ဗုံးလာကြဲရင်းဖမ်းဆီးခံလိုက်ရတဲ့စစ်လေယာဉ်မှူး

ဖမ်းဆီးခံရတဲ့ ဗိုလ်မှူး ခိုင်သန့်မိုး

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, ဖမ်းဆီးခံရတဲ့ ဗိုလ်မှူး ခိုင်သန့်မိုး

ကယား (ကရင်နီ) ပြည်နယ် မြို့တော်လွိုင်ကော်မှာ ၁၁၁၁ စစ်ဆင်ရေးစတင်တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာပဲ စစ်ကောင်စီရဲ့ K-8W တိုက်လေယာဉ်တစ်စင်းကို တော်လှန်ရေးအင်အားစုတွေက ဖျက်ချခဲ့ပါတယ်။

တိုက်လေယာဉ်မောင်းတဲ့ လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးတို့ အစောပိုင်းမှာ လွတ်မြောက်နေခဲ့ပေမဲ့ ရှစ်ရက်အကြာ နိုဝင်ဘာ ၁၉ ရက်နေ့မှာတော့ စစ်လေယာဉ်မှူးဖြစ်တဲ့ ဗိုလ်မှူး ခိုင်သန့်မိုး ကို တော်လှန်ရေး အင်အားစုတွေ ဖမ်းဆီးမိခဲ့ပါတယ်။

“လေယာဉ်ပျက်ကျတော့ ကရင်ဘက်ကို ကျသွားတယ်။ လေယာဉ်မှူး နှစ်ယောက်ကတော့ မပျက်ကျခင်မှာ ခုန်ဆင်းခဲ့တဲ့အတွက် ဒီကရင်နီပြည်နယ်ဘက်မှာပဲ ခုန်ချတယ်။ အဲဒီမှာပဲ ၅ ရက်၊ ၆ ရက်လောက် ပုန်းခိုနေပြီး တော့မှ ဖမ်းမိတာပါ” လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ဒုတိယဥက္ကဋ္ဌ ခွန်းဘီထူးက ဘီဘီစီကို ပြောပါတယ်။

စစ်တက္ကသိုလ်အပတ်စဉ် ၄၄ ဆင်း စစ်လေယာဉ်မှူးဖမ်းဆီးခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုဝင်ဘာ ၂၄ ရက်အထိ စစ်ကောင်စီက တစုံတရာသတင်းထုတ်ဖော်ပြောကြားတာမတွေ့ရသေးပါဘူး။

ကရင်နီကို လေကြောင်းအများဆုံးတိုက်ခိုက်တဲ့ K-8W

၂၀၂၂ ခုနှစ် တပ်မတော် လေ နှစ်ပတ်လည်

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ် တပ်မတော် (လေ) နှစ်ပတ်လည်

စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်မှုအား‌ကောင်းတဲ့ ကရင်နီပြည်နယ်မှာ အပေါ့စား တိုက်ခိုက်ရေးလေယာဉ်အမျိုးအစားဖြစ်တဲ့ K-8 ဒါမှမဟုတ် အဆင့်မြှင့်ထားတဲ့ K-8W တွေနဲ့ စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်လေ့ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေရော CDM လေတပ်အသိုင်းအဝိုင်းကပါ ပြောကြပါတယ်။

“ ကရင်နီကို အဓိကသုံးတာတွေ့ရတယ်။ ပဲခူးတိုင်းအရှေ့ခြမ်းရော KNU တပ်မဟာ ၅ ဖာပွန်ခရိုင်အထိကိုသုံးတာတွေ့ရတယ်။ တခါတလေ Mi-17 ကို လုံခြုံရေး လိုက်တဲ့အနေနဲ့ သုံးတယ်”လို့ စစ်ကောင်စီလေကြောင်းအသုံးပြုတိုက်ခိုက်မှုကို စောင့်ကြည့်နေတဲ့ လေတပ် CDM တပ်ကြပ်ကြီးဇေယျက ပြောပါတယ်။

အများဆုံးလေကြောင်းတိုက်ခိုက်လေ့ရှိတဲ့ K-8W တိုက်ခိုက်ရေးယာဉ်ကို ကရင်နီတော်လှန်ရေးအင်အား စုတွေဘက်က နိုဝင်ဘာ ၁၁ ရက်နေ့ ညနေပိုင်းမှာ ပစ်ချနိုင်ခဲ့တာလို့ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IECကနေ သိရပါတယ်။

“ကျွန်တော်တို့ ကယား (ကရင်နီ) ဘက်ကို တိုက်ခိုက်တာမှာ အများဆုံးက သူတို့ (K-8) တွေ ဖြစ်ခဲ့တဲ့အတွက် ဒီတိုက်ပွဲတွေမှာ ကျူးလွန်မှုတွေကတော့ သေချာပေါက်များပါလိမ့်မယ်။ တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်သူတွေလဲဆိုတာ ဆက်လက်ဖော်ထုတ်ဖို့ရှိပါတယ်” လို့ IEC ဒုဥက္ကဋ္ဌ ခွန်းဘီထူးက ပြောပြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါကြောင့် အပေါ့စားတိုက်ခိုက်ရေးလေယာဉ်ကိုမောင်းနှင်ခဲ့တဲ့ ဗိုလ်မှူးခိုင်သန့်မိုး ကို စစ်ဘက်ဆိုင်ရာ စစ်ဆေးမှုတွေလုပ်နေကြပြီး တရားစီရင်‌ရေးအတွက်တော့ ရဲဘက်ကို လွှဲပြောင်းသွားဖို့ရှိတဲ့အပြင် ထိုက်သင့်တဲ့ပြစ်ဒဏ်တွေပေးမယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကတော့ ပစ်ချခံခဲ့ရတာမဟုတ်ဘဲ လေ့ကျင့်ပျံသန်းနေရင်း ပျက်ကျတာလို့ ထုတ်ပြန်ခဲ့ပါတယ်။

“လေယာဉ်မှူး၊ တွဲဖက်လေယာဉ်မှူး နှစ်ဦးတို့နဲ့လည်းအဆက်အသွယ်ရပါပြီ” လို့ စစ်ကောင်စီသတင်းထုတ် ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ကနဦးမှာပဲ ဒီဖြစ်စဉ်အပေါ် တုံ့ပြန်သတင်းထုတ်ခဲ့ ပါတယ်။

ဒါပေမဲ့ ပစ်ချခံရပြီး ရှစ်ရက်အကြာမှာတော့ ကရင် နဲ့ ကရင်နီအစပ် ကရင်နီဘက်ခြမ်းမှာ K-8W ကိုဦးဆောင်မောင်းနှင်ခဲ့တဲ့ ဗိုလ်မှူး ခိုင်သန့်မိုး အဖမ်းခံခဲ့ရတာပါ။

“သူက အရင်က လေယာဉ်မောင်းသင်တန်းကျောင်းမှာ နည်းပြလည်းလုပ်ခဲ့တယ်ပေါ့နော်။ K-8တွေကိုပဲ အမောင်းသင်ပေးခဲ့တာလေ” လို့ လေတပ် CDM တပ်ကြပ်ကြီးဇေယျက ပြောပါတယ်။

စစ်တက္ကသိုလ် အပတ်စဉ် ၄၄ ဆင်း အသက် ၄၂ အရွယ် ဗိုလ်မှူးခိုင်သန့်မိုးဟာ တောင်ငူလေတပ်မှာတာဝန် ထမ်းဆောင်ပြီး လွိုင်ကော်မြို့တဝိုက်ဗုံးကြဲချိန် လေယာဉ်ပစ်ချခံရကာ တော်လှန်ရေးအင်အားစုရဲ့ ဖမ်းဆီးတာ ကြုံခဲ့ရပါတယ်။

“စစ်အာဏာသိမ်းပြီးမှ တိုက်ခိုက်ရေးထဲပါလာတဲ့သူလို့ပြောလို့ရတယ်။ တောင်ငူလေတပ်စခန်းဌာနချုပ် ကနေ ပုသိမ်လေတပ်စခန်းဌာနချုပ်ဘက်ကို K-8 သုံးစီးအုပ်ခွဲပေးချိန်မှာ သူကဦးဆောင်သူအနေနဲ့ ပုသိမ်ရောက်သွားတယ်။ အုပ်မှူးလည်းမဟုတ်ဘူး စီနီယာပိုင်းလော့သဘောပါ”

လေတပ်ရာထူးအဆင့်တွေအရ မြေပြင်အကြီးတန်းအရာရှိအဆင့်ရှိတဲ့ ဗိုလ်မှူးခိုင်သန့်မိုးအကြောင်း လေတပ် CDM တပ်ကြပ်ကြီးဇေယျက အခုလိုပြောပြခဲ့တာပါ။

၂၀၂၁ ခုနှစ်အစောပိုင်းကာလတွေမှာ ဗိုလ်မှူးခိုင်သန့်မိုးဟာ မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ရှမ်းတဲရွာအနီးမှာရှိတဲ့ လေကြောင်း အတတ်သင် လေတပ်စခန်းဌာနချုပ် (ရှမ်းတဲ) မှာ K-8တိုက်ခိုက်ရေးလေယာဉ်နည်းပြ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အမောင်းသင်လေယာဉ်မှ ဗုံးကြဲလေယာဉ်အဖြစ်သို့

လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က ပျက်ကျခဲ့တဲ့ စစ်ကောင်စီတိုက်လေယာဉ်

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ နိုဝင်ဘာ ၁၁ ရက်က ပျက်ကျခဲ့တဲ့ စစ်ကောင်စီတိုက်လေယာဉ်

Karakorum-8 လို့သိကြတဲ့ အပေါ့စားတိုက်ခိုက်ရေးလေယာဉ်ကို မြန်မာမှာတော့ အမောင်းသင် လေယာဉ်အဖြစ်သာမက ဗုံးကြဲတိုက်ခိုက်ရေးအတွက်ပါ အသုံးပြုလေ့ရှိပါတယ်။

တရုတ် နဲ့ ပါကစ္စတန် နှစ်နိုင်ငံပူးပေါင်းထုတ်လုပ်ထားတဲ့ K-8 တိုက်ခိုက်ရေးလေယာဉ်တွေကို ၁၉၉၈ - ၁၉၉၉ ခုနှစ်တွေကစပြီး မြန်မာမှာ အသုံးပြုခဲ့တာလို့ စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Myanmar Witness က ရေးသားထားပါတယ်။

K-8 နဲ့ K-8W တွေဟာ ဝေဟင်ကြားဖြတ်ရေဒါစနစ်မပါရှိတာကြောင့် အနီးကပ်လေကြောင်းပစ်ခတ်မှုအတွက် အသင့်တော်ဆုံး အမျိုးအစားဖြစ်တာကြောင့် ပစ်မှတ်ထိအောင် ခပ်နိမ့်နိမ့်ပျံသန်းရာကနေ မြေပြင်ကတန်ပြန် ပစ်ခတ်မှုတွေ အခုလိုထိမှန်ပျက်ကျတာလို့ CDM လေတပ်အသိုင်းအဝိုင်းကလည်း‌ထောက်ပြကြပါတယ်။

“အဓိကကတော့ Low level အထိ နှိမ့်ပြီးပျံတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေသုံးတဲ့ လက်နက်ငယ် ပွိုင့် ၅ ကလည်း မီတာ ၅၀၀ ကျော် ၈၀၀ အထိသွားတယ်။ လေယာဉ်ကို ပေ ၃၀၀၀ အထိ နိမ့်ပြန်လို့ အပစ်ခံရ တာပေါ့” လို့ လေတပ် CDM တပ်ကြပ်ကြီးဇေယျက ရှင်းပြပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကတော့ လေယာဉ်ပစ်ချခဲ့တဲ့ဖြစ်စဉ်၊ စစ်လေယာဉ်မှူး ဖမ်းဆီးခံရတဲ့အခြေအနေအသေးစိတ်တွေကို ထုတ်ပြောတာမရှိဘဲ ပျောက်ဆုံးနေတဲ့ တွဲဖက်စစ်လေယာဉ်မှူး ကို ဖမ်းဆီးနိုင်ဖို့ရှာဖွေနေတယ်လို့သာ ထုတ်ပြောထားပါတယ်။

အခုနှစ် ဇွန်လ ၃၁ ရက်နေ့တုန်းကလည်း ဘော်လခဲခရိုင်၊ ရွာသစ်မြို့အခြေစိုက် BGF တပ်ရင်းအမှတ် (၁၀၀၅) အနီးမှာ စစ်ကောင်စီရဲ့ လေယာဉ်ကို ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့က ဖျက်ချနိုင်ခဲ့ပြီး သေဆုံးခဲ့တဲ့ လေယာဉ်မှူး ၂ဦးကို စစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က ထုတ်ပြန်ခဲ့ပါတယ်။