက်ပြီး တွန်းလှန်သွားမယ်လို့ မသဉ္ဇာက ပြောပါတယ်။
"တော်လှန်ရေး မပြီးမချင်း တထောင့်တနေရာကနေ ပါဝင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်"












