တရုတ်ဖိအားကြောင့် ထွက်လာတဲ့ ကိုးကန့်နဲ့ စစ်တပ်ရဲ့ အပစ်ရပ်မှု ဘာသဘောဆောင်လဲ

ဓာတ်ပုံ ရင်းမြစ်, The Kokang
တရုတ်ဖိအားနဲ့ သီးခြားဆွေးနွေးပွဲလုပ်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ် ( MNDAA ) တို့ကြားမှာ အပစ်ရပ်သဘောတူညီချက်ထွက်လာပါတယ်။
နှစ်ဖက်လုံးက ထုတ်မပြောတဲ့ ဒီသဘောတူညီချက်ကို တရုတ်အစိုးရဘက်က ဖွင့်ချလာတာဖြစ်ပါတယ်။ တရားဝင်အပစ်ရပ်မှုလို့ တရုတ်ဘက်က သုံးနှုန်းပြီး အပစ်ရပ်သဘောတူညီချက်ရခဲ့တဲ့အတွက် ၂ ဖက်လုံးက သူ့ကို ကျေးဇူးတင်စကားဆိုတယ်လို့ တရုတ်က ပြောပါတယ်။
ဒီအပစ်ရပ်သဘောတူညီမှုက ဇန်နဝါရီ ၁၈ ရက် ဘေကျင်းစံတော်ချိန် ၁၂ နာရီမှာ စတင်အသက်ဝင်ခဲ့ပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ သဘောတူညီချက်ပုံစံကဘယ်လိုလဲ။ ဘယ်လိုအချက်တွေပါသလဲ။ မြောက်ပိုင်းညီနောင် ၃ ဖွဲ့အနေနဲ့ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲ ဒီမြို့သိမ်းတိုက်ပွဲတွေနောက်က တစ်ဖွဲ့ချင်းစီရဲ့ အပစ်ရပ်မှုက ဘယ်လိုသဘောဆောင်လဲဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Lashio Reconstruction
အပစ်ရပ်ပြီလို့ ပြောတဲ့နောက် ပွင့်လာတဲ့ နယ်စပ်ဂိတ်တွေ

ဓာတ်ပုံ ရင်းမြစ်, CJ
တရုတ်အစိုးရပြောခွင့်ရ မော်နင်းရဲ့ ကိုးကန့်နဲ့ စစ်တပ်ကြားက အပစ်ရပ်သဘောတူညီမှု ထွက်မလာခင် ၂၀၂၅ ၊ ဇန်နဝါရီ ၂၀ ရက် မနက်မှာ တရုတ် - မြန်မာနယ်စပ် ကိုးကန့်အုပ်ချုပ်ခွင့်ရဒေသထဲက နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ပွင့်ခဲ့ပါတယ်။
မြန်မာ - တရုတ်နယ်စပ် ချင်းရွှေဟော်မြို့ က ချင်းရွှေဟော်ကုန်သွယ်ရေးဂိတ်နဲ့ လောက်ကိုင် က ရန်လုံကျိုင်း နယ်စပ်ဂိတ်တွေဟာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းစတဲ့ ၂၀၂၃ အောက်တိုဘာ ၂၇ ရက် ကတည်းက ကုန်သွယ်ရေး ရပ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ကိုးကန့်ဒေသတခွင်ကို ကိုးကန့်တပ်(MNDAA)က ထိန်းချုပ်ပြီးချိန် ၂၀၂၄ မတ်လမှာ အဲဒီဂိတ်တွေကို ကိုးကန့်ဘက်က ပြန်ဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ လူအဝင်/အထွက်သာရှိခဲ့ပါတယ်။
ပုံမှန်နှစ်နိုင်ငံကုန်သွယ်ရေး သတ်မှတ်ချက်တွေအရ ဗဟိုအစိုးရနဲ့သာ ကုန်သွယ်ရေးလုပ်နိုင်တဲ့ နှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေး ဖြစ်တာကြောင့် ဖွင့်ရုံသက်သက် သာရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ၁၀၂၇ ဒုတိယလှိုင်းနဲ့ ကိုးကန့်တပ် MNDAA က ရှမ်းမြောက်မြို့တော် လားရှိုးနဲ့ စစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ်ကို ၂၀၂၄ သြဂုတ်မှာ ခြေလှမ်းတိုး သိမ်းပိုက်ခဲ့တဲ့နောက်မှာ အဲဒီဂိတ်တွေကို တရုတ်ဘက်ပိတ်ပစ်ခဲ့ပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီဂိတ်တွေသာမက တရုတ်နယ်စပ်နဲ့ ကပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ ကုန်သွယ်ရေးဂိတ်တွေအားလုံးကို တရုတ်ဘက်က ပိတ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အပစ်ရပ်သဘောတူညီမှုနောက်မှာ ကိုးကန့်ဒေသထဲကဂိတ်တွေက တရားဝင်ပြန်ပွင့်သွားတာဖြစ်ပါတယ်။
''လောက်ကိုင်နဲ့ ချင်းရွှေဟော် ၂ ဂိတ်လုံး ပြန်ဖွင့်ပါပြီ။ ဂိတ်တွေ ပိတ်ထားတုန်းကတော့ အစစအရာရာအကုန် ကျပ်တည်း စျေးကြီးတယ်။ အခုတော့ ဘာပဲဖြစ်ဖြစ် အသက်ရှုချောင်တာပေါ့'' လို့ လောက်ကိုင်ဒေသခံ ကိုသစ်ထူးက ဇန်နဝါရီ ၂၀ ရက် မှာ ဘီဘီစီကို ပြောပါတယ်။
မိုင်ထောင်ကျော်ရှည်လျားတဲ့ တရုတ် - မြန်မာနယ်စပ်တစ်လျှောက်မှာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့ ကုန်သွယ်စခန်း ၅ ခုရှိပါတယ်။
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ ကန်ပိုင်တည်နဲ့ ကျိုင်းတုံနယ်စပ်စခန်းတွေပါ။
ရန်ကုန် - မန္တလေး-လားရှိုး- မူဆယ်လမ်းကြောင်းပေါ်က မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးစခန်းနဲ့ လောက်ကိုင်ခရိုင်ထဲက ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း တရုတ် - မြန်မာ ကုန်သွယ်မှုပမာဏအများဆုံးစခန်းဖြစ်ပါတယ်။
ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း ဟာ တစ်ရက်ပျှမ်းမျှ ကုန်သွယ်မှုတန်ဖိုး တစ်ရက် ကို အမေရိကန်ဒေါ်လာ ၁ သန်းကျော်ရှိတာကို မြန်မာ့ မဟာ ဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ (ISP)ရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။
ဒါပေမဲ့ အခုတရုတ်ဘက်က ညှိနှိုင်းမှုနဲ့ ဒီဂိတ်တွေ ပြန်ပွင့်ပေမဲ့ ကုန်သွယ်ရေးကိုဘယ်လို ပုံစံနဲ့ဆက်လုပ်မလဲဆိုတဲ့အဖြေကိုတော့ စစ်တပ်ဘက်ကရော ကိုးကန့်ဘက်ကပါ ထုတ်ပြောတာမရှိသေးပါဘူး။
အပစ်ရပ်သဘောတူညီချက်ပါ အချက်တွေက ဘာတွေလဲ

ဓာတ်ပုံ ရင်းမြစ်, Lashio Reconstruction
တရုတ်အစိုးရနဲ့ နီးစပ်တဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်ကတော့ အပစ်ရပ်သဘောတူညီမှုကြောင့် MNDAA ပုံဖော်တဲ့ကိုးကန့်ဒေသနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်လက်ခံတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုတဲ့ နှစ်ဖက်လုံးရဲ့ အဓိပ္ပါယ်ဖွင့်ပြောဆိုသံတွေ တိတ်သွားမယ်လို့ ကောက်ချက်ချပါတယ်။
အပစ်ရပ်ဆိုရာမှာ ကိုးကန့်ဘက်က ထိုးစစ်ရပ်ထားပြီးဖြစ်တာကြောင့် စစ်တပ်ဘက်က ကိုးကန့် ခြေကုပ်ယူ ထိန်းချုပ်ထားတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှုမလုပ်ဖို့နဲ့ ပြန်လည်ထိုးစစ်ဆင်တာတွေ လုပ်ခွင့်မရှိတော့ဘူးလို့ ဆိုပါတယ်။
''တရုတ်သဘောကတော့ နှစ်ဖက်လုံးက အခုကာလမှာ Ceasefire Status(အပစ်ရပ်အနေအထား)နဲ့ပဲ ဆက်နေကြ။ ရွေးကောက်ပွဲပြီးသွားတဲ့နောက်မှပေါ်လာတဲ့ အခင်းအကျင်းကျမှ နိုင်ငံရေးအရ ညှိလို့ရမယ်ဆိုတဲ့ မိုဒယ်(ပုံစံ)ကို တရုတ်က သွားခိုင်းတာ'' လို့ တရုတ်အစိုးရနဲ့ နီးစပ်တဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က သူသိထားတဲ့အချက်ကို ရှင်းပြပါတယ်။
တဖက်မှာလည်း အပစ်ရပ်သဘောတူညီချက်နောက်မှာ လားရှိုးကနေ ကိုးကန့်တပ် ဆုတ်ခွာရမယ်ဆိုတဲ့ သတင်း ထွက်ပေါ် ခဲ့ပါတယ်။
ဒါပေမဲ့ လားရှိုးမှာ ကိုးကန့်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဆက်ရှိနေပါတယ်။ MNDAA သတင်းရင်းမြစ်ရဲ့ ဘီဘီစီကို အတည်ပြုချက်အရ လားရှိုးမှာ MNDAA တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ ဆက်ရှိနေပြီး အပြောင်းအလဲမရှိဘူးလို့ ပြောပါတယ်။
'' MNDAA အဖွဲ့တွေက မြို့တွင်းမြို့ပြင် နေရာယူထားပါ သေးတယ်။ ပုံမှန်ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလည်း လုပ်ဆောင်လျက် ရှိပါတယ်'' လို့ ဘီဘီစီကို ဖြေပါတယ်။
ဘီဘီစီရဲ့ တရုတ်အစိုးရနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကတော့ အပစ်ရပ်သဘောတူညီချက်ပါအချက်အားလုံးကို အသေးစိတ်မသိရပေမဲ့ လားရှိုးကို နှစ်ဖက်လုံးက ပူးတွဲအုပ်ချုပ်တဲ့ပုံစံမျိုးကို တရုတ်ဘက်က လမ်းကြောင်းပေးထားတယ်လို့ သူသိထားတဲ့အချက်အလက်ကို ပြောပါတယ်။
''ဗဟိုနဲ့ ဒေသအခြေစိုက်အဖွဲ့တွေ ပူးတွဲအုပ်ချုပ်ကြဆိုတဲ့ပုံစံတခုက ရုပ်လုံးပေါ်လာ လိမ့်မယ်''
''သဘောက စစ်တပ်က လားရှိုးကို မဝင်ဘူး။ ဒါပေမဲ့ ကိုးကန့်တပ်ကလည်း ဒေသန္တရ ရဲတပ်ဖွဲ့အနေနဲ့ ပုံစံ ချမယ်။ ဗဟိုရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ပြန်ဝင် ထိုင်မယ်'' လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က သူသိထားတဲ့ အချက်အလက်ကိုအခြေခံပြီး လားရှိုးမှာ ဖြစ်လာနိုင်တဲ့အခင်းအကျင်းကို သုံးသပ်ပြောပါတယ်။
တရုတ်ပြောတဲ့လမ်းကြောင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)အထူးဒေသ (၄) အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA) မိုင်းလား(မုံးလား)အဖွဲ့ ရဲ့ မိုဒယ်(ပုံစံ)လို့ သူက ဆက်ပြောပါတယ်။
မိုင်းလားကို NDAA ရော ဗဟိုအစိုးရ အဆက်ဆက်ကပါ အုပ်ချုပ်ရေး ဝင်ထိုင်ထားတာ ဖြစ်ပါတယ်။
မြို့မှာ နှစ်ဖက်လုံးက အုပ်ချုပ်ရေးအဖွဲ့တွေရှိပြီး နှစ်ဖက်လုံး အခွန်ကောက်တာနဲ့ အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူတာမျိုးလို့ သူက ဆိုပါတယ်။
ဆွေးနွေးပွဲတွေမှာ စစ်တပ်ဘက်က ၂၀၀၈ အခြေခံဥပဒေအရ အာဏာသိမ်းအစိုးရဖြစ်လို့ နယ်မြေ သတ်မှတ်ပြီးပေးခြင်း ဒါမှမဟုတ် နယ်မြေ သတ်မှတ်ခွဲဝေဖို့ ရေးဆွဲရေးကို လုပ်ပိုင်ခွင့်မရှိဘူးဆိုတဲ့ အချက်ကို ကိုင်စွဲပြီး ညှိခဲ့တယ်လို့ တရုတ်အစိုးရနဲ့ နီးစပ်တဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
'' ၂၀၀၈ ကို ကျော်လွန်ပြီး ပြောဆိုတဲ့ အသံပြန်ထွက်ရင် ဗုံးပြန်ကြဲမှာဆိုပြီး စစ်တပ်ကလည်း လေသံ ပစ်ထားတယ်။ လာမယ့်ရက်ပိုင်းမှာပဲ MNDAA လားရှိုးကို ဘယ်လိုဆက်အုပ်ချုပ်မလဲဆိုတာ အဖြေထွက်လာမှာပါ'' လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ကိုးကန့်တပ်ရဲ့ အထူးဒေသ (၁) အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ကိုးကန့်ဒေသ၊ လောက်ကိုင်အပြင် ရှမ်းမြောက်က သိန္နီ၊ ကွမ်းလုံနဲ့ လားရှိုးကိုပါ ထည့်ပြောပြီး ၁၀၂၇ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ အဆင့်လိုက် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
မြို့ပေါ်ရပ်ကွက် ၁၂ ခုရှိတဲ့ လားရှိုးကို ဒုတိယလှိုင်းပြန်စခဲ့တဲ့နောက် ၂၀၂၄ ဇူလိုင် ၂၅ ရက် သိမ်းပိုက်ပြီလို့ ကိုးကန့်က ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ လားရှိုးမြို့ထဲမှာ MNDAA တပ်တွေအပြင် တိုက်ပွဲတွေထဲဝင်မပါတဲ့ UWSA ရဲ့ လားရှိုးဆက်ဆံရေးရုံးရှိပြီး 'ဝ' တပ်တွေပါ သူ့အစုနဲ့သူ နေရာယူထားတာဖြစ်ပါတယ်။
ဒါကြောင့် လားရှိုးမြို့ ဖြစ်လာနိုင်တဲ့ အခင်းအကျင်းက ရှုပ်ထွေးနိုင်တယ်လို့ အကဲခတ်တချို့က သုံးသပ်ထားကြတာပါ။
လားရှိုးအခြေစိုက် MNDAA သတင်းရင်းမြစ်ကတော့ လားရှိုးမှာ စစ်ရေးအရ ပူးတွဲအုပ်ချုပ်မှုပုံစံ ဖြစ်မလာနိုင်ဘူးလို့ သုံးသပ်ပါတယ်။
''ပူးတွဲတာတော့ MNDAA တစ်ဖွဲ့တည်းရဲ့ သဘောထားနဲ့တော့ မရလောက်ဘူးဗျ။ ကျန်တဲ့ တော်လှန်ရေး အင်အားစုတွေ သိမ်းထားတဲ့နယ်မြေအနေအထားအရ ပူးတွဲအုပ်ချုပ်မယ်ဆိုရင် စစ်ရေးအရလုံးဝမဖြစ်နိုင်သေးပါဘူး'' လို့ သူက ဆိုပါတယ်။
လားရှိုးကို မရောက်ခင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ အကျော် နောင်ချို၊ ကျောက်မဲနဲ့ သီပေါဘက်ခြမ်းမှာ တအာင်းတပ်(TNLA)က ထိန်းချုပ်ထားတဲ့အခြေအနေကြောင့် မြန်မာစစ်တပ်ဟာ လားရှိုးကို ရောက်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ ယူဆချက်တွေရှိနေတာဖြစ်ပါတယ်။
တဖက်မှာလည်း ဒီအပစ်ရပ်သဘောတူညီချက်နောက်မှာ တရုတ်မှာ ဆေးကုသမှုခံယူနေတယ်ဆိုတဲ့ ကိုးကန့် တပ်ခေါင်းဆောင်ဦးဖုန်တားရွှင် ဘာဆက်ဖြစ်နေလဲဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။
ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ MNDAA ပြောခွင့်ရ လီကျားဝင်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
တရုတ်ပြောခွင့်ရ မော်နင်းက ကိုးကန့်တပ်နဲ့ မြန်မာစစ်တပ်တို့ ကြား အပစ်ရပ်သဘောတူညီချက်အကြောင်း ထုတ်ပြောချိန်မှာ မြန်မာမြောက်ပိုင်းမှာ အေးချမ်းတည်ငြိမ်ဖို့က မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံအားလုံးရဲ့ ဘုံအကျိုးစီးပွားဖြစ်တယ်လို့ မှတ်ချက်ပြုပြောခဲ့ပါတယ်။
ဒါအပြင် တရုတ်နိုင်ငံဟာ တစ်ပေါင်းတစ်စည်းတည်းဖြစ်ခြင်း၊ နယ်မြေတည်တံ့တာ ကို ပြတ်ပြတ်သားသားထောက်ခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာ နိုင်ငံရေးသင့်မြတ်မှု စောလျင်စွာရရှိလာပြီး ပြည်တွင်းနိုင်ငံရေး ဆွေးနွေးမှု လျင်မြန်စွာ ဆောင်ရွက်လာဖို့ ပြတ်ပြတ်သားသားထောက်ခံတယ်လို့ ထည့်ပြောပါတယ်။
''တရုတ် - မြန်မာ နယ်စပ် လုံခြုံရေး၊ တည်ငြိမ်ရေး နဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက်အထောက်အကူ ဖြစ်စေပါတယ်။'' ပြောခွင့်ရ မော်နင်းက ပြောပါတယ်။
အပစ်ရပ် နောက်ကွယ်က ဆွေးနွေးပွဲတွေ
ကိုးကန့်တပ်(MNDAA)နဲ့ မြန်မာစစ်တပ်တို့ ရဲ့ အပစ်ရပ် သဘောတူညီချက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ လုပ်ခဲ့တဲ့ ၂ ရက်တာ တွေ့ဆုံမှုကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ရောက်ရာနေရာကနေ အပစ်ရပ်ပြီး တရုတ်ကြားဝင်မှုနဲ့ စစ်တပ်နဲ့ ဆွေးနွေးမယ်လို့ ကိုးကန့်တပ်(MNDAA) က ၂၀၂၄ ခုနှစ်နှောင်ပိုင်း ဒီဇင်ဘာ ၃ ရက်မှာ ထပ်ကြေညာခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်မှာ ပထမအကြိမ် ဆွေးနွေးမှုစတင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
တစ်လအကြာ ၂၀၂၅ ဇန်နဝါရီ ၁၆ ရက်မှာ ဒုတိယအကြိမ်ဆွေးနွေးမှု ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။
'' ၂၀၂၅ ဇန်နဝါရီ ၁၈ ရက်မှာ သဘောတူညီချက်ရတယ်။ စစ်တပ်အဖွဲ့က ဇန်နဝါရီ ၂၀ ရက်မှာ ပြန်ရောက်ကြတယ်။ အဲဒီနေ့ ဘေကျင်း ၁၂ နာရီမှာ အပစ်ရပ်သဘောတူညီမှု စအသက်ဝင်တာပါ'' လို့ ဆွေးနွေးပွဲ အကြောင်းသိထားတဲ့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။
ဆွေးနွေးပွဲ နှစ်ကြိမ်လုံးမှာ မြန်မာစစ်တပ်ဘက်က ကာကွယ်ရေး စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနဲ့အဖွဲ့တို့ သွားရောက်ခဲ့တာဖြစ်ပြီး ကိုးကန့်တပ်ဘက်က ကိုးကန့်ခေါင်းဆောင် ဦးဖုန်တားရွှင်ရဲ့ သားဖြစ်သူ နိုင်ငံခြားရေးတာဝန်ခံ ဦးဖုန်ခွင်းနဲ့ ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းတို့ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
ပထမအကြိမ်ဆွေးနွေးပွဲတုန်းက စစ်တပ်ဘက်က တောင်းဆိုတဲ့အထဲမှာ လားရှိုးကို ပြန်ပေးဖို့၊ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးကို ပြန်စဖို့နဲ့ ကိုးကန့်ဖမ်းထားတဲ့ တပ်မှူးတွေအပါအဝင် စစ်သုံ့ပန်းတွေပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ အပစ်ရပ်ထွက်လာပြီးတဲ့နောက် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး ပြန်ပွင့်ခဲ့ပြီဖြစ်သလို စစ်သုံ့ပန်းတွေလည်း ပြန်လွှတ်ဖို့ ရှိတယ်လို့ ဘီဘီစီရဲ့ ဆွေးနွေးပွဲအကြောင်းသိတဲ့ သတင်းရင်းမြစ်ကပြောပါတယ်။
ဒါပေမဲ့ လားရှိုးဒေသနဲ့ပတ်သက်လို့ တိတိကျကျ ထုတ်ပြောကြတာမရှိသေးပါဘူး။
၁၀၂၇ စစ်ဆင်ရေး ပထမအကျော့အပြီး ၂၀၂၄ မတ်လအထိ တရုတ်ကြားဝင်မှုအရ မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့တို့ ကြား ဟိုင်ဂင်ဆွေးနွေးပွဲအနေနဲ့ ၅ ကြိမ်တိတိတွေ့ဆုံခဲ့ပါတယ်။
ဒါပေမဲ့ ၅ ကြိမ်မြောက်ဆွေးနွေးပွဲ မအောင်မြင်ခဲ့တဲ့နောက် ဆွေးနွေးပွဲတွေရပ်ခဲ့သလို ၁၀၂၇ စစ်ဆင်ရေး ဒုတိယအကျော့ ပေါ်လာပြီး မြောက်ပိုင်းညီနောင် ၃ ဖွဲ့တပ်တွေက ရှမ်းမြောက်နဲ့ ရခိုင်မှာထိုးစစ်တွေဆက်ဖော်ပြီး မြို့သိမ်းတိုက်ပွဲတွေဆက်လုပ်ခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယအကျော့မှာ လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကို ကိုးကန့်တပ် MNDAA က သိမ်းပိုက်ပြီးနောက် စစ်တပ်ကလည်း တရုတ်စီစဥ်တဲ့ဆွေးနွေးပွဲတွေကို မတက်တော့ဘူးလို့ ထုတ်ပြောခဲ့ပြီး ဆွေးနွေးပွဲတွေ လုံးဝရပ်ခဲ့ပါတယ်။
အဲဒီနောက်မှာ တရုတ်က ကိုးကန့်တပ်နဲ့ တအာင်းတပ်တို့ကို ဖိအားပေးထိုးစစ်ရပ်ခိုင်းတဲ့ စာတွေ ထွက်လာခဲ့ပါတယ်။
ဒါအပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာခရီးစဥ်နောက်မှာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ အပေါ် တစ်ဖွဲ့ချင်းစီအလိုက် ဖိအားပေးမှုတွေကို တရုတ်က လုပ်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဘက်က ဖွင့်ချ ထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိရဲ့ မြန်မာခရီးစဥ်အပြီးမှာ ရှမ်းမြောက်က တိုက်ပွဲတွေ ရပ်တန့်သွားပြီး ကိုးကန့်တပ်နဲ့ တအန်းတပ်က တွေ့ဆုံဆွေးနွေးမယ်ဆိုပြီး ထုတ်ပြန်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။
အခုတော့ လာမယ့်လထဲမှာ စစ်တပ်နဲ့ တအာင်းတပ်လည်း တရုတ်ကြားဝင်မှုနဲ့ ဆွေးနွေးပွဲဆက်ရှိမယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
'' ၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်း ၃ ဖွဲ့ပေါင်းမှ ဆွေးနွေးမယ်ဆိုတာမရှိတော့ဘဲ အခုတရုတ်လမ်းကြောင်းက တစ်ဖွဲ့ချင်းပဲ ဆွေးနွေးကြတော့မှာပါ'' လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။
ဒါပေမဲ့ ဒီပြောဆိုချက်နဲ့ TNLA ဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားသလို ကိုးကန့်နဲ့ တရုတ်ရဲ့ အပစ်ရပ်သဘောတူညီချက်အပေါ် သဘောထားအမြင်ကိုလည်း မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။











