KIA သိမ်းပိုက်တဲ့ စိန်လုံစစ်တပ်ဗျူဟာစခန်း ဘယ်လောက်အရေးပါလဲ

ဓာတ်ပုံ ရင်းမြစ်, Screen Grab
နှစ်ပေါင်း ၆၀ ကျော် မြန်မာစစ်တပ်အထိုင်ချခဲ့တဲ့ ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ် ကားလမ်း ပေါ် က စစ်ရေးဗျူဟာမြောက် စိန်လုံ( စိန်လုံကဘား) တပ်စခန်းကြီးကို ဧပြီ ၁ရက်မှာ အလုံးစုံသိမ်းပိုက်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ် - KIA က အတည်ပြုပြောပါတယ်။
စိန်လုံဗျူဟာကုန်းဟာ စစ်ကောင်စီရဲ့ အရေးကြီးတဲ့ ရှေ့တန်းဗျူဟာစခန်းကုန်းကြီးဖြစ်ပြီး KIA တပ်မဟာ (၃) ရဲ့ ဌာနချုပ် တည်ရှိရာ မိုင်ဂျာယန်မြို့ နဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ တစ်မြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့တို့ကို စိုးမိုးထားတဲ့ အရေးပါတဲ့တပ်စခန်းကြီးဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ ဒီစိန်လုံဗျူဟာတပ်စခန်း မှာ ဆယ်စုနှစ် ၆ ခုကျော် အထိုင်ချပြီး စစ်အင်အားရာနဲ့ချီရှိတယ်လို့ ဆိုပါတယ်။
''KIA ရဲ့ အရှေ့ပိုင်းတိုင်းဘက်မှာ စိန်လုံထက်ကြီးတဲ့ တပ်စခန်းက မရှိတော့ဘူး။ ဒီတပ်စခန်းက အရမ်းအရေးကြီးတဲ့ တပ်စခန်းဖြစ်ပါတယ်”လို့ ကချင်နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။
ဒီစခန်းက စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းဖြစ်ခဲ့ပြီး ကချင်လွတ်လပ်ရေးတပ် KIA ဌာနချုပ်လိုင်ဇာမြို့ ရဲ့ ဒုတိယမြို့တော်လို့ တင်စားပြောဆိုကြပြီး KIA တပ်မဟာ (၃) ရှိတဲ့ မိုင်ဂျာယန်ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခြိမ်းခြောက်နေတဲ့ တပ်စခန်းဖြစ်တယ်လို့ ကေအိုင်အေရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကပြောပါတယ်။
ဗန်းမော်ရဲ့ အမြင့်ဆုံးတောင်ပေါ်မှာရှိနေတဲ့ ဒီစခန်းကုန်းကြီးဟာ စစ်အာဏာရှင်ဟောင်းဗိုလ်ချုပ်နေဝင်းလက်ထက် ၁၉၆၂ ခုနှစ် ဝန်းကျင်လောက်တည်းက အထိုင်ချခဲ့တာဖြစ်ပြီး မြေဧရိယာ အတော်ကျယ်ဝန်းကာ စစ်ရဟတ်ယာဉ်တွေဆင်းဖို့ ရဟတ်ယာဉ်ကွင်း တစ်ခုတည်ဆောက်ထားတာကို ဂြိုဟ်တုကရိုက်ယူထားတဲ့ပုံတွေမှာ မြင်ရပါတယ်။
စစ်ကောင်စီအတွက်ရော ကေအိုင်အေအတွက်ပါ စစ်ရေးဗျူဟာအရ အရေးကြီးတဲ့ တပ်စခန်းကြီးဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကိုပြောပါတယ်။
“ဗျူဟာမှူး ကိုယ်တိုင်ထိုင်တဲ့ စခန်းဖြစ်ပါတယ်။ ဒီဒေသ တကြောလုံးကို ထိန်းချုပ်တဲ့စခန်းဖြစ်ပါတယ်" လို့ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။
စိန်လုံတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး KIA ဘက်က စက်လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိနိုင်ခဲ့တယ်လို့ သူကဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါအပြင် ဗန်းမော်-လွယ်ဂျယ်ကားလမ်းပေါ်က ယော်ယုံတောင်စခန်းကိုသိမ်းဖို့ ကာကင်းစခန်းတွေကို ကေအိုင်အေက သိမ်းနေချိန် ပြီးခဲ့တဲ့ မတ်လ ၂၇ရက် နေ့ တုန်းကလည်း ဒီစိန်လုံဗျူဟာတပ်စခန်းကနေ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ကူပစ်ပေးခဲ့တာလို့ ဆိုပါတယ်။
စိန်လုံတပ်စခန်းကုန်းက ပစ်ကူတဲ့ လက်နက်ကြီးတွေဟာ မိုင်ဂျာယန်ဘက်ကို ကျရောက်ခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
စစ်ရေးအရသာမက စိန်လုံဗျူဟာတပ်စခန်းဟာ တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးမှာလည်း အရေးပါတဲ့ ဗန်းမော်-လွယ်ဂျယ် ကားလမ်းပေါ်မှာ အထိုင်ချထားတာပါ။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၈သန်းနီးပါး ကုန်သွယ်မှုပမာဏရှိတဲ့ လွယ်ဂျယ်ဂိတ်နဲ့ ၁၇ မိုင်သာ ကွာဝေးပါတယ်။
၅၆ မိုင်ကျော်ရှည်လျားတဲ့ဒီကုန်သွယ်ရေးလမ်းပေါ်မှာ စစ်ကောင်စီစခန်း အသေး၊ အကြီး ဆယ်ခုကျော်ရှိပြီး စိန်လုံစခန်းကတော့ အကြီးဆုံးစခန်းဖြစ်ပါတယ်။
လွယ်ဂျယ်ဂိတ်ကို ကေအိုင်အေ ထိန်းချုပ်နိုင်ဖို့ မတ်လ ၂၈ ရက်လောက်တည်းက ကြိုးစားနေပေမယ့် တရုတ်နိုင်ငံဘက်က တားဆီးတာကြောင့် အခုထိ သိမ်းနိုင်ခြင်းမရှိသေးတာဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတချို့က ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်က သူတို့တပ်စခန်းတစ်ခု သိမ်းခံရတိုင်း တုံ့ပြန်နေကျဖြစ်တဲ့ လေကြောင်းပစ်ခတ်မှုတွေလုပ်နေတာကြောင့် ဗန်းမော်-လွယ်ဂျယ်လမ်းကို အခုရက်ပိုင်းအတွင်း ပိတ်ထားဦးမှာဖြစ်တယ်လို့ ကေအိုင်အေ ပြန်ကြား ရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောပါတယ်။
“ကျွန်တော်တို့ နယ်မြေရှင်းလင်းရေးကလည်း အများကြီးလုပ်ရမှာ။ နောက်တိုက်ပွဲလည်းဆက်ဖြစ်တဲ့ သဘောဖြစ်ပါတယ်။ သူတို့လည်း စိန်လုံစခန်းကျသွားတဲ့နောက် လေကြောင်းနဲ့တိုက်ခိုက်တာလည်းရှိပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ပြည်သူလူထုတွေကလည်း သွားရေးလာရေး ဂရုစိုက်ရမှာဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။
ဒီစိန်လုံတပ်စခန်းကို ကေအိုင်အေက တိုက်ယူနေတဲ့အချိန်မှာပဲ လွယ်ဂျယ်ဂိတ်ကိုလာမယ့် ကုန်တင်ကားတွေ ရပ်နားရာ မံစီမြို့နယ်ထဲက ဂျန်မိုင်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
''လေကြောင်းက ပစ်ခတ်လို့ ကုန်တင်ကားသမား ၅ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့ရပါတယ်။ အဲဒီနေရာက ကုန်တင်ကားတွေရပ်နားနေကျနေရာဖြစ်ပြီး ကေအိုင်အေရှိတဲ့နေရာလည်းမဟုတ်ဘူး။ စစ်တပ်ရှိတဲ့နေရာလည်း မဟုတ်ဘူး'' လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ စိန်လုံစခန်းကုန်းနဲ့ ပတ်သက်လို့ ဧပြီ ၁ ရက် ညနေပိုင်းအထိသတင်းထုတ်ပြန်တာ မရှိပါဘူး။
စိန်လုံကဘားစခန်းရှိတဲ့ စိန်လုံကျေးရွာက စိန်လုံစစ်တပ် စစ်ဆေးရေး ဂိတ်ဟာ ဗန်းမော်-လွယ်ဂျယ် သွားနေတဲ့ ကုန်တင်ကားတွေအပါအဝင် ဒေသခံတွေကို ဖမ်းဆီးငွေတောင်းတဲ့ ဂိတ်အဖြစ်လည်း ခေတ်အဆက်ဆက်မှာ လူသိများတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ကေအိုင်အေနဲ့ ပူးပေါင်းတပ်တွေရဲ့ မတ်လ ၇ ရက်က စတဲ့ ကချင်ဒေသ ထိုးစစ်ကြောင့် တပ်စခန်းတွေဆုံးရှုံးပြီး အရေးနိမ့်နေတဲ့ စစ်ကောင်စီက ကချင်ပြည်နယ်အတွင်းက တပ်စခန်းငယ်တွေက တပ်သားတွေကို စခန်းကြီးတွေဆီ စုစည်းနေတယ်လို့ မြေပြင်အခြေအနေသိတဲ့ ဒေသခံအချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မံစီမှာရှိတဲ့ တပ်စခန်းငယ်တွေက စစ်ကောင်စီတပ်သားတွေက ဗန်းမော်ဘက်ကို သွားပေါင်းနေတယ်လို့ ဆိုပါတယ်။
စိန်လုံဗျူဟာတပ်စခန်းကိုသိမ်းလိုက်နိုင်တာက ဗန်းမော်ဘက်ကို ကေအိုင်အေသိမ်းနိုင်သွားတာလားဆိုတဲ့ ဘီဘီစီရဲ့ အမေး ကိုတော့ ဗိုလ်မှူးကြီးနော်ဘူက “အဲဒီလောက်ထိတော့မဟုတ်ပါဘူး။ ဒါပေမဲ့ တော်တော်အရေးပါတဲ့စခန်းကိုသိမ်းနိုင်သွား ပြီလို့ပြောလို့ ရပါတယ်။ ဗန်းမော်-လွယ်ဂျယ် ကားလမ်းမှာကတော့ သိမ်းစရာစခန်းတွေကတော့ ရှိပါသေးတယ်။ ဟိုး မိုးမောက်တို့ ကျောက်စခန်းတို့လည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီ တောင်ကုန်းပိုင်းမှာကတော့ ကျွန်တော်တို့ ထိန်းချုပ်လို့ရပါပြီ”လို့ ပြောပါတယ်။
ဗန်းမော်-လွယ်ဂျယ်ကားလမ်းဟာ ဗန်းမော်-မိုးမောက်-ကျောက်စခန်း-လောတန်-စိန်လုံ-ယောယုံ-လွယ်ဂျယ် အစဉ်အတိုင်းရှိနေတာမို့ ကေအိုင်အေက စိန်လုံကနေ လွယ်ဂျယ်ဘက်ကို သိမ်းထားနိုင်ပြီး စိန်လုံကနေ ဗန်းမော်ဘက်ကိုတော့ မသိမ်းနိုင်သေးဘူးလို့ နားလည်ရပါတယ်။
KIA ရဲ့ မတ်လ ၇ ရက်ကစတဲ့ ထိုးစစ် တစ်လဝန်းကျင်အတွင်း ဆယ်စုနှစ်များစွာနဲ့ ချီပြီး မြန်မာစစ်တပ်က အထိုင်ချခဲ့တဲ့ တပ်ဗျူဟာစခန်းအပါအဝင် ကချင်ပြည်နယ်က စစ်တပ်ရဲ့ တပ်စခန်း ၆၀ ကျော်ကို သိမ်းယူထားတယ်လို့ ကေအိုင်အေ က ထုတ်ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KSSM
စိန်လုံကျေးရွာဟာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရသာမကဘဲ ကချင်လူထုနဲ့ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ အရေးပါတဲ့သမိုင်းဝင်နေရာ အဖြစ်လည်း ပြောစမှတ်ရှိခဲ့ပါတယ်။
စိန်လုံတပ်စခန်းကုန်းကြီးရှိတဲ့ စိန်လုံကဘားရွာဟာ ဗန်းမော်မြို့ အရှေ့ဘက် ၂၆ မိုင်ခန့်အကွာမှာရှိပါတယ်။ ပေ ၆ဝဝဝ ကျော်မြင့်တဲ့ တောင်တန်းကြီးပေါ်မှာရှိပြီး အင်္ဂလိပ်အစိုးရလက်ထက် က တောင်တန်းဝန်ထောက် ရုံးစိုက်ရာမြို့လည်းဖြစ်ခဲ့ပါတယ်။
၁၉၄၅ ခုနှစ် က ဂျပန်တပ်တွေကို အမေရိကန်ရိန်းဂျားမဟာမိတ်တပ်ဖွဲ့နဲ့ ကချင် ရိန်းဂျားစစ်သည်တွေ ပေါင်းပြီး ကချင်ဒေသကနေ တိုက်ထုတ်အောင်မြင်နိုင်ခဲ့ချိန် အောင်မြင်ခြင်း အထိမ်းအမှတ် “အောင်ပဒန့် မနောပွဲ”ကြီးကို၁၉၄၅ ခုနှစ် မတ်လ ၂၄-၂၆ ရက်အထိ ကျင်းပခဲ့တဲ့ ဒေသလည်းဖြစ်တယ်လို့ ကချင်ဒေသတွင်းသတင်းတွေက သမိုင်းအထောက်အထားတွေနဲ့ဖော်ပြထားပါတယ်။











