ပဲခူးရေကြီးမှု - တောင်သူငိုတဲ့ စပါးဖျက်မိုး

ပဲခူးမြို့ တခွင်ရေကြီးမှု ကို အောက်တိုဘာ ၁၁ ရက် ရေကျချိန်မှာမြင်ရပုံ

ဓာတ်ပုံ ရင်းမြစ်, Ko Htin Kyaw

တောင်သူလယ်သမားကြီး ဦးအောင်ခိုင် တစ်ယောက် ရေမြုပ်နေတဲ့ သူ့လယ်ကွင်းတွေကိုကြည့်ပြီး စိတ်ဓာတ်ကျ နှမြောရုံက လွဲပြီး ဘာမှတတ်နိုင်တဲ့ အခြေအနေ မရှိတော့ပါဘူး။

တခွင်တပြင်လုံး ဝင်းဝါမှည့်နေတဲ့ စပါးခင်းတွေကနေ ရေပြင်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သလို ရေတွေအောက်မှာ သူ့စပါးပင်တွေ လဲပြိုပြီး နုန်းတွေနဲ့ လုံးထွေးနေမှာလည်း သူသိနေပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်လောက်က ရင့်မှည့်နေတဲ့ သူ့စပါးခင်းကိုကြည့်ပြီး ပီတိဖြစ်ခဲ့ရတဲ့ ဦးအောင်ခိုင် တစ်ယောက် မိုးစပါး ရိတ်လုနီးဆဲဆဲမှာပဲ ပဲခူးတိုင်းတခွင် စံချိန်တင်ရေကြီးခဲ့တာက သူတို့မိသားစု အသက်ဘေးတောင် လက်မတင်လွတ်ခဲ့ရတာပါ။

ပဲခူးမြို့မှာ နှစ်ပေါင်း ၅၉ နှစ်အတွင်း စံချိန်တင်ရေကြီးလို့ ရေမကြီးဘူးတဲ့ရပ်ကွက်တင်သာမက ပဲခူးမြို့ တဝိုက် ကျေးရွာတွေက စပါးခင်းတွေလည်း ရေလွှမ်းခဲ့ပါတယ်။ မိုးစပါးရိတ်မယ့်အချိန် မိုးကြီးရေလျှံခဲ့တာက ပဲခူးမြို့ က တောင်သူတွေအတွက် ဆုံးရှုံးမှုကြီးခဲ့ပါတယ်။

စပါးစိုက်သက် နှစ် ၃၀ လောက်ရှိတဲ့ ဦးအောင်ခိုင်ဟာ ပဲခူးတိုင်း၊ ပဲခူးမြို့ တောင်ခြမ်း အောက်စည်တီးကျေးရွာအုပ်စုထဲက တောင်သူတစ်ဦးဖြစ်ပါတယ်။

'' ရေတွေတက်လာတော့ စပါးခင်းလည်း လှည့်မကြည့်နိုင်ခဲ့ဘူး။ တကယ်က မိုးများလာတာနဲ့ ရိတ်စက်သမားခေါ်ပြီး ရိတ်ဖို့ပြင်ကြသေးတယ်။ ရိတ်စက်ကို ကွင်းထဲမချနိုင်တော့ ပစ်ထားလိုက်ရတာ။ ဒီလောက်ကြီး ရေတက်မယ်တောင်မထင်ခဲ့ဘူး '' လို့ ဦးအောင်ခိုင်ရဲ့ စိတ်ပျက်အားလျော့သံကို တယ်လီဖုန်းထဲကနေ ကြားနေရပါတယ်။

ပဲခူးတိုင်းမှာ အောက်တိုဘာ ၈ရက် ညက စလို့ မိုးရေချိန်များလို့ ‌မြစ်ရေတက်ရာကနေ ချောင်းရေတိုးပြီး ပဲခူးမြို့ရဲ့ တောင်ဘက်ခြမ်း ၊ ပဲခူးမြစ်ရဲ့ အရှေ့ ဘက် နဲ့ အနောက်ဘက် စပါးစိုက်တဲ့ ကျေးရွာအုပ်စုတွေ အားလုံး မှာ ပဲခူးမြို့ နည်းတူ စံချိန်တင်ရေကြီးမြင့်မှု ကြုံခဲ့ရတာပါ။

တချိန်တည်းမှာပဲ ပဲခူးမြစ် ရေလျှံပြီး တာကျိုးတာက‌နေ ချောင်းရေတွေအားလုံးက စပါးခင်းတွေထဲ ဝင်ခဲ့တာကလည်း ပဲခူးတောင်ခြမ်းက လယ်ကွင်းတွေ ကို ရေလျှံသွားတဲ့ အချက်ထဲပါတယ် လို့ ပဲခူးမြို့နယ်က တောင်သူလယ်သမားတွေက ယူဆနေကြပါတယ်။

'' လယ်ထဲမှာ ရေက ၄ ရက်လောက်တင်သွားတာလေ ။ နောက်ထပ် ၄ ရက်လောက်လည်း ရေက ကျဖို့မရှိဘူး။ ရေက တဖြေးဖြေးကျမှာလေ နောက် ၄ ရက်လောက်မှ ရေကုန်မယ့်သဘောရှိတယ် ။ ပုံမှန်ထက် အဆများစွာရေတင်ထားတာလေ '' လို့ ရက်ပေါင်း ၁၀၀ ကျော် သက်ငယ်စပါးစိုက်တဲ့ တောင်သူ ဦးအောင်ခိုင် က သူ့လယ်ကွင်းထဲက ရေအခြေအနေကိုပြောပြပါတယ်။

ဦးအောင်ခိုင် လိုပဲ ပဲခူးမြစ် အနောက်ဘက်ခြမ်း ‌စျေးညောင်ပင် ရွာက ဦးကျော်ဦးလည်း စပါးခင်းတွေဆုံးရှုံးခဲ့ရတာပါ။ ဆင်းသုခ စပါး ဧက ၂၀ လောက် စိုက်ထားတဲ့ ဦးကျော်ဦးလည်း မိုးကြီးပြီး စပါးခင်းတွေပျက်မှာကို ကြိုမတွက်ခဲ့မိဘူးလို့ ပြောပါတယ်။

မြို့ပေါ် တခွင်ရေကြီးမှု

ဓာတ်ပုံ ရင်းမြစ်, Ko Htin Kyaw

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စပါးစိုက်တဲ့တောင်သူတွေ အားကိုးအားထားပြုတဲ့ ပဲခူးမြစ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပဲခူးတစ်ဝိုက်မှာ အရင်ထက် ပိုပြီးကျဥ်းလာတယ်လို့ လည်း ဒေသခံတွေကဆီက သိရပါတယ်။

ပဲခူးမှာ အင်္ဂလိပ်ခေတ်ကဖောက်ခဲ့တဲ့ ပဲခူးမြစ်နဲ့ စစ်တောင်းမြစ် ဆက်သွယ်ထားတဲ့ ၂၇ မိုင်ရှည်တဲ့ ပဲခူးစစ်တောင်းတူးမြောင်းကြီး ရှိပြီး သက်တမ်း ၁၀၀ ကျော်တဲ့ တူးမြောင်းကြီးရဲ့ မူလ အနက်ရအောင် ဆည်မြောင်းက မြေတူးစက် ၁၀၀ ကျော်နဲ့ ပြန်တူးခဲ့တာရှိတယ်လို့ ဆိုပါတယ်။

ဒီတူးမြောင်းက ပဲခူး ၊သနပ်ပင် ၊ဝေါက ပိုလျှံ မိုးရေတွေ ကို မိုးရာသီ ရေကြီးသက်သာအောင် စုပေးပြီး ပဲခူးမြစ် နဲ့ စစ်တောင်းမြစ်ဘက်ကို မလိုတဲ့ ပိုလျှံ ရေတွေ ကိုထုတ်ပေးတာလည်းဖြစ်ပါတယ်။

အခုတော့ ပဲခူးတိုင်း မြောက်ဘက်ခြမ်းက စစ်တောင်းမြစ်ရေဟာ ပင်လယ်ဝကို ကောင်းကောင်းမစီးနိုင်တော့ဘဲ ပဲခူးမြစ်ထဲ စီးဝင်တဲ့ ချောင်းတွေ ဘက်ကိုဩ လျှံကျလာပြီး စီးဝင်နေတာကလည်း ပဲခူးမြို့ရေကြီးရတဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့ ဆည်မြောင်းပညာရှင်အချို့က သုံးသပ်ကြပါတယ်။

ဦးအောင်ခိုင် နဲ့ ဦးကျော်ဦး တို့ကတော့ သူတို့ တင် စပါးတွေပျက်ခဲ့တာမဟုတ်ဘဲ သူတို့မိတ်ဆွေ တောင်သူတွေအားလုံးလည်း သူတို့လိုရင်ဆိုင်နေရတာလို့ ပြောပါတယ်။

'' ရေဘယ်လိုမြုပ်လဲ ပြောလို့တောင်မရတော့ဘူး။ အထက်စည်တီး ၊ အောက်စည်တီး ‌အကုန် တကွင်း လုံးတပြင်လုံးဖြစ်ကြတာ။ ပျက်စီးတဲ့ ဧက ဆိုတာ မှန်းလို့တောင်မရတော့ဘူး။ ပဲခူးတောင်ခြမ်းတစ်ခြမ်းလုံး စပါး‌ခင်းတွေမြုပ်သွားတာ '' လို့ ဦးကျော်ဦးကပြောပါတယ်။

ပဲခူးတိုင်းတောင်ခြမ်းမှာ ရက်ပေါင်း ၁၁၀ နဲ့ ၁၂၀ ကြားရှိတဲ့ သက်ငယ်စပါး နဲ့ သက်လတ်စပါးကိုစိုက်ကြပြီး စက်တင်ဘာ လကုန်မှာ စတင်ရိတ်သိမ်းနေကြပြီး အောက်တိုဘာ လလယ်အထိရိတ်သိမ်းကြဖို့ ပြင်ထားကြတာပါ။

သက်ငယ်/ သက်လတ် စပါး တစ်ဧက ကို စိုက်စရိတ်၊ လူငှားခ ၊ မျိုးစပါး၊ မြေသြဇာဖိုး အပါအဝင် တစ်ဧကအတွက် ကျပ် ၅ သိန်း ခန့်ကုန်ကျခဲ့တာကြောင့် အနည်းဆုံးစပါး ၁၀ ဧက ပဲစိုက်တဲ့တောင်သူ ဆိုရင်တောင် ကျပ်သိန်း ၅၀ ကျော် ၄ ရက်အတွင်း ဆုံးရှုံးသွားရတာဖြစ်ပါတယ်။

'' စပါးလည်းရှုံး စိုက်စရိတ်လည်းရှုံးတယ်။ အဆိုးဆုံးက ကိုယ်စားစရာ စပါးလည်းမရှိတော့တာပဲ ၊ ရင်းနှီးထားတာတွေ အားလုံးဆုံးရှုံးသွားတာ ပြောမယ်ဆို ဘာလုပ်ရမလဲတောင်မသိတော့ဘူး '' လို့ ဦးကျော်ဦးကပြောပါတယ်။

ပဲခူးတိုင်းဒေသကြီးမှာ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးလျာထား စိုက်ဧက ၂ သန်း ၆ သိန်းထောင်ကျော်ရှိခဲ့တယ်လို့ နိုင်ငံကိုင်သတင်းစာမှာဖော်ပြချက်အရ သိရပါတယ်။ ပဲခူးက တချို့ဒေသတွေမှာ မိုးစပါးတွေကြိုရိတ်ခဲ့တာရှိသလို ရေမကြီးတဲ့ ‌ရေတာရှည်၊ ဝေါ နဲ့ ညောင်လေးပင် ၊ တောင်ငူ၊ ဖြူးတို့ဘက်မှာတော့ ရေကြီးတာမရှိခဲ့ပါဘူး။

'' အခုက ပဲခူးမြို့ တဝိုက်နဲ့ ပဲခူးမြစ် အရှေ့ အနောက် က ရွာတွေမှာ ရေတင်တာဆိုတော့ စပါးဧက သိန်းဂဏန်းလောက် ပျက်စီးတယ်လို့ ခန့်မှန်းရတယ်။ ဒါက တော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆို အရမ်းထိခိုက်တယ်လို့ပြောမရဘူးဆိုပေမဲ့ တောင်သူဆုံးရှုံးမှုကအရမ်းများတယ်။ စပါးလုံးဝပျက်တော့ အထွက်နှုန်းကျမယ်။ အခုက စစ်ကိုင်းအထွက်နှုန်းကို ထည့်တွက်မရ လို့ ဧရာဝတီ၊ ပဲခူး နဲ့ ရန်ကုန် နဲ့ ကာထားတာလေ။ အခု ပဲခူးမှာ ဒီအပိုင်း‌တွေကလည်း စပါးပျက်တော့ အခုနှစ် မိုးစပါးအထွက်နှုန်းကတော့ သိသိသာသာကျမှာပဲ '' လို့ ဆန်ကုန်သည်တစ်ဦးကပြောပါတယ်။

စစ်ကောင်စီ စားသုံးသူရေးရာ ဦးစီးဌာနက ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး ဧက ၁၄ သန်းကျော်စိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းပြီး ဧက ၀.၁၂၆ သန်းရှိကာ ပျမ်းမျှ အထွက်နှုန်း တစ်ဧက ကို တင်း ၇၀ ကျော် ခန့်ရှိကြောင်းနဲ့ အောက်တိုဘာလ ၄ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ စပါးတင်း ၁၀ သန်းကျော် ရိတ်သိမ်းပြီး ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စပါးခင်းတွေပျက်စီးခဲ့တဲ့ တောင်သူတွေအတွက် ပဲခူးတိုင်းအစိုးရ က ဘာလုပ်ပေးဖို့ရှိလဲဆိုတာကိုမေးမြန်းဖို့ ပဲခူးတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာမရှိပါဘူး။

စပါးအထွက်များတဲ့ ပဲခူးတိုင်းမှာ စပါးပင်တွေရေမြုပ်တဲ့အထိ ဖြစ်ခဲ့ချိန်မှာပဲ ၂၀၂၃ မိုးစပါး နဲ့ ၂၀၂၄ ခုနှစ် နွေစပါးတို့အတွက် အခြေခံစပါးရည်ညွှန်းဈေးကိုတောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က အောက်တိုဘာလ (၁၀ )ရက် မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ကြေညာချက်အရ အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်တဲ့ စပါး တစ်တင်း (၄၆) ပေါင်ကိုက် စပါးတင်း (၁၀၀) ရဲ့ အခြေခံစပါးရည်ညွှန်းဈေးကို ၇၅၀၀၀၀ ကျပ်အဖြစ် သတ်မှတ်လိုက်ပါတယ်။

ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်း ရဲ့ အပေါ်တွင် ဖြစ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူဖို့နဲ့ ဈေးကွက်ပေါက်ဈေးဟာ အခြေခံရည်ညွှန်းစပါးဈေးနှုန်းရဲ့ အောက်တွင်ဖြစ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရမယ်လို့ဆိုပါတယ်။

ဆန်စပါးအသင်းချုပ်က အဖွဲ့ဝင်တစ်ဦးရဲ့ အပြောအရ အခုရက်ပိုင်းမိုးများခဲ့တဲ့ကာလအတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း နဲ့ မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ အောက်ပိုင်းဒေသ စပါးစိုက်ဧက အများအပြား ရေဝင်နစ်မြုပ်မှုဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

'' အသင်းချုပ်အနေနဲ့ ရေဝင်နစ်မြုပ် ပျက်စီးဆုံးရှုံးတဲ့စပါးစိုက်ဧက ကို စာရင်းကောက်ယူဖို့ ပြင်ဆင်နေပါတယ် '' လို့ ပြောပါတယ်။

ပဲခူးနဲ့ ကပ်တဲ့ ရန်ကုန်တိုင်းထဲက ခရမ်း ၊ သုံးခွမြို့နယ်တွေမှာလည်း ရေကြီးရေလျှံတာတွေဖြစ်ခဲ့ပြီး စပါးဧက ၄၀ ရာခိုင်နှုန်းလောက်ပျက်စီးခဲ့တယ်လို့ ခရမ်း၊ သုံးခွတောင်သူတစ်ဦးကပြောပါတယ်။

'' သူတို့စပါး‌စျေးလည်း ကိုယ်တွေသတိမထားနိုင်ဘူး။ ဒီစျေးသာဆိုရင်တော့ ကာလပေါက်ဈေးထက် နိမ့်နေတာ ကုန်သည်က ဈေးနှိမ်ဝယ်နိုင်တာပေါ့။ တချို့နေရာတွေ မိုးကြောင့် စပါးပျက်ပြီး ထွက်တောင်မထွက်တာ သူ့ဘာသာ စျေးသတ်မှတ်လည်း ဘာမှလုပ်မရဘူး '' လို့ ရန်ကုန်တိုင်း ခရမ်း၊သုံးခွမြို့နယ် က တောင်သူ ဦးအောင်ကျော်ကပြောပါတယ်။

ဒီမတိုင်ခင် စက်တင်ဘာလ ၁၉ ရက်နေ့က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ ၂၀၂၃ ခုနှစ် မိုးစပါးပေါ်ချိန်မှာ စပါးဝယ်ယူတဲ့အချိန် သင့်တင့်မျှတတဲ့ စျေးနှုန်းတွေဖြစ်ဖို့ ဆိုပြီးတော့ စပါးတင်း တစ်ရာစျေးနှုန်းကို စပါးအမျိုးအစားပေါ်လိုက်ပြီး ကျပ် ၁၃ သိန်းကနေ အများဆုံး သိန်း ၂၀ အထိ အရောင်းအဝယ်လုပ်ကြဖို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိမှာ အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပြန်တဲ့စျေးနှုန်းက အတည်သဘောဖြစ်တယ်လို့ ပြောနေပေမဲ့ ဒီစျေးနှူန်းက လက်တွေ့ကျတဲ့နှုန်းထားမဟုတ်ဘူးလို့ အသင်းချုပ်အဖွဲ့ဝင်တစ်ဦးကရော တောင်သူတွေကပါပြောပါတယ်။

လက်ရှိမှာတော့ စျေးကွက်ပေါက်စျေးဟာ စပါးအမျိုးအစားအလိုက် စပါးတင်း တစ်ရာကို အနည်းဆုံးကျပ် ၁၅ သိန်းကျော်ကနေ အများဆုံး သိန်း ၂၀ ကျော် ပေါက်နေပါတယ်။

မိုးစပါးရိတ်ခဲ့တဲ့ တောင်သူတွေကတော့ လက်ရှိပြင်ပပေါက်စျေးအတိုင်း ဝယ်ရောင်းရမယ်ဆိုရင် အဆင်ပြေနိုင်တယ်လို့ဆိုပေမဲ့ ဒေါ်လာငွေလဲနှုန်းမြင့်တက်ခဲ့မှုနောက်မှာ ဓာတ်မြေသြဇာအပါအဝင် သွင်းအားစုတွေစျေးကြီးနေလို့ စပါးစိုက်ရတဲ့အခြေအနေ‌ကတော့ တွက်ခြေမကိုက် ဖြစ်ရတာရှိသလို မိုးစပါးမရိတ်ရသေးချိန် ရေကြီးလို့စပါးပျက်ခဲ့တဲ့တောင်သူတွေအတွက်တော့ လုံးဝဆုံးရှုံးရတာဖြစ်ပါတယ်။

'' အကုန်လုံးရေထဲပါသွားပြီလေ။ စပါးစျေးမပြောနဲ့ စားစရာတောင်မကျန်တော့တာ ။ ဘယ်သူမှဘာမှလာလုပ်ပေးမယ်လည်းမထင်ဘူး '' လို့ ပဲခူးမြို့ တောင်ခြမ်း ပဲခူးမြစ်အနောက်ဘက်ကမ်း ‌စျေးညောင်ပင်ရွာက တောင်သူ ဦး‌ကျော်ဦး‌ကပြောပါတယ်။