သမ္မတထရမ့်က မြန်မာကို ပြည်ဝင်ခွင့်ပိတ်တာနဲ့ပတ်သက်လို့ သိထားသင့်တဲ့အချက်တွေ

ဗီဒီယို ပုံစာ, ဒေါ်နယ် ထရမ့်ရဲ့ ပြည်ဝင်ခွင့် ပိတ်ပင်မှုကြောင့် မြန်မာတွေခက်ခဲနိုင်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာ့နိုင်ငံ ၁၂ နိုင်ငံကို ပြည်ဝင်ခွင့် ပိတ်ပင်တဲ့ စာရင်းမှာ မြန်မာလည်း ပါဝင်လာပါတယ်။

မြန်မာနဲ့အတူ အာဖဂန်နစ္စတန်၊ ချက်၊ ကွန်ဂို၊ အီကွေတာတို့ရား ဂီနီ၊ အီရစ်ထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နဲ့ ယီမင်နိုင်ငံတွေဟာ အမေရိကန်နိုင်ငံကို ပြည်ဝင်ခွင့် ပိတ်ပင်ခံရတာပါ။

အမေရိကန်နိုင်ငံသားတွေ နိုင်ငံခြားသား အကြမ်းဖက်ခံရမှုတွေဆီကနေ အကာအကွယ်ပေးဖို့နဲ့ အမျိုးသား လုံခြုံရေးအတွက်လို့ဆိုပြီး သမ္မတထရမ့်က လက်မှတ်ရေးထိုးပြီး ပြည်ဝင်ခွင့်တားမြစ်လိုက်တာဖြစ်ပါတယ်။

ပြည်ဝင်ခွင့်ထုတ်ပြန်တဲ့အမိန့်ဟာ ဇွန် ၉ ရက် အမေရိကန်အချိန်ဇုန်(EDT) မနက် ၁၂ နာရီ ၁ မိနစ်မှာ စတင်အသက်ဝင်ပါပြီ။

မြန်မာတွေအနေနဲ့ ဘာတွေသိထားသင့်လဲ၊ ဗီဇာရဖို့ စောင့်ဆိုင်းနေရဆဲ မြန်မာတွေဘယ်လိုဆက်ဖြစ်မလဲ၊ ပညာသင်ကြားဖို့ အမေရိကန်ရောက်နေတဲ့ မြန်မာကျောင်းသားတွေရဲ့ ဗီဇာဘယ်လိုဆက်ဖြစ်မလဲ၊ အမေရိကန်နေထိုင်ခွင့် ကံစမ်းမဲ (DV) မှာ မြန်မာတွေ ပါဝင်ခွင့်ရှိဦးမလားစတဲ့ မေးခွန်းတွေကို ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံးက ပြန်လည်ဖြေကြားပေးထားပါတယ်။

ဘီဘီစီ - မြန်မာမှာစစ်အာဏာသိမ်းပြီးနောက် လူငယ်အများအပြားဟာ အခွင့်အလမ်းတွေရရှိဖို့ဆုံးရှုံးခဲ့ရပါတယ်။ မြန်မာလူငယ်တွေဟာ အလုပ်အကိုင်နဲ့ ပညာရေးအခွင့်အလမ်းတွေရဖို့အတွက် အမေရိကန်ကို သွားချင်ကြပါတယ်။ ဒီလို မြန်မာမှာခက်ခဲနေချိန် အမေရိကန်က မြန်မာကို ပြည်ဝင်ခွင့်ပိတ်မှု ဘာ့ကြောင့် ဖြစ်လာတာပါလဲ။

အမေရိကန်သံရုံး - မြန်မာအပါအဝင် ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်အလုံးစုံပိတ်ပြီး ၇ နိုင်ငံကိုတော့ တစိတ်တပိုင်း ပြည်ဝင်ခွင့်ပိတ်ပါတယ်။ ဒီနိုင်ငံတွေကို စိစစ်တဲ့အခါမှာ ရက်ကျော်နေထိုင်သူများတာကိုတွေ့ရသလို နိုင်ငံကို ပြန်ပို့တာကို လက်မခံတာ၊ အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်ကို လျစ်လျူရှုနေတာတွေ တွေ့ရပါတယ်။ ဒါတွေဟာ အမေရိကန်အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်ရတဲ့အကြောင်းဖန်လာစေပါတယ်။

တခြားအစိုးရအဖွဲ့ဝင်အရာရှိတွေနဲ့ ညှိနှိုင်းထားတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တင်ပြလာတဲ့ အစီရင်ခံစာကို အခြေခံလို့ အမေရိကန်ရဲ့ အကျိုးစီးပွားအတွက် ဘယ်နိုင်ငံကိုတော့ ပြည်ဝင်ခွင့်ပိတ်မယ်လို့ဆိုပြီး သမ္မတ ဒေါ်နယ်ထရမ့်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘီဘီစီ - ဘယ်လိုဗီဇာအမျိုးအစားတွေကို ကန့်သတ်မှာလဲ။ ချွင်းချက်ရှိပါသေးလား။ အမေရိကန်မှာ တရားဝင်နေထိုင်ခွင့်ကံစမ်းမဲ (DV) စနစ်မှာ မြန်မာတွေ ပါဝင်ခွင့်ရှိဦးမလား။

အမေရိကန်သံရုံး - သမ္မတအမိန့်မှာ ကြေညာထားသလိုပဲ မြန်မာအတွက်ဆိုရင်nonimmigrant နဲ့ immigrant ဗီဇာ ၂ မျိုးစလုံးကို ထုတ်ပေးတာ ဆိုင်းငံ့လိုက်ပြီ။ ဒါပေမဲ့ ဗီဇာ လျှောက်ထားမှု တစ်ခုချင်းစီအတွက် စဉ်းစားသုံးသပ်တဲ့ ကင်းလွတ်ခွင့်တော့ ရှိမှာဖြစ်ပါတယ်။ ဒီလို ကင်းလွတ်ခွင့်မှာ Diversity Visa အမျိုးအစား အကျုံးမဝင်ပါဘူး။

အောက်မှာဖော်ပြထားတဲ့ အချက်တွေကတော့ ပြည်ဝင်ခွင့်တားမြစ်မိန့် ကနေ ကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်။

  • အမေရိကန်ပြည်ထောင်စုမှာ တရားဝင် အမြဲတမ်းနေထိုင်နေသူ ဘယ်သူမဆို
  • ကန့်သတ်၊ တားမြစ်ခံ စာရင်းမှာပါတဲ့နိုင်ငံသားဖြစ်ပေမဲ့ စာရင်းထဲမပါတဲ့တခြားနိုင်ငံသားအဖြစ်ပါ ခံယူထားပြီး အဲဒီနိုင်ငံကူးလက်မှတ်ကိုပဲ အသုံးပြုသူတွေ၊
  • အစိုးရနဲ့ စစ်ဘက်ဆိုင်ရာ ယာယီနေထိုင်ခွင့်ဗီဇာရထားသူတွေ (ဗီဇာအမျိုးအစားများ - A-1, A-2, C-2, C-3, G-1, G-2, G-3, G-4, NATO-1, NATO‑2, NATO-3, NATO-4, NATO-5, or NATO-6)၊
  • ကမ္ဘာ့ဖလား၊ အိုလံပစ် ဒါမှမဟုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆုံးဖြတ်တဲ့ အားကစားပြိုင်ပွဲတွေမှာပါဝင်မယ့် အားကစားသမား၊ နည်းပြ၊ မိသားစုဝင်၊ လိုအပ်တဲ့အထောက်အပံ့ပေးမယ့်သူတွေ၊
  • မျိုးဗီဇ(DNA)အရ သွေးသားရင်းဖြစ်ကြောင်း သက်သေပြနိုင်သူတွေကို ပေးတဲ့ မိသားစုဝင် ဗီဇာ (IR-1/CR-1, IR-2/CR-2, IR-5)၊
  • ကလေးမွေးစားမှုဆိုင်ရာ ဗီဇာ (IR-3, IR-4, IH-3, IH-4)၊
  • အာဖဂန်အထူးနေထိုင်ခွင့်ဗီဇာ၊
  • အမေရိကန်အစိုးရဝန်ထမ်းတွေအတွက် အထူးနေထိုင်ခွင့်ဗီဇာတွေ ဖြစ်ပါတယ်။

ဘီဘီစီ - ဗီဇာလက်ဝယ်ရရှိထားသူတွေမှာရော ဘယ်လိုဆက်ဖြစ်မှာလဲ။ တခြားတားမြစ်ကန့်သတ်မှုတွေ ထပ်ရှိသေးလား။

အမေရိကန်သံရုံး - ပြည်ဝင်ခွင့် ဆိုင်းငံ့ ပိတ်ပင်ခံထားရတဲ့နိုင်ငံတွေက နိုင်ငံသားတွေထဲ သမ္မတ အမိန့် စတင်အသက်ဝင်နေချိန်မှာ ဗီဇာမရှိသေးသူတွေ၊ အမေရိကန်ပြည်ပမှာရှိနေဆဲ လူတွေ ဒီကန့်သတ်ချက်ထဲ အကျုံးဝင်ပါတယ်။ ပြည့်ဝင်ခွင့် ပိတ်ပင် ဆိုင်းငံ့မိန့်မတိုင်မီ ဗီဇာရထားတဲ့သူတွေအပေါ်တော့ သက်ရောက်မှုရှိမှာမဟုတ်ပါဘူး။

ဘီဘီစီ - ဘယ်အချိန်မှာ ပြည်ဝင်ခွင့်ပြန်ပေးနိုင်ပါသလဲ။ ဒီလိုပြည်ဝင်ခွင့်ပြန်ခွင့်ပြုကြောင်း ခွင့်ပြုချက်ရဖို့ ဘယ်လိုသတ်မှတ်ချက်၊ စဉ်းစားချက်ရှိပါသလဲ။ လာမယ့်အနာဂတ်မှာ တင်းကျပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ်နိုင်ခြေရှိသေးလား။

အမေရိကန်သံရုံး - အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အမိမြေလုံခြုံရေးဌာနနဲ့ ညှိနှိုင်းပြီး အချက်အလက်နဲ့ နောက်ခံသမိုင်းကြောင်းစောင့်ကြည့်လေ့လာနိုင်ဖို့ ရည်ရွယ်ပြီး အချက်အလက်မျှဝေမှုအပိုင်း ခိုင်မာအောင် သက်ဆိုင်ရာနိုင်ငံတွေနဲ့ ပုံမှန်ထိတွေ့ ဆောင်ရွက်တာတွေရှိပါတယ်။ ဒါဟာ အမေရိကန်ကို ဝင်လာတဲ့နိုင်ငံခြားသားတွေက အများပြည်သူ ဒါမှမဟုတ် နိုင်ငံတော် လုံခြုံရေးအတွက် ခြိမ်းခြောက်မှု မဖြစ်စေဘူးဆိုတာ သေချာစေအောင် ဆောင်ရွက်တာဖြစ်ပါတယ်။

အခု သမ္မတအမိန့်မှာလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အခုပိတ်ပင် ဆိုင်းငံ့အမိန့်ကို ဆက်ထားရှိသင့်လား၊ ရုပ်သိမ်းသင့်လား၊ ပြင်ဆင်ဖြည့်စွက်သင့်လားဆိုတာတွေကို အမိမြေလုံခြုံ‌ရေးဌာန၊ ‌ရှေ့နေချုပ်၊ အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးတို့နဲ့အတူ ဆွေးနွေးတိုင်ပင်ပြီး ရက်ပေါင်း ၈၀ အတွင်းနဲ့ ရက်ပေါင်း ၁၈၀ အတွင်း သမ္မတဆီ အစီရင်ခံစာ တင်ပြသွားဖို့ ညွှန်ကြားချက်လည်း ပါရှိပါတယ်။

တဖက်မှာလည်း သမ္မတ ထရမ့်ရဲ့ အခုအမိန့်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေပါတယ်။

သမ္မတထရမ့်ဟာ အခုလိုအလားတူ ပိတ်ပင်မှုမျိုးကို ၂၀၁၇ ခုနှစ်မှာလည်း အမိန့်ထုတ်ဖူးပြီး အဲဒီတုန်းကတော့ မွတ်ဆလင်နိုင်ငံ ၇ နိုင်ငံကို အဓိက ပစ်မှတ်ထားခဲ့ပါတယ်။

အဲဒီအမိန့်ဟာ အမေရိကန်တလွှားက တရားရုံးတွေမှာ တိုင်တန်းတဲ့အထိ တုံ့ပြန်မှုရခဲ့ပါတယ်။

အဲဒီတုန်းကတော့ သမ္မတထရမ့် အမိန့်ဟာ ကိုးကွယ်ယုံကြည်ရာဘာသာကို အခြေခံပြီး ခရီးသွားတွေကို ခွဲခြားဆက်ဆံတဲ့အမိန့်လို့ဆိုကာ တရားမဝင်၊ ဖွဲ့စည်းပုံနဲ့လည်း မညီဘူးဆိုပြီး တရားရုံးမှာ တိုင်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီနောက် ၂၀၂၀ ပြည့်နှစ်မှာ သမ္မတဂျိုးဘိုင်ဒန် တက်လာတဲ့အခါ ဒီအမိန့်ကြောင့် မိသားစုတွေ တကွဲတပြားဖြစ်ရတယ်လို့ဆိုပြီး အမိန့်ကို ပယ်ဖျက်ခဲ့ပါတယ်။

သမ္မတထရမ့်ဟာ အဲဒီအမိန့်ကို ပြန်လည်ချင့်ချိန်ကာ ခုတစ်ကြိမ်အမိန့်ကို ထုတ်တာလို့ ရှုမြင်ခံရပေမဲ့ သမ္မတရဲ့ဒီအမိန့်ကို တရားဥပဒေနဲ့ ပြန်လည်ချေပတာတွေ ကြုံလာရနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

တဖက်မှာလည်း အမေရိကန်လုံခြုံရေးအတွက် ယီမင်၊ လစ်ဗျား၊ ဆိုမာလီယာနဲ့ ဆူဒန်တို့လို နိုင်ငံတွေကို ပိတ်ပင်တာ သဘာဝကျပေမဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ဖိနှိပ်မှုတွေရှိနေတဲ့ စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံကို ပြည်ဝင်ခွင့်ပိတ်တဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။