ဆူဒန်တိုက်ပွဲကြားက မြန်မာအမျိုးသမီးတယောက် လွတ်မြောက်လာ

မလယ်မယ်မီးကို သံရုံးက ကယ်ထုတ်နိုင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, MOFA

ဓာတ်ပုံ ပုံစာ, အလုပ်ရှင်နဲ့ အားလပ်ရက် အလည်သွားရင်း ဆူဒန်နိုင်ငံ ခါတွန်းမ်မြို့မှာ ပိတ်မိနေခဲ့တဲ့ မြန်မာနိုင်ငံသူ လက်ရှိ သူနေထိုင်ရာ ဒူဘိုင်းကို ပြန်ရောက်လာ

မြန်မာနိုင်ငံသူ မလယ်မယ်မီး (Lae Mae Mee) ဟာ ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့က ဆူဒန်နိုင်ငံသူ အမျိုးသမီး တယောက်ဆီမှာ အလုပ်လုပ် ၊ နေထိုင်နေသူ ဖြစ်ပါတယ်။

ဆူဒန်မှာ လက်နက်ကိုင်အဖွဲ့တွေကြား ပစ်ခတ်တိုက်ခိုက်မှု ပေါ်ပေါက်လာချိန်မှာ သူ့အလုပ်ရှင် အမျိုးသမီး နဲ့အတူ ဆူဒန်နိုင်ငံကို ရောက်ရှိ ပိတ်မိခဲ့တာပါ။

ဆူဒန်နိုင်ငံမှာ ဧပြီလ ၁၅ ရက်နေ့က စပြီး မြို့တော် ခါတွန်မှာ အစိုးရစစ်တပ်နဲ့ စင်ပြိုင်လက်နက်ကိုင်တပ်တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာကြောင့် အခုအချိန်အထိ သေဆုံးသူ အနည်းဆုံး အယောက် ၅၀၀ ရှိခဲ့ပြီး လူပေါင်း တသိန်းလောက် နိုင်ငံတွင်းက ထွက်ပြေးနေကြ ရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

တချိန်တည်းမှာ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ တခြားနိုင်ငံတွေက ဆူဒန်မှာရှိတဲ့ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ သူတို့နိုင်ငံသားတွေကို ကယ်ထုတ်ခဲ့ကြပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူ တသိန်းကျော်ပြီလို့ ကုလပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆူဒန်ကနေ ကယ်ထုတ်မှုတွေ မကြာခင်ရပ်ဆိုင်းတော့မယ်

ဆော်ဒီအာရေဗျ နိုင်ငံ ရီရတ်ဒ်မြို့မှာ ရှိတဲ့ မြန်မာသံရုံးက မြန်မာအမျိုးသမီးတယောက် ဆူဒန် နိုင်ငံ အရေးအခင်းကြား ပိတ်မိနေတဲ့အကြောင်း သံတမန်ဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုတွေကနေ ပြီးခဲ့တဲ့ ဧပြီ ၂၆ရက်နေ့က သတင်းရရှိခဲ့တာကြောင့် သူ့ကို ကယ်တင်နိုင်ရေး လုပ်ဆောင်ခဲ့တာလို့ မြန်မာသံရုံးက တာ၀န်ရှိသူ တယောက်က ပြောပါတယ်။

မလယ်မယ်မီး ဟာ သူ့အလုပ်ရှင်နဲ့အတူ အလည်အပတ်ခရီးအဖြစ် ဆူဒန်နိုင်ငံမြို့တော် ခါတွန်းမှာ ရောက်ရှိနေခဲ့တာ ဖြစ်ပြီး ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်တဲ့အခါ သူ့အလုပ်ရှင်ကတော့ အီဂျစ်က ကယ်ဆယ်ရေး သင်္ဘောတွေနဲ့ လိုက်ပါ လွတ်မြောက်သွားခဲ့ပါတယ်။

ဒါပေမဲ့ သူကတော့ အီဂျစ် ဗီဇာ မရှိတာကြောင့် ဆိပ်ကမ်းမြို့ဖြစ်တဲ့ ပို့ထ်ဆူဒန်မြို့မှာ ကျန်ရစ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုအခါ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဆူဒန်ကနေ လူတွေ အုံလိုက်ကျင်းလိုက် ထွက်ပြေး နေကြရာမှာ အိမ်နီးချင်း အီဂျစ်နဲ့ ဆော်ဒီ တို့ကို ကယ်ဆယ်ရေး သင်္ဘောတွေနဲ့ တနေ့ကို သုံးကြိမ်လောက် ကယ်ထုတ်ပေးနေတယ်လို့ သိရပါတယ်။

ဆူဒန်စစ်ဘေးက လွတ်မြောက်လာပြီဖြစ်တဲ့ မြန်မာနိုင်ငံသူ

ဓာတ်ပုံ ရင်းမြစ်, MOFA

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံက တိုင်းရင်းသူ မလယ်မယ်မီး ဟာ ဒူဘိုင်းမှာ အလုပ်လုပ်ဖို့ ရောက်နေရာက အလုပ်ရှင်နဲ့အတူ ဆူဒန်သွားရင်း ပိတ်မိတာဖြစ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာနိုင်ငံသူ မလယ်မယ်မီး ကို ကယ်ထုတ်နိုင်ဖို့ အတွက် ရီရတ်ဒ်မြို့က မြန်မာသံရုံးအဖွဲ့သားတွေက ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာန ၊ ဆူဒန်နိုင်ငံ စစ်ဘေးမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးအတွက် ဆော်ဒီနိုင်ငံက ဖွဲ့စည်းထားသည့် Emergency Crisis Management Team တို့ကို ဆက်သွယ်ပြီး ဆော်ဒီ ကယ်ဆယ်ရေး သင်္ဘောမှာ မြန်မာအမျိုးသမီး တဦး လိုက်ပါခွင့်ရရှိရေး ဆောင်ရွက်ပေးခဲ့ရတယ်လို့ ရီရတ်ဒ်မြန်မာသံရုံးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၉ရက်နေ့ကတော့ ဆူဒန်နိုင်ငံက ပို့ထ်ဆူဒန်မြို့ကနေ ဆော်ဒီက ဂျက်ဒါမြို့ကို ကယ်ဆယ်ရေး သင်္ဘောနဲ့ လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသူ မလယ်မယ်မီးကို ညတွင်းချင်းပဲ သူနေထိုင်ရာ UAE နိုင်ငံက ဒူဘိုင်းမြို့ကို လေယာဥ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အခုအခါ အခင်းဖြစ်ရာ ဆူဒန်နိုင်ငံမှာ ပိတ်မိနေသူ မြန်မာနိုင်ငံသားတွေ မရှိနိုင်တော့ကြောင်းနဲ့ မြန်မာသံရုံးမှာ ရှိတဲ့ အချက်အလက်တွေအရ ဆူဒန်မှာ မြန်မာနိုင်ငံသားတွေ နေထိုင် အလုပ် လုပ်ကိုင်တာမျိုး မသိထားရကြောင်းနဲ့ အခက်အခဲ ရှိလို့ လာရောက် ဆက်သွယ်လာရင်တော့ ကူညီသွားမှာဖြစ်တယ်လို့ ရီရတ်ဒ်မြန်မာသံရုံးက တာ၀န်ရှိသူ တယောက်က ပြောပါတယ်။

နိုင်ငံကူးလက်မှတ်ပါ အချက်အလက်တွေအရ မလယ်မယ်မီးဟာ အသက် ၃၅ နှစ် ၀န်းကျင်​ရှိပြီး မြစ်ကြီးနားမြို့ကလို့ သိရပါတယ်။ မလယ်မယ်မီးနဲ့ ဆက်သွယ်ဖို့ ဘီဘီစီက ကြိုးစားခဲ့ပေမဲ့ ဘာသာစကားနဲ့ ဆက်သွယ်ရေး အခြေအနေကြောင့် သူ့ကို တိုက်ရိုက်ဆက်သွယ်လို့ မရခဲ့ပါဘူး။ သူကတော့ အခုအခါ သူအမြဲနေထိုင်ရာ ဒူဘိုင်းမြို့က အလုပ်ရှင်ဆီ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်ပါတယ်။