“ကျွန်တော်တို့ အကောင်အထည်ဖော်နေတာ အာဏာရှင်စနစ်ရဲ့ ပင်မရေသောက်မြစ်ကို အမြစ်ဖြတ်တဲ့စစ်ဆင်ရေးဖြစ်တယ်” - ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်

ကချင်လွတ်လပ်ရေးကောင်စီ (KIC)ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကချင်လွတ်လပ်ရေးကောင်စီ (KIC)ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်

ကချင်ပြည်နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်(KIA)ရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေ ပိုတိုးလာသလို တရုတ်ဖိအားကိုလည်း ရင်ဆိုင်နေရပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ကေအိုင်အေထိုးစစ်နဲ့ တရုတ်ဖိအားက ကချင်အထူးဒေသ(၁)ကြောင့် အဓိကဖြစ်ပေါ်လာတာပါ။

တချိန်တည်းမှာပဲ ပင်မအမြစ်ဖြတ်စစ်ဆင်ရေးကို KIA က ပြင်ဆင်လာပါတယ်။ KIA ရဲ့ ပင်မအမြစ်ဖြတ် စစ်ဆင်ရေးဆိုတာ ဘယ်လိုအဓိပ္ပါယ်ဆောင်ပါသလဲ၊ မန္တလေး၊ နေပြည်တော်လို စစ်ကောင်စီရဲ့ အထိုင်ချထားတဲ့အဓိကမြို့ကြီးတွေအထိ စစ်ရေးရည်မှန်းချက်တွေ ရှိနေတာပါလား။

တဖက်မှာလည်း နွေဦးတော်လှန်ရေးအပေါ် ကေအိုင်အေရဲ့သဘောထားနဲ့ မဟာမိတ်ဆက်ဆံရေးတွေအကြောင်းအပါအဝင် မြန်မာ့စစ်တပ်ရဲ့ လက်ရှိစစ်အင်အားကို KIA အနေနဲ့ ဘယ်လိုဆန်းစစ်ထားပါသလဲ။

မြန်မာပဋိပက္ခ အဆုံးသတ်နိုင်ဖို့ KIA ရဲ့ အဖြေထုတ်စဥ်းစားချက်က ဘယ်လိုမျိုးပါလဲ ... စတဲ့ မေးခွန်းတွေကို KIO/KIA ရဲ့ မူဝါဒတွေကို အကောင်အထည်ဖော် အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ(KIC)ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကို ဘီဘီစီသတင်းထောက် ကိုမင်းသစ်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဘီဘီစီ။ ။ မင်္ဂလာပါ ... ခင်ဗျာ။ ကျွန်တော်တို့ရဲ့ မေးမြန်းခန်းကို လက်ရှိစစ်ရေး အခြေအနေတွေနဲ့ပဲ စလိုက်ချင်ပါတယ်။ နှစ်ပေါင်း ၃၀ နီးပါး ကချင်အထူးဒေသ(၁) ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း ထိန်းချုပ်ထားတဲ့ ပန်ဝါဗဟို စစ်ဌာနချုပ်ကို (KIA) က တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးနောက် နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတယ်လို့ ကျွန်တော်တို့သိရှိထားပါတယ်။

ဒီတော့ ပန်ဝါဒေသအပါအဝင် KIA အနေနဲ့ ကချင်အထူးဒေသ(၁) ဒေသကို သိမ်းပိုက်ဖို့ဖြစ်လာရတဲ့ နောက်ခံအကြောင်းအရင်းကို ဘယ်လိုများရှင်းပြပေးနိုင်မလဲ။

ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်။ ။ ကျွန်တော် ၂ ပိုင်းခွဲပြီးရှင်းပြချင်ပါတယ်။ NDA-K ဆိုတဲ့နာမည်နဲ့ စပြီး အခြေချဖို့စဥ်းစားတဲ့အခါမှာ ကျွန်တော်တို့ KIO ဗဟိုကော်မတီနဲ့ ညှိနှိုင်းပြီးတော့မှ သဘောတူညီခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ အထူးဒေသ(၁)ဆိုပြီး ပြောင်းလဲလာတယ်။ နယ်ခြားစောင့်တပ်(BGF) ပေါ်လာတယ်။ ပြည်သူ့စစ်ဆိုပြီး ထပ်မံဖွဲ့စည်းလာတာ ဖြစ်ပါတယ်။ NDA-K ခေတ်မှာ ကျွန်တော်တို့ တိုက်ပွဲ မရှိခဲ့ပါဘူး။ ကျွန်တော်တို့ ပူးတွဲစစ်ဆင်ရေးတွေ လုပ်ခဲ့ကြတယ်။ အင်ဂျန်းယန်မြို့နယ်ကို တိုက်တုန်းက NDA-K နဲ့ KIA ပူးတွဲစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တကျော့ပြန်စစ်ပွဲတွေဖြစ်လာတဲ့အခါမှာတော့ BGF တွေက ကချင်ပြည်နယ်မှာရှိတဲ့ မြန်မာ့တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ ပါလာတယ်။ ကျွန်တော်တို့ကတော့ ပြန်လည်ပေါင်းစည်းရေးနဲ့ အနာဂတ်နိုင်ငံရေးစုဖွဲ့မှုမှာ တစ်ဖက်ထဲမှာ ရပ်တည်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။ NDA-K၊ KDA၊ KIO ဆိုပြီး “ကေ ၃ ကေ” ဆွေးနွေးရေးတွေ လုပ်ခဲ့တယ်။

မနှစ်ကလည်း ကျွန်တော်တို့က ပြည်သူ့စစ်၊ BGF တွေကို ကျွန်တော်တို့နဲ့ အတူရပ်တည်ဖို့ဆိုပြီး ကမ်းလှမ်းတာတွေ လုပ်ပါတယ်။ အဲလိုကမ်းလှမ်းချက်တွေလုပ်နေရင်းမှာပဲ စစ်မိန့်ထုတ်လာတာကို ကျွန်တော်တို့ တွေ့ရတယ်။ အဲဒီနောက်ပိုင်းမှာတော့ စစ်ရေးပြင်ဆင်မှုတွေ လုပ်လာတယ်။

မြန်မာ့တပ်မတော်နဲ့တိုက်တဲ့ တိုက်ပွဲမဟုတ်ပဲ၊ ပြည်သူ့စစ် BGF ပဲပါတဲ့အဖွဲ့နဲ့ ကျွန်တော်တို့ တိုက်ပွဲတွေ တဖြေးဖြေး ဖြစ်လာတယ်။ ဒါကြောင့် ဒီဒေသကို နယ်မြေစိုးမိုးရေးရနိုင်ဖို့အတွက်ဆိုပြီး တိုက်ပွဲတွေဆင်နွှဲလာရတာ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ ပန်ဝါဒေသကို KIA ထိန်းချုပ်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံက နယ်စပ်ဂိတ်တွေ ပိတ်လိုက်တာတွေ့ရပါတယ်။ အဲဒီအခြေအနေတွေက KIA အတွက်ဘယ်လောက်အထိ စိန်ခေါ်မှုကြီးတယ်လို့ပြောလို့ပါသလဲ။ တရုတ်နိုင်ငံနဲ့ ဗိုလ်ချုပ်ကြီးတို့ ဆွေးနွေးမှုတွေ လုပ်သွားဖို့ရော ရှိပါသလား။

ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်။ ။ အရင်ထဲက ဂိတ်ဖွင့်ထားတယ်ဆိုပေမဲ့ ကျွန်တော်တို့ဘက်ကနေ လွတ်လွတ်လပ်လပ်သွားလာနိုင်တဲ့ အနေအထားမျိုးတော့ မဟုတ်ပါဘူး။ လိုအပ်ချက်အရ ဂိတ်ဖွင့်ထားပြီးမှ အပြန်အလှန် ခွင့်တောင်းပြီး အဝင်အထွက်လုပ်တဲ့သဘောမျိုးဖြစ်ပါတယ်။ အခုကတော့ ပိတ်လိုက်တဲ့သဘောဖြစ်တာပေါ့။

အဲတော့ KIO အတွက်က အခက်အခဲရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ဒေသခံတွေနဲ့ ပြည်သူလူထုအတွက်ကတော့ အစစအရာရာ ပိုပြီးခက်ခဲပါတယ်။ ကျွန်တော်တို့ ဒီကိစ္စကို ဆွေးနွေးဖို့ အခြေအနေမပေးသေးပါဘူး။ ကျွန်တော်တို့လည်း အခြေအနေကို သုံးသပ်နေပါတယ်။

သူတို့(တရုတ်) ဘက်ကလည်း ပိတ်တယ်ဆိုတာ တရားဝင်ကြေငြာပြီးပိတ်တာမျိုး မဟုတ်ဘူး။ ဒါပေမဲ့လည်း ပိတ်လိုက်တယ်။ အဝင်အထွက်တွေ လုပ်လို့မရဘူး။ သူတို့ ဂိတ်တွေ ပြင်မယ်၊ လမ်းတွေပြင်မယ်ဆိုတဲ့ အနေထားမျိုးဖြစ်တော့ ကျွန်တော်တို့က အခြေအနေကို စောင့်ကြည့်နေစဲဖြစ်ပါတယ်။ ဆွေးနွေးဖို့ကမ်းလှမ်းထားတဲ့ အဆင့်တွေမရောက်သေးပါဘူး။

KIA တပ်ဖွဲ့ဝင်တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, KIA တပ်ဖွဲ့ဝင်တစ်ဦး

ဘီဘီစီ။ ။ မကြာသေးခင်က KIO ခေါင်းဆောင်ပိုင်းတွေနဲ့ တရုတ်အစိုးရကိုယ်စားလှယ်တွေ တွေ့ဆုံတာတွေရှိခဲ့တယ်လို့ ကျွန်တော်တို့ သိထားပါတယ်။ တရုတ်ဘက်က ဘာတွေကို အဓိကထား ဆွေးနွေးခဲ့တာမျိုးရှိပါသလဲ။ KIO ဘက်ကကော တရုတ်ရဲ့သဘောထားကို ဘယ်လိုတုံ့ပြန်ခဲ့ပါသလဲ။

ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်။ ။ တွေ့ဆုံဆွေးနွေးပွဲတွေကတော့ ကျွန်တော်တို့ မကြာခဏရှိပါတယ်။ သာမန် အချိန်မှာတောင်၂ လ ၁ ကြိမ်၊ ၃ လ ၁ကြိမ်လောက် တွေ့ပါတယ်။ တိုက်ပွဲတွေ ပိုပြီးများလာတဲ့အခါမှာတော့ ၁ လထဲမှာတင် ၂ ကြိမ်လောက် တွေ့တာရှိပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ၂ ကြိမ်လောက် တွေ့ပါတယ်။

တရုတ်အစိုးရရဲ့လိုအပ်ချက် ဆန္ဒကတော့ နယ်စပ်ဒေသတည်ငြိမ်ရေး ဖြစ်ပါတယ်။ နောက်တစ်ခုက သူတို့ နည်းနည်းလေးပိုပြီး တစ်လှမ်းတိုးလာတာက မြန်မာနိုင်ငံမြောက်ပိုင်းဒေသတစ်ခုလုံးမှာ တိုက်ပွဲတွေ မရှိစေချင်ဘူးဆိုတဲ့သဘော ဖြစ်ပါတယ်။ ဒါကို သူတို့ အမြဲတမ်းဆွေးနွေးလေ့ရှိပါတယ်။ နောက်ပြီး ကျွန်တော်တို့ကို မေးတာက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲပြင်ဆင်မှုအပေါ်မှာ ဘယ်လိုသဘောထားလဲ၊ ဘယ်လိုပါဝင်နိုင်မလဲဆိုတာ ဖြစ်ပါတယ်။

ကျွန်တော်တို့က နယ်စပ်တည်ငြိမ်ရေး၊ မြန်မာနိုင်ငံ‌မြောက်ပိုင်း တစ်ခုလုံးရဲ့ တည်ငြိမ်ရေးကို လက်ခံနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို အဓိကထားတာဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ ရှောင်လွဲလို့မရတဲ့ တိုက်ပွဲတွေကို ဆင်နွှဲနေရတယ်။ တချို့တိုက်ပွဲတွေက မမျှော်လင့်ပဲ ကျယ်ပြန့်သွားတာမျိုးရှိပါတယ်။

တရုတ်အစိုးကပြောတဲ့တည်ငြိမ်ရေးကို မူအရ လက်ခံနိုင်သော်လည်းပဲ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး အတွက်ဆိုရင် ရှောင်လွဲလို့ မရတဲ့တိုက်ပွဲတွေ တိုက်နေရတယ်ဆိုတာကို ကျွန်တော်တို့ပြန်ပြီး ရှင်းပြပါတယ်။

ဘီဘီစီ။ ။ လက်ရှိအချိန်မှာ တရုတ်ရဲ့ ဖိအားက KIA အပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိပါလဲ။ KIA အနေနဲ့ကော စိုးရိမ်မှုရှိနေပါလား။

ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်။ ။ ဖိအားလို့ ပြောတဲ့ဟာကို ကျွန်တော်တို့ စဥ်းစားကြည့်တာပေါ့။ တရုတ်အစိုးရကလည်း သူဖြစ်စေချင်တဲ့ဟာကို ကျွန်တော်တို့ကို ပြောတာပေါ့။ ဒီပြောတဲ့ဟာကို ကျွန်တော်တို့ကို လိုက်ကိုလိုက်နာရမယ်ဆိုတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ဒီလိုဖြစ်ချင်တယ်ဆိုတာကိုတော့ အကြိမ်ကြိမ်အခါခါ ပြောတာပေါ့။ အဲဒါကို ဖိအားလို့ ကျွန်တော်တို့ မှတ်ယူမယ်ဆိုရင်တော့၊ ဒါကို ဖိအားလို့ ပြောလို့ရတာပေ့ါ။

အဲလိုမဟုတ်ဘူးဆိုရင်တော့ ဒါဟာ တရုတ်အစိုးရကတော့ ဒီလိုဆန္ဒရှိတယ်၊ ကျွန်တော်တို့ကတော့ ဒီလိုဖြစ်တယ် ဆိုရင်တော့ ဒါကိုဖိအားလို့ ပြောလို့မရဘူးပေါ့။ ဒါပေမဲ့ ခုနက ပြောသလိုပဲ နယ်စပ်တည်ငြိမ်ရေးမဖြစ်ရင် သူ့အနေနဲ့ ဂိတ်ပိတ်တယ် ဆိုတာတော့ ဒါဖိအားလို့ ပြောလို့ရတာပေါ့။

တကယ်တမ်း ကျွန်တော်တို့က လောလောဆယ်မှာ တိုက်ပွဲဖြစ်တယ်ဆိုတာ တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ ဖြစ်ပါတယ်။ နယ်စပ်တကြောမှာ ကျွန်တော်တို့ထိန်းချုပ်လိုက်လို့ရှိရင် တည်ငြိမ်အေးချမ်းမှုဖြစ်သွားမယ်၊ ရေရှည်မှာ တစ်နိုင်ငံလုံး တည်ငြိမ်ဖို့။ ပြီးရင် စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းဖို့ ကြိုးစားတာဖြစ်တယ်။

စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က အီလီထရောနစ် မဲရေတွက်စက်ကို ပြသနေပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီလက်ထက် ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အီလက်ထရောနစ် မဲရေတွက်စက်ကို ပြသနေပုံ

ဘီဘီစီ။ ။ ဒီနေရာမှာ တလက်စတည်း ကျွန်တော်မေးချင်တာက မြန်မာစစ်ခေါင်းဆောင်က လာမယ့်နှစ်မှာ လုပ်ဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအကြောင်းဖြစ်ပါတယ်။ တရုတ်ကလည်း ရွေးကောက်ပွဲကို ထောက်ခံတယ်လို့ ပေါ်ပေါ်တင်တင်ပဲ ပြောထားပါတယ်။ KIA နဲ့တရုတ် အစိုးကိုယ်စားလှယ်တွေ တွေ့ဆုံတဲ့နေရာမှာလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မေးမြန်းတယ်ဆိုတော့၊ စစ်ခေါင်းဆောင်လုပ်မယ့် ရွေးကောက်ပွဲအပေါ် KIA ရဲ့ သဘောထား ရပ်တည်ချက်က ဘယ်လိုများရှိပါသလဲ။

ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်။ ။ ရွေးကောက်ပွဲကတော့ အထူးတလည် ရှင်းပြစရာ သိပ်မရှိပါဘူး။ ၂ ကြိမ် ၃ ကြိမ်လောက်လည်း ကျွန်တော်တို့ ကြေညာချက်တွေ ထုတ်ထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒေသမှာတော့ လုပ်နိုင်စရာအကြောင်း မရှိပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲပြင်ဆင်နေတဲ့အပေါ်မှာတော့ ကျွန်တော်တို့ အောက်ခြေအဆင့်တွေကို တစုံတရာညွှန်ကြားပြီး ပိတ်ပင်တာမျိုးလည်း အခုထိ မလုပ်သေးပါဘူး။ ဘယ်လိုလုပ်လာမလဲဆိုတဲ့ခြေလှမ်းကိုတော့ စောင့်ကြည့်ရေးအဖွဲ့ထားပြီးတော့ အမြဲတမ်းစောင့်ကြည့်နေတာဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံအတွက် တစ်ချိန်ချိန်မှာ စစ်မှန်တဲ့ရွေးကောက်ပွဲရှိဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ လောလော ဆယ် ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကတော့ နိုင်ငံကောင်းကျိုးအတွက် ကောင်းမွန်တဲ့ ရလဒ်ဖော် ဆောင်နိုင်ဖို့ မမြင်ဘူးလို့ ကျွန်တော်တို့ ပြောချင်တယ်။ အခုပုံစံအတိုင်း တကယ်လုပ်မယ်ဆိုရင် ရွေးကောက်ပွဲလုပ်နိုင်တဲ့ဒေသမှာ နည်းပေါင်းစုံနဲ့ အနိုင်ရကောင်း ရနိုင်မှာပါ။ ဒါပေမဲ့ နိုင်ငံရေးသိက္ခာ၊ နိုင်ငံရေးအရှုံးကတော့ ထင်သာမြင်သာ ဖြစ်မယ်ထင်ပါတယ်။

၂၀၁၆ ခုနှစ် က မိုင်ဂျာယန်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာတွေ့ရတဲ့ တရုတ်အထူးသံနဲ့ KIA ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၆ ခုနှစ်က မိုင်ဂျာယန်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာတွေ့ရတဲ့ တရုတ်အထူးသံနဲ့ KIA ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်

ဘီဘီစီ။ ။ လက်ရှိ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီးဆက်မေးချင်ပါတယ်။ ထိုင်းနိုင်ငံမှာလုပ်တဲ့ လန်ချန်း-မဲခေါင်အစည်းအဝေးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနဲ့ ပြည်တွင်းစစ် ဖြစ်ပွားလို့ မရဘူး၊ အာဆီယံမိသားစုလမ်းကြောင်းကနေ မြန်မာနိုင်ငံ ကင်းကွာသွားလို့မရဘူး၊ ပြင်ပအင်အားစုတွေ ထင်သလိုစိမ့်ဝင် ဝင်ရောက်စွက်ဖက်တာကို ခွင့်မပြုဘူးဆိုပြီး မြန်မာနဲ့ ပတ်သက်ပြီး တရုတ်ကချတဲ့ စည်း ၃ စည်း ဆိုပြီးထုတ်ပြောပါတယ်။

တရုတ်ရဲ့ စည်း ၃ စည်း အပေါ် KIO/KIA က ဘယ်လိုရှုမြင်သဘောထားပါလဲ။

ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်။ ။ စည်း ၃ စည်းမှာ စည်း ၂ ကတော့ လက်ခံနိုင်ဖွယ် ပြောလိုရတာပေါ့။ ဒါပေမဲ့နောက်တစ်ခုဖြစ်တဲ့ ပြင်ပအင်အားစုများဆိုတဲ့ စကားလုံးကတော့ စဥ်းစားစရာရှိပါတယ်။ အဲဒီတော့ ပြင်ပအင်အားစုတွေအနေနဲ့ ဝင်ပြီး စွက်ဖက်တာမျိုးမဟုတ်ဘဲနဲ့ ဝင်ပြီးကူညီဖို့လိုတယ်လို့ ကျွန်တော်တို့က မြင်ပါတယ်။ ပြင်ပအင်အားစုလို့ ပြောတဲ့အခါမှာ နိုင်ငံတကာလည်းပါမယ်။ အိမ်နီးချင်းတွေလည်း ပါမယ်။ အဲဒီတော့ ဝင်ရောက်စွက်ဖက်တာမျိုးမဟုတ်ဘဲနဲ့ ကူညီတဲ့သဘောမျိုးဖြစ်စေချင်ပါတယ်။

တိုက်ပွဲတွေမရှိဘူးဆိုတာ ကောင်းပါတယ်။ အာဆီယံအသိုက်အဝန်းက ဆိုတာလည်း တကယ်မှန်မှန်ကန်ကန်ကူညီမယ်ဆိုရင် လက်မခံနိုင်စရာအကြောင်း မရှိပါဘူး။ ဒါပေမဲ့ နိုင်ငံတကာပဲဖြစ်ဖြစ်၊ အိမ်နီးချင်းကပဲဖြစ်ဖြစ် ဝင်ရောက်စွက်ဖက်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ တကယ့်ကို ကူညီတဲ့အနေအထားမျိုးဖြစ်သင့်တယ်လို့ ကျွန်တော်တို့က ဒီ စည်း ၃ စည်း အပေါ်မှာ ယူဆချက်ကို ပြောချင်ပါတယ်။

ဘီဘီစီ။ ။ ပြီးခဲ့တဲ့ရက်ပိုင်းကလုပ်တဲ့ KIO/KIA ထူထောင်တဲ့ ၆၄ နှစ်မြောက်အခမ်းအနားမှာ ပင်မအမြစ်ဖြတ် စစ်ဆင်ရေး ဦးဆောင်ကော်မတီဖွဲ့စည်းထားတယ်လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက မိန့်ခွန်း ထဲမှာပြောခဲ့ပါတယ်။ အဲဒီကော်မတီအကြောင်း ဗိုလ်ချုပ်ကြီး ဘယ်လိုရှင်းပြပေးနိုင်မလဲ။ ပင်မအမြစ်ဖြတ်စစ်ဆင်ရေးဆို စစ်ကောင်စီအခြေစိုက်ထားတဲ့ နေပြည်တော်လို၊ မန္တလေးလို နေရာမျိုးအထိ တိုက်ခိုက်သိမ်းပိုက်ဖို့ စစ်ရေးရည်မှန်းချက်ထား ရှိတာမျိုးလား။

ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်။ ။ စစ်ဆင်ရေးတိုင်းမှာ နာမည်ရှိပါတယ်။ ဒီတစ်ကြိမ် ကျွန်တော်တို့အကောင် အထည်ဖော်နေတဲ့ စစ်ဆင်ရေးရဲ့ နာမည်ဖြစ်ပါတယ်။ ပင်မ ဒါမှမဟုတ် ရေသောက်မြစ်ကို ဖြတ်တောက်နိုင်ရေးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ အာဏာရှင်စနစ်ရဲ့ ပင်မရေသောက်မြစ်ကို အမြစ်ဖြတ်နိုင်ဖို့ ဖြစ်ပါတယ်။ အဓိကကတော့ အာဏာရှင်စနစ်ဆိုတာကို ညွှန်းတာဖြစ်ပါတယ်။

ဘီဘီစီ။ ။ KIA ဟာ နှစ်ပေါင်း ၆၀ ကျော် မြန်မာစစ်တပ်ခေါင်းဆောင်အဆက်ဆက် တိုက်ပွဲတွေ တိုက်လာတဲ့အတွေ့အကြုံလည်းရှိတော့ လက်ရှိ မြန်မာစစ်တပ်ရဲ့ စစ်အင်အားကို ဘယ်လိုသုံးသပ် အကဲဖြတ်ထားမျိုးရှိပါသလဲ။

ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်။ ။ လူအင်အားအရကတော့ တော်တော်လေးနည်းပါးသွားပါပြီ။ ဒါပေမဲ့ သူမှာကတော့ လက်နက်ကြီးနဲ့လေယာဥ် ပစ်ကူတွေက တော်တော်များများကျန်ပါသေးတယ်။ အဲဒီတော့ စိတ်လိုက်မာန်ပါလုပ်မယ်ဆိုရင် အနိုင်အရှုံးတိုက်ပွဲမျိုးမဟုတ်သော်လည်းပဲ နစ်နာတဲ့စစ်ပွဲတွေကို သူအများကြီး လုပ်နိုင်ပါသေးတယ်။ အင်အားအရမဟုတ်ဘူး၊ စစ်လက်နက်ပစ္စည်းအရပေါ့။

ဘီဘီစီ။ ။ တဖက်မှာလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ “ပြည်သူ့စစ်မဟာဗျူဟာ” ကို အကောင်အထည်ဖော်မယ်ဆိုပြီး ပြည်သူ့စစ်မှုထမ်းအမိန့်တွေထုတ်၊ စစ်သင်တန်းတွေပေးနေတာမျိုးရှိ ပါတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုများရှုမြင်ပါသလဲ။

ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်။ ။ ပြည်သူ့စစ်မဟာဗျူဟာဆိုတာ နိုင်ငံမှာ အရေးပေါ်အခြေအနေဖြစ်ရင် ကျင့်သုံးရတဲ့ မဟာဗျူဟာဖြစ်ပါတယ်။ ဒါပေမဲ့ နွေဦးတော်လှန်ရေးအချိန်မှာတော့ ဒီမဟာဗျူဟာ က သိပ်မကိုက်ညီဘူးလို့ ပြောချင်ပါတယ်။ လူတွေလည်း သိပ်လက်မခံနိုင်ဘူးပေါ့။ ဥပမာ အဲလိုပြောမယ့်အစား ငါတို့မြန်မာ့တပ်မတော်ကတော့ နိုင်ကိုနိုင်ရမယ်ဆိုပြီး အတင်း လူစုဆောင်းမယ်ဆိုရင်တောင် နားထောင်လို့ မကောင်းပေမဲ့ နည်းနည်း နည်းလမ်းကျ သေးတယ်။ ဒါပေမဲ့ ပြည်သူ့စစ်မဟာဗျူဟာလို့ ပြောလိုက်တော့၊ ပြည်သူ့စစ်မဟာဗျူဟာဆိုတဲ့အဓိပ္ပါယ်နဲ့ သူလုပ်နေတဲ့ဟာတွေက အံဝင်ခွင်ကျမဖြစ်ဘူးလို့ မြင်တယ်။ အဲတော့ နည်းလမ်းမှားတယ်လို့ပြောချင်ပါတယ်။ စုဆောင်းရေးလုပ်တာကို မှားတယ်လို့ ပြောတာမဟုတ်ပါဘူး။ ဒီနာမည်နဲ့ လုပ်တာကိုတော့ သိပ်ပြီးအံဝင်ခွင်ကျမဖြစ်ဘူးလို့ မြင်ပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး R.ခေါင်လွမ်းနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် တို့ ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်

ဓာတ်ပုံ ရင်းမြစ်, NUG-MOD

ဓာတ်ပုံ ပုံစာ, ကွယ်လွန်သွားပြီဖြစ်တဲ့ KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး R.ခေါင်လွမ်းနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် တို့ ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်

ဘီဘီစီ။ ။ မြန်မာစစ်တပ်ကို တော်လှန်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲသွားဖို့ KIA မှာ မူဝါဒ ရှိတယ်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်။ NUG၊ NUG လက်အောက်ခံမဟုတ်တဲ့ လက်နက်ကိုင်တွေ၊ နောက်ပြီး ဝ၊ မြောက်ပိုင်း ၃ ဖွဲ့ ၊ ဒီလိုအဖွဲ့တွေနဲ့ ဘယ်လိုလက်တွဲဖို့ရှိနေပါလဲလဲ။ သူတို့နဲ့ လက်ရှိ ဆက်ဆံရေးအခြေအနေကိုရော ဗိုလ်ချုပ်ကြီး ဘယ်လိုရှင်းပြပေးနိုင်မလဲ။

ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်။ ။ ၃ ပိုင်းရှိပါတယ်။ FPNCC ဆိုရင်တော့ အစကတည်းက စုဖွဲ့ထားတဲ့ နိုင်ငံ‌ရေးအဖွဲ့ ပေါ့။ စစ်ရေးနဲ့တိုက်ရိုက်မပတ်သက်တဲ့ မြောက်ပိုင်းက အဖွဲ့တွေဖြစ်ပါတယ်။ နောက်တစ်ဖွဲ့ကတော့ အစထဲက တိုက်ပွဲတွေဆင်နွှဲနေတဲ့အဖွဲ့ အထူးသဖြင့်တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေပေါ့။ အေအေတို့၊ TNLA တို့ ၊ ကိုးကန်တို့၊ KIA တို့ ပါပြီးသားဖြစ်ပါတယ်။

နောက်တစ်ခုကတော့ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ အဖွဲ့တွေဖြစ်ပါတယ်။ ကျွန်တော်တို့က တော်လှန်ရေးဆင်နွှဲနေတဲ့ အဖွဲ့တွေနဲ့က အစကတည်းက လက်တွဲနေပါတယ်။ နွေဦးတော်လှန်ရေးကာလမှာ ပေါ်ပေါက်လာတဲ့တော်လှန်ရေးအဖွဲ့တွေနဲ့ ကျွန်တော်တို့နဲ့ ထိစပ်နေတဲ့အဖွဲ့တွေကို လက်တွဲနေတာတွေလည်း ရှိပါတယ်။

အထူးသဖြင့် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MOD) နဲ့ ဖြစ်ပါတယ်။ MOD နဲ့ စစ်ကိုင်းတိုင်းဒေသတလျှောက်လုံးမှာ ကျွန်တော်တို့နဲ့ထိစပ်နေတဲ့နေရာတွေမှာ နွေဦးတော်လှန်ရေးစထဲက လက်တွဲနေတာဖြစ်ပါတယ်။ တခြား ထိစပ်မှုမရှိတဲ့အဖွဲ့တွေနဲ့တော့ လက်တွေ့လက်တွဲနေတာမျိုးတော့ မရှိပါဘူး။ လိုအပ်လို့ရှိရင်တော့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာမှာဖြစ်ပါတယ်။

ဘီဘီစီ။ ။ နွေဦးတော်လှန်‌ရေးနောက်ပိုင်းမှာပေါ်လာတဲ့ လက်နက်ကိုင်အင်းအားစုတွေအပေါ်မှာရော ဗိုလ်ချုပ်ကြီးတို့ ဘယ်လိုရှုမြင်ပါသလဲ။ နွေဦးတော်လှန်ရေး ဘယ်လောက်ခရီးပေါက်နေပြီလို့ ပြောလို့ရနိုင်ပါပြီလဲ။

ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်။ ။ တိုက်ပွဲအနေနဲ့ကတော့ အကုန်လုံး အားရစရာကောင်းပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေကိုဖော်ဆောင်တဲ့အခါမှာ ချိတ်ဆက်မှုနဲ့ နိုင်ငံရေးအရ ကြိုတင်ဆွေးနွေးတဲ့အပိုင်းမှာတော့ အားရစရာမရှိသေးပါဘူး။ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ တော်တော်များများကတော့ ရည်မှန်းချက်တွေကို ထုတ်ဖော်ပြသပြီးဖြစ်ပါတယ်။ ဥပမာ ၂၁ ရာစုပင်လုံလို နေရာမျိုးမှာဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီးတင်ထားတဲ့ ဖယ်ဒရယ်မူဆိုတာမျိုး ရှိတယ်။

နွေဦးတော်လှန်ရေးမှာ စုဖွဲ့ပြီးတော်လှန်ရေးလုပ်နေတဲ့ အဖွဲ့တွေရဲ့ မူဝါဒကတော့ ဘယ်အဖွဲ့က ဘယ်လိုသွားမလဲဆိုတာ ရှင်းရှင်းလင်းလင်းသိပ်မရှိသေးဘူး၊ ဘာပဲဖြစ်ဖြစ် တချို့အဖွဲ့တွေကတော့ စစ်အာဏာရှင်စနစ်ကို အပြီးတိုက်မယ်ဆိုတဲ့ ရည်မှန်းချက်တွေတော့ ကြားနေရတာပေါ့။ ဒီလောက်နဲ့ မလုံလောက်ဘူးလို့ ထင်ပါတယ်။ တိုက်ပွဲတွေကို အားရသော်လည်းပဲ တိုက်ပွဲအလွန်စုစည်းမှုတွေမှာတော့ အားရစရာမကောင်းသေးဘူးလို့ ပြောချင်ပါတယ်။

ကချင်လွတ်လပ်ရေးကောင်စီ (KIC)ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်

ဓာတ်ပုံ ရင်းမြစ်, KIC

ဓာတ်ပုံ ပုံစာ, ကချင်လွတ်လပ်ရေးကောင်စီ (KIC)ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်

ဘီဘီစီ။ ။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး နေပြည်တော်ကို လာဖို့ ဖိတ်ခေါ်တာမျိုးရှိပါတယ်။ KIA အနေနဲ့တော့ မသွားခဲ့ဘူးပေါ့။ ဗိုလ်ချုပ်ကြီးတို့ မသွားဖြစ်တဲ့ အဓိကအကြောင်းအရင်းကို ပြောပြလို့ရနိုင်မလား။

ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်။ ။ အဓိက က ၂ ချက်ဖြစ်ပါတယ်။ ပထမအချက်ကတော့ အချိန်အခါ မသင့် သေးဘူးပေါ့နော်။ ဒုတိယကတော့ မှန်ကန်တဲ့ စေတနာနဲ့ ဖိတ်ခေါ်တဲ့ ပုံစံမဟုတ်ဘူးလို့ မြင်ပါတယ်။ ဒီ ၂ ချက်အရ ဖိတ်ခေါ်တာတွေကို လက်မခံတာ၊ မသွားတာဖြစ်ပါတယ်။

ဘီဘီစီ။ ။ မြန်မာနိုင်ငံမှာ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက NCA ဆွေးနွေးပွဲလိုမျိုး တိုင်းရင်းသား လက်နက်ကိုင်တွေ စားပွဲဝိုင်းပြန်ထိုင်နိုင်တဲ့ အခြေအနေမျိုး ဘယ်တော့လောက် ပြန်မြင်ရဖို့ ရှိနိုင်မလဲ။ ဗိုလ်ချုပ်ကြီးမှန်းဆချက်က ဘယ်လိုများရှိမလဲ။

ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်။ ။ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုကတော့ မလွဲမသွေ ပြန်ရောက်ရမှာ ဖြစ်ပါတယ်။ ဒါမှလည်း နိဂုံးချုပ်လို့ရမှာပါ။ ဒါပေမဲ့ NCA လိုပုံစံမျိုးတော့ မဟုတ်ဘူးလို့ ဆိုလိုချင်ပါတယ်။ အားလုံးအမှန်တကယ် စိတ်ပါလက်ပါနဲ့ နိုင်ငံရေးတွေကိုဆွေးနွေးတဲ့ ဆွေးနွေးပွဲတစ်ခု။ ဒါကတော့ မလွဲမသွေ ရောက်ရှိဖို့လိုအပ်ပါတယ်။

ဘီဘီစီ။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ ပဋိပက္ခပြေလည်နိုင်ဖို့အတွက် အဖြေထုတ်စဥ်းစားကြည့်မယ်ဆိုရင် အဖြေက ဘာလို့ပြောနိုင်မလဲ။

ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်။ ။ အဓိကကတော့ ကျွန်တော်တို့ နိုင်ငံရေးဆန္ဒ မပျောက်ဖို့ လိုပါတယ်။ နိုင်ငံရေးဆန္ဒတွေကို တူညီအောင် ညှိနှိုင်းနိုင်ဖို့ လိုပါတယ်။ တတိယအချက်ကတော့ တစ်ဖက်နဲ့တစ်ဖက် ခွင့်လွှတ်လို့မရတဲ့ အမှားမျိုး ထပ်ပြီးမလုပ်ဖို့ လိုပါတယ်။ ဒီ ၃ ချက်ကို သတိထားမယ်ဆိုရင်တော့ အားလုံးပါဝင်ပြီးမှ ဆွေးနွေးနိုင်တဲ့ အနေအထားကို ရောက်လာမှာဖြစ်ပါတယ်။ ဒီ ၃ ချက်နဲ့ မကိုက်ညီဘူးဆိုရင်တော့ မလွယ်ပါဘူး။

ဘီဘီစီ။ ။ ဗိုလ်ချုပ်ကြီးပြောတဲ့ အချက် (၃) ချက် ဖြစ်လာနိုင်မယ့် အချိန်ကာလကိုကော အခုလှမ်း မြင်နေရပြီလား။

ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်။ ။ တခါတလေမှာ ကျွန်တော်တို့က အချိန်ကာလကို သတ်မှတ်တာမဟုတ်ပဲနဲ့ အချိန်ကာလက ကျွန်တော်တို့ကို တွန်းအားပေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာအရကော ကျွန်တော်တို့ရဲ့အနေအထားအရရောဆိုရင် အချိန်အကြာကြီး ဒီအတိုင်းသွားလို့ မရပါဘူး။ အဲဒီတော့ အချိန်ကာလက ကျွန်တော်တို့ကို ဘောင်ကွပ် ပေးမယ် တွန်းအားပေးမယ်လို့ ထင်ပါတယ်။