အမေရိကန်ရဲ့ အန္တရာယ်ရှိနိုင်ငံစာရင်းထဲပါနေတဲ့ မြန်မာအပေါ် TPS ရုပ်သိမ်းမှုကိုဆန်းစစ်ခြင်း

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS) ရဲ့ ဝန်ကြီး ခရစ္စတီနုန်း၊ အမေရိကန်ကွန်ဂရက်၊ အိမ်ဖြူတော်တို့သရုပ်ဖော်ပုံ
ဓာတ်ပုံ ပုံစာ, မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS) ရဲ့ ဝန်ကြီး ခရစ္စတီနုန်း၊ အမေရိကန်ကွန်ဂရက်၊ အိမ်ဖြူတော်တို့သရုပ်ဖော်ပုံ

အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာနက မြန်မာနိုင်ငံသားတွေအတွက် ယာယီအကာအကွယ်ပေးမှု (TPS) ကို ရုပ်သိမ်းလိုက်တာကြောင့် ထောင်ချီတဲ့ မြန်မာတွေ နေရပ်ပြန်ရနိုင်တဲ့ အခြေအနေရောက်နေပါတယ်။

အမေရိကန်၊ အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS)ရဲ့ TPS ကို ရုပ်သိမ်းတဲ့ အကြောင်းပြချက်က မြန်မာနိုင်ငံရဲ့ အခြေအနေက နေရပ်ပြန်ဖို့ ဘေးကင်းလုံခြုံပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံသားတွေ ခရီးမသွားသင့်တဲ့ အမြင့်ဆုံး အနီရောင် အဆင့် ၄ သတ်မှတ်ချက် နိုင်ငံတွေထဲမှာ မြန်မာဟာ အသက်အန္တရာယ်ခြိမ်းခြောက်မှုရှိတဲ့ နိုင်ငံအဖြစ်သတ်မှတ်ခံထားရပါတယ်။

TPS ကို ရုပ်သိမ်းချိန်မှာတော့ မြန်မာနိုင်ငံအခြေအနေက နေရပ်ပြန်ဖို့ ဘေးကင်းလုံခြုံတဲ့အခြေအနေရောက်နေပြီလို့ DHS က ယူဆပြောဆိုထားပါတယ်။

မြန်မာနိုင်ငံသားတွေအတွက် ယာယီနေထိုင်ခွင့် TPS ကို ရုပ်သိမ်းတဲ့ အကြောင်းပြချက်တွေဟာ မြန်မာနိုင်ငံရဲ့ ပကတိအရှိတရား နဲ့ ကွဲပြားမှုတွေ ရှိနေတယ်ဆိုပြီး ဝေဖန်မှုတွေလည်း ဆက်တိုက် ထွက်ပေါ်ခဲ့ပါတယ်။

အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာနက ဘာ့ကြောင့် ဒီလို အကြောင်းပြချက်တွေ ပြောဆိုခဲ့ပါသလဲ။ ဒါဟာ အမေရိကန်အစိုးရ ရဲ့ ရပ်တည်ချက်ရော ဟုတ်ပါသလား။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံသားတွေ ခရီးမသွားသင့်တဲ့ အမြင့်ဆုံး အနီရောင် အဆင့် ၄ သတ်မှတ်ချက် နိုင်ငံတွေထဲမှာ မြန်မာပါဝင်

ဓာတ်ပုံ ရင်းမြစ်, Screen Grab

ဓာတ်ပုံ ပုံစာ, အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံသားတွေ ခရီးမသွားသင့်တဲ့ အမြင့်ဆုံး အနီရောင် အဆင့် ၄ သတ်မှတ်ချက် နိုင်ငံတွေထဲမှာ မြန်မာပါဝင်

မြန်မာနိုင်ငံ အခြေအနေတကယ်ကောင်းပြီလား

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ကရင်နီ စစ်မျက်နှာ တစ်နေရာ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ကရင်နီ စစ်မျက်နှာ တစ်နေရာ (ပုံဟောင်း)

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အမေရိကန်နိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအကြောင်းအမျိုးမျိုးကြောင့် ကိုယ့်နိုင်ငံမပြန်နိုင်သေးသူတွေကို အကာအကွယ် ပေးဖို့ ၂၀၂၁ ခုနှစ်၊ မေ ၂၅ ရက်မှာ TPS စာရင်းထဲ မြန်မာနိုင်ငံကို ထည့်သွင်းခဲ့တာပါ။

အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS) ရဲ့ ဝန်ကြီး ခရစ္စတီနုန်း က မြန်မာပြည်အခြေအနေဟာ နိုင်ငံသားတွေ နေရပ်ပြန်ဖို့ ဘေးကင်းလုံခြုံတဲ့ အခြေအနေဖြစ်နေပြီလို့ ပြောထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာက အုပ်ချုပ်ရေးအပိုင်းမှာ တိုးတက်မှုရှိလာတာ၊ အရေးပေါ်အခြေအနေ အဆုံးသတ်လိုက်မှု၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ရှိတာ၊ နောက်ပြီး တရုတ်ကြားဝင်မှုနဲ့ အပစ်ခတ်ရပ်စဲမှုသဘောတူညီမှုတွေ လုပ်ထားနိုင်ပြီဆိုတဲ့အချက်တွေ ကို အကြောင်းပြခဲ့ပါတယ်။

DHS က ဒီအခြေအနေတွေကို ဘယ်လို ကိုးကားခဲ့တယ်ဆိုတာတော့ မဖော်ပြထားပါဘူး။

ဒါပေမယ့် ဒီအကြောင်းပြချက်တွေဟာ စစ်ကော်မရှင် ကြေညာထားတဲ့ ဇူလိုင်လကုန်က ကာလုံးအစည်းအဝေးအပြီးမှာ နိုင်ငံတော်ရေးပေါ်အခြေအနေ ရုတ်သိမ်းမှု၊ အပိုင်း ၃ ပိုင်းနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲ၊ MNDAA နဲ့ TNLA တို့ နဲ့ အပစ်ခတ်ရပ်စဲမှု တွေ ကို ကိုးကားရည်ညွှန်းခဲ့တာလို့ နားလည်ရပါတယ်။

နောက်ပြီး မြန်မာနိုင်ငံသားတွေကို အမေရိကန်ပြည်ထောင်စုမှာ ယာယီနေထိုင်ခွင့် ပေးတာ ဟာ အမေရိကန် အမျိုးသားအကျိုးစီးပွားနဲ့ လည်း ဆန့်ကျင်နေတယ်လို့ ခရစ္စတီနုန်းက ပြောပါတယ်။

DHS ရုပ်သိမ်းတဲ့ ယာယီနေထိုင်ခွင့် (TPS) ဆိုတာဟာ ပဋိပက္ခ၊ သဘောဝဘေး၊ ကပ်ရောဂါဘေး နဲ့ သာမန် မဟုတ်တဲ့ ဖြစ်စဉ်တွေ ကြုံနေရတဲ့ နိုင်ငံက နိုင်ငံသားတွေကို အမေရိကန်နိုင်ငံမှာ ခေတ္တ ခိုလှုံခွင့်ပေးတဲ့ ယာယီ အထောက်အထားဖြစ်ပါတယ်။

ဒီလို နိုင်ငံတစ်ခုချင်းစီအတွက် ပေးထားတဲ့ ယာယီခိုလှုံခွင့်ကို သက်တမ်းမကုန်ခင် ရက် ၆၀ အလိုမှာ အမိမြေလုံခြုံရေးဝန်ကြီးက 'သင့်လျော်တဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ' နဲ့ တိုင်ပင်ပြီး သက်တမ်းတိုးသင့်၊ မတိုးသင့်ဆုံးဖြတ်ရတယ်လို့ DHS ရဲ့ နိုဝင်ဘာ ၂၄ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံအခြေအနေဟာ ယာယီခိုလှုံခွင့် သက်တမ်းတိုးပေးဖို့ လိုအပ်ချက်တွေနဲ့ မပြည့်မီလို့ အခုလို ဆုံးဖြတ်လိုက်တာလို့ DHS ဝန်ကြီးက ပြောပါတယ်။

ဒီဆုံးဖြတ်ချက်ကို အမေရိကန် နိုင်ငံသားဖြစ်ရေး နှင့် လူဝင်မှုကြီးကြပ်ရေးဌာန ရဲ့ မြန်မာနိုင်ငံအခြေအနေပေါ်သုံးသပ်ချက်၊ နိုင်ငံခြားရေးဝန်ကြီးဌာန (Department of State) နဲ့ တိုင်ပင်ဆွေးနွေးမှုအရ ချမှတ်ခဲ့တာလို့ DHS ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

‌ဒါပေမယ့် DHS ရဲ့ ဒီအကြောင်းပြချက်တွေနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက် စစ်ဆေးခဲ့တာမရှိခဲ့ဘူးလို့ အမေရိကန်သံတမန် အသိုင်းအဝိုင်းဆီက သိရှိရပါတယ်။

ဒါဟာ နိုင်ငံခြားရေးမူဝါဒကိုချမှတ်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုယ်စားမပြုဘူးလို့ အမေရိကန်အစိုးရနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အမေရိကန် Los Angeles Myanmar Movement (LA2M) အဖွဲ့ ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေ ကတော့ DHS ရဲ့ အကြောင်းပြချက်တွေဟာ နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ သဘောထားတွေနဲ့ ကွဲလွဲနေတယ်လို့ ပြောပါတယ်။

ဦးဂျိမ်းရွှေဟာ အမေရိကန်လွှတ်တော်၊ အစိုးရအဖွဲ့နဲ့ ကုလသမဂ္ဂမှာ မြန်မာအတွက်အကူအညီနဲ့အထောက်အပံ့တွေရဖို့ လှုံ့ဆော်နေသူ ဖြစ်ပါတယ်။

" ကုလက ရိုဟင်ဂျာရေးအဆင့်မြင့် အစည်းအဝေးတုန်းက ဒီရွေးကောက်ပွဲတွေဟာ အတုအယောင်ရွေးကောက်ပွဲတွေ...ကိုလက်မခံပါဘူးဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက အတိအလင်းထုတ်ဖော်ပြောသွားပါတယ်''

''အောက်လွှတ်တော်ကြားနာပွဲမှာလည်း အတုအယောင်ရွေးကောက်ပွဲကို လက်မခံဘူးလို့ ပါတီ နှစ်ရပ်လုံးက ကွန်ဂရက်အမတ်တွေက ပြောသွားတာ" လို့ ဦးဂျိမ်းရွှေက အချက်အလက်တချို့ကို သက်သေထူပြောပါတယ်။

ဦးဂျိမ်းရွှေအပြင် အမေရိကန်က မြန်မာအရေးလှုပ်ရှားသူတချို့ကတော့ အမိမြေလုံခြုံရေးဌာနရဲ့ အကြောင်းပြချက် သက်သက်သာဖြစ်ပြီး ဒါက နိုင်ငံခြားရေးမူဝါဒတွေနဲ့ မဆိုင်ဘူးလို့ ကောက်ချက်ချက်ကြပါတယ်။

အမေရိကန်- မြန်မာဆက်ဆံရေးကို စောင့်ကြည့်အကဲခတ်သူတချို့ကတော့ DHS ရဲ့ ဆုံးဖြတ်ချက်ဟာ အရင်အမေရိကန်အစိုးရတွေ ရေးထိုးခဲ့တဲ့ ကုလသမဂ္ဂ ညှဥ်းပန်းနှိပ်စက်မှုမှအကာအကွယ်ပေးရေး သဘောတူညီချက်တွေနဲ့ ဆန့်ကျင်နေတယ်လို့ ထောက်ပြကြပါတယ်။

ဒီသဘောတူညီချက်ဟာ မိခင်နိုင်ငံကို ပြန်တဲ့အခါ အသက်အန္တရာယ် စိုးရိမ်ရသူတွေ ကို အကာအကွယ် ပေးဖို့ ဖြစ်ပါတယ်။ နောက်ပြီး ဒီအကြောင်းပြချက်တွေဟာ အာဏာရရီပတ်ဘလီကန် အမတ်တွေရဲ့ ပြောဆိုမှုတွေနဲ့ လည်း ကွဲပြားနေပါတယ်။

နိုဝင်ဘာ ၁၉ ရက်က မြန်မာ့အရေးဆွေးနွေးကြတဲ့ အမေရိကန်ကွန်ဂရက်ကြားနာပွဲမှာ အာဏာရရီပတ်ဘလီကန်ပါတီရဲ့ အမတ် မစ္စ ယန်းကင်မ်ကတော့ စစ်တပ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့အတုအယောင် တရားဝင်မှုသာရမယ့် ရွေးကောက်ပွဲလို့ ပြောခဲ့ပါတယ်။

TPS ရုတ်သိမ်းမှု - 'MAGA' လုပ်ရှားမှုအစိတ်အပိုင်းလား

MAGA စာတန်း ပါ ဦးထုပ် နဲ့ အတူ တွေ့ရတဲ့ အမေရိကန် နိုင်ငံသားတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, MAGA စာတန်း ပါ ဦးထုပ် နဲ့ အတူ တွေ့ရတဲ့ အမေရိကန် နိုင်ငံသားတစ်ဦး

'MAGA' ဆိုတာက သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲ ဆောင်ပုဒ် 'Make America Great Again' ရဲ့ အတိုကောက်ဖြစ်ပါတယ်။

သမ္မတ ထရမ့်က သူရွေးကောက်ပွဲ အောင်နိုင်ပြီးတဲ့နောက် "အမေရိကန် သမိုင်းမှာ အကြီးမားဆုံးသော ပြည်နှင်ပွဲကြီး" ကို သူ အိမ်ဖြူတော် ရောက်တဲ့ ပထမနေ့မှာပဲ စတင်မယ်လို့ ဆိုခဲ့တာပါ။

သမ္မတထရမ့် ရဲ့ ရီပတ်ဘလီကန်ပါတီဟာ ရွေးကောက်ပွဲ ကာလ မဲဆွယ်စည်းရုံးမှုတွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေ ကို ပြည်နှင်ဒဏ်ပေးမယ်ဆိုပြီး ဦးစားပေးလုပ်ငန်းတစ်ရပ်အနေနဲ့ မဲဆွယ်ခဲ့သလို လက်ရှိ မှာ လည်း အမေရိကန်ကို ရွှေ့ပြောင်းနေထိုင်သူတွေကို ပြည်နှင်ဒဏ်ပေးတာတွေ ဒီနှစ်ဆန်းက စလို့ ဆက်တိုက် လုပ်ဆောင်ခဲ့တာပါ။

ဒါကို ရီပတ်ဘလီကန်တွေ က ' MAGA ' လှုပ်ရှားမှု ရဲ့ အစိတ်အပိုင်း လို့ လည်း ရည်ညွှန်း ကြပါတယ်။

ပြည်နှင်ဒဏ်ပေးခံရတဲ့ အထဲ မြန်မာနိုင်ငံသားတွေ လည်း ပါဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံလိုပဲ ပြည်တွင်းစစ် နဲ့ ပဋိပက္ခတွေကြုံနေရတဲ့ နိုင်ငံတွေဖြစ်တဲ့ တောင်ဆူဒန်၊ အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ နီပေါ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ နိုင်ကာရာဂွာ၊ ဗင်နီဇွဲလား နဲ့ ဆီရီးယား နိုင်ငံသားတွေအတွက် ခွင့်ပြုထားတဲ့ ယာယီနေထိုင်ခွင့် TPS ကို ဒီနှစ် ဇန်နဝါရီလက စလို့ ရုပ်သိမ်းခဲ့တာပါ။

အကြောင်းပြချက်ကတော့ မြန်မာနဲ့ ဆင်တူပါတယ်။ နိုင်ငံရဲ့ ပြည်တွင်းရေးအခြေအနေတွေ တိုးတက် ကောင်းမွန် လာပြီဆိုတာပါ။

ဒါဟာ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနက အကြောင်းပြချက်ပေးသလို မြန်မာနိုင်ငံအခြေအနေတွေ တိုးတက်လာပြီဆိုတာထက် MAGA လှုပ်ရှားမှု ရဲ့ ဦးစားပေးလုပ်ငန်းတွေထဲက တစ်ခုအနေနဲ့ လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ အမေရိကန်အစိုးရအဖွဲ့ နဲ့ နီးစပ်သူတစ်ဦးက သုံးသပ်ပါတယ်။

မြန်မာအရေး နဲ့ ပတ်သက်လို့တော့ ထရမ့်အစိုးရရဲ့ ဦးစားပေးလုပ်ဆောင်မယ့် ကိစ္စရပ်နှစ်ခု ရှိတယ်လို့ သူကပြောပါတယ်။

နံပါတ် ၁ ကတော့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနှိမ်နင်းရေး ဖြစ်ပြီး နံပါတ် ၂ ကတော့ အမေရိကန်ထဲရောက် နေတဲ့ ပြည်ပနိုင်ငံသားတွေကို နှင်ထုတ်ရေးဖြစ်တယ်လို့ ဆိုပါတယ်။

မကြာသေးမီက လည်း အရှေ့တောင်အာရှက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ နှိမ်နင်းဖို့ ဆိုပြီး အမေရိကန်အစိုးရက အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ FBI ပါတဲ့ Scam Center Strike Force ဆိုပြီး ဖွဲ့စည်းထားပါတယ်။

နောက်ပြီး သမ္မတထရမ့်ဟာ အရင်သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်မှာ အမေရိကန်ကို ခေါ်ယူခဲ့တဲ့ ဒုက္ခသည်တွေ ရဲ့ နောက်ကြောင်း ရာဇဝင်ကို သေချာမစစ်ဆေးခဲ့ဘူးဆိုပြီး စွပ်စွဲထားပါတယ်။

ဒါကြောင့် သမ္မတဘိုင်ဒန်လက်ထက်က ခေါ်ယူခဲ့တဲ့ ဒုက္ခသည် ၂ သိန်းကျော်ကို ပြန်ပြီး စစ်ဆေးဖို့ရှိတယ်လို့ အမေရိကန်သတင်းဌာနတွေကဖော်ပြပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသား ၂ သောင်းကျော် ပါဝင်နေပါတယ်။

ဒါပေမယ့် အခုလို အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာန ရဲ့ မြန်မာနိုင်ငံအခြေအနေတိုးတက်ကောင်းမွန်နေပါတယ် ဆိုတဲ့ အကြောင်းပြချက် ဟာ ပကတိအခြေအနေနဲ့ ကွဲလွဲနေပြီး မြန်မာစစ်ကော်မရှင်အတွက် အသုံးချစရာဖြစ်သွားတယ်လို့ ဝေဖန် ကြပါတယ်။

လူ့အခွင့်အ‌ရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ အာရှ‌ရေးရာ အကြံပေး ဂျွန် စစ်ဖတန်ကတော့ "မြန်မာနိုင်ငံသားတွေ အတွက် ယာယီနေထိုင်ခွင့် TPS ရုပ်သိမ်းမှုမှာ ပြည်တွင်းလုံခြုံရေးဌာန ရဲ့ မှားယွင်းတဲ့ ဖော်ပြချက်ဟာ အတော်ဆိုးရွားလှပြီး ယုံကြည်ဖို့လည်း ခက်ခဲပါတယ်။ ဘယ်သူက မှ လည်း မမျှော်လင့်ထားခဲ့ဘူး" လို့ ပြောပါတယ်။

အမေရိကန်လွှတ်တော်၊ အစိုးရအဖွဲ့နဲ့ ကုလသမဂ္ဂမှာ မြန်မာအတွက် အကူအညီနဲ့အထောက်အပံ့တွေရဖို့ လှုံ့ဆော်နေသူ ဦးဂျိမ်းရွှေကလည်း "လူတွေ ပိုပြီးတော့ စိုးရိမ်စိတ်ရှိတာက အကြောင်းပြချက်ကို ပိုစိုးရိမ်စိတ်ရှိတယ်။ Justification က လွဲမှားနေရင် အခြေအနေတွေ ရှုပ်ထွေးနိုင်တယ်။ အမေရိကန် အစိုးရကပဲ သူတို့ရဲ့ မတရားတဲ့ ရွေးကောက်ပွဲကို ထောက်ခံသလိုလို အဲ့ဒါကို ယူပြီးတော့လှည့်လို့ရတယ်။ အဲ့ဒါကို ပြောင်းစေချင်ကြတယ်" လို့ ပြောပါတယ်။

TPS ရုပ်သိမ်းပြီး ချက်ချင်းဆိုသလိုပဲ စစ်ကော်မရှင် ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလအမေရိကန် ရဲ့ အခုလို ထုတ်ပြန်ချက်ဟာ "အပြုသဘောဆောင်တဲ့ ထုတ်ပြန်ချက်" လို့ ကြိုဆိုခဲ့ပြီး မြန်မာနိုင်ငံသားတွေ ကိုယ့်နိုင်ငံကို ပြန်လာပြီး ဆန္ဒမဲပေးကြဖို့ ပြောဆိုထားပါတယ်။

အမေရိကန်ရောက် မြန်မာတွေရဲ့ မျှော်လင့်ချက်

နိုဝင်ဘာ ၂၂ ရက်က အိမ်ဖြူတော်အရှေ့ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲ

ဓာတ်ပုံ ရင်းမြစ်, New York City Burmese Community (NYCBC)

ဓာတ်ပုံ ပုံစာ, နိုဝင်ဘာ ၂၂ ရက်က အိမ်ဖြူတော်အရှေ့ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲ

လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ ယာယီနေထိုင်ခွင့် (TPS) နဲ့ နေထိုင်သူ မြန်မာ ၄,၀၀၀ ဝန်းကျင်ရှိနေပါတယ်။ ဒီရုပ်သိမ်းမှုဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှာ အသက်ဝင်မှာဖြစ်လို့ အချိန် နှစ်လတာ ကျန်ပါသေးတယ်။

အမေရိကန်နိုင်ငံရောက် မြန်မာတွေကတော့ ဒီကာလအတွင်းမှာ တခြားနေထိုင်ခွင့် အထောက်အထားတစ်ခုခု စီစဉ်ထားကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မကြာသေးမီက အိမ်ဖြူတော် နဲ့ နှစ်လမ်းအကျော် မှာ အမျိုးသား လုံခြုံရေး အရံတပ်ဖွဲ့ ဝင် နှစ်ဦး သေနတ်ပစ်ခတ်ခံရပြီး တဲ့နောက်မှာ Green Card ထုတ်ပေးထားတဲ့ နိုင်ငံ ၁၉ နိုင်ငံက နိုင်ငံသားတွေကို ပြန်စီစစ်သွားမယ်လို့ အမေရိကန် အစိုးရက ကြေညာခဲ့ပါတယ်။

အဲဒီ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။

အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS) ကတော့ သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်က အတည်ပြုခဲ့တဲ့ ခိုလှုံခွင့် (Asylum) ပေးထားသူတွေကိုလည်း စစ်ဆေးမှုတွေ စတင်နေပြီလို့ နိုဝင်ဘာ ၂၇ ရက်မှာ ပြောထားပါတယ်။

အမေရိကန်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအဖို့ အကြပ်အတည်းတွေဟာ တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်ရတဲ့ အခြေအနေပါ။

အခုလိုအခြေအနေတွေဖြစ်နေချိန်မှာ ခိုလှုံခွင့် (Asylum) လျှောက်ဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူးလို့ အမေရိကန်ရောက် မြန်မာတစ်ဦးက ပြောပါတယ်။

" မြန်မာတွေထဲမှာ Asylum မလျှောက်ဘဲ TPS နဲ့ သီးသန့်နေ နေသူတွေကိုတော့ ထိခိုက်နိုင်တယ်။ တချို့မြန်မာတွေက ခိုလှုံခွင့်မတင်ဘဲ TPS နဲ့ နေနေကြတဲ့ အချိန်တစ်ခုကြာပြီးတဲ့ သူတွေရှိတယ်။ Asylum (ခိုလှုံခွင့်) လျှောက်လိုက်ရင် နိုင်ငံပြင်ပထွက်ပြီး ဒီကိုပြန်လာလို့မရတော့ဘူး။ TPS ကတော့ အဲလိုမဟုတ်ဘူး။ TPS က တဖက်မှာ status တခုကိုင်ထားရင် ဝင် / ထွက်လို့ အချိန်မရွေးရတယ်။ ဒါပေမယ့် အခုမှ ခိုလှုံခွင့် Asylum ပြန်တင်ရင် ဇယားငြိနိုင်တယ်၊ အစိုးရက ဘာလို့အခုမှတင်လဲ ဘာလဲ...ညာလဲ မေးခွန်းတွေလာနိုင်တယ်" လို့ သူက ပြောပါတယ်။

မြန်မာစစ်ကော်မရှင်ကတော့ အမေရိကန် DHS ရဲ့ အကြောင်းပြချက်ပေး ထုတ်ပြန်ပြောဆိုမှုကို ကြိုဆိုလိုက်ပြီး မြန်မာနိုင်ငံသားတွေကို ပြစ်မှုရှိပါက ပြစ်မှုအခြေအနေပေါ်မူတည်ပြီး ပြန်လည်လက်ခံသွားမယ်လို့ ထုတ်ပြောထားပါတယ်။

အမေရိကန်ရောက် မြန်မာ့အရေး လုပ်ဆောင်နေသူတွေကတော့ အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS) ရဲ့ အခုလို ရုတ်သိမ်းမှု နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ကွန်ဂရက် လွှတ်တော် နဲ့ DHS တို့ကို စာပေးပို့ သွားဖို့ ရှိနေပါတယ်။

အမေရိကန် Los Angeles Myanmar Movement (LA2M) အဖွဲ့ ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေကလည်း "Department of Homeland Security ကို စာတစ်စောင်ပို့ဖို့ ပြင်ထားတယ်။ NGO တွေ Civil Society Organization တွေစုပြီးတော့ ပို့မယ်။ ပြီးတော့မှ အဆက်အသွယ်ရှိတဲ့ ဝန်ကြီးဌာနတွေ ဖြစ်ဖြစ်၊ Congress တွေကို စာတွေ ရေးကြမှာပေါ့လေ" လို့ ပြောပါတယ်။

နောက်ပြီး မြန်မာ့အရေး‌ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကလည်း အခုလို အမေရိကန် ပြည်တွင်းလုံခြုံရေး ဝန်ကြီး ရဲ့ ထုတ်ပြန်ချက်မှာ မှားယွင်းမှုတွေ ဖြစ်ပြီး ယာယီနေထိုင်ခွင့် ရုတ်သိမ်းတာကို ပြန်လည်ဖြေလျှော့ပေးဖို့ Action Network ကတဆင့် အမေရိကန်အစိုးရကို စာပေးပို့ဖို့ လုပ်ဆောင်နေပါတယ်။

ဒီစာကိုထောက်ခံသူ လက်မှတ် ၆,၄၀၀ သတ်မှတ်ထား ပြီး TPS ရုပ်သိမ်းကြောင်းစာထုတ်ပြီး ၂၄ နာရီအတွင်း ၄,၇၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

ယာယီခိုလှုံခွင့် (TPS) ကို သမ္မတ ဂျိုးဘိုင်ဒန်အစိုးရလက်ထက်က အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။ အခုလို ရုတ်သိမ်းမှုကို သူတွေနဲ့ ကွန်ဂရက်လွှတ်တော် အမတ်တွေက လည်း မြေပြင်အခြေအနေနဲ့ လွဲချော်နေတယ်လို့ ဝေဖန်ထားပါတယ်။

အမေရိကန်ရောက် မြန်မာတွေကတော့ ဒီရုပ်သိမ်းမှုကို ဖြေလျော့ပေးနိုင်ဖို့ နီးစပ်ရာ လွှတ်တော်အမတ်တွေ၊ အစိုးရပိုင်း တာဝန်ရှိသူတွေ နဲ့ ချိတ်ဆက်ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီရုပ်သိမ်းမှုဟာ လာမယ့် ရက် ၆၀ အတွင်းမှာ အကျုံးဝင်မှာဖြစ်လို့ လက်ကျန်အချိန်မှာ အမေရိကန်အစိုးရ ရဲ့ စဉ်းစားချက် ပြောင်းလာအောင် မြန်မာတွေကြိုးစားကြမယ်လို့ သိရပါတယ်။

ဦးဂျိမ်း‌ရွှေ ကတော့ ရှေ့ဆက်လုပ်ဆောင်မယ့်လုပ်ငန်းစဥ်တွေကို အောင်မြင်တာ မအောင်မြင်တာထက် လုပ်စရာရှိတာဆက်လုပ်မယ်လို့ ပြောပါတယ်။

"TPS ကို ဆက်ပြီး extend လုပ်ပါ။ မြန်မာပြည်ပြန်သွားရင် ထောင်ကျမယ့်သူရှိတယ်။ အသတ်ခံရမယ့်သူရှိတယ်။ ကျောင်းသားတွေ စစ်ထဲဝင်ရမယ့်သူတွေ ရှိတယ်။ သူတို့အတွက် တော်တော် ဒုက္ခရောက်နိုင်တာပေါ့။ ဒါက နံပတ် ၁ လုပ်ဆောင်မယ်။ ပြီးတော့ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းရေးရသွားပါပြီ။ ပိုကောင်းလာပြီဆိုတဲ့ အကြောင်းပြချက် Narrative ကို ပြန်ပြင်ပေးဖို့ လုပ်ပါမယ် "