စစ်အာဏာသိမ်း ၄ နှစ်ပြည့် - အုပ်စိုးသူပြောင်းသွားတဲ့မြို့တွေနဲ့အုပ်ချုပ်ရေးစိန်ခေါ်ချက်

စစ်တပ်နဲ့ မြောက်ပိုင်ညီနောင် ၃ ဖွဲ့ အပါအဝင် တော်လှန်ရေးတပ်တွေသရုပ်ဖော်ပုံ
ဓာတ်ပုံ ပုံစာ, စစ်တပ်နဲ့ မြောက်ပိုင်ညီနောင် ၃ ဖွဲ့ အပါအဝင် တော်လှန်ရေးတပ်တွေသရုပ်ဖော်ပုံ

မြန်မာမှာ စစ်တပ်က အာဏာသိမ်းမှု ၄ နှစ် တိတိပြည့်ချိန်မှာတော့ တိုင်းရင်းသားနဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်တွေ သိမ်းပိုက်ထားတဲ့မြို့အရေအတွက်က ၉၀ အထိရှိလာတာကို ဘီဘီစီရဲ့ စာရင်းပြုစုချက်အရ တွေ့ရပါတယ်။

မြို့အများစုဟာ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)နဲ့ အာရက္ခတပ်တော်(AA) တို့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းပိုက်ထားတာဖြစ်သလို နိုင်ငံရဲ့ ဒေသအများစုမှာ နယ်မြေပိုင်ဆိုင်သူအစုအဖွဲ့တွေလည်း အပြောင်းအလဲဖြစ်လာပါတယ်။

နယ်မြေပိုင်ဆိုင်မှုတွေနောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာလည်း နယ်မြေအငြင်းပွားမှုတွေရှိလာခဲ့ပြီး KIA(ကချင်လွတ်လပ်ရေးတပ်) နဲ့ TNLA ကြားက သေနတ်မဖောက်လက်ဝှေ့ပွဲက လူမှုကွန်ရက်ပေါ်နာမည်ကျော်ခဲ့ပါတယ်။

အထူးသဖြင့် တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့တဲ့မြို့တွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ဖိအားအပြင် အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ဖို့ ဘယ်လိုစိန်ခေါ် ချက်တွေရှိနေပါသလဲ။

၁၀၂၇ စစ်ဆင်ရေးလှိုင်းနဲ့ အုပ်ချုပ်သူ ပြောင်းသွားတဲ့မြို့တွေ

ကိုးကန့်တပ် (MNDAA) က လားရှိုးပြည်သူ့ဆေးရုံကြီးကို ပြန်လည်ပတ်တဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, ကိုးကန့်တပ် (MNDAA)

ဓာတ်ပုံ ပုံစာ, ကိုးကန့်တပ် (MNDAA) က လားရှိုးပြည်သူ့ဆေးရုံကြီးကို ပြန်လည်ပတ်တဲ့မြင်ကွင်း

စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ လေးနှစ်တာအတွင်းမှာ မြန်မာပြည်အလယ်ပိုင်းက စလို့ နိုင်ငံမြောက်ဖျားက တရုတ်နဲ့နယ်စပ်အထိ နယ်မြေရာခိုင်နှုန်း အများစုက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ သိမ်းပိုက်နယ်မြေတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၄ နှစ်ကုန်အစီရင်ခံစာအရ နိုင်ငံရဲ့ ၁၅ ရာခိုင်နှုန်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားပြီလို့ ဆိုပါတယ်။

ဘီဘီစီက သီးသန့်လေ့လာခဲ့တဲ့စာရင်းအရ နိုင်ငံတဝန်းမြို့နယ်ပေါင်း (၃၃၀) ထဲက မြို့ပေါင်း (၅၂၃) မြို့မှာ မြို့နယ်အများစုအပါအဝင် မြို့ပေါင်း (၉၀) ကို တော်လှန်ရေးတပ်အသီးသီးက သိမ်းပိုက်ထားတာတွေ့ရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်မြေအုပ်စိုးသူအပြောင်းအလဲမှာ ထူးခြားတာက 'ဝ'တပ်(UWSA)က သေနတ်တချက် မဖောက်လိုက်ရဘဲ ဟိုပန်နဲ့ ပန်လုံ မြို့တွေကို ရရှိခဲ့တာဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှာစတင်တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ဆက်စပ် စစ်ဆင်ရေးတိုက်ပွဲတွေက နယ်မြေအုပ်စိုးသူအပြောင်းအလဲကို အဓိကဖြစ်စေခဲ့ပါတယ်။

ဒီစစ်ဆင်ရေးရဲ့ အဓိက အစိတ်အပိုင်းဖြစ်တဲ့ ရှမ်းမြောက်နဲ့ ရခိုင်မှာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်တဲ့ တပ်တွေက မြို့အများစုကို ဆက်တိုက်သိမ်းယူနိုင်ခဲ့ပြီး နယ်မြေစိုးမိုးမှုအားကောင်းတဲ့ လက်နက်ကိုင်တပ်တွေ ဖြစ်လာပါတယ်။

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှာဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ် - မြန်မာနယ်စပ်နဲ့ စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ရှိရာ လားရှိုးမြို့ကြားက မြို့တွေကို ကိုးကန့်တပ် ဦးဆောင်တဲ့ပူးပေါင်းတပ်တွေက သိမ်းယူခဲ့ပါတယ်။

ကိုးကန့်ဒေသ ချင်းရွှေဟော်၊ လောက်ကိုင်ကနေ လားရှိုးမြို့အစပ်က သိန္နီမြို့အထိကို ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အ‌ရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)နဲ့ လားရှိုးမြို့ကို ကိုးကန့်တပ်( MNDAA) က ထပ်သိမ်းခဲ့တာပါ။

ဒါအပြင် တအာင်းတပ်(TNLA) က မန္တလေးတိုင်း၊ မန္တလေးမြို့အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) ကြားက မြို့တွေကို သိမ်းယူပြီးရှမ်း - မန်းစစ်ဆင်ရေးလို့ ခေါ်ခဲ့ကြပါတယ်။

ရှမ်း - မန်းစစ်ဆင်ရေးမှာ မန္တလေးမြို့နဲ့ မိုင် ၃၀ ကျော်သာဝေးတဲ့ စဉ့်ကူးမြို့အထိ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဒါအပြင် မြန်မာစစ်တပ်ရဲ့ စစ်တက္ကသိုလ်တွေရှိတဲ့ ပြင်ဦးလွင်မြို့ပတ်ချာလည် မန္တလေးထဲက မိုးကုတ်နဲ့ ရှမ်းမြောက်ထဲက နောင်ချို၊ ကျောက်မဲ၊ သီပေါ စတဲ့မြို့တွေကိုလည်း စစ်ကောင်စီက လက်လွှတ်ခဲ့ရပါတယ်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လတုန်းက မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို တအာင်းတပ် (TNLA) နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် မြင်ကွင်း ‌

ဓာတ်ပုံ ရင်းမြစ်, MAH

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတုန်းက မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို တအာင်းတပ် (TNLA) နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် မြင်ကွင်း ‌

ဒါကြောင့် ရှမ်းမြောက် အုပ်စိုးသူအပြောင်းအလဲရဲ့ နယ်မြေ အခင်းအကျင်းကို ကြည့်မယ်ဆိုရင် သိန္နီလမ်းခွဲကနေ ကွမ်းလုံ၊ ချင်းရွှေဟော်၊ ပြီးတော့ ကိုးကန့်ရဲ့ မြို့ လောက်ကိုင် အဆုံး တရုတ် - မြန်မာနယ်စပ်အထိကို မြောက်ပိုင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် - ကိုးကန့်တပ် (MNDAA)က နေရာ ယူထားပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)ကတော့ မန္တလေးတိုင်း နဲ့ ရှမ်းပြည်နယ်နယ်နိမိတ် ကြားမှာ ရှိနေပါတယ်။

"စစ်ဆင်ရေးပထမပိုင်းမှာ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေ့ါတို့ကိုရခဲ့ပြီး ဒုတိယပိုင်းမှာတော့ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ် နဲ့ မိုးမိတ်တို့ဖြစ်ပါတယ်" လို့ တအာင်းတပ် (TNLA) ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော် က ဘီဘီစီကို ပြောပါတယ်။

အဲဒီထဲက ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ နမ့်ခမ်းဘက်မှာ TNLA သာမက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပါ ရှိနေပါတယ်။

ဒီအခင်းအကျင်းဟာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ကနေ မြောက်ပိုင်းကလက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေဆီကို စစ်ကောင်စီတပ်က တန်ပြန်မြေပြင်စစ်ကြောင်း မထိုးနိုင်အောင် တော်လှန်ရေးတပ်တွေက ဗျူဟာမြောက် အသီးသီးနေရာယူထားတဲ့သဘောလည်းဖြစ်ပါတယ်။

အရှေ့စည်းအဖြစ် မန္တလေးတိုင်းဘက်ခြမ်းမှာ သိမ်းပိုက်ထားတဲ့ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းတကြောမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (Mdy PDF) ၊ ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) အပါအဝင် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေက နေရာယူထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အေအေတပ်ဖွဲ့ဝင်တွေက စောင့်ကြည့်နေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, အာရက္ခမင်းသမီးမီဒီယာ

ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အေအေတပ်ဖွဲ့ဝင်တွေက စောင့်ကြည့်နေတဲ့မြင်ကွင်း

ရခိုင်နဲ့ ချင်း သို့မဟုတ် နိုင်ငံအနောက်တခွင်က အပြောင်းအလဲ

ရခိုင် - ဧရာဝတီအစပ်မှာတွေ့ရတဲ့ အေအေတပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, AA info desk

ဓာတ်ပုံ ပုံစာ, ရခိုင် - ဧရာဝတီအစပ်မှာတွေ့ရတဲ့ အေအေတပ်ဖွဲ့ဝင်တွေ

၁၀၂၇ စစ်ဆင်ရေးရဲ့ ရခိုင်စစ်မျက်နှာပြင်မှာတော့ အာရက္ခတပ်တော်(အေအေ)နဲ့ မဟာမိတ်တပ်တွေက ရခိုင်တောင်ပိုင်းရော မြောက်ပိုင်းကိုပါ တပြိုင်နက်ထိုးစစ်ဆင်ခဲ့ပါတယ်။

(၁၇ )မြို့နယ်ရှိတဲ့ ရခိုင်မှာ မြို့ပေါင်း ၂၆ မြို့ရှိပါတယ်။ အာရက္ခတပ်တော်က(၁၄) မြို့နယ်ဖြစ်တဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ်တို့ကို သိမ်းပိုက်ထားတာကြောင့် အဲဒီထဲက မြို့ပေါင်း ၂၁ မြို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

ဒါကြောင့် ရခိုင်တစ်ပြည်နယ်လုံးမှာ စစ်တွေ၊ကျောက်ဖြူနဲ့ မာန်အောင်မှာသာ စစ်ကောင်စီတပ်တွေ ကျန်ရှိပါတော့တယ်။

အေအေက ရခိုင်နဲ့နယ်နိမိတ်ထိစပ်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက ပလက်ဝနဲ့ ဆမီးမြို့တို့ကိုလည်း ၂၀၂၄ ခုနှစ်ကတည်းက ထိန်းချုပ်ထားပါသေးတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဆက်စပ်တိုက်ပွဲတွေလည်း ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ ဖြစ်ခဲ့ပြီး ကချင်၊ ချင်း နဲ့ စစ်ကိုင်းတို့မှာ အများဆုံးတွေ့ရပါတယ်။

ချင်းပြည်နယ်မှာဆိုရင် ချင်းပြည်ကောင်စီ(CC) နဲ့ ချင်းညီနောင်(CB) တို့က အသီးသီးသိမ်းပိုက်ထားတဲ့ မြို့ (၁၃) မြို့ရှိပါတယ်။

ကျီခါး၊ တွန်းဇံ၊ ဝေဘူလ၊ ရိခေါဒါရ်၊ မတူပီ၊ လွိုင်လင်းပီ၊ ရေဇွာ၊ ကန်ပက်လက်၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊မင်းတပ်၊ နှာရိန်၊ ဆူခါရ်ခွားတို့ဖြစ်ပါတယ်။

နိုင်ငံမြောက်ပိုင်းက KIA ရဲ့ နယ်မြေပိုင်စိုးမှု

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရှိနေတဲ့ နိုင်ငံမြောက်ပိုင်းမှာလည်း စစ်တပ်အာဏာသိမ်းထားတဲ့ လေးနှစ်အတွင်း နယ်မြေပိုင်စိုးမှုအပြောင်းအလဲတွေဖြစ်ခဲ့ပါတယ်။

မြန်မာစစ်တပ်လက်အောက်မှာ ကာလရှည်ရှိခဲ့တဲ့ ပြည်သူ့စစ် ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်ခဲ့တဲ့ ကချင်အထူးဒေသ(၁) တစ်ခုလုံးကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ နှောင်းပိုင်းမှာသိမ်းယူခဲ့ပါတယ်။

ကချင်ထဲမှာ KIAက ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်၊ မံစီ၊ မိုးမောက်၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့လှ၊ ဆင်ဘို၊ ကန်ပိုက်တီ၊ ဆဒုံး၊ အင်ဂျင်းယန်တို့အပါအဝင် မြို့ပေါင်း ၁၃ မြို့ကို သိမ်းယူထားပါတယ်။ ရှမ်းမြောက်ထဲက နမ့်ဖတ်ကာမြို့ကိုလည်း KIA က သိမ်းပိုက်ထားတာဖြစ်ပါတယ်။

အဲဒီမြို့တွေက ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်၊ မံစီ၊ မိုးမောက်၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့လှ၊ ဆင်ဘို၊ ကန်ပိုက်တီ၊ ဆဒုံး၊ အင်ဂျင်းယန်တို့ဖြစ်ပါတယ်။

"ရှမ်းမြောက်ဘက်က နမ့်ဖတ်ကာ(မြို့) နဲ့ ဖားကန့်ဘက်က နန့်ယား (ကျေးရွာ) တို့ကိုလည်း သိမ်းပိုက်ထားပြီးတော့မှ ကျွန်တော်တို့ရဲ့ အုပ်ချုပ်မှုယန္တရားတွေချထားတာဖြစ်ပါတယ်" လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကိုပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကတော့ KIA စစ်ရေးအကြီးအကဲတွေ ကွပ်ကဲတဲ့ အမှတ် (၁) စစ်ဒေသရဲ့ ညွှန်ကြားမှုအောက်ကနေ စစ်ကိုင်းတိုင်းထဲက မော်လူး၊ ပင်လည်ဘူး၊ ရွှေပြည်အေး၊ ခမ်းပါတ်နဲ့ မြို့သစ်မြို့တို့ကို သိမ်းထားပါတယ်။

ကယား(ကရင်နီ) နဲ့ ကရင်

နိုင်ငံရဲ့ အရှေ့တောင်ပိုင်းဒေသတခုဖြစ်တဲ့ ကယား (ကရင်နီ) ပြည်နယ်မှာတော့ သက်တမ်းရင့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖြစ်တဲ့ ကရင်နီတပ်မတော် (KA) နဲ့ အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) အပါအဝင် မဟာမိတ်တပ်တွေက မြို့ (၆) မြို့ကို သိမ်းထားပါတယ်။

"နန်းမယ်ခုံ၊ ဖရူဆို၊ မော်ချီး၊ ရွာသစ်၊ မယ်စဲ့ နဲ့ ရှားတောက သိမ်းထားပါပြီ"

"ဖားဆောင်းက နည်းနည်း (စစ်ကောင်စီတပ်) ကျန်သေးတယ်။ ဒီးမော့ဆိုကတော့ သူတို့စခန်းနည်းနည်းကျန် သေးတယ်။ ဘောလခဲကတော့ ဗျူဟာထား ထားတာဆိုတော့လေ သူ့ လူကတော့ စခန်းထဲမှာပဲ နေတာပါ" လို့ ကရင်နီတပ်မတော်(KA)၊ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

နှစ်ပေါင်း(၃၀)ကြာ လက်လွှတ်ခဲ့ရတဲ့ ဌာနချုပ် မာနယ်ပလောကို ပြန်လည်အရယူနိုင်ခဲ့တဲ့ နိုင်ငံတောင်ပိုင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ကျိုက်ဒုံမြို့ကို သိမ်းထားပါတယ်။

ဒါဟာ တော်လှန်ရေးလက်နက်ကိုင်တပ်အသီးသီးက အလုံးစုံသိမ်းပိုက်ထားနိုင်တဲ့ မြို့စာရင်းတွေဖြစ်ပြီး ထိန်းချုပ်ထားတဲ့ဒေသတွေလည်းရှိပါသေးတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ၂၀၂၄ နှစ်ကုန်အစီရင်ခံစာအရ နိုင်ငံတဝန်းရဲ့ ၂၉ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း တစ်တိုင်းလုံးက ကျေးရွာအများအပြားနဲ့ မကွေးတိုင်းထဲက ကျေးရွာတချို့ကို NUG က ထိန်းချုပ်ထားပါတယ်။

ကရင်ပြည်နယ်ထဲက မြို့ပေါ်မဟုတ်တဲ့ ဧရိယာအများအပြားကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ထိန်းချုပ်ထားပြီး ကရင်နီမှာဆိုရင်လည်း ဒီးမော့ဆိုမြိုနယ် အနောက်ခြမ်းတကြောလုံးက တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေဖြစ်ပါတယ်။

လေးနှစ်တာအတွင်း စစ်ကောင်စီ ဘာတွေလက်လွှတ်လိုက်ရလဲ

၂၀၁၈ ခုနှစ် တပ်မတော်နေ့ စစ်ရေးပြပွဲမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၁၈ ခုနှစ် တပ်မတော်နေ့ စစ်ရေးပြပွဲမြင်ကွင်း

နှစ်ပေါင်း (၇၀) ကျော်သက်တမ်းရှိတဲ့ စစ်ကောင်စီတပ်ဟာ အာဏာသိမ်း လေးနှစ်တာအတွင်းမှာတပ်စခန်း၊ စစ်ဌာနချုပ်တွေကို စံချိန်တင်ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

စစ်ကောင်စီအခြေစိုက်စခန်းပေါင်း (၁၈၀) နီးပါးကို ဒေသအသီးသီးမှာရှိတဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု(ISP Myanmar) ရဲ့ အလေးထားရမယ့် ညွှန်းပြမြေပုံစာရင်းမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ISP Myanmar ဟာ မြန်မာရဲ့ စစ်ရေးပဋိပက္ခနဲ့ နိုင်ငံရေးဖြစ်စဥ်တွေကိုလေ့လာသုတေသနပြုတဲ့ ထိုင်းနိုင်ငံအခြေစိုက် သုတေသနအဖွဲ့အစည်းဖြစ်ပါတယ်။

အဲဒီထဲ ရှမ်းနဲ့ ရခိုင်မှာ တိုင်းစစ်ဌာနချုပ် နှစ်ခုကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကာလအတွင်း စစ်ကောင်စီတပ်က ဆုံးရှုံးခဲ့ရပြီး ဒီပြည်နယ်တွေမှာပဲ ခြေလျင်နဲ့ခြေမြန်တပ်ရင်းအများစု အသိမ်းခံခဲ့ရပါတယ်။

၂၀၂၄ ခုနှစ်၊ သြဂုတ် ၃ ရက်မှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်(MNDAA) ဆီ လက်လွှတ်ခဲ့ရပါတယ်။ လေးလအကြာ ဒီဇင်ဘာ ၂၀ ရက်မှာတော့ အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို အာရက္ခတပ်တော်(အေအေ)က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

တိုင်းစစ်ဌာနချုပ် ၂ ခုအပါအဝင် စစ်စခန်းပေါင်း ၁၈၀ နီးပါးကို စစ်တပ်က ဆုံးရှုံးခဲ့တယ်လို့ ISP Myanmar က ဖော်ပြ

ဓာတ်ပုံ ရင်းမြစ်, ISP Myanmar

ဓာတ်ပုံ ပုံစာ, တိုင်းစစ်ဌာနချုပ် ၂ ခုအပါအဝင် စစ်စခန်းပေါင်း ၁၈၀ နီးပါးကို စစ်တပ်က ဆုံးရှုံးခဲ့တယ်လို့ ISP Myanmar က ဖော်ပြ

စီးပွားရေးအရလည်း အာဏာသိမ်းသုံးနှစ်တာကာလအတွင်းမှာ စစ်ကောင်စီအတွက် အမေရိကန်ဒေါ်လာ ၉.၄၈ ဘီလျံရရှိခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလည်း လက်လွှတ်ခဲ့ရတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု(ISP Myanmar)က ဖော်ပြပါတယ်။

အာဏာသိမ်းလေးနှစ်ပြည့်ချိန်မှာ တရုတ် - မြန်မာနယ်စပ်ဂိတ် (၁၉) ဂိတ်ထဲမှာ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်တာဟာ မူဆယ်မြို့က မန့်ဝိန်းဂိတ်တခုသာကျန်တယ်လို့လည်း ထောက်ပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့ ဆက်စပ်တိုက်ပွဲတွေမှာပဲ ကချင်လွတ်လပ်ရေးတပ်(KIA) က နယ်စပ်ဂိတ် (၇) ဂိတ်၊ကိုးကန့်တပ်(MNDAA) က (၅) ဂိတ်၊ တအာင်းတပ်(TNLA)က (၁) ဂိတ် ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) တို့က အစောကတည်းက တရုတ် - မြန်မာနယ်စပ်ဂိတ် (၅) ဂိတ်ကို ထိန်းချုပ်ထားပါတယ်။

တော်လှန်ရေးစိုးမိုးနယ်နိမိတ်အကြောင်း NUG ရဲ့ ကိန်းဂဏန်းထုတ်ပြန်ချက်

ဓာတ်ပုံ ရင်းမြစ်, NUG MOD

ဓာတ်ပုံ ပုံစာ, တော်လှန်ရေးစိုးမိုးနယ်နိမိတ်အကြောင်း NUG ရဲ့ ကိန်းဂဏန်းထုတ်ပြန်ချက်

နယ်နိမိတ်သတ်မှတ်ချက်အရကတော့ စစ်ကောင်စီက နိုင်ငံ့မြို့နယ်စုစုပေါင်းရဲ့ တဝက်ကျော်ကို တစိတ်တပိုင်း ဒါမှမဟုတ် အလုံးစုံမထိန်းချုပ်နိုင်တော့တာကို ၂၀၂၄ ခုနှစ်မှာ ကောက်ခံတဲ့ သန်းခေါင်စာရင်းမှာ ထင်သာမြင်သာ တွေ့နိုင်ပါတယ်။

၂၀၂၄ ခုနှစ်သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေ စာရင်းထုတ်ပြန်ချက်အရဆိုရင် နိုင်ငံတဝန်းမှာ မြို့နယ်ပေါင်း (၃၃၀) ရှိတဲ့ထဲက (၁၄၅) မြို့နယ်မှာသာ ရာနှုန်းပြည့် ကောက်ခံနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

သန်းခေါင်စာရင်းမကောက်ယူနိုင်တဲ့ မြို့နယ်ပေါင်း (၅၈) မြို့နယ်ရှိတယ်လို့လည်း တရားဝင်ဖော်ပြထားတာကြောင့် နယ်မြေထိန်းချုပ်မှုအပြောင်းအလဲကို တွေ့နိုင်ပါတယ်။

အခုလို ထိန်းချုပ်မှုနဲ့ အုပ်စိုးသူ အပြောင်းအလဲနဲ့အတူ နယ်မြေအငြင်းပွားမှုပြဿနာတွေလည်း ပေါ်ထွက်လာပါတယ်။

ရှမ်းမြောက်က နယ်မြေအငြင်းပွား လက်ဝှေ့ပွဲ

KIA နဲ့ TNLA တပ်ဖွဲ့ဝင်တွေကြား အငြင်းပွားမှုဖြစ်နေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, KIA နဲ့ TNLA တပ်ဖွဲ့ဝင်တွေကြား အငြင်းပွားမှုဖြစ်နေတဲ့မြင်ကွင်း

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာမြို့မှာ KIA နဲ့ TNLA တပ်ဖွဲ့တွေကြား နယ်မြေဆိုင်ရာအငြင်းပွားပြီး လက်ဝှေ့ထိုးယှဉ်ပြိုင်ခဲ့တဲ့ ရုပ်သံက လူမှုကွန်ရက်စာမျက်နှာပေါ် က ဆိုရှယ်မီဒီယာသုံးစွဲသူတွေကြားပျံ့နှံ့ခဲ့ပါတယ်။

သေနတ်မဖောက်တဲ့ဖြေရှင်းနည်းလို့ သဘောတွေ့သူတချို့ရှိပေမဲ့ ဒါဟာ ကြီးမားတဲ့နယ်မြေပြဿနာ ဖြစ်နိုင်တဲ့ မီးစလို့ ယူဆသူတွေလည်း ရှိနေပါတယ်။

နိုင်ငံရေးလေ့လာစောင့်ကြည့်သူတချို့ကတော့ နယ်မြေအငြင်းပွားမှုတွေကို ဖြေရှင်းဖို့အတွက် ပြည်သူကို ဗဟိုပြုသင့်တယ်လို့ ထောက်ပြပါတယ်။

"အဖွဲ့အစည်းတွေအနေနဲ့ ကိုယ့်ရဲ့သမိုင်းကြောင်းကိုအခြေခံပြီး ချဉ်းကပ်မလား၊ လက်ရှိပကတိအနေအထားမှာ ရှိတဲ့ပြည်သူလူထုဆန္ဒကို အခြေခံမလားကို မေးစရာရှိတယ်" လို့ နိုင်ငံရေးစောင့်ကြည့်လေ့လာသူ တစ်ဦးက ပြောပါတယ်။

ဘီဘီစီမေးမြန်းကြည့်ချက်အရ နမ့်ဖတ်ကာ၊ မန်တုံ၊ နမ့်ခမ်း၊ မုံးကိုးစတဲ့ လေးနေရာထက်မနည်းမှာ KIA နဲ့ TNLA ကြား နယ်မြေအငြင်းပွားမှုတွေ ရှိနေပါတယ်။

အခုနောက်ပိုင်း နယ်မြေဆိုင်ရာပွတ်တိုက်မှုတွေပိုများလာတယ်လို့လည်း KIA ဘက်ကနေသိရပါတယ်။

ရှမ်းမြောက်က နမ့်ဖက်ကာတကြောမှာ KIA ရဲ့ တပ်မဟာ (၃) နယ်မြေအဖြစ် ကာလရှည်လှုပ်ရှားနေတာဖြစ်ပြီး တအာင်းတပ် (TNLA) ကတော့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။

"ကိုယ်တိုက်ပြီးမှ အုပ်စိုးပြီး ကိုယ့်ရဲ့နယ်မြေဆိုပြီး သတ်မှတ်ယူတာမျိုးတွေ မလိုလားဘူး" လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

နယ်မြေအငြင်းပွားမှုမရှိအောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ညှိနှိုင်းပြောဆိုလေ့ရှိပေမဲ့ အခုဖြစ်စဉ်တွေမှာတော့ ဗဟိုအဆင့် နှစ်ဖက်အဖွဲ့အစည်းတွေ ဆွေးနွေးပြောဆိုတာမရှိသေးဘူးလို့ သိရပါတယ်။

"တော်လှန်ရေးကာလမှာ စစ်ကောင်စီ စစ်အုပ်စုပြုတ်ကျရေးဆိုတဲ့ တော်လှန်ရေးအလုပ်တွေက အဓိကဖြစ်တာမို့ မဟာမိတ်အချင်းချင်း နယ်မြေရှင်းလင်း သတ်မှတ်တာ၊ ပြဿနာဖြေရှင်းတာ မလုပ်နိုင်သေးပါ" လို့ TNLA ရဲ့ အထွေထွေအတွင်း‌ရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်က ဘီဘီစီကို ပြောပါတယ်။

မြေပြင်မှာရှိကြတဲ့ နှစ်ဖက်တပ်မမှူး၊ တပ်ရင်းမှူးတွေကြား အပြန်အလှန်ဆက်သွယ်အကြောင်းကြားသွားလာကြတဲ့အနေအထားဖြစ်ပါတယ်။

ရှမ်းမြောက်ဘက်က ဒီဖြစ်စဉ်တွေအပြင် အခြားသိမ်းပိုက်ပြီးနယ်မြေတွေမှာလည်း မတူညီတဲ့ပြဿနာတွေ ဆက်ရှိနေဆဲပါ။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်(အေအေ)က သိမ်းပိုက်ထားတာနဲ့ပတ်သက်လို့ ချင်းအစုအဖွဲ့တွေကြား ဝေဖန်မှုတွေရှိနေသလို အေအေနဲ့မဟာမိတ်ပြုထားတဲ့ချင်းညီနောင်(CB)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ဦးဆောင်တဲ့ချင်းပြည်ကောင်စီ (CC) ကြားမှာလည်း နယ်မြေထိန်းချုပ်မှုတွေကြား တင်းမာနေဆဲဖြစ်ပါတယ်။

အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ စိန်ခေါ်ချက်တွေက ဘာလဲ

၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း TNLA ထိန်းချုပ်နယ်မြေထဲ စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက်မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, TNLA

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း TNLA ထိန်းချုပ်နယ်မြေထဲ စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက်မြင်ကွင်း

အာဏာသိမ်းလေးနှစ်တာအတွင်း သိမ်းပိုက်ထားတဲ့မြို့တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက အုပ်ချုပ်ရေးယန္တရားတွေ အကောင်အထည်ဖော်နေပါပြီ။

အေအေ သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့ထဲကို ဒေသခံထောင်နဲ့ချီရဲ့ အချက်အလက်တွေကို စိစစ်ပြီး ပြန်လည်နေထိုင်ခွင့်ပေးသလို တပ်ဖွဲ့ဝင်တွေက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ အကြောင်း ဓာတ်ပုံတွေဖော်ပြလာပါတယ်။

TNLA ဆိုလည်း တပ်မဟာ (၉) ခုအထိတိုးချဲ့ဖွဲ့စည်းပြီး မြို့ (၁၈) မြို့ပါဝင်တဲ့ ခရိုင် (၅) ခုအဖြစ် အုပ်ချုပ်ရေး လည်ပတ်နိုင်အောင် ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။

မိုးကုတ်၊ ကွတ်ခိုင်၊ နမ့်ဆန်၊ ကျောက်မဲ နဲ့ နမ့်ခမ်းဆိုတဲ့ ခရိုင် (၅) ခုကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ဒီလိုလည်ပတ်ဖို့ဆောင်ရွက်ပေမဲ့ စိန်ခေါ်ချက်တွေကရှိနေပြန်ပါတယ်။

မြို့သိမ်းပိုက်ထားတဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေအပြင် နိုင်ငံရေးစောင့်ကြည့်သူတွေကို မေးမြန်းကြည့်ချက်အရ အဓိကအချက် (၃) ချက်ကို တွေ့ရှိရပါတယ်။

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်၊ စားနပ်ရိက္ခာလိုအပ်ချက်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စိန်ခေါ်ချက်တွေအဖြစ် တွေ့ရပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း TNLA ထိန်းချုပ်နယ်မြေထဲ စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက်မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, TNLA

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း TNLA ထိန်းချုပ်နယ်မြေထဲ စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက်မြင်ကွင်း

စစ်ကောင်စီတပ်ရဲ့ လေကြောင်း နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေဟာ အဓိကစိန်ခေါ်ချက်လို့ ဘီဘီစီမေးမြန်းခွင့်ရတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်‌ခေါင်းဆောင် တွေက တပြေးညီတည်းဖြေကြပါတယ်။

အာဏာသိမ်းလေးနှစ်တာအတွင်း ၂၀၂၄ ခုနှစ်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအများဆုံးအသုံးပြုခဲ့တယ်လို့ နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (BNI) ရဲ့ ဇန်နဝါရီလထုတ်အစီရင်ခံစာမှာဖော်ပြပါတယ်။

တအာင်းတပ် (TNLA) သိမ်းပိုက်ထားတဲ့ (၁၂) မြို့ထဲက သီပေါ၊ ကျောက်မဲ နဲ့ နောင်ချို မြို့တွေမှာ လေကြောင်းကြောင့် အုပ်ချုပ်ရေးမလည်ပတ်နိုင်ဘူးလို့ သိရပါတယ်။

"လေယာဉ်ဗုံးကြဲ၊ လက်နက်ကြီးပစ်တာရယ်၊ နောင်ချို - တောင်ခမ်းမှာ တိုက်ပွဲဆက်ဖြစ်နေသေးတဲ့ အတွက် လည်ပတ်တဲ့အုပ်ချုပ်ရေးမလုပ်နိုင်သေးပါ" လို့ TNLA ရဲ့ ဗိုလ်ချုပ် တာဘုန်းကျော်က ပြောပါတယ်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို မေးမြန်းချိန်မှာလည်း လေကြောင်းရန်ကြောင့် မိုးမောက် နဲ့ မံစီမြို့တို့မှာလည်း အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်သေးဘူးလို့ ဘီဘီစီကို ဖြေကြားပါတယ်။

နောက်ထပ်ကြုံတွေ့ရတဲ့ စိန်ခေါ်ချက်က ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ဝန်ထမ်းအင်အားလုံ လောက်မှုမရှိတာပါ။

"အုပ်ချုပ်မှုဆိုင်ရာဝန်ထမ်းတို့၊ ကျောင်းဆရာဆရာမ၊ ကျန်းမာရေးအတွက်ဆေးရုံဆေးပေးခန်းက ဝန်ထမ်းတွေ အခက်အခဲရှိပါတယ်" လို့ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

ကိုးကန့်တပ် (MNDAA) သိမ်းပိုက်ထားတဲ့ လားရှိုးမြို့မှာဆိုရင်လည်း တာဝန်ထမ်းဆောင်ပေးဖို့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) ပါဝင်တဲ့ ဝန်ထမ်းတွေကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လထဲမှာ ဖိတ်ခေါ်ခဲ့ပြီး စာရင်းပေးသူရာနဲ့ချီရှိခဲ့တာကို လားရှိုးမြို့ပြန်လည်ထူထောင်ရေး လူမှုကွန်ရက်မှာ ဖော်ပြခဲ့ဖူးပါတယ်။

တအာင်းတပ် (TNLA) ကလည်း CDM ဝန်ထမ်းတွေကို တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ထားတာတွေ့ရပါတယ်။

တရုတ် - မြန်မာနယ်စပ်ဂိတ်အခြေအနေပြမြေပုံ - ISP Myanmar

ဓာတ်ပုံ ရင်းမြစ်, ISP Myanmar

ဓာတ်ပုံ ပုံစာ, တရုတ် - မြန်မာနယ်စပ်ဂိတ်အခြေအနေပြမြေပုံ - ISP Myanmar

ဘီဘီစီသိရှိခဲ့ရတဲ့ စိန်ခေါ်ချက်နောက်တခုက သိမ်းပိုက်ခံမြို့တွေဆီ ကုန်စည်စီးဆင်းမှုမလည်ပတ်နိုင်တဲ့အခါ ကြုံလာရနိုင်မယ့် စားနပ်ရိက္ခာပြတ်တောက်နိုင်ခြေပါ။

"ငွေကြေးလည်ပတ်လို့မရအောင် စစ်ကောင်စီကတိုက်ခိုက်မှုလုပ်လာမယ်ဆိုရင်ရေရှည်မှာ အောင်မြင်မှုလို့ သတ်မှတ်ခဲ့တဲ့ မြို့နေလူထုဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုတောင်ဖြစ်လာနိုင်တယ်" လို့ နိုင်ငံရေးစောင့်ကြည့်သူတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်၊ ရခိုင် စတဲ့ ပြည်နယ်အများစုဟာ ပြည်မလို့ သိကြတဲ့ ရန်ကုန် ၊ မန္တလေးတိုင်းတို့ကတင်ပို့လာတဲ့ ကုန်စည်တွေနဲ့ တရုတ် - မြန်မာနယ်စပ်ကဝင်လာတဲ့ ကုန်စည်တွေ အပေါ် မှီခိုကြရတာလည်းဖြစ်ပါတယ်။

အာဏာသိမ်းလေးနှစ်တာအတွင်း တရုတ် - မြန်မာနယ်စပ်ဂိတ်တွေကို တိုင်းရင်းသားလက်နက်ကိုင်တပ် တွေက သိမ်းပိုက်ပြီးနောက် တရုတ်ဘက်က နယ်စပ်ဂိတ်ပိတ်ထားတဲ့ အခြေအနေပါ။

အဲဒီထဲက ကိုးကန့်တပ် (MNDAA) သိမ်းပိုက်ထားတဲ့ ဂိတ်တွေကိုတော့ စစ်ကောင်စီနဲ့ MNDAA ကြား အပစ်ရပ်သဘောတူညီချက်ရအပြီးမှာပဲ တရုတ်ဘက်က ပြန်ဖွင့်ပေးခဲ့ပါတယ်။

ဒါပေမဲ့ KIA သိမ်းပိုက်ထားတဲ့ ဂိတ်တွေကတော့ တရုတ်ဘက်ကကုန်စည်စီးဆင်းတာမရှိသေးပါဘူး။

"တရုတ်ဘက်ကပိတ်ထားတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးကမလည်ပတ်နိုင်သေးပါဘူး။ စစ်ရေးနဲ့ မပတ်သက်တာတွေကိုဖွင့်ပေးဖို့ ဆွေးနွေးတာရှိပါတယ်"

"ဖီမော်၊ ပန်ဝါဘက်မှာတော့ ကျွန်တော်တို့ဘက်က ကြံ၊ ငှက်ပျောတွေပို့ကုန်ပို့တာရှိပါတယ်။ တရုတ်က တော့ အဝင်မရှိပါဘူး" လို့ သိမ်းပိုက်ထားတဲ့ တရုတ် - မြန်မာနယ်စပ်ဂိတ်အခြေအနေအကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

NUG က သိမ်းဆည်းရမိတဲ့မူးယစ်ဆေးဝါးတွေကိုမီးရှို့ဖျက်ဆီးတဲ့အခမ်းအနားမှာ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကို တွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, NUG MOD

ဓာတ်ပုံ ပုံစာ, NUG က သိမ်းဆည်းရမိတဲ့မူးယစ်ဆေးဝါးတွေကိုမီးရှို့ဖျက်ဆီးတဲ့အခမ်းအနားမှာ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကို တွေ့ရစဉ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သိမ်းပိုက်ထားတဲ့ စစ်ကိုင်းနဲ့ မန္တလေး တိုင်းတို့မှာတော့ မတူညီတဲ့ စိန်ခေါ်ချက်က ပသုံးလုံးယန္တရားပဲဖြစ်ပါတယ်။

NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ပြည်သူ့လုံခြုံရေး (ပလဖ) တို့အချင်းချင်းကြား ဒါမှမဟုတ် ပြည်သူနဲ့ကြား ပဋိပက္ခတွေက သိမ်းပိုက်ပြီးမြို့ တွေမှာ အုပ်ချုပ်ရေးလည်ပတ်နိုင်ဖို့ အခက်အခဲဖြစ်နိုင်တယ်လို့ နိုင်ငံရေးစောင့်ကြည့်သူတွေကသုံးသပ် ပါတယ်။

ဒီလိုအခက်အခဲတွေအပြင် အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖိအားတွေကြောင့်ပါ မြို့သိမ်းထားတဲ့အဖွဲ့အစည်းတချို့နဲ့ စစ်‌ကောင်စီကြား နိုင်ငံရေးအရ ဆွေးနွေးမယ့်အလားအလာတွေပိုပြီးဖြစ်လာစေနိုင်တယ်လို့ နိုင်ငံရေးစောင့်ကြည့်သူတချို့ က ရှုမြင်ကြပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာ တရုတ်ရဲ့ ဖိအားကြောင့် ကိုးကန့်တပ် (MNDAA) နဲ့ စစ်ကောင်စီတပ်ကြားအပစ်ရပ်သဘောတူညီချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။

အပစ်ရပ်သဘောတူညီချက်မရခင်ကတည်းက ကြားဝင်ကူညီတဲ့တရုတ်ရဲ့ဆောင်ရွက်ချက်ကို အသိအမှတ်ပြုတဲ့အနေနဲ့ နိုင်ငံရေးဆွေးနွေးမယ်လို့ ကိုးကန့်တပ် (MNDAA) အပါအဝင် တအာင်းတပ် (TNLA) နဲ့ အာရက္ခတပ်တော် (အေအေ)တို့က အသီးသီးသဘောထားထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီကလည်း ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောဆိုထားပြီး ရွေးကောက်ပွဲဟာတရုတ်ဖိအားပါတယ်လို့ အကဲခတ်တွေက အစောပိုင်းကတည်းက ထောက်ပြထားကြတာဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာ ပဋိပက္ခတွေပြင်းထန်နေပြီး စစ်တပ်ထိန်းချုပ်နိုင်တဲ့နယ်မြေတွေလျော့လာချိန်မှာပဲစစ်တပ်က ရွေးကောက်ပွဲကို ဖြစ်အောင်လုပ်ပြီး မြို့သိမ်းနိုင်တဲ့လက်နက်ကိုင်တပ်တွေနဲ့ နယ်မြေပိုင်းဖြတ်အုပ်ချုပ်မှုတွေအတွက် ဆွေးနွေးမှုတွေရှိလာမလားဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိနေတာဖြစ်ပါတယ်။

တဖက်မှာလည်း NUG အစိုးရက မဟာမိတ်တိုင်းရင်းသားတပ်တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ရေးဆွဲတာတွေရှိနေတယ်လို့ တောက်လျှောက်ပြောထားတာဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်တချို့နဲ့ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးမှပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ စစ်တပ်နဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် အဆုံးထိတိုက်ပွဲဝင်မယ်လို့ ကြွေးကြော်ထားကြပါတယ်။