အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု - သေဆုံးသူ ၆၀ ကျော်ရှိလာတယ်လို့ KIO ပြော

ဓာတ်ပုံ ရင်းမြစ်, Gunmaw Sumlut
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက အနန့်ပါအရပ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆၀ ကျော်အထိ မြင့်တက်လာတယ်လို့ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့(KIO/KIA)က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့နယ်၊ ကံဆီးရွာအနီးက အဲဒီနေရာကို အောက်တိုဘာလ ၂၃ ရက်ညပိုင်းတုန်းက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် KIO ဖွဲ့စည်းမှုနှစ်ပတ်လည်နေ့အကြို ဖျော်ဖြေပွဲကို တက်ရောက်နေတဲ့ KIO အမှုထမ်းတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့တာဖြစ်ပါတယ်။
အစောပိုင်းမှာ သေဆုံးသူ ၅၀ ထက်မနည်းရှိတယ်လို့ KIO ဘက်ကပြောပေမဲ့ ဒီနေ့မှာ သေဆုံးသူ ၆၂ ဦးထိ စာရင်းကောက်ယူရရှိထားတယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ KIA တပ်မဟာမှူး၊ ဒုတပ်မဟာမှူးတွေလည်းပါဝင်တယ်လို့ သူကပြောပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပါ၊ မပါ ကိုတော့ စိစစ်နေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူကလည်း ၆၂ ဦးအထိရှိလာပြီး KIAဘက်က ဆေးဝါးကုသပေးနေပေမဲ့ ပြည့်စုံတဲ့အနေအထား မဟုတ်ဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Gunmaw Sumlut
လက်ရှိမှာ အဲဒီလေကြောင်းတိုက်ခိုက်မှုတွေမှာ ဒဏ်ရာရသူတွေကို အနန့်ပါကနေ ကယ်ထုတ်ဖို့ လူမှုကူညီရေးအဖွဲ့တွေက ကြိုးပမ်းနေပေမဲ့ အနန့်ပါကို အသွားလမ်းပေါ်မှာရှိတဲ့ ကံဆီးတံတားကို စစ်ကောင်စီတပ်ဘက်က ပေးမဖြတ်ဘူးလို့ မြေပြင်အခြေအနေ သိရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ အနန့်ပါဟာ KIA တပ်မဟာ ၉ အခြေပြုစစ်ရေးလှုပ်ရှားရာနေရာ လို့ ထုတ်ပြန်ပြောဆိုပေမဲ့ KIA ဘက်ကတော့ အဲဒီနေရာဟာ KIA စခန်းမဟုတ်ဘဲ ခရီးသွားတွေ ခတ္တအနားယူကြတဲ့ စျေးဆိုင်တန်း စခန်းငယ်နေရာဖြစ်တယ်လို့ပြောထားပါတယ်။
ရခိုင်မှာ မုန်တိုင်းကြောင့် စပါးခင်းတွေပျက်စီး

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့တို့မှာ တိုက်ခတ်ခဲ့တဲ့မုန်တိုင်းကြောင့် ဆားငန်ဒီရေဝင်ရောက်ပြီး စပါးခင်းတွေပျက်စီးသွားမယ့်အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တောင်သူတွေက ပြောဆိုကြပါတယ်။
မုန်တိုင်းတိုက်ခတ်ချိန် ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခဲ့တာကြောင့် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံမြို့နယ်မှာ စပါးခင်းတွေကို ကာရံထားတဲ့ တာတွေကျိုးပေါက်ပြီး မြစ်ချောင်းနဲ့နီးတဲ့စပါးစိုက်ခင်းတွေကို ဒီရေတွေဝင်ရောက်ခဲ့တာလို့ ရခိုင်ပြည်တောင်သူလယ်သမားသမဂ္ဂက ပြောပါတယ်။
မုန်တိုင်းအားကောင်းလာတဲ့အချိန်ကနေ ရခိုင်ပြည်နယ်အတွင်း မိုးသက်လေပြင်းကျရောက်ပြီး မနေ့က မနက်ပိုင်းမှာတစ်ကြိမ်၊ ညပိုင်းမှာတစ်ကြိမ် ဒီရေပြည့်လျှံခဲ့ရာမှာ စပါးခင်းတွေထဲအထိ ဆားငန်ရေ ဝင်ရောက်ခဲ့တာလို့ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာက တောင်သူ ဦးမောင်စောရွှေက ပြောပါတယ်။
“မနေ့က မုန်တိုင်းကြောင့် ဆားငန်ရေတွေက လယ်တွေကိုဝင်ရောက်ခဲ့တာပါ။ ကျွန်တော်တို့ ရွာအပြင် အနီးနားက တခြားရွာတွေက လယ်တွေလည်း နစ်မြုပ်သွားတာပါ။ စပါးပင်တွေက အခုနေ့လယ်ပိုင်းမှာဆိုရင် နီရဲပြီးတော့ အရောင်တွေပြောင်းသွားပြီ။ တော်တော်လေးကို ပျက်စီးကြမှာပါ။”လို့ သူကပြောပါတယ်။
လက်ရှိမှာတော့ မိုးကလည်းဆက်လက်မရွာတော့ပေမဲ့ လယ်ကွင်းတွေထဲဆားငန်ရေတွေဆက်ရှိနေတာကြောင့် ကျိုးပျက်သွားတဲ့ရေငန်တား တာရိုးတွေကို ပြန်လည်မဖို့နိုင်ဘူးဆိုရင် အဲဒီလယ်မြေတွေက စပါးခင်းတွေဟာ ပျက်စီးသွားမှာသေချာတယ်လို့ တောင်သူလယ်သမားသမဂ္ဂက ပြောပါတယ်။
မြောက်ဦးက စစ်ရှောင်စခန်းကို စစ်ကောင်စီတပ် ဝင်ရောက်ရှာဖွေ

ဓာတ်ပုံ ရင်းမြစ်, မြတန်ဆောင်းဖောင်ဒေးရှင်း
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က မြတန်ဆောင်း စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ဒီနေ့ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းမှာ အင်အား ၇၀ နီးပါးခန့်နဲ့ လာရောက်ရှာဖွေတွေတာတွေ ပြုလုပ်သွားတယ်လို့ စစ်ရှောင်စခန်းမှာနေထိုင်သူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ခန့်ဟာ ဒီနေ့မနက် ၈ နာရီခန့်မှာ စစ်ကားတစ်စီးနဲ့ရောက်လာပြီး သူတို့ထဲက အချို့က စစ်ရှောင်စခန်းပတ်ပတ်လည်ကို ဝင်ရောက်ရှာဖွေတာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
လာရောက်ရှာဖွေရတဲ့အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရပေမဲ့ မြတန်ဆောင်းဖောင်ဒေးရှင်း ဆရာတော်ကို အလိုရှိပုံရပြီး ဆရာတော်မရှိဘူးဆိုတာသိသွားပြီးတဲ့နောက် မနက် ၁၁ နာရီလောက်မှာ ပြန်ထွက်သွားတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
‘’ဆရာတော်က အရင်တုန်းကလည်း အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရဖူးတယ်။ အခုလည်း ဆရာတော်ကို မေးတယ်။ မရှိဘူးဆိုတော့ ပြန်ထွက်သွားတာ။ ဒီမှာက စစ်တပ်က အေအေနဲ့ ဆက်စပ်တယ်ဆိုပြီးဖမ်းတာ၊ စစ်တပ်နဲ့ဆက်စပ်တယ်ဆိုပြီး အေအေက ဖမ်းတာတွေ အပြန်အလှန်ဖြစ်နေတော့ ဆရာတော်ကိုလည်း ဒီလိုအလိုရှိပြီးလာဖမ်းတာဖြစ်နိုင်ပါတယ်’’ လို့ စစ်ရှောင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဆရာတော်ကတော့ ပထမတစ်ကြိမ်လာရှာကတည်းက တိမ်းရှောင်နေပြီး စစ်ရှောင်စခန်းကို အဝေးကနေ အကူအညီပေးနေတယ်လို့ သိပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း မြတန်ဆောင်းစစ်ရှောင်စခန်းထဲကို ဝင်ရောက်ရှာဖွေတာ ပြုလုပ်ခဲ့ဖူးပါတယ်။
အဲဒီစခန်းဟာ ၂၀၁၉ ခုနှစ်မှာ စစ်တပ်နဲ့ အေအေတို့ တိုက်ပွဲတွေကြောင့် မြောက်ဦးနဲ့ကျောက်တော်မြို့နယ်တွေထဲက ကျေးရွာ ၁၈ ရွာနီးပါးကနေ စစ်ဘေးရှောင်လာသူ ၁၁၀၀ ကျော် နေထိုင်နေတဲ့စခန်းဖြစ်ပါတယ်။
တစ်ဖက်မှာလည်း အရင်က မြတန်ဆောင်းစစ်ရှောင်တွေကို နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့တွေက ကူညီထောက်ပံ့တာတွေရှိခဲ့ပေမဲ့ မြောက်ဦးမှာ စစ်တပ်နဲ့အေအေတို့ ထိတွေ့တိုက်ပွဲ စတင်တဲ့ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ရခိုင်ပြည်နယ်အတွင်းအကူအညီ ပေးတာတွေကို စစ်ကောင်စီတပ်က ပိတ်ပင်ခဲ့တာကြောင့် စစ်ရှောင် တစ်ထောင်ကျော်ဟာ စားသောက်နေထိုင်ရေး အခက်အခဲ ကြီးကြီးမားမားကြုံနေရတယ်လို့ စခန်းမှာနေထိုင်သူတွေက ပြောပါတယ်။
မြန်မာအပါအဝင် ကမ္ဘာတဝှမ်းက WhatsApp သုံးစွဲသူတွေ စာအပို့အယူ အခက်ကြုံနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်တာနက် အွန်လိုင်းကနေ စာပို့တာနဲ့ ဖုန်းခေါ်ဆိုတာပြုလုပ်နိုင်တဲ့ WhatsApp အပလီကေးရှင်းမှာ မက်ဆေ့ပို့မရတာနဲ့ မက်ဆေ့မဝင်တာတွေကြုံနေရတယ် မြန်မာသုံးစွဲသူတွေက ပြောပါတယ်။
WhatsApp အသုံးပြုလို့ခက်နေတဲ့အကြောင်း ကမ္ဘာတဝှမ်းသုံးစွဲသူတွေက ပြီးခဲ့တဲ့တစ်နာရီအတွင်း ပြောဆိုနေကြတယ်လို့လည်း Down Detector ဆိုတဲ့အင်တာနက်စာမျက်နှာက ဖော်ပြပါတယ်။
မြန်မာသုံးစွဲသူတွေကြားမှာလည်း အစောပိုင်းမှာ ဖုန်းခေါ်ဆိုလို့မရတာအပြင် အလားတူ အခက်ကြုံနေရတယ်လို့ ဘီဘီစီပရိသတ်တွေက ပြောကြပါတယ်။
မြန်မာပြည်တွင်းမှာတော့ WhatsApp ဟာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြတဲ့ ပလက်ဖောင်းတစ်ခုမဟုတ်ပေမဲ့ ပြည်ပရောက်မြန်မာတွေ၊ နောက် အိမ်နီးချင်းနိုင်ငံတွေက ကုန်သည်တွေနဲ့အရောင်းအဝယ်လုပ်သူတွေဟာ WhatsApp ကို အင်တာနက်အွန်လိုင်းကနေ ဆက်သွယ် ဖုန်းခေါ်နိုင်တဲ့ပလက်ဖောင်းတစ်ခုအဖြစ် အသုံးပြုကြပါတယ်။
လူအစုလိုက်အပြုံလိုက်သေကြေစေဖို့ ရည်ရွယ်ချက်နဲ့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခဲ့တယ်လို့ KIO ပြော

ဓာတ်ပုံ ရင်းမြစ်, KIO
စစ်ကောင်စီက အဲဒီနေရာဟာ KIA တပ်မဟာ ၉ အခြေပြု စစ်ရေးလှုပ်ရှားရာနေရာဆိုပြီး ထုတ်ပြန်
လူအစုလိုက်အပြုံလိုက်သေကြေစေဖို့ ရည်ရွယ်ချက်နဲ့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခဲ့တယ်လို့ KIO ပြော၊စစ်ကောင်စီက အဲဒီနေရာဟာ KIA တပ်မဟာ ၉ အခြေပြု စစ်ရေးလှုပ်ရှားရာနေရာဆိုပြီး ထုတ်ပြန်ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက အနန်ပါအရပ်မှာ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO) ဖွဲ့စည်းခြင်း ၆၂ နှစ်ပြည့် နှစ်ပတ်လည်အကြိုပွဲ ပြုလုပ်ရာနေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဟာ လူအစုလိုက်အပြုံလိုက်သေကြေစေဖို့ ရည်ရွယ်ချက်နဲ့ပြုလုပ်ခဲ့တာဆိုပြီး KIO ဘက်က ထုတ်ပြန်ပြောဆိုလာပါတယ်။
အနန်ပါ အရပ်က ပွဲကျင်းပတဲ့နေရာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၃ ရက်ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲချခဲ့တာကြောင့် KIO အမှုထမ်းတွေအပါအဝင် လူပေါင်း ၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ KIO ဘက်ကပြောပါတယ်။
အနန်ပါဒေသဟာ ကေအိုင်အေ စခန်းမဟုတ်ဘဲ ခရီးသွားတွေ ခတ္တအနားယူကြတဲ့ စျေးဆိုင်တန်း စခန်းငယ်နေရာဖြစ်တယ်လို့ KIO ဘက်က ပြောပေမဲ့ စစ်ကောင်စီတပ်ဘက်ကတော့ ဖားကန့်က KIO တပ်မဟာ၉ ကို စစ်တပ်ကလေကြောင်းက ဗုံးကြဲမှုဟာ ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဥ်းအတိုင်း ဆောင်ရွက်တာဖြစ်ကြောင်းနဲ့ ဒီနေရာဟာ KIA တပ်မဟာ ၉ အခြေပြုစစ်ရေးလှုပ်ရှားရာနေရာ လို့ ထုတ်ပြန်ပြောဆိုပါတယ်။
ကေအိုင်အိုဘက်ကတော့ အနန့်ပါအရပ် အကြောင်းကို စစ်ကောင်စီတပ်က သိရှိထားပေမဲ့ လူအစုလိုက်အပြုံလိုက်သေစေဖို့ ရည်ရွယ်ချက်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ အရပ်သားပြည်သူတွေနဲ့ KIO အမှုထမ်းတွေသေဆုံးခဲ့ရမှုကို ပြည်သူအများက ဝမ်းနည်းကြေကွဲ ထိတ်လန့်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် KIO ရဲ့နှစ်ပတ်လည် ဂုဏ်ပြုပွဲ ဖြစ်မြောက်ရေးကော်မတီ ဖိတ်ကြားမှုကို အလေးထားပြီး ပါဝင်တက်ရောက်ချိန် အသက်ဆုံးရှုံးခဲ့ရသူတွေနဲ့ ဒဏ်ရာရခဲ့ကြတဲ့ အနုပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အရပ်သားပြည်သူတွေအတွက် စိတ်မကောင်းဖြစ်ရသလို ဆုံးပါးခဲ့ကြသူတွေရဲ့ ကျန်ရစ်သူမိသားစု၊ ဆွေမျိုးတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်းလည်း ပြောထားပါတယ်။ အေအိုင်အို ဘက်ကတော့ အခုဝမ်းနည်းဖွယ်ဖြစ်ရပ်ကို စစ်ကောင်စီကို တွန်းလှန်တဲ့ တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်မယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စစ်ကောင်စီကို ပြတ်ပြတ်သားသား လုပ်ဆောင်ကြဖို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, TNLA
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ထိန်းချုပ်နယ်မြေမှာ ကချင်လူထုစုဝေးမှုကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်ကောင်စီကို ပြတ်ပြတ်သားသား လုပ်ဆောင်ကြဖို့ မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်အဖွဲ့ MNDAA၊ ရက္ခိုင့်တပ်တော် AA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA တို့က ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီဟာ လက်နက်အားကိုးနဲ့ အပြစ်မဲ့ပြည်သူတွေကို ဦးတည်တိုက်ခိုက်မှုတွေကို နေ့စဥ်ရက်ဆက်ပြုလုပ်နေပြီး ညအချိန် လေကြောင်းနဲ့အလစ်အငိုက်တိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို အဓိကပြုလုပ်နေတာကြောင့် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းတွေကို အထင်အရှားတွေ့မြင်နေရတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့လုပ်ရပ်တွေကို နိုင်ငံတကာက အထူးသတိထားစောင့်ကြည့်ပြီး အရေးယူဆောင်ရွက်သင့်တာတွေကို အမြန်ဆုံးတောင်ရွက်ပေးဖို့နဲ့ တိုင်းရင်းသားလူမျိုးလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအေနနဲ့လည်း စစ်ကောင်စီကို အထူးသတိထားရမယ့်အချိန်ဖြစ်တာနဲ့အညီ လုပ်သင့်လုပ်ထိုက်တာတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်ရမယ့်အချိန်ကာလဖြစ်တယ်လို့ တိုက်တွန်းထားပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ မနေ့က အောက်တိုဘာလ ၂၃ ရက်နေ့ ည ၈နာရီခွဲခန့်က ၆၂ နှစ်ပြည့် KIO နေ့အထိမ်းအမှတ် ပွဲလုပ်နေချိန် စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူ ၅၀ ခန့် သေဆုံးခဲ့ကြောင်း ကေအိုင်အေဘက်က ဘီဘီစီကို ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဖျော်ဖြေပွဲမှာ တက်ရောက်နေတဲ့ အနုပညာရှင်တွေအပါအဝင် အနည်းဆုံး လူ ၅၀ ခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ စုစုပေါင်း ပါက ၈၀ ကျော်ခန့်ရှိတယ်လို့ ကေအိုင်အေဘက်က ပြောပါတယ်။
စစ်ကောင်စီကတော့ ဖားကန့်နယ်မြေထဲ လိုအပ်တဲ့ လုံခြုံရေးလုပ်ငန်းတွေကို ထိတွေ့တိုက်ခိုက်မှုဆိုင်ရာစည်းမျဥ်း Rule of engagement အတိုင်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးဆာင်ရွက်မှုအတွင်း KIA က တပ်မဟာမှူးအဆင့်ရှိ ရှရော်လဆိုင်း၊ ဒုတပ်မဟာမှူး ဇယ်တောင်၊ တိုက်နယ်မှူး ဒူကဘာလအောင်၊ သယံဇာတ တိုင်းတာရေးတာဝန်ခံ ဖေရန်တို့အပါအဝင် KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ပါဝင်ကြောင်း ထုတ်ပြန်ထားပါတယ်။
ကချင်အနုပညာရှင် မင်းသား ဇော်ဒိန် လေကြောင်းတိုက်ခိုက်မှုမှာ အသက်မသေဆုံးဘဲလွတ်မြောက်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Zau Ding Lahtaw facebook
အောက်တိုဘာ ၂၃ ရက်နေ့ ညပိုင်းက ကချင်ပြည်နယ်၊ ဖားကန့်မြိုန့ယ်ထဲက ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ထိန်းချုပ်နယ်မြေ၊ အနန်းပါ ဒေသမှာ KIO ၆၂ နှစ်ပြည့်နှစ်ပတ်လည်နေ့ ကြိုဆိုအစီအစဥ်များ ပြုလုပ်နေစဥ် စစ်ကောင်စီတပ်တွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တဲ့အထဲ ကချင်ဝါရင့် အနုပညာရှင်ရုပ်ရှင်သရုပ်ဆာင် ဇော်ဒိန် သေဆုံးခဲ့တယ်ဆိုတာမဟုတ်မှန်ကြောင်း မိသားစုနဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။
“သူနဲ့ ဖုန်းရပါတယ်။ မသေတာတော့ သေချာပါတယ်။ ကျန်တာတော့ပြောခွင့်မရှိပါဘူး”လို့ ၄င်းက ဆိုပါတယ်။
မင်းသားဇော်ဒိန်မသေဆုံးကြောင်းကိုလည်း ၄င်းရဲ့ဇနီးဖြစ်သူက ကချင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတချို့မှာ ဖြေကြားထားပြီးလက်မှာ ဒဏ်ရာအနည်းငယ်သာရရှိကြောင်းလည်း ဖြေကြားထားတာကိုတွေ့ရပါတယ်။
လက်ရှိမှာ မင်းသားကြီးဟာ ဆေးကုသမှုခံယူနေရတယ်လို့လည်း ကချင်ပြည်နယ်က သတင်းရင်းမြစ်တွေက ပြောပါတယ်။
မင်းသားဇော်ဒိန်ဟာ ၁၉၉၀ ပြည့်နှစ် နှစ်များဆီက ထင်ရှားတဲ့ တိုင်းရင်းသားနွယ်ဖွားအနုပညာရှင်တစ်ဦးဖြစ်ခဲ့ပြီး ဗီဒီယိုခေတ်ဦးမှာလည်း သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားတွေရှိခဲ့သလို ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေလည်းရှိခဲ့ပါတယ်။
ဒီလေကြောင်းက တိုက်ခိုက်မှုအတွင်းကချင်အနုပညာရှင်တချို့အပါအဝင် အရပ်သားတွေနဲ့ KIO အမှုထမ်းတွေ ပါဝင်တယ်လို့ KIO ဗဟိုက သတင်းထုတ်ပြန်ထားပြီး စစ်ကောင်စီဘက်ကတော့ ဒီစစ်ဆင်ရေးအတွင်းမှာ KIO အရာရှိတချို့နဲ့ PDF တွေ သေဆုံးတာလို့ ဆိုပါတယ်။
စစ်တွေမှာ ရေနစ်ပျောက်ဆုံးနေတဲ့မူလတန်းကျောင်းသားငယ်တစ်ဦးကို ၃ ရက်မြောက် ဆက်လက်ရှာဖွေ

ဓာတ်ပုံ ရင်းမြစ်, မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ရေနစ်ပျောက်ဆုံးသွားတဲ့ မူလတန်းကျောင်းသားငယ် ၃ ဦးထဲက နှစ်ဦးရဲ့ ရုပ်အလောင်းကို ပြန်တွေ့ပြီဖြစ်ပေမဲ့ ကျန်တစ်ဦးရဲ့ရုပ်အလောင်းကိုတော့ ဒီနေ့ အောက်တိုဘာ ၂၅ ရက်မှာ ၃ ရက်မြောက် ရှာဖွေရေး ဆက်လုပ်နေတယ်လို့ သိရပါတယ်။
“ပြန်တွေ့တဲ့ ကလေး နှစ်ဦးအလောင်းကိုတော့ မနေ့တုန်းကပဲ သင်္ဂြိုဟ်လိုက်ပါပြီ။ မနေ့က ရှာဖွေရေးတွေ လုပ်တုန်းကတော့ ကယ်ဆယ်ရေးအဖွဲ့တွေရော၊ ဌာနဆိုင်ရာတွေရော များတယ်။ ဒီနေ့တော့ ကျွန်တော်တို့အသင်းပဲ ရှာဖွေရေးဆက်လုပ်မယ်။ အလောင်းရှာတာပေါ့။ ညကလည်း တစ်ညလုံးရှာထားပါတယ်။ အခုလည်း ဒရုန်းသုံးပြီး ရှာဖို့ ဆက်လုပ်နေပါတယ်’’ လို့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
အဲဒီကလေးငယ်တွေဟာ စစ်တွေမြို့၊ ပြည်တော်သာနဲ့ ကယ်ဆယ်ရေးရပ်ကွက်တွေမှာနေထိုင်သူတွေ ဖြစ်ပြီး ပြီးခဲ့တဲ့အောက်တိုဘာလ ၂၂ ရက် ညနေပိုင်းမှာ နေအိမ်ကနေ ထွက်သွားခဲ့ရာကနေ ပျောက်ဆုံး ခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာ စစ်တွေမြို့ပွိုင့် အရှေ့မှာတပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာမှတ်တမ်းကို စစ်ဆေးကြည့် တဲ့အခါ အဲဒီကလေးငယ် ၃ ဦးဟာ ပွိုင့်နီး ကျောက်ဆောင်မှာ ရေကစားနေချိန် တစ်ဦး ရေနစ်တာကြောင့် နောက်နှစ်ဦးက လိုက်ဆွဲရာကနေ သုံး ဦးစလုံး ရေထဲ နစ်မြုပ်သွားတာကို တွေ့ရပါတယ်။
အားကောင်းတဲ့မုန်တိုင်းငယ် စီတရန် အားပျော့သွားပေမဲ့ ပြည်နယ်နဲ့တိုင်းတချို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်

ဓာတ်ပုံ ရင်းမြစ်, WESTERN NEWS
အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းငယ် စီတရန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေ တင်ကိုနာကျွန်းနဲ့ ဆန်းဝစ်ကျွန်းတွေကို ဖြတ်ကျော်ခဲ့ပြီးနောက် အားလျော့သွားပြီး မြောက်ဘက်ကို ဆက်လက်ရွေ့လျား နေတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
စီတရန်ရဲ့အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့လည်း ဆိုပါတယ်။
“စစ်ကြောင်းထိုးနေလို့ တောတွေထဲမှာ ဖြစ်သလို နေရတဲ့ စစ်ဘေးရှောင်တွေ ဒုက္ခများတာပေါ့။ မိုးက မနေ့ညနေကတည်းကနေ အခုထိရွာနေတုန်းပဲ။ သည်းလိုက်၊စဲလိုက်ပဲ”လို့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကောလင်းမြို့နယ်က ဒေသခံတစ်ယောက်က ပြောပါတယ်။ ဒ့ါအပြင် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာလည်း မိုးရွာနိုင်တယ်လို့လည်း မိုးဇလက ထုတ်ပြန်ထားပါတယ်။
အားကောင်းတဲ့မုန်တိုင်းငယ် စီတရန်အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာအပါအဝင် ကျေးရွာတချို့မှာ ရေကြီးတာကြောင့် မနေ့အောက်တိုဘာ ၂၄ ရက်မှာ အရေးပေါ်ပြောင်းရွှေ့နေကြရပါတယ်။
တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၄၀ နီးပါး ဆက်လွှတ်မယ်

ဓာတ်ပုံ ရင်းမြစ်, မြန်မာသံရုံး-ဆိုးလ်မြို့
တောင်ကိုရီးယားနိုင်ငံကို မြန်မာလုပ်သားဟောင်းတွေအပါအဝင် လုပ်သား ၁၄၀ နီးပါးကို စေလွှတ်ဖို့ရှိတယ်ဆိုပြီး စစ်ကောင်စီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအောက်က အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)က သတင်းထုတ်ပြန်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ကုန်ထုတ်နဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့ဖူးသူ လုပ်သားဟောင်း ၅၀ ကျော်နဲ့ ကုန်ထုတ်လုပ်သားသစ် ၈၀ ကျော်ကို ထပ်မံစေလွှတ်မှာလို့ ဆိုပါတယ်။
အဲဒီအလုပ်သမားတွေကို လာမယ့် နိုဝင်ဘာလဆန်းမှာ စေလွှတ်မှာဖြစ်ပြီး စေလွှတ်မယ့်လုပ်သား အမည်စာရင်းပါသူတွေအနေနဲ့ ဒီနေ့ အောက်တိုဘာလ ၂၅ ရက်နဲ့ မနက်ဖြန် အောက်တိုဘာလ ၂၆ ရက်မှာ အေဂျင်စီကို ဆက်သွယ်ဖို့လည်း ထုတ်ပြန်ထားပါတယ်။
ကိုဗစ်ကပ်ဘေးကြောင့် ပြင်ပလုပ်သားခေါ်ယူတာကို ရပ်တန့်ထားတဲ့ တောင်ကိုရီးယားဟာ အခုနှစ်ဆန်းပိုင်း ကစပြီး မြန်မာလုပ်သားတွေကို ဆက်တိုက်ခေါ်ယူနေပါတယ်။
တစ်ဖက်မှာလည်း ကိုရီးယားအရည်အချင်းစစ်စာမေးပွဲ ဖြေဆိုဖို့ စာရင်းသွင်းထားသူ သန်းချီရှိနေပေမဲ့ လုပ်သားခေါ်ယူမှုအပိုင်းမှာတော့ လစဥ်နီးပါးမှာ ရာဂဏန်းခန့်သာ မြန်မာဘက်က စေလွှတ်နေပါတယ်။
KIA ထိန်းချုပ်နယ်မြေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂထံ တင်ပြ

ဓာတ်ပုံ ရင်းမြစ်, Permanent mission of Myanmar to UN
မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့ ထပ်မံတိုက်တွန်း
ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ထိန်းချုပ်နယ်မြေ မှာ ကျင်းပတဲ့ ၆၂ နှစ်မြောက် ကချင်လွတ်မြောက်ရေးအဖွဲ့ နှစ်ပတ်လည်ကျင်းပတဲ့နေရာကို စစ်လေယာဥ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနုပညာရှင်တွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူအများအပြား သေဆုံးခဲ့ရတာကြောင့် ကချင်လူမျိုးစုအပေါ် စစ်တပ်က လူသားမျိုးနွယ်စုအပေါ် ကျူးလွန်မှုနဲ့ စစ်ရာဇဝတ်မှု မြောက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာကုလအသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ၏ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဥ်မှာ အခုလိုဆွေးနွေးတင်ပြခဲ့တာကိုသတင်းထုတ်ပြန်လာတာပါ။
စစ်တပ်ဟာ လွန်ခဲ့သည့် လပေါင်း (၂ဝ) ခန့်အတွင်း နိုင်ငံအတွင်းရှိ ပြည်သူများအပေါ် အကြိမ် (၂၄ဝ) ထက်ပိုသော လေကြောင်းတိုက်ခိုက်မှုတွေကိုပြုလုပ်ခဲ့ကြောင်း၊ လက်နက်နဲ့ ဆက်စပ်နည်းပညာများ ဆက်လက်ရရှိနေမယ်ဆိုရင် မြန်မာပြည်သူတွေနဲ့ ကလေးတွေအပေါ် ရက်စက်တဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကို ကျူးလွန်နေမှာ မလွဲဧကန်ဖြစ်ပါကြောင်းလည်း သံအမတ်ကြီးက ပြောပါတယ်။
ဒါကြောင့် မြန်မာပြည်သူတွေရဲ့အသက်တွေကို ကယ်တင်ပေးနိုင်ရေးအတွက် မြန်မာစစ်တပ်ကို လက်နက်များ တင်ပို့ရောင်းချနေတဲ့ နိုင်ငံတွေအနေနဲ့ တင်ပို့ရောင်းချမှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့ တိုက်တွန်းကြောင်းလည်း ပြောခဲ့ပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ အရပ်သားတွေရှိမှန်းသိလျက်နဲ့ ရည်ရွယ်တိုက်ခိုက်မှုဖြစ်တာကြောင့် စစ်ရာဇ၀တ်မှုပဲ လို့ KIO ဘက်က ပြောကြားထားပြီး ဖားကန့်က KIO တပ်မဟာ၉ ကို စစ်တပ်ကလေကြောင်းက ဗုံးကြဲမှုဟာ ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဥ်းအတိုင်း ဆောင်ရွက်တာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း KIO တပ်မဟာမှူး၊ ဒုတပ်မဟာမှူး ၊ တိုက်နယ်မှူး အပါအ၀င် KIA နဲ့ PDF တွေသာသေဆုံးတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမဲ့ KIO ၆၂နှစ်မြောက် အခမ်းအနား ဖျော်ဖြေရေးလုပ်နေစဥ်တိုက်ခိုက်ခံရတာကြောင့် သေဆုံးသူတွေထဲ အရပ်သားတွေနဲ့ ကချင် အနုပညာရှင်အသင်းက နာမည်ကြီးတွေ ပါ၀င်တယ်လို့ ကချင်အနုပညာရှင်အသင်း ပြန်ကြားရေးအဖွဲ့၀င်ကပြောကြားထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ကချင်ပြည်နယ်၊ ကေအိုင်အေထိန်းချုပ်နယ်မြေ၊ KIA တပ်မဟာ ၉ နယ်မြေထဲ ကချင်လူထု စုဝေးမှုတစ်ခုကိုစစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် လူအများအပြား အသက်ဆုံးရှုံးကြရတဲ့သတင်းကို ကြားသိရကြောင်းနဲ့ အဆင်အခြင်မဲ့တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့အရပ်သားတွေ ထိခိုက်ခြင်း၊ အတိဒုက္ခခံစားရခြင်းများ နိုင်ငံတဝန်းဖြစ်ပေါ်နေတယ်လို့ မြန်မာနိုင်ငံအခြစိုက် အမေရိကန် ဗြိတိန်နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံက သံရုံးအကြီးအကဲတွေလက်မှတ်ရေးထိုးထုတ်ပြန်လာပါတယ်။
မြန်မာနိုင်ငံတွင်းနှင့် ဒေသတွင်းကြုံတွေ့နေရတဲ့ အကျပ်အတည်းနဲ့ မတည်ငြိမ်မှုတွေအတွက် စစ်အာဏာရှင်အဖွဲ့အစည်းမှာ တာဝန်ရှိကြောင်းနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ အရပ်သားတွေကို အကာအကွယ်ပေးရမယ့် ၎င်းရဲ့တာဝန်ဝတ္တရားကို အလေးမထားကြောင်းအခု ဖြစ်ပွါးခဲ့တဲ့ တိုက်ခိုက်မှုက အထင်အရှားပြသနေတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒီကြေညာချက်ကို သြစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများဖြစ်ကြတဲ့ - ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ တို့အပြင် နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် သံရုံးအကြီးအကဲများက ပူးပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်လာတာပါ။
ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ အရပ်သားတွေရှိမှန်းသိလျက်နဲ့ ရည်ရွယ်တိုက်ခိုက်မှုဖြစ်တာကြောင့် စစ်ရာဇ၀တ်မှုပဲ လို့ KIO ဘက်က ပြောကြားထားပြီး ဖားကန့်က KIO တပ်မဟာ၉ ကို စစ်တပ်ကလေကြောင်းက ဗုံးကြဲမှုဟာ ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဥ်းအတိုင်း ဆောင်ရွက်တာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း KIO တပ်မဟာမှူး၊ ဒုတပ်မဟာမှူး ၊ တိုက်နယ်မှူး အပါအ၀င် KIA နဲ့ PDF တွေသာသေဆုံးတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမဲ့ KIO ၆၂နှစ်မြောက် အခမ်းအနား ဖျော်ဖြေရေးလုပ်နေစဥ်တိုက်ခိုက်ခံရတာကြောင့် သေဆုံးသူတွေထဲ အရပ်သားတွေနဲ့ ကချင် အနုပညာရှင်အသင်းက နာမည်ကြီးတွေ ပါ၀င်တယ်လို့ ကချင်အနုပညာရှင်အသင်း ပြန်ကြားရေးအဖွဲ့၀င်ကပြောကြားထားပါတယ်။








