"ဆွေးနွေးမှုသဘာဝအရ အလျှော့အတင်းဆိုတာ အမြဲတမ်းရှိပါတယ်။ ဒါပေမဲ့ ကျော်လို့မရတဲ့ စည်းတော့ရှိမှာပါ'' - TNLA ဗိုလ်ချုပ်တားဘုန်းကျော်

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က စစ်ကောင်စီနဲ့ဆွေးနွေးဖို့ အသင့်ပဲ ဆိုပြီး နိုဝင်ဘာလကုန်ပိုင်းမှာ ထုတ်ပြန်ခဲ့ပေမဲ့ ဒီနောက်ပိုင်းမှာလည်း TNLA ထိန်းချုပ်ရာ ရှမ်းမြောက်က နေရာတချို့မှာ တိုက်ခိုက်မှုတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ တရုတ်ဖိအားပေးနေတဲ့ ဆွေးနွေးပွဲက တကယ်ပဲ အထမြောက်လာဖို့ရှိလာမလားနဲ့ ဘယ်အချက်တွေကို TNLA ကိုင်ပြီး စစ်ကောင်စီနဲ့ ဆွေးနွေးမှာလဲ။
အလားတူ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ပိုင်းစလုံးမှာ TNLA ထိန်းချုပ်နိုင်ခဲ့တဲ့ မြို့တွေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုသဘောထားမျိုး ရှိနေလဲ။
ရှမ်းမြောက်မှာ တရုတ်ကြားဝင်မှုနဲ့ ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ် (TNLA) တို့က အပစ်ရပ်မယ် ၊ ဆွေးနွေးမယ်ဆိုတာကို ဦးတည်နေချိန်မှာပဲ မြောက်ပိုင်းညီနောင်ထဲက အာရက္ခတပ်တော် (အေအေ) ကတော့ မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ညီနောင်သုံးဖွဲ့စုဖွဲ့မှုဆိုတာက အခုလက်ရှိ ဆက်ရှိနေတယ်လို့ ပြောနိုင်လား ... စတဲ့မေးခွန်းတွေကို PSLF/TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကို ဘီဘီစီသတင်းထောက် ကိုဝေဖြိုးက ဆက်သွယ်မေးမြန်းထားပါတယ်။
ဘီဘီစီ။ ။ ပထမဆုံးအနေနဲ့ ဗိုလ်ချုပ် တာဘုန်းကျော်တို့ TNLA ဘက်က စစ်ကို ရပ်ပြီးတော့ စစ်ကောင်စီနဲ့ကြား ဆွေးနွေးမယ်ဆိုတဲ့ သဘောထားမျိုး ထုတ်ပြန်ထားပါတယ်။ အဲဒီကိစ္စက တကယ်အကောင်အထည်ပေါ်လာပြီလား။ စစ်ကောင်စီဘက်ကရော TNLA နဲ့ကြားမှာ စပြီး ချဥ်းကပ်လာတာ၊ စကားပြောလာတာရှိပြီလား။ ဘယ်လိုအခြေအနေမှာရှိလဲ။
ဗိုလ်ချုပ် တားဘုန်းကျော်။ ။ ဟုတ်ကဲ့ပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ တုန်းကတော့ ကျွန်တော်တို့ စကားပြောဆွေးနွေးမယ်ဆိုရင် အဆင်သင့်ဖြစ်တယ်ဆိုတဲ့ ကျွန်တော်တို့ Statement (သဘောထားထုတ်ပြန်ချက်) ထုတ်ထားပါတယ်။
အဲဒီထုတ်ပြန်ချက်ကလည်း ကျွန်တော်တို့ နိုင်ငံရေးအခြေအနေအရ တရုတ်ရဲ့တိုက်တွန်းမှု အခြေအနေအရ ထုတ်ရတာဖြစ်ပါတယ်။ အဲဒီစာထုတ်ပြီးနောက်ပိုင်းမှာတော့ ကျွန်တော်တို့ဆီမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ အထူးသဖြင့် နောင်ချိုဘက်မှာ ဆက်ဖြစ်နေတယ်၊ ပြင်ဦးလွင်အစပ်မှာ ဆက်ဖြစ်နေတယ်။ ပြီးတော့ သပိတ်ကျင်းနဲ့ မိုးကုတ်ကြားမှာလည်း ဆက်ဖြစ်နေတုန်းပဲ။ ဆိုတော့ ... ဒီထုတ်ပြန်ချက်ထုတ်ပြီးနောက်ပိုင်းကတော့ စကားပြောဖို့ တကယ်အချင်းချင်းမျိုး အနေအထားထိကတော့ မရောက်သေးပါဘူးခင်ဗျ။
ဒါပေမဲ့ ဒီကြားထဲမှာကတော့ တရုတ်ဘက်ကတော့ ကျွန်တော်တို့နဲ့ ချိတ်ဆက်ပြီးတော့မှ ကျွန်တော့်ရဲ့ သဘောထားအမြင်တွေကို မေးမြန်းဖလှယ်တာမျိုးတွေ ရှိပါတယ်။ တရုတ်ဘက်ကလည်း တိုက်ပွဲတွေရပ်ပြီးတော့မှ နယ်စပ်ဒေသငြိမ်းချမ်းဖို့ သူတို့ ဦးဆောင်တဲ့ အခင်းအကျင်းပုံစံမျိုးဖြစ်အောင်လုပ်ဖို့တော့ တရုတ်ဘက်က ကြိုးစားဆောင်ရွက်နေတာရှိပါတယ်။
အဲဒါကြောင့် ကျွန်တော်တို့တွေ မကြာမီအချိန်အတွင်း စကားပြောတာမျိုးတော့ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။
ဘီဘီစီ။ ။ ဆိုလိုတာက TNLA ဘက်ကတော့ ဆွေးနွေးဖို့ဆိုတာကို ဆက်ပြီးတော့ လမ်းဖွင့်ထားတယ်ဆိုတဲ့ အဓိပ္ပာယ်လားခင်ဗျ။
ဗိုလ်ချုပ် တားဘုန်းကျော်။ ။ ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ ဆွေးနွေးဖို့၊ စကားပြောဖို့လည်း အဆင်သင့်ဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ ကျွန်တော်တို့ရဲ့ ပြည်သူလူထု၊ ကျွန်တော်တို့ရဲ့ နယ်မြေကို ဆက်လက်ခုခံကာကွယ်သွားဖို့လည်း တာဝန်ရှိပါတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ အမြဲတမ်း စစ်ရေးသတိ၊ နိုင်ငံရေးသတိအမြဲတမ်းရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဘီဘီစီ။ ။ ဆွေးနွေးတဲ့အခါ တကယ်လို့ ဖြစ်မြောက်လာခဲ့ပြီဆိုရင်တော့လေ TNLA အခြေခံမယ့် မူသဘောထားက ဘာဖြစ်မလဲခင်ဗျ။ ဥပမာ-စစ်ကောင်စီဘက်ကနေ သူတို့ဘာတွေ လုပ်ဆောင်ပေးရမယ်ဆိုပြီးတော့ TNLA ဘက်က တောင်းဆိုမလဲ။ TNLA ဘက်ကရော ဘာတွေကိုတော့ လိုက်လျောနိုင်ပါတယ်ဆိုတဲ့ ကြိုတင်သတ်မှတ်ထားချက်တွေ၊ ရည်မှန်းထားချက်တွေ ရှိလားခင်ဗျ။
ဗိုလ်ချုပ် တားဘုန်းကျော်။ ။ ကျွန်တော်တို့ မြင်တာကတော့ ဒီအခုလက်ရှိအခြေအနေ ပြဿနာက တိုက်ပွဲတွေဖြစ်နေတယ်။ တိုက်ပွဲတွေဖြစ်နေတော့ ပြည်သူလူထုတွေက စစ်ဘေးဒဏ် တော်တော်ဆိုးဆိုးဝါးဝါးကို ခံနေရတယ်။ အထူးသဖြင့် လေယာဉ်တွေနဲ့ ဗုံးကြဲနေတယ်၊ လက်နက်ကြီးပစ်နေတဲ့ ကိစ္စတွေအများကြီးဖြစ်နေတယ်။ ကျွန်တော်တို့ စကားပြောဖို့ အဆင်သင့်ဖြစ်တယ်ဆိုတာက အခုရှိနေတဲ့ စစ်ရေးပဋိပက္ခကို ဖြေရှင်းဖို့အတွက် အဆင်သင့်ဖြစ်တယ်။ စကားပြောဖို့ အဆင်သင့်ဖြစ်တယ်။ တိုက်ပွဲတွေ ဘယ်လိုရပ်ကြမလဲ၊ နှစ်ဖက်နည်းလမ်းဘယ်လိုရှာကြမလဲဆိုတာကိုပဲ အဓိကဆွေးနွေးဖို့ရှိမယ်လို့ ကျွန်တော်မြင်ပါတယ်။
ကျန်တဲ့ အခြားအပိုင်းတွေကတော့ တော်တော်သွားဖို့က အဝေးကြီးလိုဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။ အခုအခြေအနေက အဓိက ရှင်းရမယ့်ပြဿနာက တိုက်ပွဲတွေရပ်သွားဖို့၊ ပြည်သူလူထုတွေ စစ်ဘေးဒဏ်သင့်နေတဲ့ဟာတွေ၊ အခု...တရုတ်ဘက်ကလည်း ဖြတ်ငါးဖြတ်တွေ ပိတ်တယ်။
စစ်ကောင်စီဘက်ကလည်း ပိတ်နေတော့ စားနပ်ရိက္ခာပြတ်လပ်မှုပြဿနာတွေ၊ စီးပွားရေးပြဿနာတွေ စစ်ဘေးဒဏ်သင့်တဲ့ပြဿနာ အဲဒါအကြီးအကျယ်ဖြစ်နေတယ်။ ဒါကြောင့် လက်ရှိကျွန်တော်ရှင်းရမယ့် ပြဿနာက တိုက်ပွဲတွေရပ်သွားအောင် ဘယ်လိုလုပ်ကြမလဲ။ လောလောဆယ်ပေါ့၊ နှစ်ဖက် အဲဒါကို ရပ်ဖို့ ဘယ်လိုသဘောတူညီမှုရအောင် ဆွေးနွေးမလဲဆိုတာ အဓိကဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့မြင်ပါတယ်။
ဘီဘီစီ။ ။ ၁၀၂၇ စစ်ဆင်ရေးစလာပြီးတော့ အပိုင်း ၂ ပိုင်းစလုံးမှာ TNLA ထိန်းချုပ်နိုင်တဲ့ မြို့၊ ရွာတွေ၊ နယ်ပယ်တွေ ရှိလာပါတယ်။ ဆိုတော့ အဲဒီမြို့တွေနဲ့ပတ်သက်တဲ့ သဘောထားမျိုးကရော TNLA ဘယ်လိုရှိလဲ။ MNDAA နဲ့ ပတ်သက်ရင် လားရှိုးကိုတော့ ပြန်ပေးရမယ်ဆိုတဲ့ပုံစံမျိုး တရုတ်ဘက်ကလည်း တိုက်တွန်းတာရှိတယ်။ စစ်ကောင်စီဘက်ကလည်း လိုလားတယ်ဆိုပြီး ကျွန်တော်တို့ နားလည်ထားတယ်။ ဆိုတော့ TNLA အနေနဲ့ရော အဲဒီလိုမျိုး ဥပမာပေါ့၊ မိုးကုတ်ကို ပြန်ပေးရမယ်ဆိုပါစို့။ မြို့၊ ရွာတွေကို ပြန်လည်စွန့်လွှတ်ရမယ်ဆိုတဲ့ တောင်းဆိုမှုမျိုးတွေရှိလာရင်ရော ဘယ်လိုစဉ်းစားမလဲ။
ဗိုလ်ချုပ် တားဘုန်းကျော်။ ။ ဆွေးနွေးညှိနှိုင်းတဲ့အချိန်မှာတော့ အခြေအနေတွေတော့ အမျိုးမျိုးရှိနိုင်တယ်။ ဒါပေမဲ့လည်း နှစ်ဖက်စလုံးက အလျှော့အတင်းအပေးအယူ လုပ်နိုင်မယ့်အခြေခံရပ်တည်ချက်တော့ ရှိလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်။
စကစ ဘက်ကလည်း သူတို့ရပ်တည်ချက်တွေ သူတို့ရှိမယ်။ ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့ ရပ်တည်ချက်တွေ ကျွန်တော်တို့ ရှိမှာပါ။ ဆိုတော့ ... နယ်မြေကိစ္စနဲ့ နှစ်ဖက်စလုံးအပစ်အခတ်ရပ်ကိစ္စတွေ ဆွေးနွေးမယ်ဆိုရင်တော့ နယ်မြေကိစ္စကတော့ ဘာပြောပြောနည်းနည်းတော့ စကားပြောလာရမှာပဲ။ အဲဒီလိုပြောတဲ့အချိန်မှာတော့ ကျွန်တော်ထင်တယ်။
ကျွန်တော်တို့ဘက်ကလည်း အခု ဒီ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၁ ရော၊ အပိုင်း ၂ ရော ကျွန်တော်တို့ စစ်ကောင်စီတွေကို ဖယ်ရှားနိုင်လိုက်တဲ့ နယ်မြေတွေကို ကျွန်တော်တို့က လက်တွေ့အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရတာဖြစ်တယ်။ ပြီးတော့ ဒီမှာ စစ်ကောင်စီကို တိုက်ထုတ်တဲ့အခြေအနေမှာလည်း ကျွန်တော်တို့အဖွဲ့တင် မဟုတ်ဘူး။ ကျွန်တော်တို့ မဟာမိတ်တွေရှိတယ်၊ နွေဦးတော်လှန်ရေး ရဲဘော်တွေလည်းရှိတယ်၊ ပြီးတော့ ပြည်သူလူထုတွေရှိတယ်။ ဒီလိုဟာတွေကို ကျွန်တော်တို့က ပေးဆပ်မှုပေါင်းများစွာနဲ့ ဒီအဆင့်ကို ရအောင်လုပ်ထားတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့် လွယ်လွယ်ကူကူတော့ တချို့အပေးအယူတွေတော့ လုပ်လို့တော့ မရဘူးလို့ ကျွန်တော်မြင်ပါတယ်။
ဒါပေမဲ့ ဆွေးနွေးမှုရဲ့ သဘောသဘာဝအရကတော့ အလျှော့အတင်းဆိုတာတော့ အမြဲတမ်းရှိပါတယ်။ ဒါပေမဲ့ ခုနက ကျွန်တော်ပြောသလို ကျော်လို့မရတဲ့ "စည်း"တော့ ရှိမှာပါ။ အဲဒီအတွက်ကြောင့် နယ်မြေကိစ္စနဲ့ပတ်သက်လာရင် တချို့ဟာကျတော့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ဘက်ကလည်း တော်တော်လေးလျှော့ဖို့ ခက်တဲ့ အနေအထားတွေလည်း ရှိနိုင်ပါတယ်။ ကျွန်တော်ပြောတဲ့အခြေအနေတွေကြောင့်ပေါ့။

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA
ဘီဘီစီ။ ။ အဲဒါဆို အခုလောလောဆယ်သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာလည်း TNLA ဘက်က အုပ်ချုပ်ရေးထူထောင်တာတွေ ကျွန်တော်တို့တွေ့နေရတယ်။ အုပ်ချုပ်ရေးထူထောင်တဲ့အခါမှာ ဘယ်လိုစိန်ခေါ်ချက်မျိုးတွေ အဓိကရင်ဆိုင်ရလဲ။
ဗိုလ်ချုပ် တားဘုန်းကျော်။ ။ ဟုတ်ကဲ့ပါ။ အခုကျွန်တော်တို့ဒီ Operation(စစ်ဆင်ရေး) ပထမအပိုင်းရော၊ ဒုတိယအပိုင်းရော ကျွန်တော်တို့ ချိန်ကြည့်လိုက်မယ်ဆိုရင် နှစ်ပတ်လည် သွားပြီပေါ့နော်။ နှစ်ပတ်လည်လာတဲ့အခြေအနေမှာ ကျွန်တော်တို့ ဒီစီမံအုပ်ချုပ်ရတဲ့မြို့တွေကို ပြန်တွက်ကြည့်လိုက်မယ်ဆိုရင်တော့ မျှော်မှန်းထားတဲ့ထက်ကို ကျွန်တော်တို့ ပြေပြေပြစ်ပြစ်ဆောင်ရွက်နိုင်တာ တွေ့ရတယ်။ ပြည်သူလူထုတွေကလည်း ထင်တာထက်ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်တာတွေ့ရတယ်။
အဓိက ရင်ဆိုင်ရတဲ့အခက်အခဲကတော့ စစ်ကောင်စီကနေ လေကြောင်းနဲ့ ဗုံးတွေကြဲတဲ့ဟာကိုတော့ တော်တော်ဆိုးဆိုးဝါးဝါး ရင်ဆိုင်ရပါတယ်။ ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို အများကြီး အနှောင့်အယှက်ဖြစ်စေတယ်။ ကျန်တဲ့ဟာကတော့ လူထုကတော့ အခု ကျွန်တော်တို့ အုပ်ချုပ်ရေးမှာ မြို့ကြီး ၁၀ မြို့ အုပ်ချုပ်ရေးတွေ စနစ်တကျ ချတယ်။ အုပ်ချုပ်ရေးကော်မတီတွေကို အတတ်နိုင်ဆုံး ဒေသခံပြည်သူလူထုတွေပါအောင် ဆောင်ရွက်တယ်။
ဒါပေမဲ့ တာဝန်ခံပြီးတော့ သိမ်းထားတယ်ဆိုတော့ ကျွန်တော်တို့က တာဝန်ခံပြီးတော့ စီမံအုပ်ချုပ်ရတဲ့အပိုင်းဖြစ်တယ်။ ဒါပေမဲ့ လူထုအသံကိုတော့ ရပ်မိရပ်ဖအဖွဲ့တွေ သေချာဖွဲ့ထားတယ်။ သူတို့ရဲ့ တင်ပြပြောဆိုချက်တွေ၊ အကြံဉာဏ်တွေကို အတတ်နိုင်ဆုံး စနစ်တကျနားထောင်တယ်။အကောင်အထည်ဖော်တယ်။ ဆိုတော့ ... ပူးပေါင်းဆောင်ရွက်မှုတွေက ထိုက်သင့်သလောက်တော့ ရတယ်လို့ ကျွန်တော်တို့ပြောလို့ရတယ်။ ဒါပေမဲ့ ခုနက ကျွန်တော်ပြောသလို နိုင်ငံရေးအခြေအနေက ဒီလိုဖြစ်နေတော့ လေကြောင်းနဲ့ ဒီစစ်ဆင်ရေးလုပ်တဲ့ကိစ္စတွေနဲ့ တခြားဟာတွေပေါ့၊ တော်တော်လေး ရင်ဆိုင်ရပါတယ်။
ကျန်တဲ့ အုပ်ချုပ်ရေးအပိုင်းကတော့ ဥပမာ- အနီးစပ်ဆုံးနှိုင်းယှဉ်ပြရမယ်ဆိုရင် စစ်ကောင်စီလက်အောက်ထဲမှာရှိနေတဲ့ မူဆယ်မြို့နဲ့ ကျွန်တော်တို့ရဲ့ စီမံအုပ်ချုပ်မှုအောက်မှာရှိတဲ့ နမ့်ခမ်းမြို့ဟာ ပြည်သူလူထုတွေရဲ့ ငြိမ်းချမ်းမှု၊ ဘဝလုံခြုံမှုက တော်တော်ကို ကွာပါတယ်။ ကျွန်တော်တို့ဆီမှာ လုံလုံခြုံခြုံနေလို့ရတယ်။ လူဆိုး၊ သူခိုး၊ ဓားပြတွေ မရှိဘူး။ စားဝတ်နေရေး၊ ရောင်းဝယ်ရေးတွေ သေချာကောင်းကောင်းမွန်မွန်လုပ်လို့ရတယ်။
လေကြောင်းနဲ့သာ ဗုံးကြဲတာတွေ မရှိဘူးဆိုရင် ကျွန်တော်တို့ အုပ်ချုပ်ရေးက ပြည်သူလူထုနဲ့ တော်တော်သဟဇာတဖြစ်လာတဲ့အခြေအနေတွေ ဒီနှစ်ပတ်လည်မှာ ဖြစ်လာတဲ့ အနေအထားတွေရှိတယ်လို့ ပြောလို့ရပါတယ်။
ဘီဘီစီ။ ။ ၁၀၂၇ စစ်ဆင်ရေးဆိုတာက မဟာမိတ်ညီနောင် ၃ ဖွဲ့ပူးပေါင်းပြီးဖော်ဆောင်ခဲ့တာပေါ့လေ။ ဆိုတော့...အဲဒီစုဖွဲ့မှုက အခုထိ ရှိနေသေးတယ်လို့ပြောလို့ရလား။ MNDAA(ကိုးကန့်တပ်)နဲ့ TNLA (တအာင်းတပ်)ကတော့ ရှမ်းမြောက်ဒေသတခွင်မှာ အခု အပစ်ရပ်မယ်၊ ဆွေးနွေးမယ်ဆိုတဲ့ လမ်းကြောင်းပေါ်မှာ ဦးတည်ထားတယ်ပေါ့လေ။ ရခိုင်ထဲမှာတော့ အာရက္ခတပ်တော်(အေအေ)က ဆက်ပြီး တိုက်ခိုက်နေတာကိုတော့ လက်ရှိမြေပြင်အခြေအနေတွေအရ တွေ့ရတယ်။ ရှမ်းမြောက်နဲ့ ရခိုင်အရေးကို ခွဲပြီးတော့ မြင်ရတာမျိုးလား။ ညီနောင်သုံးဖွဲ့စုဖွဲ့မှုဆိုတာက အခုလက်ရှိ ဆက်ရှိနေတယ်လို့ ပြောနိုင်လားခင်ဗျ။
ဗိုလ်ချုပ် တားဘုန်းကျော်။ ။ ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီကိုးကန့်ဒေသပြန်လည်ဝင်ဖို့အတွက် ကြိုးပမ်းတဲ့ ၂၀၁၃၊ ၂၀၁၄ (ခုနှစ်)မှာကတည်းက ကျွန်တော်တို့က လက်တွဲပူးပေါင်းဆောင်ရွက်လာတယ်။ ၂၀၁၆ - ၂၀၁၇ မှာ မြောက်ပိုင်းမဟာမိတ်ဆိုပြီးတော့မှ ဒီအဖွဲ့နဲ့ ကျွန်တော်တို့ ဆောင်ရွက်လာတာဖြစ်တယ်။ အဲဒီလို အလားတူပဲ။ အာဏာသိမ်းပြီးသွားတဲ့ကာလမှာတော့ အဲဒီအာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ ဒီနွေဦးတော်လှန်ရေးနဲ့အတူ ဒီတော်လှန်ရေးအရှိန်အဝါက ပိုပြီးတော့ အားကောင်းလာတယ်။
ဒီအခြေအနေအောက်မှာ ကျွန်တော်တို့ ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ၃ ဖွဲ့စလုံးက စဉ်းစားပုံ၊ စဉ်းစားချက်တွေတူတယ်။ စစ်ရေးအရ အမြင်ချင်းတွေတူလို့ ကျွန်တော်တို့ ၂၀၁၄ လောက်ကတည်းကနေ အခုထက်ထိ ကျွန်တော်တို့ ဆောင်ရွက်လာနိုင်တဲ့အပိုင်းတွေဖြစ်ပါတယ်။
ဒါပေမဲ့ အဓိက နယ်မြေချင်းဆက်စပ်တာကတော့ ကိုးကန့်နဲ့ တအာင်း နယ်မြေတွေ ဆက်စပ်တော့ ပိုပြီးတော့ နီးစပ်တယ်။ ကျွန်တော်တို့နဲ့ အတူတူ အေအေ တပ်ဖွဲ့တွေလည်း နေတော့ အေအေက ကျွန်တော်တို့ နယ်မြေမှာ နီးစပ်လာတာပါ။ ဒါပေမဲ့ တိုက်ပွဲအကောင်အထည်ဖော်တဲ့အချိန်မှာ အေအေက ရခိုင်ဒေသမှာ ဖော်ရတယ်ဆိုတော့ နယ်မြေအရ ဝေးကွာတဲ့သဘောရှိတယ်။
ဒါပေမဲ့လည်း ကျွန်တော်တို့ရဲ့ နိုင်ငံရေးအတွေးအခေါ်၊ စစ်ရေးဆောင်ရွက်မယ့် အယူအဆအမြင်တွေ၊ ဆောင်ရွက်ချက်တွေကတော့ အများကြီးကင်းကွာမှုမရှိဘူး။ အတတ်နိုင်ဆုံး ဟန်ချက်ညီအောင် အကောင်အထည်ဖော်နေတယ်။
ကျွန်တော်တို့ရဲ့ ပေါ်လစီ(မူ)အရ ဦးဆောင်တဲ့ ခေါင်းဆောင်တွေရော၊ စစ်ရေးအရ ဦးဆောင်တဲ့ခေါင်းဆောင်တွေရော ဒါတွေ ဟန်ချက်ညီအောင် ဆောင်ရွက်နေတယ်။ ဒါကြောင့် မဟာမိတ် ၃ ဖွဲ့ကတော့ ကျွန်တော်တို့ကြားထဲမှာ ဒီလို ဟန်ချက်ညီတဲ့ဆောင်ရွက်မှုတွေ စနစ်တကျရှိတယ်ဆိုတာ ပြောကြားလိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA
ဘီဘီစီ။ ။ တခြားမဟာမိတ်အဖွဲ့တွေနဲ့ကြား ဆက်ဆံရေးရော အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ကြားမှာပေါ့လေ၊ ဘာဖြစ်လို့လဲဆိုတော့ တရုတ်က မြန်မာပြည်ထဲမှာ စစ်ရပ်စေချင်တဲ့ စိတ်ဆန္ဒကို ဖိဖိစီးစီးပြောလာတဲ့အခါ ဘာတွေတွေ့ရလဲဆိုရင် ဗမာလူမျိုးစုအခြေခံ လက်နက်ကိုင်အင်အားစုတွေက ရှမ်းမြောက်ဒေသတလွှားကနေ ထွက်လာကြတယ်ဆိုတဲ့ ရွေ့လျားမှုတွေကို ကျွန်တော်တို့ တွေ့လာရတယ်။ TNLA အနေနဲ့ တရုတ်ရဲ့ ကြားဝင်မှုကြောင့် ကိုယ့်ရဲ့ နယ်ထဲမှာ ဗမာလူမျိုးစု လက်နက်ကိုင်တွေကို ဆက်ပြီးတော့ လက်ခံမထားနိုင်တော့တဲ့ အခြေအနေကို ရောက်လာတာလား။
ဗိုလ်ချုပ် တားဘုန်းကျော်။ ။ ဟုတ်ကဲ့ပါ။ ကျွန်တော်မြင်တယ်။ ဖိအားကတော့ နဂိုကတည်းကလည်းရှိတယ်။ ပြင်းပြင်းထန်ထန်ရှိတယ်။ ပုံစံအမျိုးမျိုးနဲ့ရှိနေတယ်။ စကစဘက်က ဖိအား၊ တရုတ်အစိုးရရဲ့ ဖိအား နဂိုကတည်းက ကျွန်တော်တို့အပေါ် တောက်လျှောက်ရှိနေတယ်။
၂၀၁၄ - ၁၅ - ၁၆ - ၁၇ - ၁၈ - ၁၉(ခုနှစ်)ကတည်းက၊ ပြီးတော့ ၁၀၂၇ စစ်ဆင်ရေးလုပ်တဲ့အချိန်မှာ ဖိအားတွေက ပိုပြီးကြီးလာတယ်။ အဲဒီလို အနေအထားတော့ရှိပါတယ်။ အဲဒီလိုဖိအားတွေကိုလည်း ကျွန်တော်တို့ ညီနောင်သုံးဖွဲ့စလုံးနဲ့ တခြား KIA (ကချင်လွတ်လပ်ရေးတပ်) တို့ "ဝ" (UWSA)အဖွဲ့အစည်းတို့ SSPP(ရှမ်းပြည်တိုးတက်ရေးပါတီ) တို့ မိုင်းလားအဖွဲ့အစည်းတို့ ဒီလိုတွေ ဖိအားတွေ အတူတူပဲရှိပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့က ၁၀၂၇ စစ်ဆင်ရေးကို အဓိကဦးဆောင်ပြီး အကောင်အထည်ဖော်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဖိအားကတော့ တခြားအဖွဲ့ထက်တော့ ပိုပြီးဆိုးတာပေါ့။ ကိုးကန့်ကတော့ ဖိအားက ကျွန်တော်တို့ထက် တစ်မျိုးတစ်ဖုံ ပိုပြီးပြင်းကောင်းပြင်းနိုင်ပါတယ်။
ဒါပေမဲ့လည်း ခုနကပြောသလို ဒီလိုတော်လှန်ရေးကာလ ဒီလိုအခြေအနေမှာ ဒီလိုဖိအားတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲ။ အကောင်းဆုံး ဘယ်လိုဖြေရှင်းကြမလဲ။ ဆုံးရှုံးနေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအားလုံး ကျွန်တော်တို့ပျောက်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု အဲဒါတွေ အကောင်အထည်ဖော်ဖို့က ကျွန်တော်တို့ ၃ ဖွဲ့ကြားထဲတင် မကဘဲ ကျွန်တော်တို့ FPNCC (ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ)က ကျန်တဲ့အဖွဲ့အစည်းတွေရော၊ ထိစပ်နေတဲ့ ကချင် ပြီးတော့ ထိစပ်နေတဲ့ တခြားလက်နက်ကိုင်အဖွဲ့အစည်း၊ တောင်ပိုင်းမှာ ရှိတဲ့အဖွဲ့အစည်း အတတ်နိုင်ဆုံးတော့ ကျွန်တော်တို့ဟန်ချက်ညီအောင်တော့ အချင်းချင်း ဆက်သွယ်ညှိနှိုင်းပြီးတော့မှ ဒါကို ရင်ဆိုင်ကျော်ဖြတ်ဖို့ရှိပါတယ်။
အလားတူ နွေဦးတော်လှန်ရေးနဲ့ ပေါက်ဖွားလာတဲ့ ရဲဘော်တွေလည်း ဒီလိုပါပဲ။ ကျွန်တော်တို့အနေနဲ့ ဒါက မပြီးဆုံးသေးတဲ့ တော်လှန်ရေးကို အဆုံးစွန်ထိရောက်အောင် ကျွန်တော်တို့ ရည်မှန်းချက်အထိရောက်အောင်တော့ ပုံစံအမျိုးမျိုးနဲ့ ဆောင်ရွက်ရမယ့် အနေအထားဖြစ်ပါတယ်။
ဘီဘီစီ။ ။ ဟုတ်ကဲ့။ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားမှာ ထိန်းချုပ်မြေ အငြင်းပွားတဲ့ ကိစ္စတွေပေါ့လေ။ တကယ်မြေပြင်မှာရှိတဲ့ ရဲဘော်တွေကြားထဲမှာ ဖြစ်နေတာ တွေ့ရတာရှိတယ်။ အထူးသဖြင့် KIA နဲ့ TNLA ကြားမှာပေါ့လေ။ သူတို့ကြားက ခေါင်းဆောင်အဆင့်မှာရော ဒီကိစ္စက ရေရှည်ဖြေရှင်းဖို့ ဘယ်လိုစဉ်းစားထားတာမျိုးရှိလဲ၊ ပြင်ဆင်နေကြပြီလား။
ဗိုလ်ချုပ် တားဘုန်းကျော်။ ။ ဟုတ်ကဲ့ပါ၊ ကျွန်တော်တို့ အဖွဲ့ထဲမှာကတော့ မဟာမိတ်ဆက်ဆံရေး အသီးသီးရှိကြပါတယ်။ မဟာမိတ်ဆက်ဆံရေးအသီးသီးကတော့ ဒီလိုထိတွေ့ဆက်ဆံတဲ့ဆက်ဆံရေး အတတ်နိုင်ဆုံး ကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်အောင်တော့ ကြိုးပမ်းဆောင်ရွက်နေတယ်။
နှစ်ဖက်စလုံးက သွားလာလှုပ်ရှားမှုလည်း နည်းနည်းခက်တော့ ခေါင်းဆောင်ပိုင်း ထိတွေ့ဆက်ဆံရတဲ့ အနေအထားမျိုးတော့မရှိဘူး။ အစည်းအဝေးတွေ မလုပ်နိုင်ဘူး။ ဒီအောက်ခြေမှာ ဒီလိုတွေ ပြဿနာတွေဖြစ်နေတယ်။ ဒါကရှင်းဖို့လိုတယ်။
ပြဿနာဒီထက်မကြီးသွားဖို့ ကျွန်တော်တို့ ဆောင်ရွက်ဖို့ လိုတယ်ဆိုတာက ကျွန်တော်တို့ရော တစ်ဖက်ခေါင်းဆောင်တွေရော ကျန်တဲ့ ဥပမာ ကျွန်တော်တို့အချင်းချင်း ဒီလိုပါပဲ။ တော်လှန်ရေးအရှိန်က တအားမြင့်လာတဲ့ အနေအထားဖြစ်တော့ ကချင်ဘက်မှာရော၊ ကိုးကန့်ဘက်မှာရော ကိုးကန့်နဲ့ ကချင်ကြားရော စသဖြင့်ပေါ့။
SSPP နဲ့ ကျွန်တော်တို့ကြားထဲမှာရော နယ်မြေအငြင်းပွားမှု ပြဿနာတွေရှိတယ်။ အောက်ခြေမှာ တချို့ ရဲဘော်တွေက လက်တွေ့ဆောင်ရွက်တဲ့ အနေအထားဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အပေါ်မှာမူအရ ဖြေရှင်းချက် ကောင်းကောင်းမွန်မွန်မရသေးတော့ ပြဿနာတွေရှိနေတယ်။
အဲဒီအခြေအနေ ဒီထက်ပိုဆိုးရွားမသွားအောင်လည်း ဘယ်လိုထိန်းညှိရမလဲ၊ ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ အားလုံးသဘောပေါက်တယ်။ အဲဒီအတွက် ကျွန်တော်တို့ အမြော်အမြင်ရှိရှိ ဒီကိစ္စကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်မယ်။ တစ်နေ့ကျရင် မလွဲမသွေ သေချာတွေ့ဆုံ၊ စကားပြောပြီး ဖြေရှင်းရမယ်ဆိုတာ အားလုံးပြင်ဆင်မှုတွေလည်းရှိနိုင်တယ်။ အဲဒီလိုလည်း ကျွန်တော်တို့ လုပ်ဆောင်သွားဖို့ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA
ဘီဘီစီ။ ။ ထိန်းချုပ်မြေလို့ ပြောတဲ့အခါမှာ ပိုပြီးကျယ်ပြန့်တဲ့သဘောတရားကတော့ တအာင်းလူမျိုးနဲ့ ဆိုင်တဲ့မြေဆိုတာ ဘာလဲဆိုတာ သတ်မှတ်ရေးဆိုတာ ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဆိုတော့… အခုလိုမျိုး အချိန်မှာပေါ့လေ စစ်ရေးနည်းနာနဲ့ နယ်မြေတွေကို ထိန်းချုပ်လာတယ်ဆိုတော့ တအာင်းနဲ့ သက်ဆိုင်တဲ့မြေ၊ တအာင်းတွေ ထိန်းချုပ်ပြီးတော့ ကိုင်တွယ်ရမယ့်မြေဆိုပြီးတော့ ဗိုလ်ချုပ်တို့ဘက်က ရည်မှန်းချက်ချထားတဲ့ နယ်ပယ်တွေရှိလား။
ဗိုလ်ချုပ် တားဘုန်းကျော်။ ။ ကျွန်တော်တို့ အဖွဲ့အစည်းက ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးဖြစ်ပါတယ်။ ပလောင်(တအာင်း) လူမျိုးပေါ့။ တအာင်းလူမျိုးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ၊ တန်းတူညီတူ အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့နဲ့သက်ဆိုင်တဲ့နယ်မြေဒေသတစ်ခုတော့ လိုတယ်။ ကျွန်တော်တို့ ပြည်နယ်တစ်ခုလုံး၊ ဒါကျွန်တော်တို့ရဲ့ အန္တိမ ရည်မှန်းချက်၊ တော်လှန်ရေးလုပ်ရတဲ့ အဓိက ရည်မှန်းချက်ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့က သေချာတယ်။ ဒီပြည်ထောင်စုမြန်မာနိုင်ငံမှာ ကျွန်တော်တို့က တအာင်းပြည်နယ်ဆိုတာ၊ ပလောင်ပြည်နယ်ဆိုတာ မလွဲမသွေ ရရှိပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီကနေ့ နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ အခြေအနေမှာကတော့ ရဲဘော်ရဲဘက်အားလုံး၊ ပြည်သူလူထုအားလုံးပူးပေါင်းဆောင်ရွက်မှုနဲ့ ကျွန်တော်တို့ တော်လှန်ရေးဆောင်ရွက်တဲ့ အခြေအနေတွေကြားမှာတော့ ဒီအခုရှိတဲ့မြို့တွေကို တော်လှန်ပြီး စစ်ကောင်စီကို ဖယ်ရှားရတာဖြစ်ပါတယ်။
စစ်ကောင်စီကို ဖယ်ရှားတော့ အခုဆိုရင် မြို့ကြီး ၁၀ မြို့ပေါ့။ အဲဒီမှာ ကျန်တဲ့ မြို့အသေးလေးတွေလည်းရှိပါတယ်။ စစ်ကောင်စီကို ဖယ်ရှားပြီးသွားပြီဆိုတော့ ဒါကို ကျွန်တော်တို့က ပြည်သူလူထုရဲ့ စားဝတ်နေရေး၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ် လုံခြုံရေးအရ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ သိပ်ရှုပ်ထွေးနေတဲ့အခြေအနေမှာ အဖွဲ့အစည်းပေါင်းစုံနဲ့လည်း အုပ်ချုပ်ဖို့က မဖြစ်နိုင်ပါဘူး။
ဒါကြောင့်မို့ ကျွန်တော်တို့ အဖွဲ့အစည်းက တော်လှန်ရေး တာဝန်ရှိမှုအရ မြို့တွေကို စနစ်ကျ စီမံအုပ်ချုပ်ဖို့ တာဝန်ရှိပါတယ်။ တကယ်လို့ ကျွန်တော်တို့က မြန်မာနိုင်ငံတစ်ခုလုံးက ဒီတော်လှန်ရေးက အုပ်ချုပ်မှုတွေ အားကောင်းလာပြီဆိုရင်တော့ အဲဒီကနေတဆင့် ခုနကပြောတဲ့ လေကြောင်းစစ်ဆင်ရေးတွေ တခြားဟာတွေ မရှိတော့ဘူးဆိုရင်တော့ ကြားကာလမှာ အသွင်ကူးပြောင်းရေးအစိုးရ၊ ပြည်သူလူထုအနေနဲ့ တကယ်ကို ကိုယ်တိုင်ပါနိုင်တဲ့ အစိုးရပုံစံ ကျွန်တော်တို့ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
ခုနပြောတဲ့ တအာင်းပြည်နယ် နယ်မြေအနေအထား ဘယ်အထိကျယ်မယ်၊ ဘယ်လောက်အထိပါမယ် ဆိုတဲ့ကိစ္စကတော့ ကျွန်တော်မြင်တယ်၊ ဒါက တစ်ချိန်မှာ နိုင်ငံရေးအရေ စကားပြောရမယ့်ကိစ္စဖြစ်တယ်။ ဒါပေမဲ့ လက်တွေ့တော်လှန်ရေးအခြေအနေအရတော့ ဒီနယ်မြေတွေကိုတော့ ကျွန်တော်တို့က ဦးဆောင်ပြီးတော့မှ စစ်ကောင်စီကိုဖယ်ရှားထားတာဆိုတော့ ပြည်သူလူထုရဲ့ အသက်စည်းစိမ် အိုးအိမ်လုံခြုံရေးသည် ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ အကောင်းဆုံး အုပ်ချုပ်သွားဖို့တာဝန်ရှိပါတယ်။
ဘီဘီစီ။ ။ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ TNLA တွေ ထိန်းချုပ်လိုက်တဲ့ မြို့ကြီး ၁၀ မြို့နဲ့ တခြား မြို့ရွာတွေကတော့ တအာင်းလူမျိုးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ နယ်မြေအနေနဲ့ TNLA ဘက်က ကိုင်စွဲထားလားခင်ဗျ။
ဗိုလ်ချုပ် တားဘုန်းကျော်။ ။ အခုနယ်မြေတွေမှာက တအာင်းလူမျိုးတွေလည်း တော်တော်များများနေပါတယ်။ ဒါပေမဲ့ တချို့မြို့တွေမှာကတော့ ရှမ်းလူမျိုးတွေ တော်တော်များများနေတယ်။ ခေတ်ကာလတွေလည်း အများကြီးပြောင်းလာတော့ အုပ်ချုပ်မှု ယန္တရားတွေအများကြီး ဒီလိုဖြစ်လာတဲ့အနေအထားမို့ လူမျိုးတွေလည်း တော်တော်စုံပါတယ်။ သေချာတာကတော့ ကျွန်တော်တို့ တအာင်း(ပလောင်)လူမျိုးက အခုကျွန်တော်တို့ ထိန်းထားတဲ့ ၁၀ မြို့စလုံးမှာရှိပါတယ်။ ကျန်တဲ့ တခြားမြို့တွေမှာလည်းရှိပါတယ်။ ဒါက မြန်မာနိုင်ငံရဲ့ ဖြစ်နေတဲ့လူမျိုး ပျံ့နှံ့နေထိုင်မှု သဘောသဘာဝအရ ဒီလိုအခြေအနေရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA
ဘီဘီစီ။ ။ လာမယ့်နှစ်သစ်မှာ မြန်မာနိုင်ငံထဲမှာရှိတဲ့ စစ်ရေး၊ နိုင်ငံရေးလားရာက ဘာဖြစ်မယ်လို့ ဗိုလ်ချုပ်အနေနဲ့ မျှော်လင့်ထားလဲ။ အခုလက်ရှိ တရုတ်ရဲ့ အပစ်ရပ်စေချင်တဲ့ ဆန္ဒက သူတို့ ဖိဖိစီးစီးပြောလာပြီးတော့ ကြားဝင်လာတာရှိနေပြီဆိုတော့ တွေ့ဆုံဆွေးနွေးရေးနဲ့ စစ်ရပ်ဆဲမယ့်ဘက်ကိုပဲ ပိုပြီးတော့ အားပါသွားမလား၊ လက်နက်ကိုင် ပဋိပက္ခရဲ့ ဦးတည်ရာက ဘာဖြစ်မယ်လို့ မြင်နေရလဲ။
ဗိုလ်ချုပ် တားဘုန်းကျော်။ ။ မြန်မာနိုင်ငံရဲ့ အခြေအနေကတော့ တော်တော်လေးကို ခန့်မှန်းရခက်တဲ့ အနေအထားဖြစ်ပါတယ်။ ကျွန်တော်တို့ ပြဿနာတွေက နှစ်ပေါင်းများစွာကြာလာတယ်။ နှစ်ပေါင်း ၆၀၊ ၇၀ ကြာလာတဲ့ ပြည်တွင်းစစ်ကြီးဖြစ်တဲ့အတွက်ကြောင့် တစ်ခါတည်း အမြန်ဆုံးဆုံးဖြတ်ဖို့ တော်တော်လေးခက်ခဲတဲ့ အနေအထားတော့ဖြစ်တယ်။
ပြီးတော့ တရုတ်နိုင်ငံကလည်း တရုတ်ရဲ့အကျိုးစီးပွား၊ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးအမျှော်အမြင်နဲ့ ချဉ်းကပ်မှုတွေနဲ့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့် တရုတ်နဲ့ ထိစပ်နေတဲ့ အနေအထားဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ဆက်ဆံရေးမပျက်အောင်လည်း ကြိုးပမ်းဆောင်ရွက်တဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့် တချို့ ကျွန်တော်တို့ ဖြစ်ချင်တဲ့ဆန္ဒအပြည့်အဝတော့ ဖြစ်ဖို့တော့ တော်တော်လေးတော့ ခက်ပါတယ်။
ထပ်ရင်ဆိုင်ရမယ့် နိုင်ငံရေးအခင်းအကျင်း ၂၀၂၅ ကတော့ ကျွန်တော်တို့ မြင်တာ အခက်အခဲပေါင်းစုံတော့ ထပ်ရှိနေသေးတယ်၊ ထပ်ရင်ဆိုင်ရဦးမယ်။ အခု တော်လှန်ရေးမျိုးဆက်တွေက လိမ္မာပါးနပ်မှုရှိစွာနဲ့ ကျွန်တော်တို့ လိုချင်တဲ့ တော်လှန်ရေးရည်မှန်းချက်ကို ရောက်အောင်လို့ ချီတက်နိုင်လိမ့်မယ်လို့ မြင်ပါတယ်။
ကျွန်တော်တို့နဲ့ ထိစပ်နေတဲ့ အိမ်နီးချင်းတရုတ်နိုင်ငံကလည်း ကျွန်တော်တို့ရဲ့ တော်လှန်ရေးအပေါ် သိမြင်နားလည်စာနာလာပြီးတော့မှ တရုတ်ရဲ့ အကျိုးစီးပွားလည်း သူတို့လိုချင်တဲ့အကျိုးစီးပွားလက်တွေ့ကျတဲ့ဟာတွေလည်း ဖြစ်လာနိုင်အောင် နည်းလမ်းရှာသွားနိုင်မယ့် အခင်းအကျင်းတွေ ကျွန်တော်တို့ ဖော်ဆောင်ဖို့လိုတယ်။
ကျွန်တော်တို့အနေနဲ့လည်း ဒီပြည်တွင်းစစ်ကြီး အဆုံးသတ်ပြီးတော့မှ ဒီတိုင်းပြည်ကို တကယ် ဖက်ဒရယ်ပြည်ထောင်စု၊ ဒီမိုကရေစီ လူ့အခွင့်အရေး တကယ်ပြည့်ဝတဲ့နိုင်ငံအဖြစ် တည်ဆောက်နိုင်မယ့်အနေအထားကတော့ တော်လှန်ရေးအမြင့်ဆုံးရေချိန်ကို ရောက်ပြီလို့ မြင်ပါတယ်။
ကျွန်တော်တို့က သက်ဆိုင်ရာ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေအားလုံး ပြီးတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးအခင်းအကျင်းမှာပါတဲ့ခေါင်းဆောင်တွေ၊ အစုအဖွဲ့တွေအားလုံးက တော်လှန်ရေးသတိရှိရှိ၊ တော်လှန်ရေးအမြင်ရှိရှိနဲ့ ဆောင်ရွက်မယ်ဆိုရင်တော့ ပြည်သူလူထုအတွက် အကောင်းဆုံးအဖြေရလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။
ဘီဘီစီက TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကို ဒီဇင်ဘာလ ပထမသီတင်းပတ်မှာ ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။












