ဆူဒန် အယ်လ်ဖာရှာက သတ်ဖြတ်မှုတွေကို ဖုံးဖို့ RSF တပ်တွေ ကြိုးစားနေ - သုတေသီတွေဆို

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, စတီးဝပ် မက္ကလင်း
ဆူဒန်နိုင်ငံ အယ်လ်ဖာရှာမြို့က အစုအပြုံလိုက် သတ်ဖြတ်မှုတွေကို မြေမြှုပ် မီးရှို့တာတွေ လုပ်ပြီး RSF အရံတပ်တွေက ဖုံးကွယ်ဖို့ ကြိုးစားခဲ့တယ်လို့ ယေးလ်တက္ကသိုလ် သုတေသီအဖွဲ့တဖွဲ့က ပြောပါတယ်။
ဒီမြို့ကို RSF တပ်တွေ အောက်တိုဘာလက ဝင်သိမ်းချိန်က ကွပ်မျက်မှုတွေနဲ့ လူမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာလို့ နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။
အခုတော့ အယ်လ်ဖာရှာကို သိမ်းပြီးနောက် သောင်းနဲ့ချီတဲ့ ရုပ်အလောင်းတွေကို RSF တပ်တွေ ဖျက်ဆီးပစ်ခဲ့ပုံရကြောင်း ဂြိုဟ်တုဓာတ်ပုံတွေက ပြနေတယ်လို့ ယေးလ်တက္ကသိုလ်က လူသားချင်းစာနာမှုသုတေသန ဓာတ်ခွဲခန်း (HRL) က ဆိုပါတယ်။
ဒီအစီရင်ခံစာကို RSF ဘက်က မတုံ့ပြန်ပေမယ့် တပ်သားတွေ မြို့ထဲမှာ ပြစ်မှုတွေ ကျူးလွန်ခဲ့ကြောင်း အဖွဲ့ခေါင်းဆောင်က အရင်က ဝန်ခံခဲ့ဖူးပါတယ်။
RSF က " ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှု အထောက်အထားတွေကို ဖျောက်ဖျက်ဖို့ ရက်သတ္တပတ်တွေနဲ့ချီပြီး စနစ်တကျ ကြိုးစားခဲ့ကြောင်းနဲ့ ဒီလို အလောင်းစွန့်ပစ် ဖျက်ဆီးမှုတွေကို ဆက်လုပ်နေဆဲ ဖြစ်ကြောင်း " HRL ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
RSF တပ်နဲ့ ဆူဒန်အစိုးရတပ်တွေကြား ၂၀၂၃ ဧပြီက စပြီး တိုက်ပွဲဖြစ်နေခဲ့ပြီး နှစ်ဘက်အာဏာလုကြတဲ့ ဆိုးရွားတဲ့ ပြည်တွင်းစစ် ဖြစ်ပါတယ်။
ဒီစစ်ပွဲကို ကမ္ဘာ့အဆိုးဆုံး လူမှု ဘေးဒုက္ခကြီးအဖြစ် ကုလသမဂ္ဂက ညွှန်းဆိုပါတယ်။
အယ်လ်ဖာရှာကို တနှစ်ခွဲကြာ ဝိုင်းထားပြီးနောက် RSF တပ်တွေ မြို့ကို သိမ်းခဲ့ပြီး ဒါဖိုးဒေသက အစိုးရတပ်တွေကို သူတို့ နောက်ဆုံး ခြေကုပ်စခန်းကနေ တွန်းထုတ်ခဲ့ပါတယ်။
အယ်လ်ဖာရှာ ကျပြီးနောက် RSF က အရပ်သားတွေကို သတ်ဖြတ်နေကြောင်း ကုလသမဂ္ဂနဲ့ ကမ္ဘာတဝှမ်းက စွပ်စွဲပြောဆိုမှုတွေ ထွက်ပေါ်လာပါတယ်။
HRL က မြို့အခြေအနေကို လတွေနဲ့ချီပြီး စောင့်ကြည့် လေ့လာခဲ့ပြီး မြို့ခံတွေရဲ့ ဒုက္ခဆင်းရဲ တိမ်အနက်ကို နားလည်အောင် အားထုတ်မှု အဖြစ် အခုအစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။
အယ်လ်ဖာရှာမြို့ကျပြီးနောက် သီတင်းပတ်တွေအတွင်း မြို့နေရာအများအပြားရဲ့ အရွယ်အစား ပြောင်းလဲမှုကို ဒီဂြိုဟ်တုပုံတွေက ပြနေကြောင်း HRL ရဲ့ လေ့လာမှုအသစ်က ဆိုပါတယ်။ ဒီပြောင်းလဲမှုတွေက လူသတ်မှု အထောက်အထားတွေကို ရှင်းလင်းဖို့ RSF က ဆက်လက်ကြိုးစားနေတာကို ပြနေတယ်လို့လည်း ဆိုပါတယ်။
မြို့အပြင်ဘက် နေရာ ၈ဝ ကျော်က မြင်ကွင်းတွေကိုလည်း ဒီပုံတွေက ပြနေပြီး လူတွေ ထွက်ပြေးဖို့ ကြိုးစားချိန်မှာ RSF ရဲ့ သတ်ဖြတ်မှုတွေကို ပြနေကြောင်း HRL က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြို့ကို သိမ်းထားပြီးနောက် အရပ်သား လှုပ်ရှားမှု အနည်းအကျဉ်းသာ ရှိကြောင်း နိုဝင်ဘာလက ရတဲ့ ဂြိုဟ်တု အထောက်အထားတွေက ပြနေကြောင်းလည်း သုတေသီတွေက ပြောပါတယ်။
နိုင်ငံတကာက ဝိုင်းဝန်းကန့်ကွက်မှုတွေ ဖြစ်ပြီးနောက် အယ်လ်ဖာရှာကို သိမ်းပိုက်ချိန်အတွင်း စစ်သားတွေရဲ့ ကျူးလွန်ခဲ့မှုတွေကို စုံစမ်းစစ်ဆေးမယ်ဆိုပြီး RSF ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မိုဟာမက် ဟမ်ဒန် ဒက်ဂလိုက ကြေညာခဲ့ပါတယ်။
အယ်လ်ဖာရှာမှာ အာရပ်တပ်တွေက အာရပ်မဟုတ်သူတွေကို လူမျိုးရေး အငြိုးနဲ့ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ RSF က ဆက်လက်ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။
အယ်လ်ဖာရှာကို RSF သိမ်းပြီးနောက် မြို့ထဲက လွတ်အောင် ပြေးနိုင်တဲ့ အရပ်သားဦးရေ နည်းပါးကြောင်း ကူညီရေးအဖွဲ့တွေ ဆီက သတိပေးမှုတွေကို HRL ရဲ့ နောက်ဆုံးထုတ် အစီရင်ခံစာက လိုက်လံစုံစမ်းထားပါတယ်။
မြို့ထဲမှာ လူ နှစ်သိန်းခွဲလောက် ဆက်ပြီး ပိတ်မိနေသေးတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ အဲဒီတဝက်လောက်ကတော့ မြို့ပြင်က ဒုက္ခသည်စခန်းတွေကို ရောက်ကုန်ကြပြီလို့ ခန့်မှန်းပါတယ်။
RSF က အယ်လ်ဖာရှာကို သိမ်းပြီး ဆူဒန်အနောက်ပိုင်းမှာ သူ့အာဏာကို ခိုင်အောင် တည်ဆောက်ပြီး ဒါဖိုးက ညာလာမြို့မှာ စင်ပြိုင်အစိုးရဖွဲ့ပါတယ်။
ဆူဒန်စစ်တပ်က နိုင်ငံရဲ့ နေရာအများစုကို ထိန်းချုပ်ထားဆဲ ဖြစ်ပြီး အုပ်စုနှစ်စုကြား တိုက်ပွဲကလည်း ဆက်ဖြစ်နေပါတယ်။
၂ဝ၂၃ ဧပြီက စစ်ပွဲစဖြစ်ပြီးနောက် လူ ၁၃ သန်းကျော် အခြေပျက် ရွှေ့ပြောင်းခဲ့ရကြောင်း ယူဆကြပါတယ်။









