အမေရိကန်တွေကို ဗီဇာမပေးဖို့ မာလီနဲ့ ဘာကီနာ ဖာဆိုတို့ လက်တုံ့ပြန် ပိတ်ပင်

ဓာတ်ပုံ ရင်းမြစ်, Tribune News Service via Getty Images
- ရေးသားသူ, ဝီးကလစ်ဖ် မူးယာ
မာလီနဲ့ ဘာကီနာဖာဆို အစိုးရတွေက သမ္မတထရမ့်အစိုးရဟာ သူတို့နိုင်ငံသားတွေကို ဗီဇာပိတ်ခဲ့သလို သူတို့ကလည်း အမေရိကန်တွေ နိုင်ငံထဲ ဝင်မလာဖို့ တားမြစ်မယ်ဆိုပြီး ပြောကြားပါတယ်။
သမ္မတထရမ့်ရဲ့ အမေရိကန် ဝင်ခွင့် လုံးဝကန့်သတ်တဲ့ တိုးချဲ့ နိုင်ငံစာရင်းထဲ အနောက် အာဖရိက နိုင်ငံနှစ်ခုကို မကြာခင်က ထည့်သွင်းခဲ့ပါတယ်။
အမေရိကန်တွေကိုလည်း အလားတူ တုံ့ပြန်သွားမယ်ဆိုပြီး ဒီနှစ်နိုင်ငံက သီးခြား ထုတ်ပြန်ခဲ့ကြပါတယ်။
ဘာကီနာဖာဆိုက အပြန်အလှန်မူနဲ့ ဆောင်ရွက်တာလို့ ဘာကီနာဖာဆို နိုင်ငံခြားရေးဝန်ကြီးက ပြောပြီး မာလီ နိုင်ငံခြားရေးဌာနကတော့ "အပြန်အလှန် လေးစားမှုနဲ့ အချုပ်အခြာအာဏာ တူညီမှု" အတွက် တောင်းဆိုပါတယ်။
အမေရိကန်ရဲ့ ဆုံးဖြတ်မှုအတွက် စိတ်ပျက်မိကြောင်း မာလီအစိုးရက ပြောပါတယ်။ "ဒီလို အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ကြိုတင် မတိုင်ပင်ဘဲ ဆောင်ရွက်တာ"လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
နီဂျဲကလည်း အမေရိကန်တွေအပေါ် ပြည်ဝင်ခွင့် ကန့်သတ်ကြောင်း ကြေညာပြီးနောက် မာလီနဲ့ ဘာကီနာဖာဆိုတို့ရဲ့ ဆုံးဖြတ်ချက် ပေါ်ထွက်လာတာပါ။ နီဂျဲ နိုင်ငံခြားရေးဌာနကတော့ တရားဝင် မထုတ်ပြန်သေးပါဘူး။
ဒီသုံးနိုင်ငံမှာ အာဏာသိမ်း စစ်အစိုးရတွေ အုပ်ချုပ်နေတာပါ။
ဒီသုံးနိုင်ငံက သီးခြားဒေသတွင်း အုပ်စု ဖွဲ့ထားကြပြီး တခြား အနောက်အာဖရိကနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေ ဆက်ဆံရေး တင်းမာလာတဲ့အချိန်မှာ သူတို့က ရုရှားနဲ့ နီးစပ်လာကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တောင်ဆူဒန်၊ ဆီးရီးယားနဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က ထုတ်ပေးတဲ့ နိုင်ငံကူးစာအုပ် ကိုင်သူတွေအပါအဝင် ဒီသုံးနိုင်ငံက လာသူတွေကို အမေရိကန်ဝင်ခွင့် လုံးဝ ပိတ်ပင်မယ်ဆိုပြီး ဒီလဆန်းကပဲ အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။
ဇန်နဝါရီလ ၁ ရက်မှာ ဒီဆုံးဖြတ်ချက် စတင်အသက်ဝင်မှာ ဖြစ်ပြီး အမေရိကန်ရဲ့ "လုံခြုံရေးကို ကာကွယ်ဖို့" ရည်ရွယ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လာအိုနဲ့ ဆီယာရာလီယွန် နိုင်ငံတွေကိုလည်း တစိတ်တပိုင်း ဝင်ခွင့်ပိတ်ရာကနေ လုံးဝပိတ်တဲ့ စာရင်းထဲကို ထရမ့်အစိုးရက ထည့်ခဲ့ပါတယ်။ နောက်ပြီး နိုင်ဂျီးရီးယား၊ တန်ဇန်းနီးယားနဲ့ ဇင်ဘာဘွေ အပါအဝင် ၁၅ နိုင်ငံကိုလည်း တစိတ်တပိုင်း ကန့်သတ်တဲ့စာရင်းထဲ ထည့်ခဲ့ပါတယ်။
မှတ်ပုံတင် ကွပ်ကဲမှု၊ သတင်းအချက်အလက် ဖလှယ်တာနဲ့ အမေရိကန် လူဝင်မှု အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ "ခိုင်လုံတဲ့ တိုးတက်မှု"တွေ ပြနိုင်တဲ့ထိ ဒီနိုင်ငံတွေအပေါ် ကန့်သတ်မှုတွေ ဆက်ထားမယ်လို့လည်း အိမ်ဖြူတော်က ပြောပါတယ်။
အမေရိကန်မှာ တရားဝင် အမြဲတမ်း နေသူတွေ၊ လက်ရှိ ဗီဇာ ကိုင်ထားဆဲသူတွေ၊ သံတမန်တွေနဲ့ အားကစားပြိုင်ပွဲကြီးတွေကို လာကြမယ့် အားကစားသမားတွေအပေါ်တော့ ဒီကန့်သတ်မှုက အကျုံးမဝင်ပါဘူး။
အမေရိကန် နိုင်ငံအကျိုးစီးပွားအတွက် လာဖို့ လိုအပ်လာရင် ကိစ္စတခုချင်းအလိုက် ဗီဇာ ထုတ်ပေးနိုင်ကြောင်းလည်း အမေရိကန်ဘက်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images










