မိုခါမုန်တိုင်း စစ်တွေကို ဖြတ်နေပြီး လမ်းကြောင်းက ချင်း မကွေး နဲ့ စစ်ကိုင်း ဘက်ကို ဦးတည်နေ

ဓာတ်ပုံ ရင်းမြစ်, Rakhine Radio FM
ဒီကနေ့ မေလ ၁၄ ရက်မနက်ပိုင်းက မိုခါဆိုင်ကလုန်းမုန်တိုင်းက ရခိုင်ကမ်းရိုးတန်း၊ စစ်တွေမြို့ကို တစ်နာရီ မိုင် ၁၃၀ ခန့် နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တွေမြို့ကိုဖြတ်ကျော်နေဆဲဖြစ်တယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနကပြောပါတယ်။
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ဦးတည်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဒီမုန်တိုင်းဟာ ၁၀ စုနှစ်အတွင်း အပြင်းထန်ဆုံး ဆိုင်ကလုံးမုန်တိုင်းလည်းဖြစ်ပါတယ်။
မုန်တိုင်းကြောင့် စစ်တွေမြို့မှာ ဒီကနေ့ နေ့လယ် ၁၂ နာရီလောက် မိုးတွေ သည်းထန်စွာရွာသွန်းခဲ့ပြီးတော့ မြို့ပေါ်ကိုလည်း မုန်တိုင်းဒီရေတွေ ဝင်ရောက်လာခဲ့ပါတယ်။
စစ်တွေမြို့ပေါ်မှာ လူအချို့ရေတွေတက်လာလို့ နေအိမ်တွေမှာပိတ်မိနေကြပြီး ဆိုရှယ်လူမှုကွန်ရက်ကနေတစ်ဆင့် အကူအညီတောင်းတာတွေလည်း တွေ့ရပါတယ်။
စစ်တွေမြို့မှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် အင်တာနက် နဲ့ လျှပ်စစ်မီးတွေ ပြတ်နေခဲ့ပြီး ဆက်သွယ်ရေးတယ်လီဖုန်းတာဝါတိုင်ကြီး ကျိုးပြီးလဲသွားတာကိုလည်း လူမှုကွန်ရက်မှာတွေ့ရပါတယ်။
မိုခါမုန်တိုင်း ဗဟိုချက်ဟာ စစ်တွေမြို့ကို ဒီကနေ့ညနေပိုင်းလောက်ဖြတ်မယ်လို့ ယူဆရပြီး မုန်တိုင်းဗဟိုချက်ဖြတ်ပြီးတဲ့အထိ စစ်တွေဒေသခံတွေအနေနဲ့ နောက်တနေ့ မေလ ၁၅ ရက် နေ့လယ်ပိုင်းအချိန်အထိ အပြင်မထွက်ကြဖို့နဲ့ ၊ကယ်ဆယ်ရေးလုပ်ဆောင်သူတွေ ကူညီပေးတဲ့အခါမှသာ အပြင်ထွက်ကြဖို့ မိုးဇလက သတိပေးပါတယ်။
ဒီကနေ့ မေလ ၁၄ ရက် ညနေပိုင်းမှာတော့ ချင်းပြည်နယ်နဲ့ မကွေးတိုင်းထဲကို အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအနေနဲ့ ဆက်ဝင်ရောက်မှာဖြစ်ပြီး မနက်ဖြန် မေလ ၁၅ ရက်မှာတော့ စစ်ကိုင်းတိုင်းထဲကို ကုန်းတွင်းမုန်တိုင်းငယ်အနေနဲ့ ဆက်ရွေ့လျားမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်းက အချို့မြို့တွေမှာ မုန်းတိုင်ဘေးလွတ်ရာကို လူအချို့ရွေ့ပြောင်းထားကြပြီး လူပေါင်း တစ်သိန်းကျော်ခန့် ဘေးလွတ်ရာကို ရွေ့ပြောင်းပေးထားတယ်လို့ အေအေ ရက္ခိုင်တပ်တော်ဘက်က ပြောထားပါတယ်။
စစ်တွေမြို့ပေါ်မှာ လူဦးရေ ခန့်မှန်း ၃ သိန်းကျော် ခန့်နေထိုင်ကြပြီး စစ်တွေမြို့အနီးက ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ လူဦးရေက တစ်သိန်းကျော်ရှိတယ်လို့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နာရီပိုင်းအတွင်း စစ်တွေမြို့ကနေအိမ်တွေထဲ ပိတ်မိနေတာကြောင့် ကူညီကယ်ဆယ်ပေးဖို့ လူမှုကွန်ယက်စာမျက်နှာပေါ်ရေးသားအကူအညီတောင်းခဲ့တဲ့ ဖုန်းနံပါတ်တွေဟာ ဆက်သွယ်လို့မရဖြစ်နေပါတယ်။
ညနေ ၄ နာရီလောက်မှာတော့ ဆက်သွယ်ရေးဖုန်းလိုင်း အများစု ပြတ်တောက်သွားပြီး အဆက်သွယ်ပြတ်သွားကာ မုန်တိုင်းတိုက်ရိုက်ဝင်ရောက်နေတဲ့ စစ်တွေမြို့အခြေအနေကို နောက်ဆုံး အခြေအနေကို မသိရတော့ဘူးလို့ စစ်တွေဒေသခံတစ်ဦးက ပြောပါတယ်။
အောရီဒူး ဖုန်းလိုင်းအချို့ကသာ စစ်တွေမြို့နဲ့ ဆက်သွယ်လို့ရတယ်လို့လည်း ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါ့အပြင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကနေ အနီရောင်အဆင့်ကြေညာထားတဲ့ စစ်တွေအပါအဝင် ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တောနဲ့ မာန်အောင်စတဲ့ ဒေသခံတွေရဲ့ ဖုန်းလိုင်းတွေကိုလည်း ဆက်သွယ်လို့မရတော့ဘဲ ဆက်သွယ်မှုဧရိယာပြင်ပ ဖြစ်နေပါတယ်။
မုန်တိုင်းမိုခါဟာ စစ်တွေကနေ စစ်တွေခရိုင် ရသေ့တောင် ဘူးသီးတောင်တို့ကတစ်ဆင့် ချင်းပြည်နယ် မကွေးတိုင်း စစ်ကိုင်းတိုင်းတို့ကို ဖြတ်သွားဖို့ရှိတယ်လို့ စစ်ကောင်စီ မိုးဇလနဲ့ ဇလဗေဒဌာနက ပြောပါတယ်။
မုန်တိုင်း ဒီရေက စစ်တွေခရိုင်နဲ့ မောင်တော ခရိုင်မှာ မုန်တိုင်းဒီရေ ၁၆ ပေလောက်အထိ မြင့်တက်လာနိုင်တယ်လို့ မိုးဇလက ပြောထားပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် WFP ကတော့ ရခိုင်မှာတော့ ကျောက်ဖြူ၊ မောင်တော၊ မြောက်ဦး၊ စစ်တွေ၊ သံတွဲ မြို့နယ်ငါးခုကို ဖြတ်သန်းဖို့ရှိနေပြီး လူဦးရေ ၄ သန်းကျော် ထိခိုက်နိုင်ကြောင်း စစ်တွေနဲ့ မြောက်ဦးမြို့နယ်တွေမှာ အများဆုံးထိခိုက်မှုတွေ ရှိနိုင်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။
မေလ ၁၄ ရက် ညနေပိုင်းအထိ စစ်ကောင်စီကတော့ မိုခါမုန်တိုင်းနဲ့ ပတ်သက်တဲ့ လူအသေအပျောက်စာရင်းကို ထုတ်ပြန်တာမရှိသေးပါဘူး။
အမျိုးသားညီညွှတ်ရေး အစိုးရကတော့ မိုခါမုန်တိုင်းကြောင့် ရခိုင် ရှမ်း မန္တလေး ဧရာဝတီတိုင်းတို့မှာ လူ ၅ ဦး သေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။
သေဆုံးရတဲ့ အကြောင်းအရင်းတွေကိုတော့ မဖော်ပြထားပါဘူး။
မိုခါမုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းမှာ ရှိတဲ့ မကွေးတိုင်း ငဖဲမြို့နယ်မှာလည်း ဒီကနေ့ မေလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းမှာ တောင်ကျရေတွေကြောင့် ကားလမ်းမနဲ့ ကျေးရွာ အချို့ရေမြုပ်နေတာကိုလည်း တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, DMH








