စူပါတိုင်ဖွန်း မုန်တိုင်း ယာဂီကြောင့် ဗီယက်နမ်မှာ သေဆုံးသူ ၅၄ ဦးအထိ မြင့်တက်လာ

စူပါတိုင်ဖွန်းမုန်တိုင်း ယာဂီ တိုက်ခတ်အပြီး အပျက်အစီးတွေကို ဒူးခေါင်းနီးနီး ရောက်နေတဲ့ ရေတောထဲမှာ သယ်ယူနေကြတဲ့ အမျိုးသား ၄ ဦးကို တွေ့ရတာဖြစ်ပါတယ်။ သူတို့အနောက်မှာတော့ မုန်တိုင်းကြောင့် ပြိုလဲသွားတဲ့သစ်ပင်အချို့ကို မြင်တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဗီယက်နမ်နိုင်ငံကို အခုသီတင်းပတ်ကုန်ပိုင်းမှာ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် သေဆုံးသူ ၅၄ ဦးအထိ မြင့်တက်လာတယ်လို့ ဗီယက်နမ်က လာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

အဲဒီထဲမှာ သေဆုံးသူ ၄၄ ဦးဟာ မြေပြိုမှုတွေအတွင်း သေဆုံးခဲ့တာလို့ ဗီယက်နမ် စိုက်ပျိုးရေးနဲ့ ကျေးလက်တိုးတက်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ဒုတိယ ဝန်ကြီးချုပ် Ho Duc Phoc က တနင်္လာနေ့မှာပြောပါတယ်။

အာရှမှာ အခုနှစ်အတွင်း ပြင်းအားအကြီးမားဆုံး စူပါ တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းမှာ သေဆုံးသူ ၂၄ ဦးအထိရှိလာပြီး နောက်ထပ် လူပေါင်း ၂၀၀ ရာကျော် ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက တနင်္ဂနွေ့က သတင်းဖော်ပြထားတာဖြစ်ပါတယ်။

ဒါ့ကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ ဆယ်ချီ မြင့်တက်လာလာဖြစ်ပါတယ်။

အခုတော့ စူပါမုန်တိုင်း ယာဂီဟာ အပူပိုင်းလေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီဖြစ်ပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေကတော့ မုန်တိုင်းဟာ ဗီယက်နမ်နိုင်ငံ အနောက်ပိုင်းကို ဦးတည်သွား ရွေ့လျားနေချိန်မှာ ရေကြီးတာတွေနဲ့ မြေပြိုတာတွေလည်းဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

သေဆုံးသူတွေထဲမှာ တောင်ထူထပ်တဲ့ ဘွာဟင်းခရိုင်မှာ တနင်္ဂနွေနေ့တုန်းက ဖြစ်ပွားတဲ့ တောင်ကုန်း တစ်ခုမြေပြိုမှုအတွင်း ပြိုကျမြေတွေ နေအိမ်ကို ဖုံးသွားပြီးတဲ့နောက် ဆုံးပါးသွားကြတဲ့ တစ်အိမ်တည်းက မိသားစုဝင် ၄ ဦးလည်း ပါဝင်ပါတယ်။

အသက် ၅၁ နှစ်အရွယ် အိမ်ရှင်အမျိုးသားဟာ ဘေးလွတ်ရာ ထွက်ပြေးနိုင်ခဲ့ပေမဲ့ သူ့ဇနီး၊ သမီးနဲ့ မြေးနှစ်ယောက်ကတော့ ပြိုကျမြေတွေအောက်ကို ရောက်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ အလောင်းတွေကို ပြန်ရှာတွေ့ပြီလို့ AFP သတင်းက ဖော်ပြပါတယ်။

ဗီယက်နမ်က ဟိုင်ဖုန်းမြို့ ကမ်းခြေ အခြေအနေကို မြင်တွေ့ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဗီယက်နမ်က ဟိုင်ဖုန်းမြို့ ကမ်းခြေ အခြေအနေကို မြင်တွေ့ရတာဖြစ်ပါတယ်

နိုင်ငံမြောက်ပိုင်းက တောင်ထူထပ်တဲ့လောင်ကိုင်ခရိုင်ထဲမှာရှိတဲ့ ဆာပါမှာလည်း တနင်္ဂနွေနေ့တုန်းက မြေပြိုမှုတစ်ခုကြောင့် လူ ၁၇ ဦး ပြိုကျမြေပုံအောက် ရောက်ခဲ့ပါတယ်။ အဲဒီထဲက ၆ ဦးကို သေဆုံးလျက် ပြန်တွေ့ထားပြီဖြစ်ပြီး နောက်ထပ် ၉ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာကနေ သတင်းဖော်ပြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီမြေပြိုမှုမှာ သေဆုံးပြီလို့ ယူဆခံထားရတဲ့ ပျောက်ဆုံးနေသူတွေထဲမှာ အသက် ၆၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၁ နှစ်အရွယ် ကောင်လေးတစ်ဦးနဲ့ မွေးကင်းစ ကလေးငယ်တစ်ဦးတို့ ပါဝင်ပါတယ်။

မုန်တိုင်း ယာဂီဟာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို စနေနေ့မှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ချိန်မှာတော့ ဟိုင်ဖုန်းနဲ့ ကွမ်နင် စီရင်စုနယ်တွေမှာ တစ်နာရီကို လေတိုက်နှုန်း ၁၂၆ မိုင်အထိ ရှိခဲ့တယ်လို့ အင်ဒို-ပစိဖိတ် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း သတိပေးရေး စင်တာကပြောပါတယ်။

တိုင်ဖွန်းမုန်တိုင်းကြောင့် အဆောက်အဦတွေ အမိုးလန်၊ သစ်ပင်တွေ အမြစ်က ကျွတ်ထွက်ပြီး မြို့တော် ဟနွိုင်းအပြင် ဒေသတွင်းမှာ မီးပြတ်တောက်တာတွေလည်းရှိခဲ့ပါတယ်။

လေတိုက်နှုန်းပြင်းထန်ချိန် ဟင်းလင်းပြင်ဖြစ်နေတဲ့ တံတားပေါ်မှာ လေတိုက်နှုန်းကြောင့် ပြိုလဲလုလုဖြစ်နေတဲ့ အမျိုးသားတစ်ဦးမောင်းလာတဲ့ဆိုင်ကယ်ကို ဘေးနားဖြတ်သန်းသွားတဲ့ ကားတွေက ကိုယ်ထည်နဲ့ အကာအကွယ်ပေးပြီး လေဒဏ်ကနေ ကူညီပေးတာလည်း အွန်လိုင်းပေါ်မှာတွေ့ရတဲ့ ရုပ်သံတွေမှာ ပျံ့နေပါတယ်။

နိုင်ငံပိုင်မီဒီယာမှာတော့ နိုင်ငံမြောက်ပိုင်း ကွမ်နင်းခရိုင်မှာ လူ ၄ ဦးသေဆုံးပြီး ဟနွိုင်းမြို့နားက ဟိုင်ဒွန်မှာ နောက်ထပ် ၁ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။

မုန်တိုင်းကြောင့် အ‌ဆောက်အဦတစ်ခုရဲ့ အမိုးတစ်ခုလုံးလိုက် ကျွတ်ထွက်ပြီး ကတ္တရာလမ်းမထက်မှာ တင်နေတာကို ဘေးနားက ဆိုင်ကယ်စီး အမျိုးသားတွေက ကြည့်နေတာဖြစ်ပါတယ်။ အဲဒီအနီရောင်အမိုးအကာ ဘေးနားမှာတော့ မုန်တိုင်းကြောင့် ပြတ်ထွက်သွားတဲ့ သစ်ရွက်တွေကို မြင်တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

မုန်တိုင်း တိုက်ခတ်ချိန် ပင်လယ်နဲ့မျောပါသွားတဲ့ ရေလုပ်သား တစ်ဒါဇင်နီးပါးရှိတယ်လို့ သတင်းတွေမှာ ဖော်ပြနေချိန်မှာပဲ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ ပင်လယ်ထဲကနေ လူ ၂၇ ဦးကို ကယ်ဆယ်ထားတယ်လို့ သိရပါတယ်။

ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဟိုင်ဖုန်းမှာတော့ တနင်္ဂနွေနေ့မှာ တစ်ပေခွဲကျော်အထိ ရေတက်ခဲ့ပြီး လျှပ်စစ် ဓာတ်အားလိုင်းတွေနဲ့ ဓာတ်တိုင်တွေလည်း ပျက်စီးတယ်လို့ AFP သတင်းက ဆိုပါတယ်။

လူပေါင်း ၂ သန်းနီးပါး နေထိုင်တဲ့ အဲဒီမြို့မှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် သတ္တုဘောင်တွေနဲ့ အမိုးတွေရော၊ ကြော်ငြာဆိုင်းဘုတ်တွေရော မြို့အနှံ့ ပြန့်ကြဲကုန်ပါတယ်။

နိုင်ငံတကာစက်ရုံအလုပ်ရုံတွေရှိတဲ့ ဟိုင်ဖုန်းမြို့မှာ စနေနေ့တုန်းက ဆိုရင် လျှပ်စစ်မီး ပြတ်တောက်မှုဖြစ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံမြောက်ပိုင်းက လေဆိပ် ၄ ခုဟာလည်း လေယာဥ်အတက်အဆင်းတွေကို ဆိုင်းငံ့ခဲ့ရပါတယ်။

ဟိုဖုန်းမြို့ မြောက်ပိုင်း ကျွမ်ချူးကျွန်းပေါ်မှာရှိတဲ့ ဟိုအူ လှေဆိပ်ကမ်းမှာတော့ စက်လေ ၂၃ စင်းဟာ မုန်တိုင်းတိုက်ခတ်ချိန်အတွင်း ပျက်စီးတာ ဒါမှမဟုတ် နစ်မြုပ်တာဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၅၁ နှစ်အရွယ် သင်္ဘောသား ဖမ်ဗန်သန်းကတော့ သူ့ တသက်မှာ ဒီလောက်အားပြင်းတဲ့ တိုင်ဖွန်းမုန်တိုင်းကို မကြုံခဲ့ဖူးဘူးလို့ AFP သတင်းကို ပြောပါတယ်။

သူ့ရဲ့ သင်္ဘောမမြုပ်သွားအောင်ထိန်းဖို့ သူရော၊ သင်္ဘောသားတွေရော သူ့ရဲ့ ဧည့်သည်ပို့ သင်္ဘောပေါ်မှာသောကြာနေ့ကတည်းက နေခဲ့ကြတာလို့လည်း သူက ပြောပါတယ်။

''လေက ကျွန်တော်တို့ နောက်ပြန်လန်ကျလောက်တဲ့အထိ တိုက်နေခဲ့တာ။ ဒီလိုလေဖိအားမျိုးနဲ့ ဘယ် သင်္ဘောမျိုးမှ မခံနိုင်ပါဘူး'' လို့ သူက AFP ကို ပြောပါတယ်။

''အဲဒီနောက် တစ်စီးမြုပ်သွားတယ်။ ပြီးတော့ နောက်တစ်စီးမြုပ်သွားတယ်''

မြို့တော် ဟနွိုင်းက လမ်းတွေပေါ်မှာတော့ ပြိုလဲသစ်ပင်တွေနဲ့ ပြည့်နေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မြို့တော် ဟနွိုင်းက လမ်းတွေပေါ်မှာတော့ ပြိုလဲသစ်ပင်တွေနဲ့ ပြည့်နေ

ဗီယက်နမ်က ကမ်းခြေမြို့တွေမှာတော့ လူပေါင်း ၅၀,၀၀၀ ကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရပြီး မုန်တိုင်း တိုက်ခတ်ချိန် အပြင်မထွက်ကြဖို့ကိုလည်း အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။

ဟနွိုင်းအပါအဝင် နိုင်ငံထဲက ခရိုင် ၁၂ ခုမှာ ကျောင်းတွေလည်း ယာယီ ပိတ်ခဲ့ရပါတယ်။

ယူနက်စ်ကို ကမ္ဘာ့ယဥ်ကျေးမှု စာရင်းဝင်တဲ့ ဟွာလောင်ဘေး ကျွန်းစုက စားသောက်ဆိုင်ပိုင်ရှင်တစ်ဦး ဖြစ်သူ ဒွန်သီဟောင်ကတော့ သူ့လုပ်ငန်း ဆိုင်းဘုတ် မုန်တိုင်းနဲ့အတူ လွှင့်ထွက်သွားခဲ့တယ်လို့ ပြောပါတယ်။

''မျက်နှာကြက်လည်း ပြိုကျတယ်။ အမိုးပေါ်က သတ္တုယက်မတွေကို ပြန်ပြင်ရတော့မယ်။ အပျက်အစီးက အတော်လေး ပြင်းတယ်''

မုန်တိုင်းဟာ လာအိုနိုင်နိုင်ငံ မြောက်ဘက်စွန်းပိုင်းကို ဆက်လက်ရွေ့လျားနိုင်ခြေရှိနေပါတယ်။

စူပါတိုင်ဖွန်းမုန်တိုင်း ယာဂီ ဗီယက်နမ်ကို တိုက်ခတ်ပြီးနောက် မြင်ရတဲ့ အပျက်အစီးတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စူပါတိုင်ဖွန်းမုန်တိုင်း ယာဂီ ဗီယက်နမ်ကို တိုက်ခတ်ပြီးနောက် မြင်ရတဲ့ အပျက်အစီးတွေ
မုန်တိုင်းအလွန် မြင်ရတဲ့အပျက်အစီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

တိုင်ဖွန်းမုန်တိုင်းဟာ စနေနေ့မှာ ဗီယက်နမ်နိုင်ငံထဲကို ဝင်မတိုက်ခင်မှာ တရုတ်ရဲ့ ဟာဝိုင်အီကျွန်းလို့ ရည်ညွှန်း ပြောဆိုကြတဲ့ ဟိုင်နန်ကျွန်းမှာလည်း အပျက်အစီးများတွေ ဖြစ်စေခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာတော့ မုန်တိုင်းကြောင့် လူ ၂၄ ဦးထက်မနည်းသေဆုံးခဲ့ပြီး နောက်ထပ် ဒါဇင်နဲ့ချီတဲ့လူတွေ ဒဏ်ရာရခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

သောကြာနေ့တုန်းကတော့ တရုတ်ဟာ ဟိုင်နန်ကျွန်းပေါ်က လူ ၄ သိန်းနီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။ ရထားတွေ၊ သင်္ဘောတွေနဲ့ လေယာဥ်ခရီးစဥ်တွေလည်း ဆိုင်းငံ့ခဲ့ပြီး ကျောင်းတွေလည်း ပိတ်ခဲ့ရပါတယ်။

ဒေသတွင်းသတင်းတွေမှာတော့ လျှပ်စစ်မီး ပြတ်တောက်မှု ကြီးကြီးမားမားဖြစ်ခဲ့ပြီး အိမ်ထောင်စု ၈၃၀,၀၀၀ ကျော် အဲဒီဒဏ် ခံခဲ့ရတယ်လို့ ဆိုပါတယ်။ စိုက်ခင်းတွေလည်း ပျက်စီးခဲ့ပါတယ်။

စူပါ တိုင်ဖွန်းမုန်တိုင်းဟာ အဆင့် ၅ ဟာရီကိန်း မုန်တိုင်းတစ်ခုအားနဲ့ ညီမျှပါတယ်။

ကမ္ဘာမှာ ရာသီဥတုပြောင်းလဲမှု ပိုရှည်ကြာလာတာနဲ့အမျှ တိုင်ဖွန်းနဲ့ ဟာရီကိန်းမုန်တိုင်းတွေ ခပ်စိပ်စိပ် ပေါ် ပေါက်လာသလို ပိုပြီးအားကောင်းကာ ကုန်းမြေမှာလည်း ကြာကြာ ဖြတ်သန်းတိုက်ခတ်တာမျိုးကို မြင်လာရတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ပိုပြီးပူနွေးတဲ့လေထုဟာ အစိုဓာတ်ကို ပိုထိန်းထားပြီးနောက် ပိုသည်းမည်းတဲ့မိုးရွာသွန်းမှုကိုလည်း ဖြစ်စေပါတယ်။