ဆူဒန်မြို့တော် ခါတွမ်တိုက်ပွဲတွေ နောက်ကွယ်က စစ်ရေးပြိုင်ဆိုင်မှု

ဓာတ်ပုံ ရင်းမြစ်, Reuters
ဘာဘလီအိုချီရန်၊ BBC Monitoring, နိုင်ရိုဘီ
မြို့တော် ခါတွမ်နဲ့ နိုင်ငံတွင်း အခြားနေရာတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ဆူဒန်နိုင်ငံက စစ်ခေါင်းဆောင်နှစ်ယောက်အကြား ဆိုးရွားတဲ့အာဏာလွန်ဆွဲမှုတွေကနေ စဖြစ်လာတာပါ။
Rapid Support Forces (RSF)လို့ခေါ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ နဲ့ ဆူဒန်စစ်တပ်တပ်ဖွဲ့ဝင်တွေ မြို့တော်အနှံ့ မဟာဗျူဟာကျတဲ့ နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။
အဲ့ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်အလက်တွေကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။
တိုက်ပွဲတွေ ဘယ်လိုဖြစ်လာတာလဲ
၂၀၂၁ခုနှစ် အောက်တိုဘာလ အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်း ကစပြီး ဆူဒန်ကို အုပ်ချုပ်နေတဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်ကြီးနှစ်ဦးကြားမှာ အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ် လာခဲ့ ပါတယ်။
ဗိုလ်ချုပ်ကြီး အာဘ်ဒယ်ဖာတာအယ်လ်လူရန်ဟာ ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြီး အကဲဖြစ်ပြီး ဆူနိုင်ငံရဲ့ သမ္မတလည်းဖြစ်ပါတယ်။
သူရဲ့လက်ထောက် RSF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မိုဟာမက် ဟမ်ဒန် ဒါဂါလိုကို ဟဲမက်တီလို့ လူသိများပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဆူဒန်နိုင်ငံ ရှေ့ဆက်သွားရမယ့် လမ်းကြောင်းနဲ့ အရပ်သားအုပ်ချုပ်မှု ကူးပြောင်းရေးနဲ့ပတ်သက်ပြီး သတိူ့နှစ်ယောက်ကြားမှာ သဘောထားကွဲလွဲမှုတွေရှိလာခဲ့ပါတယ်။
သူတို့နှစ်ယောက်ကြား အဓိက အငြင်းပွားနေတဲ့ ကိစ္စကတော့ အင်အား ၁၀၀,၀၀၀ ရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့ RSFကို စစ်တပ်ထဲ ထည့်သွင်းဖို့ကိစ္စနဲ့ တပ်ဖွဲ့သစ်ကို ဘယ်သူ ဦးဆောင် မလဲဆိုတဲ့ကိစ္စဖြစ်ပါတယ်။
ဆူဒန်နိုင်ငံ တည်နေရာ
အရှေ့မြောက်အာဖရိကနိုင်ငံ ဆူဒန်နိုင်ငံဟာ ပင်လယ်နီအပါအဝင် နိုင်ငံခုနစ်နိုင်ငံနိုင်ငံနဲ့ နယ်နိမိတ် ချင်းထိစပ်နေပါတယ်။
ဆူဒန်နိုင်ငံ မြောက်ဘက်မှာ အင်အားကြီးတဲ့ အီဂျစ်နိုင်ငံ၊ အရှေ့ဘက်မှာ အီသီယိုးပီးယားနိုင်ငံ တည် ရှိပြီး၊ နိုင်ငံတကာ ကုန်သွယ်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ပင်လယ်နီ အစိတ်အပိုင်းကိုလည်း ထိန်း ချုပ်ထားပါတယ်။
ဆယ်စုနှစ်များစွာဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်အပြီး ၂၀၁၁ ခုနှစ် တောင်ဆူဒန်နိုင်ငံ ခွဲထွက်မသွားခင် ဆူဒန်နိုင်ငံဟာ အာဖရိကတိုက်ရဲ့ နယ်မြေအကျယ်ဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။
စနေနေ့က တိုက်ပွဲတွေ ဘာကြောင့် စဖြစ်တာလဲ
ပြီးခဲ့တဲ့ သီတင်းပတ်က RSFတပ်ဖွဲ့ဝင်တွေ နိုင်ငံအဝှမ်းမှာ ဖြန့်ကြက်ထားတာကြောင့် စစ်တပ်နဲ့ ရက်အတန်ကြာ တင်းမာမှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း ရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေ စဖြစ်ခဲ့တာပါ။
ဆွေးနွေးပွဲတွေကနေတစ်ဆင့် နှစ်ဖက်တင်းမာမှုတွေ ပြေလည်နိုင်ဖို့ မျှော်လင့်ချက် အချို့ရှိခဲ့ပေမယ့်၊အခုအချိန်ထိတော့အဲ့ဒီအခြေအနေ မရောက်ခဲ့ပါဘူး။
စနေနေ့ မနက်က ပစ်ခတ်မှုကို ဘယ်သူစကျူးလွန်ခဲ့လဲဆိုတာ နှစ်ဖက်အငြင်းပွားနေကြဆဲဖြစ် ပေမယ့်၊ နိုင်ငံနေရာ အနှံ့အပြားမှာ တိုက်ပွဲတွေပြင်းထန်လာပြီး အရပ်သား ၁၀၀ နီးပါး သေဆုံးခဲ့ ကြောင်း ဆူဒန် ဆရာဝန်များသမဂ္ဂက အတည်ပြုခဲ့ပါတယ်။
အရပ်သားတွေ ဘာကြောင့် သေဆုံးရတာလဲ
တိုက်ပွဲတွေက ဆူဒန်အစိုးရအဖွဲ့ရဲ့အရေးကြီးတဲ့ အဆောက်အအုံတွေတစ်ဝိုက်မှာ ဖြစ်ပွားခဲ့ပေမယ့်၊ တိုက်ပွဲအများစူက လူနေထူထပ်တဲ့ မြို့ပြဧရိယာတွေမှာ ဖြစ်ပွားခဲ့တာကြောင့် မလိုအပ်ဘဲ အရပ်သားတွေ သားကောင်ဖြစ်ခဲ့ရတာပါ။
RSF တပ်ဖွဲ့စခန်းတွေ ဘယ်နေရာမှာ အခြေစိုက်လဲဆိုတာ အတိအကျမသိရပေမယ့် သူတို့ တပ်ဖွဲ့ဝင် တိုက်ခိုက်ရေးသမားတွေဟာ လူဦးရေ ထူထပ်တဲ့ နေရာတွေကို ပြောင်းရွှေ့ သွားပုံ ရပါတယ်။
ဆူဒန်လေတပ်က လူခြောက်သန်းကျော်နေထိုင်တဲ့ မြို့တော်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အချက်ကလည်း အရပ်သားတွေထိခိုက်သေဆုံးမှုများရတာလို့ ယူဆရပါတယ်။
တိုက်ပွဲဖြစ်တဲ့နေရာကနေ အရပ်သားတွေရှောင်ထွက်သွားနိုင်ဖို့ တိုက်ပွဲတွေ ခေတ္တရပ်နားထားပေးဖို့ စနေနေ့က နှစ်ဖက်စလုံး သဘောတူခဲ့ကြပါတယ်။
Rapid Support Forces ကလူတွေက ဘယ်သူတွေလဲ
RSFတပ်ဖွဲ့ ကို ၂၀၁၃ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ မျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်ခဲ့တဲ့ ဒါဖာမှာ သူပုန်တွေကို ရက်ရက်စက်စက်တိုက်ခိုက်ခဲ့ပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Janjaweed ပြည်သူ့စစ်အဖွဲ့ဟာ သူတို့တပ်ဖွဲ့ဖြစ်လာဖို့ မူလအစဖြစ်ပါတယ်။
အဲ့ဒီအချိန်ကစပြီး ဗိုလ်ချုပ်ကြီး ဒါဂါလိုဟာ ယီမင်နဲ့ လစ်ဗျား ပဋိပက္ခတွေမှာ ဝင်ရောက်စွက်ဖက် မှုတွေလုပ်ခဲ့တဲ့ အင်အားကြီးမားတဲ့ တပ်ဖွဲ့ကို တည်ဆောက်ခဲ့ပါတယ်။
ပြီးတော့ သူက ဆူဒန်မှာရှိတဲ့ ရွှေတွင်းအချို့ကို ထိန်းချုပ်တာအပါအဝင် စီးပွားရေး အကျိုးစီးပွား တွေ ဖော်ထုတ်တည်ဆောက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
RSFအဖွဲ့ဟာ ၂၀၁၁၉ခုနှစ် ဇွန်လက ဆန္ဒပြတဲ့သူ ၁၂၀ကျော် သတ်ဖြတ်ခဲ့တဲ့ ကိစ္စအပါအဝင် လူ့ အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စွပ်စွဲခံထားရတဲ့ အဖွဲ့ဖြစ်ပါတယ်။
စစ်တပ်အပြင် RSFအဖွဲ့လို အင်အားတောင့်တင်းတဲ့ လက်နက်ကိုင်အဖွဲ့ရှိနေတာက ဆူဒန်နိုင်ငံ မ တည်မငြိမ်ဖြစ်နေမှုရဲ့ အရင်းအမြစ်လို့ ရှုမြင်ထားကြပါတယ်။
စစ်တပ်က ဘာကြောင့် အာဏာရနေတာလဲ
အခုတိုက်ပွဲက ဆူဒန်နိုင်ငံကိုကာလရှည်ကြာအုပ်ချုပ်ခဲ့တဲ့ သမ္မတအိုမာဘယ်ဘာရှာ ၂၀၁၉ခုနှစ်က ဖြုတ်ချခံခဲ့ရတဲ့အဖြစ်အပျက်နောက်ပိုင်း နောက်ဆုံးဖြစ်တဲ့ တိုက်ပွဲဖြစ်ပါတယ်။
ဆူဒန်နိုင်ငံကို နှစ်သုံးဆယ်နီးပါးအုပ်ချုပ်လာတဲ့ သမ္မတအိုမာဘယ်ဘာရှာ အုပ်ချုပ်မှုအဆုံးသတ်ရေး တောင်းဆိုဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး၊စစ်တပ်က သူ့ကိုဖယ်ရှားပြီး အာဏာသိမ်းခဲ့ပါတယ်။
ဒါပေမဲ့ အရပ်သားတွေက ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ပြန်လည်အသက်သွင်း နိုင်ရေးအတွက်
ဆက်လက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။
အဲဒီနောက် စစ်ဘက်-အရပ်ဘက် ပူးတွဲအုပ်ချုပ်တဲ့ အစိုးရတစ်ရပ် ဖွဲ့စည်းခဲ့ပေမယ့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ နောက်ထပ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီအချိန်ကစပြီး ဗိုလ်ချုပ်ကြီးဘာဟန်နဲ့ ဗိုလ်ချုပ်ကြီးဒါဂါလိုတို့ အကြား ပြိုင်ဆိုင်မှုတွေ ပိုပြင်းထန်လာခဲ့ပါတယ်။
အရပ်သားတွေလက်ထဲ အာဏာပြန်အပ်ဖို့ သဘောတူညီချက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက သဘောတူညီခဲ့ပေမယ့် အဲ့ဒါကို အကောင်အထည်ဖော်ဖို့ အသေးစိတ်အချက်အလက်တွေ အပြီးသတ် ဆွေးနွေးပွဲမှုတွေကတော့ မအောင်မြင်ခဲ့ပါဘူး။
သူတို့နှစ်ယောက် လိုချင်တာက ဘာလဲ
ဗိုလ်ချုပ်ကြီး ဒါဂါလိုက ၂၀၂၁ခုနှစ် အာဏာသိမ်းမှုဟာ မလုပ်သင့်တဲ့မှားယွင်းမှုတစ်ခုလို့ ပြောခဲ့ပြီး၊ သူကိုယ်တိုင်နဲ့ RSFအဖွဲ့ဟာ ခါတွမ်မြို့က အထက်တန်းလွှာတွေရဲ့ ဆန့်ကျင်ဘက် ပြည်သူတွေဘက်မှာရပ်တည်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။
သူ့ပြောကြားချက်ကို ထောက်ခံမှုအချို့ရှိပေမယ့်၊ အခြားသူတွေကတော့ သူ့ RSF တပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မှတ်တမ်းတွေကြောင့် သူ့ ပြောတဲ့ သတင်းစကားကို ယုံဖို့ ခက် နေကြပါတယ်။
အလားတူ ဗိုလ်ချုပ်ကြီး ဘာဟန်ကလည်း ရွေးကောက်ပွဲမှာနိုင်တဲ့ အစိုးရအဖွဲ့ကို စစ်တပ်က အာဏာအပြည့်အဝ လွှဲပြောင်းပေးမယ်လို့ ပြောခဲ့ပါတယ်။ဒါပေမဲ့ အာဏာခွဲဝေရေး သဘောတူညီမှု တစ်စိတ်တစ်ပိုင်းအဖြစ် အရပ်သားကိုယ်စားလှယ်တွေ နောက်ထပ်ဘေး ဖယ်ခံထား ရနိုင်တယ်လို့လည်း မျှော်လင့်ထားကြပါတယ်။
စစ်ဗိုလ်ချုပ်ကြီးတွေကြားမှာ သံသယစိတ်တွေဆက်ကြီးစိုးနေပြီး၊သူတို့ကို ထောက်ခံသူတွေ ကလည်း သူတို့ရဲ့သြဇာကြီးမားတဲ့ ရာထူးတွေ ဖယ်ရှားခံရရင် သူတို့ရဲ့ ကြွယ်ဝမှုနှင့် သြဇာလွှမ်း မိုးမှုတွေ ထိခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။
တခြားနိုင်ငံတွေ ဘာကူပေးနိုင်မလဲ။
ဆူဒန်နိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကနေ တိုင်းပြည် အစိတ်စိတ် ပြိုကွဲသွားစေနိုင်ပြီး၊ နိုင်ငံရေးမတည်ငြိမ်မှုတွေပိုဖြစ်လာတာကနေ အိမ်နီးချင်းနိုင်ငံတွေအထိပါ ကူးလာမှာကို စိုးရိမ်နေကြပါတယ်။
အရပ်သားအုပ်ချုပ်မှုကို ပြန်သွားဖို့ ကြိုးပမ်းမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ သံတမန်တွေက ဗိုလ်ချုပ်ကြီးနှစ်ဦး တွေ့ဆုံစကားပြောနိုင်ဖို့ အသည်းအသန် ကြိုးစားနေကြပါတယ်။
ကင်ညာ၊ တောင်ဆူဒန်နှင့် ဂျီဘူတီနိုင်ငံတွေက သမ္မတသုံးဦးကို ခါတွမ်မြို့ကို စေလွှတ်ဖို့ ဒေသ ဆိုင်ရာ အဖွဲ့တစ်ခုက သဘောတူညီခဲ့ပေမယ့် နိုင်ငံ ပြည်တွင်း၊ပြည်ပ လေယာဉ်ပျံသန်းမှုတွေ မရှိတာကြောင့် သူတို့ ခရီးစဉ်ဖြစ်နိုင်မလားဆိုတာ မသေချာသေးပါဘူး။








