ကန်ပိုက်တီ(ကံပိုင်တည်) - KIA ထိန်းချုပ်လာတဲ့တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းလမ်းပိုင်း

ဓာတ်ပုံ ရင်းမြစ်, KNG
ကချင်ထိုးစစ်သုံးလခွဲ အရောက်မှာ တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကံပိုင်တည်(ကန်ပိုက်တီ)နယ်စပ်ကုန်သွယ်ရေးစခန်းလမ်းပိုင်းကို ကချင်လွတ်လပ်ရေးတပ် - KIA နဲ့ PDF ပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်ပါတယ်။
ကချင်မှာ တရုတ်နဲ့ ကပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေဖြစ်တဲ့ မိုးမောက်မြို့နယ်ထဲက လွယ်ဂျယ် နဲ့ ဝိုင်းမော်မြို့နယ်ထဲက ကံပိုင်တည်တို့ရှိပါတယ်။
လွယ်ဂျယ်မြို့ကိုပြီးခဲ့တဲ့ ဧပြီ က ကချင်လွတ်လပ်ရေးတပ် - KIA နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းခဲ့ပါတယ်။ တစ်လကျော်အကြာမှာတော့ နောက်ထပ်နယ်စပ်ကုန်သွယ်ရေးစခန်းရှိတဲ့ ကံပိုင်တည်ဘက်ကို ထိုးစစ်တွေရောက်လာတာဖြစ်ပါတယ်။
လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းကို ကေအိုင်အေသိမ်းပြီးကတည်းက နှစ်နိုင်ငံကုန်သွယ်ရေးရပ်တန့်နေပေမဲ့ KIO ရဲ့ အုပ်ချုပ်ရေးယန္တရားတော့ လည်ပတ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
၂၀၂၄ ဇွန် ဒုတိယပတ်ထဲမှာ ဝိုင်းမော် - ဆဒုံး -ကံပိုင်တည် လမ်းတစ်လျှောက်ကို ကေအိုင်အေက ထိုးစစ်ဆင်ခဲ့တာပါ။ ထိုးစစ် ၂ ရက်အတွင်း ဇွန် ၁၂ ရက်မှာ စစ်တပ်ရဲ့ ဆဒုံးစစ်ဗျူဟာစခန်းကြီးအပါအဝင် စစ်ကောင်စီတပ်စခန်းအချို့နဲ့ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်စခန်း ဆယ်နဲ့ချီကို ကေအိုင်အေက သိမ်းပိုက်ခဲ့ပါတယ်။
ဆဒုံးစစ်ဗျူဟာစခန်းကြီးက ဆဒုံးမြို့တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ စစ်တပ်ဗျူဟာကုန်းဖြစ်တာကြောင့် ဆဒုံးမြို့တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ် KIA က ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။
ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းအတွက်လည်း ဆဒုံးဗျူဟာစခန်းက အရေးကြီးတာကြောင့် ကေအိုင်အေအတွက် စခန်းကြီးကိုရခဲ့တာလို့ ဗိုလ်မှူးကြီးနော်ဘူ ကပြောပါတယ်။
‘’ ဆဒုံးဗျူဟာကုန်းက စစ်တပ်ရဲ့ ခံစစ်စခန်းကြီးဖြစ်ပါတယ်။ ဝိုင်းမော် ကနေကံပိုင်တည်လမ်းပိုင်းကို ဝင်ဖို့အတွက် ဒီစခန်းကုန်းကိုဖြတ်ရပါတယ်။ ကျွန်တော်တို့ စစ်ရေးအတွက်တော်တော်အရေးကြီးတဲ့ နေရာနဲ့လမ်းပိုင်း ဖြစ်ပါတယ်’’ လို့ ဗိုလ်မှူးကြီးနော်ဘူ က ရှင်းပြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လူမှုကွန်ရက်မှာထွက်ပေါ်လာတဲ့ ဆဒုံးဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲမှာတော့ မြေပြင်ပစ် လက်နက်ကြီးတွေအပါအဝင် ကျည်နဲ့ လက်နက်အများအပြားကို ကေအိုင်အေတပ်ဖွဲ့တွေက သိမ်းယူနေတာတွေ့ရပါတယ်။
ဆဒုံးဒေသခံတစ်ဦးကတော့ ဆဒုံးနဲ့ ကံပိုင်တည်က အများဆုံးမှ မိုင် ၂၀ ကျော်ပဲအကွာအဝေးရှိတဲ့အတွက် ကံပိုင်တည် ကို ကေအိုင်အေက အလွယ်တကူဝင်သိမ်းနိုင်တဲ့ အခြေအနေလို့ ပြောပါတယ်။
ကေအိုင်အေနဲ့ ပူးပေါင်းတပ်တွေသိမ်းခဲ့တဲ့အထဲမှာ ဆဒုံး - ကံပိုင်တည် ကားလမ်းကြောက ၁၃ မိုင် စုပေါင်းဂိတ်၊ ဘွမ့်တောင် ပြည်သူ့စစ်စခန်း၊ လဖိုင်ပြည်သူ့စစ်စခန်း ၊ဒိန်ဂါစစ်တပ်စခန်းတွေလည်းပါပါတယ်။
လဖိုင်ပြည်သူ့စစ်စခန်းက ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ အနီးဆုံးရှိနေတဲ့စစ်ကောင်စီလက်အောက်ပြည်သူ့စစ်စခန်းဖြစ်ပါတယ်။
ကံပိုင်တည်နဲ့ လဖိုင်က အနည်းဆုံး ၁၀ မိုင်ကျော်သာအကွာအဝေးရှိပါတယ်။
‘’ ကံပိုင်တည် ကိုရောက်ဖို့အတွက် ကြားထဲမှာ တော့ စစ်စခန်း ၃ ခုထက်မနည်းကျန်ပါသေးတယ်။ ဒါပေမဲ့ ပြည်သူ့စစ်ဂိတ်တွေချထားတော့ အရေးကြီးတဲ့နေရာဖြစ်ပါတယ်။ လဖိုင်ကနေဆက်ဖြတ်သွားမယ်ဆိုရင်တော့ တိုက်ပွဲတွေပြန်ဖြစ်မှာပါ ’’ လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
'' ကံပိုင်တည်မြို့ နဲ့ ၁၀ မိုင်ကျော်လောက်မှာရှိတဲ့ ဝေမောအထိနေရာယူထားပြီဆိုတော့ သိမ်းနိုင်တယ်'' လို့ ဆဒုံးဒေသခံက ပြောပါတယ်။
စစ်ရေးအကဲခတ်တချို့ကလည်းကေအိုင်အေက ကံပိုင်တည်ကိုသိမ်းမလားဆိုတာမျိုး သုံးသပ်ကြပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း တရုတ်ဘက်ခြမ်းဖြစ်တာကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းအထိ ဆက်မသွားတာမျိုးရှိနိုင်တယ်လို့ ရှုမြင်ကြပါတယ်။
ဗိုလ်မှူးကြီးနော်ဘူကတော့ ကံပိုင်တည်ကိုသိမ်းမလားဆိုတဲ့ စစ်ရေးရည်မှန်းချက်ကိုသူ့အနေနဲ့ ပြောလို့မရကြောင်း တုံ့ပြန်ပါတယ်။
စစ်ရေးတင်းမာနေတဲ့ကာလမှာတော့ ဝိုင်းမော် - ဆဒုံး - ကံပိုင်တည်လမ်းပိုင်း က စစ်ရေးအခြေအနေကြောင့် ခရီးသည်ကားနဲ့ ကုန်တင်ကားအစီးရေ ရာနဲ့ချီက ကံပိုင်တည်မှာ ပိတ်မိနေတယ်လို့ ဒေသခံ တစ်ဦးပြောပါတယ်။
ဗိုလ်မှူးကြီးနော်ဘူကတော့ လုံခြုံရေးအရ လမ်းပိုင်းကိုပိတ်ထားတာလို့ ဖြေပါတယ်။
ပိတ်မိနေတဲ့ ကားတွေထဲမှာ ကုန်တင်ကား အစီး ၃၀၀ ကျော်နဲ့ အိမ်စီးကား ၂၀၀ နီးပါးရှိတယ်လို့ ဒေသတွင်း KNG သတင်းကဖော်ပြပါတယ်။
အခုလို ကုန်ကားအဝင်မရှိတော့ဘဲ ပိတ်မိနေရင် ဒေသတွင်းမှာ ကုန်စျေးနှုန်းတွေမြင့်တက်လာနိုင်ပြီး ယာဥ်မောင်းနဲ့ ကုန်သည်တွေအတွက်လည်း အခက်အခဲတွေရှိလာမယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNG
ကံပိုင်တည်မြို့ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းက ကချင်အထူးဒေသ (၁) လက်အောက် နယ်ခြားစောင့်တပ်အသွင်ပြောင်းထားတဲ့ ဒီမိုကရေစီသစ်တပ်မတော်(ကချင်)ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေပါတယ်။
ကချင်ပြည်နယ်အထူးဒေသ(၁)ဟာ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်၊ ပန်ဝါဗဟိုဌာနချုပ်ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းရဲ့ လက်အောက်မှာရှိပါတယ်။
လက်ရှိကချင်အထူးဒေသ ၁ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းဟာ ကချင်လွတ်လပ်ရေးတပ်- KIA က တပ်မှူးငယ်ဖြစ်ခဲ့ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) နဲ့ ပူးပေါင်းသွားခဲ့တာဖြစ်ပါတယ်။
၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲသွားချိန်မှာ ကချင်ပြည်နယ် အရှေ့မြောက်ဘက်က ဗကပ ၁၀၁ စစ်ဒေသဟာ ကချင်အထူးဒေသ (၁) အဖြစ် ခွဲထွက်လိုက်ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူခဲ့ပါတယ်။
လက်နက်ကိုင် တပ်ဖွဲ့ကိုလည်း NDA (Kachin) တပ်ဖွဲ့အဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီး ခေါင်းဆောင်ကတော့ ဦးဇခုန်တိန့်ယိန်းနဲ့ ဦးဇလွန်း ဖြစ်ပါတယ်။
စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖို့ ညွှန်ကြားတဲ့အခါ NDA (Kachin) ဟာ နယ်ခြားစောင့်တပ်ရင်း (၃) ရင်းဖြစ်လာပါတယ်။
အဲဒီတပ်ရင်းစိုးမိုးထားတဲ့ဒေသတွေထဲမှာ တရုတ်- ကချင်နယ်စပ်ကံပိုင်တည်လည်းပါဝင်ခဲ့ပါတယ်။
ဒါကြောင့်ကံပိုင်တည်ဟာ စစ်ကောင်စီလက်အောက် ဌာနေပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေနေရာယူထားတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ပါတယ်။
ကံပိုင်တည်ဟာ တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းရှိရုံသာမက မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း(ကံပိုင်တည် -ထိန်ချုံး နယ်စပ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန်) ရှိတဲ့နေရာဖြစ်ပါတယ်။
ဒီစီမံကိန်းက တဖက်တရုတ်နိုင်ငံ ပေါင်စမ်းပြည်နယ်ခွဲရဲ့ လက်အောက် ထိန်ချုံးမြို့နဲ့ ချိတ်ဆက်မှာဖြစ်ပါတယ်။ ဧက ၇၀ ကျယ်ဝန်းတဲ့ ဒီစီမံကိန်းက အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ရင်းနှီးမြှုပ်နှံမှုရှိတာဖြစ်ပါတယ်။
ဆဒုံး - ကံပိုင်တည် လမ်းပိုင်းတိုက်ပွဲမှာ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်စခန်းတွေ က သူတို့စခန်းချထားတဲ့စခန်းတွေကို စွန့်ခွာ ထွက်ပြေးသွားကြတာလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ကံပိုင်တည်အနီးတဝိုက်မှာရှိတဲ့ နယ်ခြားစောင့်တပ်တွေလည်း တပ်စခန်းတွေကိုစွန့်ခွာပြီး မြို့ထဲကို ဝင်သွားကြတယ်လို့ သိရပါတယ်။
ဇွန် ၁၃ ရက်မှာ နယ်စပ်ကုန်သွယ်ရေးမြို့မှာ တိုက်ပွဲဖော်ဆောင်တာတွေမလုပ်ဖို့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဘက်က ကေအိုင်အေကို ညှိနှိုင်းတာတွေရှိတယ်လို့ ဆဒုံးဒေသခံမြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။ ဒါပေမဲ့ ဘယ်လိုညှိနှိုင်းကြတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ သိရတာမရှိပါဘူး။
ဒါပေမဲ့ ဗိုလ်မှူးကြီးနော်ဘူကတော့ ဆွေးနွေးမှုတွေကိုမသိကြောင်း ဘီဘီစီကိုဖြေပါတယ်။
ဇွန်လ ၁၄ ရက်မှာတော့ ဦးဇခုန်တိန့်ယိန်းရဲ့ ကချင်ပြည်နယ် အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်က တိုက်ပွဲရပ်ရေးစာထုတ်ပြန်ပါတယ်။
ထုတ်ပြန်စာထဲ ကချင်ပြည်နယ်မှာ စစ်ပွဲကိုမလိုလားတာကြောင့် စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ရပ်တန့်ဖို့နဲ့ ပြည်သူတွေကို အကာအကွယ်ပေးဖို့ဆိုပြီး တောင်းဆိုထားပါတယ်။
တိုက်ပွဲတွေက နစ်နာဆုံးရှုံးမှုတွေကိုဖြစ်စေတာကြောင့် နိုင်ငံရေးအရ ဆွေးနွေးစေ့စပ် ဖြေရှင်းဖို့ လိုအပ်ပြီး ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင် ဖော်ဆောင်ကြဖို့ဆိုပြီး ပြောထားပါတယ်။
ငြိမ်းချမ်းရေးနယ်မြေဒေသဖြစ်တဲ့ ဆော့လော်၊ ချီဖွေ၊ ဝိုင်းမော်နဲ့ ဆဒုံး ဒေသတွေဟာ နှစ်ပေါင်း ၃၀ ကျော် အစိုးရနဲ့ ငြိမ်းချမ်းမှုရယူပြီး ဒေသရဲ့ ပညာရေး၊ ကျန်းမာရေး တိုးတက်အောင် တည်ဆောက်နေတဲ့နေရာဖြစ်လို့ ပြန်လည်ပျက်စီးမှာကို မလိုလားဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် KIA ရဲ့ စစ်ဆင်ရေးက ကံပိုင်တည်မြို့ဘက်ကို ဦးတည်နေတယ်လို့ ဒေသခံအချို့က ပြောပေမဲ့ ဗိုလ်မှူးကြီးနော်ဘူကတော့ ဆဒုံး - ကန်ပိုက်တီလမ်းပိုင်းမှာ စစ်ရေးငြိမ်နေတယ်လို့ဆိုပါတယ်။
ဒေသတွင်းသတင်းတွေမှာတော့ ကံပိုင်တည် ဒေသခံတွေကတော့ တိုက်ပွဲတွေဖြစ်ပွားလာမှာ စိုးရိမ်ပြီး တရုတ်ခြံစည်းရုံးအနီးမှာ ယာယီတဲတွေဆောက်လုပ်ပြီး တိမ်းရှောင်ကြဖို့ စီစဉ်နေကြတယ်လို့ ဖော်ပြထားပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းက “ကန်ပိုက်တီ”မြို့ကို “ကံပိုင်တည်” မြို့ဆိုပြီး ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက် မှာ စစ်ကောင်စီကနာမည်ပြောင်းခဲ့တာဖြစ်ပါတယ်။
ကန်ပိုက်တီ ဆိုတဲ့နာမည်ဟာ တရုတ်လို ခြောက်သွေ့ပျက်စီးတဲ့နေရာလို့ အဓိပ္ပါယ်ရတဲ့အတွက် နိမိတ်မကောင်းတာကြောင့် မြို့အမည်ကို ကံပိုင်တည် ဆိုပြီး ပြောင်းလဲလိုက်တယ်လို့ပြောခဲ့တာပါ။
ဒါကြောင့် ကံပိုင်တည် ဆိုတဲ့ ကံ = ကံကောင်းခြင်း ၊ ပိုင် = ပြည်ထောင်စုက ပိုင်ဆိုင်ခြင်း ၊တည် = တည်ငြိမ်ခြင်း ဆိုတဲ့ အဓိပ္ပါယ်ကိုသာသုံးဖို့ ဆိုပြီးစစ်ကောင်စီက ထုတ်ပြန်ထားတာပါ။
စစ်ရေးအကဲခတ်တချို့ကတော့ ကချင်မြို့တော် မြစ်ကြီးနားမြို့ကို ဆက်သွယ်ထားပြီး စီးပွားရေးအရ အရေးပါတဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေး စခန်းကိုပြန်လည်ထိန်းချုပ်ဖို့အတွက် KIAဘက်က ခြေလှမ်းပြင်နေတာလို့ သုံးသပ်ကြပါတယ်။
ကံပိုင်တည်( ကန်ပိုက်တီ) နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ကုန်သွယ်မှုပမာဏက တစ်ရက်ကိုအမေရိကန်ဒေါ်လာ ၄ သိန်းခွဲရှိနေပြီး ဘဏ္ဍာနှစ်တစ်နှစ်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ကုန်သွယ်မှုပမာဏရှိပါတယ်။
ကချင်ထိုးစစ် ၃ လခွဲအတွင်းမှာ ကေအိုင်အေက ကချင်တစ်ပြည်နယ်လုံးမှာ စစ်တပ်စခန်း၊ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်စခန်းအပါအဝင် စုစုပေါင်း စစ်ကောင်စီတပ်စခန်း ၁၁၀ ကျော်ကိုသိမ်းပိုက်ထားတယ်လို့ ကေအိုင်အေရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
လက်နက်ခဲယမ်းအပြည့်အစုံ၊ အမြောက်ကုန်းအပါအဝင် တပ်ဖွဲ့အင်အားရာနဲ့ချီရှိတဲ့ စစ်ဗျူဟာကုန်းနဲ့ စစ်စခန်းကုန်းကြီးက ၁၅ ခုထက်မနည်းသိမ်းပိုက်ထားတယ်လို့ ဆိုပါတယ်။
တပ်မဟာ ၄ ဘက်မှာ နမ့်ဖတ်ကာ၊ တပ်မဟာ ၃ လွယ်ဂျယ်၊ မန်စီ၊ယောရုံ ပါတယ်။ တပ်မဟာ ၅ နယ်မြေဘက်မှာ ဒေါ့ဖုန်းယန်၊ အုန်းတောပါတယ်။ လိုင်ဇာဌာနချုပ်တွေကိုခြိမ်းခြောက်နေတဲ့ ခါယန်တောင်၊ ဘွမ်ရယ်တောင် ပါတယ်။
မြစ်ကြီးနား - ဗန်းမော်ကားလမ်းပေါ်ကတော့ ဂန်ဒေါင်ယန်၊ ဂီဒေါင်စခန်း၊ ဝိုင်းမော် - ဆဒုံး -ကံပိုင်တည်လမ်းပိုင်းက ဆဒုံးစခန်း၊တပ်မဟာ ၁ မှာ ဆွမ်ပရာဘွမ် စခန်း၊ ဗန်းမော်-လွယ်ဂျယ် ကားလမ်း ပေါ် က စစ်ရေးဗျူဟာမြောက် စိန်လုံ( စိန်လုံကဘား) တပ်စခန်းကြီးတွေပါဝင်ပါတယ်။











