မုန်လိုင်ခက် တိုက်ခိုက်မှုလက်သည် တာဝန်ခံရမယ်လို့ ကုလအကြီးအကဲပြော

မုန်လိုင်ခက် တိုက်ခိုက်ခံရမှုအပြီး အပျက်အစီးတွေ

ဓာတ်ပုံ ရင်းမြစ်, ကချင်လူမှုကူညီရေးအဖွဲ့

ဓာတ်ပုံ ပုံစာ, မုန်လိုင်ခက် တိုက်ခိုက်ခံရမှုအပြီး အပျက်အစီးတွေ

ကချင်ပြည်နယ်ထဲက မုန်လိုင်ခက် ဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုရဲ့ လက်သည်ဟာ အဲဒီလုပ်ရပ်အတွက် တာဝန်ခံရမယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်ထှော်ညူ ဂူတားရက်စ်က ပြောလိုက်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်(KIO/KIA) ဌာနချုပ်အနီးက မုန်လိုင်ခက် ဒုက္ခသည်စခန်းကို အောက်တိုဘာလ ၉ ရက်ညပိုင်းမှာ လက်နက်ကျခဲ့တာကြောင့် ရင်ခွင်ပိုက်ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် လူပေါင်း ၂၉ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

အထွေထွေအတွင်းရေးမှူးချုပ်ကတော့ ဒေသတွင်း မတည်ငြိမ်မှုကို ဦးတည်စေနိုင်တဲ့ မြန်မာနိုင်ငံအတွင်း စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတိုးမြှင့်နေတာအပါအဝင် အကြမ်းဖက်မှုပုံစံအားလုံးကို ရှုတ်ချတယ်လို့ ပြောပါတယ်။

မြန်မာ့အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်း လွှမ်းမိုးနိုင်တဲ့သြဇာကို အသုံးချပြီး မြန်မာ့အရေး ဝိုင်းဝန်းဖြေရှင်း ကြဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။

လိုင်ဇာက အေအေ စခန်းလည်း တပြိုင်တည်း တိုက်ခိုက်ခံခဲ့ရ

မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုအပြီးမှာ မြင်ရတဲ့ အပျက်အစီးတွေ

ဓာတ်ပုံ ရင်းမြစ်, ကချင်စစ်ရှောင်ကူညီရေး

ဓာတ်ပုံ ပုံစာ, မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုအပြီးမှာ မြင်ရတဲ့ အပျက်အစီးတွေ

ဒီအတောအတွင်းမှာပဲ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့လို့သိကြတဲ့ ရက္ခိုင့်တပ်တော်(AA)၊ တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်(TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်(MNDAA) တို့ကလည်း ဒီတိုက်ခိုက်မှုဟာ စစ်ကောင်စီ လက်ချက်ဖြစ်ပြီး တိုက်ခိုက်မှုကို ရှုတ်ချတဲ့အကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်းအတွင်း လိုင်ဇာမှာရှိတဲ့ AA ရဲ့ စခန်းတစ်ခုကိုလည်း လက်နက်ကြီးနဲ့ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာကြောင့် ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင် တစ်ဦးလည်း ကျဆုံးခဲ့ပြီး နောက်ထပ် ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုတွေလို့ ညီနောင် ၃ ဖွဲ့က ပြောသလို အသက်ဆုံးရှုံးခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူတွေအတွက် တရားမျှတမှုနဲ့ အမှန်တရား ရရှိရေးအတွက် KIO/KIA နဲ့တသားတည်း ရပ်တည်ကြောင်းလည်း ပြောပါတယ်။

မုန်လိုင်ခတ် စစ်ရှောင် ၆၀၀ အကူအညီလိုနေ

နောက်ထပ် စစ်ရှောင်စခန်းတစ်ခုမှာ ရွှေ့ပြောင်းခိုလှုံရတဲ့ မုန်လိုင်ခက် စစ်ရှောင်တွေ

ဓာတ်ပုံ ရင်းမြစ်, ကချင်စစ်ရှောင်ကူညီရေး

ဓာတ်ပုံ ပုံစာ, နောက်ထပ် စစ်ရှောင်စခန်းတစ်ခုမှာ ရွှေ့ပြောင်းခိုလှုံရတဲ့ မုန်လိုင်ခက် စစ်ရှောင်တွေ

ဒီအတောအတွင်းမှာပဲ မုန်လိုင်ခက် စစ်ရှောင်စခန်းကနေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရသူ အိမ်ထောင်စု ၁၃၀ ကျော်က လူပေါင်း ၆၀၀ နီးပါးဟာ နေထိုင်စားသောက်ရေး ခက်ခဲနေတာကြောင့် အခြေခံ အသုံးအဆောင်အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) ကလည်း မုန်လိုင်ခက်စခန်း တိုက်ခိုက်ခံရမှု ဟာ အဲဒီစခန်းက ဒုက္ခသည်တွေအပါအဝင် ဒုက္ခသည်ပေါင်း ၆၀၀၀ ကျော်ရှိရာ အနီးနား စခန်းက ဒုက္ခသည် တွေအပေါ်လည်း သက်ရောက်မှုရှိတယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း ကချင်မှာ တိုက်ပွဲတွေ မြင့်တက်လာနေပြီး နေရပ်စွန့်ခွာရသူအရေအတွက် မြင့် တက်လာသလို ဒီလူတွေကို အကာအကွယ်ပေးရေး လိုအပ်ချက်တွေဟာ စိုးရိမ်ရလောက်အောင် မြင့်တက်လာတယ်လို့လည်း ဆိုပါတယ်။

မုန်လိုက်ခက်ဟာ ကချင်မှာ လူသားချင်းစာနာမှု အကူအညီတွေရောက်ဖို့ ကန့်သတ်ချက်တွေရှိတဲ့နေရာတွေထဲက တစ်ခုဖြစ်တာကိုလည်း UNOCHA က ထောက်ပြပါတယ်။

ဒါကြောင့် မိတ်ဖက် စာနာရေးအကူအညီပေးတဲ့အဖွဲ့တွေဟာ နေရပ်ရှောင်တွေဆီ အချိန်တဲ့တပြေးညီ အကူအညီရောက်နိုင်အောင် လုံခြုံတဲ့ သွားလာ ကူညီခွင့် ရဖို့ လိုအပ်တဲ့အကြောင်းကိုလည်း UNOCHA က ပြောထားပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်မှုဖြစ်ရပ်ဟာ သူတို့လက်ချက်မဟုတ်ဘဲ ဖြစ်စဥ်ကို လေ့လာစောင့်ကြည့်နေတယ်လို့ ဘီဘီစီရဲ့ မေးမြန်းမှုကို မနေ့ကတည်းက တုံ့ပြန်ပြောထားပါတယ်။