ကေအိုင်အေမှာ လေယာဉ်ပစ်လက်နက်ရှိနေပြီလား

ဓာတ်ပုံ ရင်းမြစ်, AFP
ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးမှာ စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ် တစ်စင်းပစ်ချနိုင်ခဲ့ပြီး လိုက်ပါလာသူအားလုံးသေဆုံးသွားပြီလို့ ကေအိုင်အေပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို အတည်ပြုပါတယ်။
ဒါဟာ စစ်ကောင်စီရဲ့ ရိက္ခာပို့ရဟတ်ယာဉ် Mi-17 ကို ကေအိုင်အေတပ်ဖွဲ့ဝင်တွေက ပစ်ချနိုင်ခဲ့တာဖြစ်ပြီး မြေပြင်ပေါ်မကျခင်ကတည်းက လေယာဉ်တစ်စီးလုံးမီးလောင်ကျွမ်းပျက်စီးခဲ့တာလို့ ပြောပါတယ်။
ဇန်နဝါရီ ၃ ရက် မနက် ၁၁ နာရီ ၅၉ မိနစ်မှာ ပျက်ကျခဲ့တဲ့ဒီဖြစ်စဉ်မှာ မီးလောင်ခဲ့တာကြောင့် ရုပ်အလောင်းနှစ်လောင်း ကလွဲလို့ ကျန်တဲ့အလောင်းတွေကို ဘယ်သူဘယ်ဝါခွဲခြားမရနိုင်ခဲ့ဘူးလို့ ကေအိုင်အေ ဆီက သိရပါတယ်။
လေတပ် CDM အသိုင်းအဝိုင်းကရရှိထားတဲ့ တပ်တွင်းသတင်းတွေအရတော့ မြစ်ကြီးနားလေတပ်ကနေ ထွက်ခွာလာတဲ့ အဲဒီထောက်ပို့ရဟတ်ယာဉ်ပေါ်မှာ လေယာဉ်မှူးအဖြစ် ဗိုလ်မှူး ဇော်မျိုးသန့်၊ တွဲဖက်လေယာဉ်မှူးအဖြစ် ဗိုလ်ကြီး ကောင်းစံသိန်း၊ လေတပ်အင်ဂျင်နီယာ ဗိုလ်ကြီး စိုးပိုင်ကျော်တို့အပါအဝင် အခြားတပ်သား ၅ ဦးပါဝင်ပါတယ်။
“အခြားအဆင့် ၅ ယောက်လည်းပါတယ်။ ကြည်းတပ်ကပါသေးတယ်” လို့ လေတပ် CDM တပ်ကြပ်ကြီးဇေယျက သူရရှိထားတဲ့သတင်းအချက်အလက်ကို ပြန်ပြောပြပါတယ်။
ကေအိုင်အေပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ရဟတ်ယာဥ်ပေါ်မှာ လူ ၆ ဦးပါလာတယ်လို့ ဘီဘီစီကို အတည်ပြုပါတယ်။
စစ်တပ်ရိက္ခာတင်ရဟတ်ယာဉ်ကို ပစ်ချခဲ့တဲ့လက်နက်ကဘာလဲ

ဓာတ်ပုံ ရင်းမြစ်, www.china-defense-mashup.com/WeaponSystems.net
“လေယာဉ်ကအပစ်ခံရချိန်မှာကတည်းက မီးလောင်နေတာဖြစ်တဲ့အတွက် ဒါက FN - 6 ဒါမှမဟုတ် MANPADS နဲ့ ပစ်ချတဲ့လက္ခဏာပဲ” လို့ လေတပ် CDM တပ်ကြပ်ကြီးဇေယျက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ လေယာဉ်ပျက်ကျတဲ့ရုပ်သံဖိုင်ကို ကြည့်ရှုပြီးသုံးသပ်ပါတယ်။
တရုတ်နိုင်ငံထုတ် FN - 6 အပြင် လေယာဉ်ပစ်လက်နက်အမျိုးအစား မျိုးကွဲတွေရှိပြီး အများစုကတော့ ၁၉၅၀ ပြည့်နောက်ပိုင်း စတင်အသုံးပြုခဲ့တဲ့ Man-portable air-defense system (MANPADS) ကိုအခြေခံကာ ဆင့်ပွားတီထွင် ထားခဲ့တာလည်းဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါကြောင့် ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေမှာ လေယာဉ်ပစ်လက်နက်ပိုင်ဆိုင်နေပြီလားလို့ ဘီဘီစီက မေးခွန်းထုတ်ခဲ့ရာမှာတော့ “လေယာဉ်ပစ်လက်နက်ရှိ၊မရှိက လုံခြုံရေးအရပြောခွင့်မရှိဘူး” လို့ ဗိုလ်မှူးကြီး နော်ဘူက တုံ့ပြန်ဖြေပါတယ်။
ပေ ၃၀၀၀ အမြင့်ကနေ ပျံသန်းလာတဲ့ ရုရှားနိုင်ငံထုတ် Mi-17 ရဟတ်ယာဉ်တစ်စင်းကို ပစ်ချပြီး လေထဲမှာတင်မီးလောင်ပေါက်ကွဲခဲ့တာက ပွိုင့် ၅ သေနတ်၊ RPG ဒုံးပစ်လောင်ချာတွေနဲ့ ပစ်ခတ်ခဲ့တဲ့လက္ခဏာမဟုတ်ဘူးလို့ လေတပ် CDM အသိုင်းအဝိုင်းက ထောက်ပြပါတယ်။
လေတပ်အသိုင်းအဝိုင်းက ထောက်ပြနေတဲ့ FN - 6 ဆိုတာဟာ FeiNu - 6 လို့လည်းခေါ်ဝေါ် ပြီး ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှာစတင်အသုံးပြုခဲ့ တာလို့ နိုင်ငံတကာလက်နက်သုတေသနစာတမ်းတွေအရ သိရပါတယ်။
၁၆ ကီလိုအလေးချိန်ရှိတဲ့ FN - 6 လက်နက်ဟာ ထိပ်ပိုင်းမှာသေတ္တာပုံစံဖွဲ့စည်းထားပြီး ဒုံးကျည်ထိပ်ပိုင်းကို ချွန်ထက်တဲ့ပုံစံ ဒီဇိုင်းလုပ်ထားတယ်လို့ WeaponSystems.net က ဖော်ပြထားသလို တရုတ်နဲ့ ပါကစ္စတန်နိုင်ငံတွေမှာ အသုံးပြုပါတယ်။
လေယာဉ်ပစ်လက်နက်တွေဟာ ပေ ၁ သောင်း ကနေ ၁ သောင်းခွဲအတွင်း ပျံလာမယ့် တိုက်လေယာဉ်တွေကို ပစ်ချနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေကပြောပါတယ်။
ဒါကြောင့် ပေ ၇၀၀၀ ထောင်ဝန်းကျင်လောက်မှာပဲ ပျံနေတဲ့ စစ်ကောင်စီရဲ့လေယာဉ်အများစုကို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက ပစ်ချနိုင်လိမ့်မယ် လို့ လေတပ် CDM တပ်ကြပ်ကြီးဇေယျက သူ့အမြင်ကို ပြောပြပါတယ်။
“လေယာဉ်ပစ်လက်နက်သာတကယ်ရှိရင်တော့ အလွယ်တကူဝယ်ယူလို့ရတာမဟုတ်တဲ့အတွက် သက်ဆိုင်ရာအဖွဲ့တွေက ထုတ်ပြောမှာမဟုတ်ပါဘူး” လို့ သူက ဆက်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cincds
အများပြောနေတဲ့ FN - 6 တစ်လက်ရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၇ သောင်းခွဲကနေ ၉ သောင်းအထိ ပေါက်ဈေးရှိပြီး လက်ရှိကာလပေါက်ဈေးနဲ့ဆိုရင် တစ်လက်ကို မြန်မာငွေ သိန်း နှစ်ထောင်ကျော်တန်ကြေး ရှိပါတယ်။
စစ်အာဏာမသိမ်းခင်ကတည်းက မြန်မာစစ်တပ်နဲ့ နှစ်ဆယ်နဲ့ချီတိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေမှာ လေယာဉ်ပစ်လက်နက်ပိုင်ဆိုင်ကြောင်းတရားဝင်ထုတ်ပြောတာမရှိခဲ့ပေမဲ့ ၂၀၁၉ ခုနှစ်တုန်းက တော့ တအာင်းတပ် TNLA ဆီကနေ သိမ်းဆည်းရမိတဲ့လက်နက်ရာချီထဲမှာ တရုတ်ထုတ် လေယာဉ်ပစ်လက်နက် FN - 6 ပါဝင်တဲ့အကြောင်း စစ်တပ်က သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။
ဒါပေမဲ့စစ်အာဏာသိမ်း ၃ နှစ်ပြည့်ခါနီးအချိန်မှာတော့ စစ်ကောင်စီရဲ့လေယာဉ်တွေဆက်တိုက်ပစ်ချခံနေရ တာကို ထင်သာမြင်သာတွေ့ရပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ကယား (ကရင်နီ) ပြည်နယ်မှာ K-8W တိုက်လေယာဉ်ကို ပစ်ခတ်ခဲ့ပြီး လေယာဉ်ပစ်လက်နက်နဲ့ပစ်ချခဲ့တာမဟုတ်ဘူးလို့ ကရင်နီတော်လှန်ရေး အစုအဖွဲ့တွေက အဲဒီအချိန်တုန်းက ထုတ်ပြောခဲ့ပါတယ်။
ကရင်နီမှာတိုက်လေယာဉ်ပစ်ချခံရပြီး နှစ်လမပြည့်ခင်မှာပဲ ကချင်ပြည်နယ်၊ ဝိုင်းမော် အပိုင်ထဲက နာဖော့တပ်စခန်းကိုရိက္ခာထောက်ပို့သွားတဲ့ စစ်ကောင်စီရိက္ခာပို့ရဟတ်ယာဉ် အခုလိုတိုက်ခိုက်ခံလိုက် ရတာပဲ ဖြစ်ပါတယ်။
လေယာဉ်ပျက်ကျတဲ့တဝိုက် လေကြောင်း နဲ့ထပ်တိုက်

ဓာတ်ပုံ ရင်းမြစ်, Screengrab
ကချင်ပြည်နယ်က မြေပြင်အခြေအနေကိုကြည့်ရရင် ၂၀၂၃ နှစ်လယ်ပိုင်းကစလို့ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်အကြားတိုက်ပွဲပြင်းထန်ခဲ့ပြီး မြစ်ကြီးနား - ဗန်းမော်လမ်းပေါ်က ကန်တော်ယန် (ဂန်ဒေါင်ယန်) က စစ်ကောင်စီဗျူဟာကုန်းကို ကေအိုင်အေက တိုက်ခိုက်သိမ်းပိုက်ထားခဲ့ပါတယ်။
အဲ့ဒီနောက်တော့ ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာအနီးက စစ်ကောင်စီတပ်စခန်းတွေဆီ ရိက္ခာပို့တဲ့ အခါမှာဖြစ်စေ ကုန်းကြောင်းထက် လေကြောင်းကိုအဓိကထားသွားလာနေရတဲ့ အခြေဆိုက်နေတာလို့ ကချင်စစ်ရေးသိရှိသူတွေက ပြောပါတယ်။
အခုလေယာဉ်ပျက်ကျခဲ့တဲ့နေရာ လိုင်ဇာ - နဖော့ - ပါချောင်တကြောက မြေပြင်မှာ ကေအိုင်အေ တပ်ဖွဲ့ဝင်တွေ တပ်စခန်းချနေရာယူထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လေယာဉ်လည်းပျက်ကျပြီးရော မနေ့ညနေ ၅ နာရီလောက်မှာ လိုင်ဆင်မြို့တဝိုက် ဒီတရုတ်-မြန်မာ နယ်စပ်တကြောကို တိုက်လေယာဉ်တွေနဲ့ သုံးကြိမ်လောက်ထပ်လာပစ်တာ” လို့ မြေပြင်အခြေအနေသိရှိသူ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒီလိုတိုက်လေယာဉ်နဲ့ထပ်မံပစ်ခတ်မှုကြောင့် အထိအခိုက် အခြေအနေအသေးစိတ်မသိရှိရသေးဘူးလို့ သူကဆက်ပြောပါတယ်။
ကေအိုင်အေကတော့ တပ်မဟာ ၅ နယ်မြေထဲပါဝင်တဲ့ လေယာဉ်ပျက်ကျရာနေရာကို နယ်မြေရှင်းလင်းရေးလုပ်ပြီးပြီလို့ ဘီဘီစီကို ဖြေကြားထားပြီး ရိက္ခာအပါအဝင် ပျက်ကျခဲ့တဲ့တပ်ဖွဲ့ဝင်တွေရဲ့အချက်အလက် တစုံတရာသိမ်းဆည်းရမိတာမရှိခဲ့ဘူးလို့ ပြောပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကတော့ ကချင်ပြည်နယ်က လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်လို့ ၂၄ နာရီကျော်ကြာ နှုတ်ဆိတ်နေခဲ့ပြီး ဇန်နဝါရီ ၄ ရက် ညနေစောင်းပိုင်းအထိတစုံတရာသတင်းထုတ်ပြန်လာ တာမရှိပါဘူး။
စစ်အာဏာသိမ်းစ ၂၀၂၁ ခုနှစ် မေလကလည်း မိုးမောက်မြို့နယ် ကုန်းလောကျေးရွာအနီး မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဥ်တစ်စင်းကို ပစ်ချခဲ့ပြီး ဗိုလ်မှူးကြီးနော်ဘူရဲ့ အပြောအရတော့ ကေအိုင်အေ ဌာနချုပ် ဝန်းကျင်နဲ့ နီးစပ်ရာဒေသတွေမှာ စစ်ကောင်စီ ရဟတ်ယာဥ် နှစ်စင်းထက်မနည်းကို ပစ်ချထားနိုင်တယ်လို့ ဆိုပါတယ်။









