ဘီနင် အာဏာသိမ်းရန် ကြံစည်မှု သစ္စာခံတပ်တွေ တားဆီး- ပြည်ထဲရေးဝန်ကြီး ဆို

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, ပေါလ်ဂျီ ၊ သောမတ် နာဒီ၊ ဘီဘီစီ အာဖရိက သတင်းထောက်များနဲ့ လူစီ ဖလမ်းမင်း
အနောက် အာဖရိကက ဘီနင်နိုင်ငံမှာ အာဏာသိမ်းဖို့ ကြိုးစားတာကို အစိုးရက တားဆီးလိုက်ပြီး ပြည်ထဲရေး ဝန်ကြီး ရုပ်သံက ပေါ်ထွက်လာခဲ့ပါတယ်။
သမ္မတ ပေထရိစ် တဲလန်ကို ဖယ်ရှားလိုက်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆိုင်းငံ့ထားတယ် ဆိုပြီး ဒုတိယ ဗိုလ်မှူးကြီး ပါစကယ် တီဂရီ ဦးဆောင်တဲ့ စစ်သားတစုက စောစောပိုင်းက အစိုးရရုပ်သံကနေ ကြေညာခဲ့ပါတယ်။ သေနတ်သံတွေ ကြားရပြီး အသံလွှင့်ရုံက သတင်းထောက်တချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့လည်း ကြုံတွေ့ခဲ့သူတွေက ဘီဘီစီကို ပြောကြားပါတယ်။
အစိုးရ ရုံးစိုက်တဲ့ ကိုတိုနူး မြို့ကြီးက သမ္မတအိမ်တော်နားမှာ ပစ်ခတ်မှုတွေ ရှိကြောင်း ပြင်သစ်သံရုံးရဲ့ လူမှုကွန်ရက်မှာ တင်ထားပါတယ်။
သမ္မတ တဲလန် ဘေးကင်းပြီး စိတ်ချရတဲ့ နေရာမှာ ရှိတယ်လို့လည်း သမ္မတအကြံပေးတယောက်က ဘီဘီစီကို ပြောကြားပါတယ်။
ပြင်သစ်သံရုံးထဲမှာ သမ္မတခိုလှုံတယ်ဆိုတဲ့ အစောပိုင်း သတင်းတွေက မဟုတ်ဘူးလို့လည်း ပြင်သစ်သံတမန်တွေက ငြင်းပယ်ခဲ့ပါတယ်။
တနင်္ဂနွေနေ့မနက် အစောပိုင်းမှာ ဘီနင်အစိုးရယန္တရားတွေကို မတည်မငြိမ်ဖြစ်အောင် လုပ်လိုတဲ့ စစ်သားအုပ်စုတစုက ပုန်ကန်ခဲ့ကြောင်းနဲ့ အခု အစိုးရ သစ္စာခံတပ်တွေက ပြန်ထိန်းချုပ်နိုင်ခဲ့ပြီ ဆိုပြီး ပြည်ထဲရေး ဝန်ကြီး အယ်လက်ဆန် ဆေးဒိုက ရုပ်သံကနေ ပြောကြားပါတယ်။
ကိုတိုနူး မြို့ပေါ်မှာ ရဟတ်ယာဉ်တွေ ပျံဝဲနေပြီး မြို့ထဲက လမ်းတွေမှာလည်း စစ်သားတွေ အများကြီး ချထားခဲ့ပါတယ်။
ဒီအာဏာသိမ်းရန် ကြံစည်မှုနဲ့ ပတ်သက်ပြီး ၁၄ ယောက်ကို ဖမ်းထားကြောင်း ဘီနင် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ရိုက်တာ သတင်းဌာနကို ပြောကြားပါတယ်။
ဒီထဲက ၁၂ ယောက်ဟာ ဘီနင် အစိုးရရုပ်သံကို ဝင်စီးခဲ့သူတွေလို့လည်း ဘီနင်က သတင်းစာဆရာတဦးက ဘီဘီစီကို ပြောပါတယ်။
ပြင်သစ် ကိုလိုနီဟောင်း ဖြစ်တဲ့ ဘီနင်နိုင်ငံကို အာဖရိကရဲ့ တည်ငြိမ်တဲ့ ဒီမိုကရေစီနိုင်ငံတခုအဖြစ် မှတ်ယူခဲ့ကြပါတယ်။
အာဖရိကမှာ ဝါဂွမ်း အများဆုံး စိုက်တဲ့ ဘီနင်ဟာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံတခုလည်း ဖြစ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပြင်သစ်နဲ့ ရုရှားသံရုံးတွေကလည်း သူတို့နိုင်ငံသားတွေကို အပြင်မထွက်ကြဖို့ တောင်းဆိုထားပါတယ်။
ကိုတိုနူးကို မသွားဖို့နဲ့ အထူးသဖြင့် သမ္မတအိမ်တော်တဝိုက်ကို ရှောင်ကြဖို့ အမေရိကန်သံရုံးကလည်း အကြံပေးထားပါတယ်။
သမ္မတ တဲလန်ရဲ့ စီမံခန့်ခွဲမှု မကောင်းလို့ သိမ်းရပါတယ် ဆိုပြီး အာဏာသိမ်းဖို့ ကြိုးစားခဲ့တဲ့ စစ်သားတွေက ပြောပါတယ်။ ဒီထဲမှာ ဘီနင်မြောက်ပိုင်းက လုံခြုံရေး အခြေအနေ ယိုယွင်းနေတာကို သမ္မတ ကိုင်တွယ်ပုံလည်း ပါပါတယ်။
အိုင်အက်စ် အစ္စလာမ္မစ်နိုင်ငံအဖွဲ့၊ အယ်လ်ကိုင်းဒါးတို့နဲ့ ဆက်စပ်တဲ့ ဂျီဟတ်စစ်သွေးကြွတွေ တောင်ဘက်ကို ပျံ့နှံ့လာချိန်မှာပဲ သူပုန်ထနေတဲ့ ဘာကီနာ ဖာဆို၊ နီဂျဲနိုင်ငံတွေနဲ့ ထိစပ်နေတဲ့ မြောက်ဘက်နယ်စပ်တွေမှာ ဒီနှစ်ပိုင်းအတွင်း ဘီနင်တပ်တွေ အကျအဆုံးများခဲ့ပါတယ်။
ရှေ့တန်းမှာ ကျဆုံးနေတဲ့ စစ်သားတွေနဲ့ မိသားစုတွေကို တဲလန်အစိုးရရဲ့ မူဝါဒတွေက လျစ်လျူရှုတယ်လို့လည်း ဒီစစ်သားတွေက ကြေညာချက် ထုတ်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဖြတ်တောက်ပြီး အခွန်တိုးတာနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ကန့်သတ်တာတွေကိုလည်း ဒီသူပုန်တွေက ထောက်ပြပါတယ်။
အသက် ၆၇ နှစ် ရှိတဲ့ တဲလန်ကို အနောက်အုပ်စုနဲ့ နီးစပ်သူလို့ ယူဆကြပြီး နောက်နှစ် ဒုတိယသက်တမ်းအပြီးမှာ ရာထူးက ဆင်းပေးဖို့ ရှိပါတယ်။ ရွေးကောက်ပွဲကလည်း ဧပြီမှာ လုပ်မှာပါ။
ဝါဂွမ်းဘုရင်လို့ သိကြတဲ့ မစ္စတာတဲလန်ဟာ ၂ဝ၁၆ မှာ ရွေးကောက်ပွဲနဲ့ အာဏာရလာခဲ့ပါတယ်။ တတိယသက်တမ်းအတွက် အရွေးမခံဖို့ ကတိပြုထားတဲ့ တဲလန်က ဘဏ္ဍာရေး ဝန်ကြီး ရွာမောလ် ဝါဒါနီကို သူ့ဆက်ခံသူအဖြစ် ထောက်ခံပေးပါတယ်။
တဲလန်ကို ထောက်ခံသူတွေကတော့ စီးပွားရေး ဖွံ့ဖြိုးအောင် စီမံနိုင်သူအဖြစ် သူ့ကို ချီးကျူးကြပေမယ့် အတိုက်အခံတွေကို ဖိနှိပ်တဲ့ အစိုးရအဖြစ်လည်း ဝေဖန်ခံရပါတယ်။
အောက်တိုဘာလကလည်း အဓိက အတိုက်အခံပါတီက ကိုယ်စားလှယ်လောင်းကို ရန်ပုံငွေ အပြည့်အဝ မရှာနိုင်လို့ ဆိုပြီး ဝင်မပြိုင်နိုင်အောင် ရွေးကောက်ပွဲ ကော်မရှင်က တားမြစ်ခဲ့ပါတယ်။
အရင်ကပဲ ဖွဲ့စည်းပုံ ပြင်ဆင်မှု အတော်များများကို အမတ်တွေက အတည်ပြုခဲ့ကြပြီး ဒီထဲမှာအထက်လွှတ်တော် ဖွဲ့ဖို့လည်း ပါပါတယ်။
လွှတ်တော်အမတ်တွေရဲ့ ရာထူးသက်တမ်းကိုလည်း ငါးနှစ်ကနေ ခုနစ်နှစ်ထိ တိုးမြှင့်လိုက်ပေမယ့် သမ္မတသက်တမ်း နှစ်ကြိမ်ထိပဲ ထမ်းဆောင်ခွင့်ကိုတော့ ဆက်လက်ထားရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေသတွင်းက ဂီနီဘစ်ဆောမှာ သမ္မတကို ရာထူးက ဖြုတ်ချ အာဏာသိမ်းပြီး တပတ်အကျော်မှာပဲ ဘီနင်မှာ အာဏာသိမ်းဖို့ ကြံစည်ခဲ့တာပါ။
ဒီနှစ်ပိုင်းအတွင်း အနောက်အာဖရိကမှာ အာဏာသိမ်းပွဲတွေ အတော်ဖြစ်ခဲ့ပြီး ဘာကီနာ ဖာဆို၊ ဂီနီ၊ မာလီနဲ့ နီဂျဲ နိုင်ငံတွေ ပါပါတယ်။ ဒီ အာဏာသိမ်းပွဲတွေကြောင့် ဒေသတွင်း လုံခြုံရေး ပိုဆိုးလာမယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။
ဒီနှစ်တွေမှာပဲ ရုရှားကလည်း ဆာဟာရအောက်ပိုင်း နိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုခိုင်မာလာအောင် တည်ဆောက်ခဲ့သလို ဘာကီနာ ဖာဆို၊ မာလီနဲ့ နီဂျဲ နိုင်ငံတွေလည်း အနောက်အာဖရိက နိုင်ငံများ အုပ်စုက ထွက်ပြီး ဆာဟာရအောက်ပိုင်း နိုင်ငံများ မဟာမိတ်အုပ်စုကို တည်ထောင်ခဲ့ကြပါတယ်။
ရုရှားလိုလားတဲ့ လူမှုကွန်ရက်ပေါ်က သြဇာညောင်းသူအများအပြားက ဘီနင်က အာဏာသိမ်းရန် ကြံစည်မှု သတင်းတွေနဲ့ ဘေးတီးခဲ့ကြတယ်လို့လည်း ဘီဘီစီ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့က စုံစမ်းသိရပါတယ်။
အနောက်အာဖရိက နိုင်ငံများ အုပ်စုနဲ့ အာဖရိကသမဂ္ဂတို့ကလည်း ဘီနင်မှာ ဖြစ်တဲ့ အာဏာသိမ်းရန် ကြံစည်မှုကို ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။
ဘီနင်ရဲ့ အရှေ့ဘက်က အိမ်နီးချင်း နိုင်ဂျီးရီးယား အစိုးရကလည်း ဒီအာဏာသိမ်းရန် ကြံစည်မှုကို ဒီမိုကရေစီအပေါ် တိုက်ရိုက်စော်ကားမှုအဖြစ် ဝေဖန်ခဲ့သလို ဘီနင်တပ်တွေရဲ့ အခြေခံဥပဒေကို ကာကွယ်မှုကို ချီးကျူးခဲ့ပါတယ်။










