ဆယ်စုနှစ်အတွင်း အပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်း ‘တရုတ်ရဲ့ ဟာဝိုင်ယီ’ကိုဝင်တိုက်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကယ်လီ နက်ခ် နဲ့ ဂျိုဝယ် ဂုအန်တို
ဘီဘီစီ သတင်း
တရုတ်ပြည်မကြီးတောင်ပိုင်းက ခရီးသွားတွေ အလာများရာ ကျွန်းတကျွန်းကို ဆယ်စုနှစ်တာ ကာလအတွင်း အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း တခုကျရောက်ခဲ့ပြီး မိုးတွေလည်း ကြီးခဲ့ပါတယ်။
စူပါတိုင်ဖွန်း ယာဂီဟာ ဟိုင်နန်ကျွန်း အရှေ့မြောက်ပိုင်းက ဝန်ချန်းမြို့ကို တနာရီ ၂၂၃ ကီလိုမီတာနှုန်း (တနာရီ ၁၃၈ မိုင်နှုန်း) နဲ့ သောကြာနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ တိုက်ခတ်ခဲ့တယ်လို့ တရုတ် နိုင်ငံပိုင် မီဒီယာတွေက ဆိုပါတယ်။
၂၀၁၄ က လူပေါင်း ၄၆ ယောက် သေဆုံးခဲ့ရတဲ့ ရမ်မဆန် မုန်တိုင်း ဟိုင်နန်ကို တိုက်ခတ်ခဲ့ပြီးတဲ့နောက် အခု ယာဂီမုန်တိုင်းက အပြင်းထန်ဆုံးမုန်တိုင်းပါ။
မုန်တိုင်းမလာခင် ဟိုင်နန်ကျွန်းက လူပေါင်း ၄၀၀,၀၀၀ လောက်ကို ဘေးလွတ်ရာ နေရာတွေကို ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။ ရထားတွေ၊ လှေတွေ၊ သင်္ဘောတွေ၊ လေယာဉ်တွေကို အဲဒီမှာ ရပ်ဆိုင်းထားပြီး ကျောင်းတွေကိုလည်း ပိတ်ထား ပါတယ်။
ဒီသီတင်းပတ်အစောပိုင်းက ဖိလစ်ပိုင်မြောက်ပိုင်းကို ဝင်ခဲ့တဲ့ ယာဂီမုန်တိုင်းဟာ အဲဒီအချိန်ကထက် အင်အား ၂ ဆ ပြင်းလာခဲ့ပါတယ်။
ယာဂီ မုန်တိုင်းကြောင့် ဟိုင်နန်မှာ ပျက်စီးမှုများမှာဖြစ်သလို အနီးအနားမှာ ရှိပြီး လူနေထူထပ်တဲ့ ဂွမ်ဒေါင်းပြည်နယ်မှာလည်း ထိခိုက်ပျက်စီးမှုများမယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ယာဂီဟာ "အလွန်ပြင်းထန်ပြီး သိပ်ကိုအန္တရာယ်များတဲ့" စူပါတိုင်ဖွန်း ဖြစ်ကာ သူ မြေပြင်ကိုဝင်ရောက်လာရင် "အဖျက်အဆီးများနိုင်တဲ့" မုန်တိုင်းဖြစ်မယ်လို့ အင်ဒို - ပိစိဖိတ် အပူပိုင်းဒေသ ဆိုင်ကလုန်း မုန်တိုင်း သတိပေး စင်တာက ကြာသပတေး နေ့က သတိပေးထားပါတယ်။
စူပါ တိုင်ဖွန်းမုန်တိုင်းတခုဟာ အဆင့် ၅ ဟာရီကိန်း မုန်တိုင်းနဲ့ တူညီပါတယ်။
ဖျက်အားပြင်းမယ့် လေပြင်းတွေ ကျလိမ့်မယ်လို့ အာဏာပိုင်တွေက ဆိုပြီး တိုးရစ်တွေ အသွားများတဲ့ နေရာတွေ အားလုံးကို ဗုဒ္ဓဟူးနေ့က စပြီး အမိန့်နဲ့ ဒေသတွင်းမှာ ပိတ်ပင်ထားပါတယ်။
သဲဖြူကမ်းခြေတွေ၊ ဇိမ်ခံ ဟိုတယ်ကြီးတွေ ၊ အကောက်ခွန်လွတ် ဆိုင်တွေရှိရာ ဟိုင်နန်ကို "တရုတ်ရဲ့ ဟာဝိုင်ယီ"လို့ တင်စားကြပါတယ်။
ဟောင်ကောင်၊ မကာအိုနဲ့ ဇူဟိုင်တို့ကို ဆက်ထားတဲ့ တံတားလည်းဖြစ်ပြီး ကမ္ဘာ့ အရှည်ဆုံး ပင်လယ်ဖြတ်တံတား ကိုလည်း ပိတ်ထားပါတယ်။
ဒေသတွင်းမှာ ကြာသပတေးနေ့ကတည်းက မိုးကြီးနေပြီး လေပြင်းတွေ တိုက်နေ တာပါ။ မိုးရေချိန်က ၅၀၀ မီလီမီတာ ကျော်လိမ့်မယ်လို့ တရုတ် မိုးလေဝသ ဌာနက ခန့်မှန်းထားပါတယ်။
သဲသောင်ကမ်းခြေရှိတဲ့ ပင်လယ်ကမ်းစပ်တွေနဲ့ နာမည်ကျော်တဲ့ ဟိုင်နန်ကို တိုင်ဖွန်း ဝင်တာက အခုမှ မဟုတ်ပါဘူး။ ဒါပေမဲ့ ၁၉၄၉ ကတည်းက ဟိုင်နန်ကို ဝင်တဲ့ တိုင်ဖွန်း ၁၀၆ ခုမှာ ၉ ခုက စူပါ တိုင်ဖွန်းတွေလို့ ရိုက်တာ သတင်းဌာနက ရေးပါ တယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယာဂီ တိုင်ဖွန်းဟာ စနေနေ့ကျရင် ဗီယက်နမ် မြောက်ပိုင်းကို ဝင်မယ်လို့လည်း မှန်းဆနေကြပါတယ်။
ဗီယက်နမ်က ဟိုင်ဖွန်နဲ့ တိုင်ဘင်း ပြည်နယ်တွေကနေ သောင်းနဲ့ချီတဲ့ လူတွေကို သောကြာနေ့မှာ ဘေးလွတ်ရာကို ရွှေ့ထားမယ်ဆိုတဲ့ အကြောင်း ဒေသခံတွေ ပြောတာကို ကိုးကားပြီး အေအက်ဖ်ပီက သတင်းရေးပါတယ်။
စစ်သား ၄၆၀,၀၀၀ ကိုလည်း မုန်တိုင်းကယ်ဆယ်ရေးအတွက် တပ်လှန့်ထားကြောင်း ဗီယက်နမ် မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
နိုင်ငံမြောက်ပိုင်းမှာ ဟနွိုင်းက နွိုင်ဘိုင် နိုင်ငံတကာလေဆိပ် အပါအဝင် လေဆိပ် ၄ ခုကို စနေနေ့မှာ ပိတ်မယ်လို့ ဗီယက်နမ် လေကြောင်းအာဏာပိုင် ဌာနက ပြောပါ တယ်။
ဒီသီတင်းပတ် အစောပိုင်းက ဒီ ယာဂီမုန်တိုင်းဟာ ဖိလစ်ပိုင်မြောက်ပိုင်းကို ဝင်ခဲ့ပြီး ရေကြီး မြေပြိုတာတွေကို ဖြစ်စေခဲ့ကာ အနည်းဆုံး လူပေါင်း ၁၃ ယောက်လည်း အသက်ဆုံးပါးခဲ့ရပါတယ်။
ရာသီဥတု ပြောင်းလဲလာတာကြောင့် တိုင်ဖွန်းနဲ့ ဟာရီကိန်းမုန်တိုင်းတွေက ပိုပြင်းထန်လာတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
ဂျပန်မှာ လူအနည်းဆုံး ၆ ယောက် သေဆုံးခဲ့ကာ ရာနဲ့ချီတွေ လူတွေ ဒဏ်ရာရခဲ့တဲ့ ရှန်ရှန် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီး သီတင်းပတ် တပတ်ကြာလာတဲ့အချိန်မှာ အခုလို ယာဂီမုန်တိုင်း ဖြစ်လာခဲ့တာပါ။








