ကချင်စစ်မျက်နှာပြင် တရုတ်ဝင်ဖိအားပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ထိုးစစ် ပြင်းထန်နေချိန်မှာပဲ တရုတ်ဘက်က ဖိအားဝင်ပေးနေတယ် လို့ လိုင်ဇာက အမြင်ရှိနေပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် ဌာနချုပ် လိုင်ဇာက နေ သုံးနာရီကျော်သာ ကားမောင်းရတဲ့ ယူနန်ပြည်နယ် ရင်ချန်းမြို့မှာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျွင်းကို ကေအိုင်အေ ခေါင်းဆောင်တွေ အောက်တိုဘာ ၁၇ ရက်က သွားတွေ့ခဲ့ရပါတယ်။
တိန့်ရွှီကျွင်း ရဲ့ သတင်းစကားက ‘’ကေအိုင်အေထိုးစစ်တွေ ရောက်တဲ့နေရာမှာ ရပ်လိုက်ဖို့ပဲ’’ လို့ အစည်းအဝေးအကြောင်းသိသူတွေထံက ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
ကေအိုင်အေက အရှိန်ရနေတဲ့ ထိုးစစ်ကို မရပ်တန့်ချိန်မှာတော့ တရုတ်ဘက်က ဖိအားပေးမှုတွေ လျှင်လျှင်မြန်မြန်ပဲ စတင်ပါတော့တယ်။
နယ်စပ်ပေါက်တွေ ပိတ်လိုက်ပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရင်ချန်း တွေ့ဆုံပွဲအပြီးနောက်တစ်ရက် အောက်တိုဘာ ၁၈ ရက် မှာပဲ တရုတ်က ကေအိုင်အေ ထိန်းချုပ်နယ်မြေတွေနဲ့ ထိစပ်နေတဲ့ နယ်စပ် ပေါက် သုံးခုကို ပိတ်လိုက်တာ ဖြစ်ပါတယ်။
ဒါက ရှမ်းပြည်နယ်(မြောက်ပိုင်း) မှာ ကိုးကန့်တပ်(MNDAA) ကို တရုတ်က ဖိအားပေးခဲ့တဲ့ နည်းလမ်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။
တရုတ်က ကေအိုင်အေ ထိန်းချုပ်နယ်မြေ နဲ့ ကချင်အထူးဒေသ(၁)ထဲက သူ့နိုင်ငံသားတွေကို ပြန်ခေါ်နေပြီး တရုတ်ဘက်က လူ နဲ့ ကုန်ပစ္စည်း အဝင်တွေကိုတော့ လုံးဝ ပိတ်လိုက်တတယ် လို့ လိုင်ဇာ နဲ့ ပန်ဝါက ဘီဘီစီ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ကချင်အထူးဒေသ(၁)ထဲက မြို့တွေဖြစ်တဲ့ ချီဖွေ၊ဆော့လော် နဲ့ ပန်ဝါ တို့ကို ကေအိုင်အေက ထိုးစစ်ဆင် ထိန်းချုပ်ပြီးတဲ့နောက် တရုတ်နိုင်ငံရဲ့ သတိပေးမှု နဲ့ ဖိအားပေးမှု စတင်လာတာဖြစ်ပါတယ်။
‘’တရုတ်ဘက်ကတော့ ရောက်တဲ့နေရာမှာ ရပ်စေချင်တာပေါ့၊ ကေအိုင်အေ ကလည်း သူက ပြင်ဆင်ပြီးသားထိုးစစ်ဖြစ်နေတော့ ရပ်ဖို့ခက်တယ်၊ နားလည်ပေးပါပေါ့လို့တော့ ရှင်းပြခဲ့တယ်’’ လို့ အစည်းအဝေးအကြောင်းသိသူတစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။
KIO/KIA ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နဲ့ ထိပ်တန်းခေါင်းဆောင် သုံးဦးက အောက်တိုဘာလ ၁၇ ရက် တွေ့ဆုံမှုအပါအဝင် တစ်လအတွင်းမှာ တိန့်ရွှီကျွင်း နဲ့ နှစ်ကြိမ်တွေ့ခဲ့ပြီးပြီလို့ ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။
လိုင်ဇာကို စစ်ကောင်စီ ဗုံးကြဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်ဘက်က နယ်စပ်ဂိတ်တွေ ပိတ်လိုက်ချိန်မှာပဲ နောက်ထပ်တိုက်ဆိုင်မှုတစ်ခုက လိုင်ဇာမြို့ အနီး ဗုံးကြဲခံရတာပဲ ဖြစ်ပါတယ်။
လိုင်ဇာမြို့ နဲ့ နန်ဆန်ယန် ကြား လမိုင်းယန်ရွာကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၂ ဦး သေဆုံးခဲ့တယ် လို့ လိုင်ဇာမြို့ခံတွေက ပြောပါတယ်။
တိုက်လေယာဉ်က တရုတ်နယ်စပ်အနီးက ဖြတ်ပျံလို့ တရုတ်ဘက်က မီးကျည်တွေ ပစ်ဖောက် သတိပေးခဲ့တယ် လို့ လိုင်ဇာမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
လိုင်ဇာကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှု မလုပ်တာကြာပြီဖြစ်ပြီး တရုတ်ရဲ့ ဖိအားပေးမှု နဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု တပြိုင်တည်းကြုံရတာကို လိုင်ဇာမြို့ခံတွေက သတိပြုမိကြပါတယ်။
‘’တိုက်ဆိုင်တာလား။ တရုတ်ဘက်က မီးစိမ်းပြလိုက်တာလားတော့ မသိဘူးပေါ့ဗျာ’’ လို့ ကေအိုင်အေ တပ်ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)က မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တရုတ်နယ်စပ် လောက်ကိုင်မြို့ကနေ လားရှိုးမြို့အထိ မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ကချင်အထူးဒေသ(၁) နဲ့ ဦးဇခုန်တိန့်ယိမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လက်ရှိဖြစ်ပေါ်နေတဲ့ ကေအိုင်အေထိုးစစ် နဲ့ တရုတ်ဖိအားက ကချင်အထူးဒေသ(၁) ကြောင့် အဓိက ဖြစ်ပေါ်လာတာပါ။
တရုတ်နယ်စပ်မှာရှိတဲ့ ကချင်အထူးဒေသ(၁) မှာ ချီဖွေ၊ဆော့လော် နဲ့ ပန်ဝါ တို့ ပါဝင်ပြီး မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ ဦးဇခုန်တိန့်ယိမ်းရဲ့ ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။
ကေအိုင်အေတပ်မှူးဟောင်း ဦးဇခုန်တိန့်ယိမ်းဟာ ကေအိုင်အေကနေ ခွဲထွက်ခဲ့သူပါတယ်။
သူက ကချင်ကွန်မြူနစ်ပါတီ တည်ထောင်ဖို့ စိတ်ကူးယဉ်ခဲ့သူဖြစ်ပြီး တရုတ်ပြည်ကို အကူအညီတောင်းခံခဲ့ဖူးသူ ဖြစ်ပါတယ်။
တရုတ်က ဗမာပြည်ကွန်မြူနစ်ပါတီ နဲ့ ပူးပေါင်းဖို့ ညွှန်ကြားခဲ့လို့ ဗကပ ရဲ့ (၁၀၁) စစ်ဒေသ အဖြစ် လှုပ်ရှားပါတယ်။
၁၉၈၉ ခုနှစ်မှာ ဗကပ ပြိုကွဲတဲ့အခါ ဦးဇခုန်တိန့်ယိမ်းက ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDAK) ကို ထူထောင်ခဲ့ပြီး မြန်မာစစ်တပ်နဲ့ အစောဆုံးငြိမ်းချမ်းရေးယူခဲ့လို့ ကချင်အထူးဒေသ(၁) အဖြစ်သတ်မှတ်ခြင်း ခံရပါတယ်။
ခေတ်ပြိုင်အဖြစ် ရှမ်းပြည်ဘက်မှာလည်း မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့အဖွဲ့တွေအဖြစ် ကိုးကန့် အထူးဒေသ(၁)၊ ဝ အထူးဒေသ(၂)၊ မိုင်းလားအထူးဒေသ(၄) တို့က ထင်ရှားပါတယ်။
၂၀၀၉ မှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းတဲ့ အခါ ဦးဇခုန်တိန့်ယိမ်းက လက်ခံပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲပါ ဝင်ပြိုင်ခဲ့ပါတယ်။
ရှမ်းပြည်ဘက်မှာတော့ ကိုးကန့်တပ်က လက်မခံလို့ ၂၀၀၉ မှာ ကိုးကန့်တိုက်ပွဲ ဖြစ်ပြီး မြန်မာစစ်တပ်က အထူးဒေသ(၁) ကို ဝင်သိမ်းပါတယ်။
ဝ အထူးဒေသ(၂) နဲ့ မိုင်းလားအထူးဒေသ(၄) တို့လည်း နယ်ခြားစောင့်တပ် မဖြစ်ခဲ့ပေမဲ့ တိုက်ပွဲကြီးကြီးမားမား မဖြစ်ခဲ့ပါဘူး။
ပန်ဝါ သို့ ကေအိုင်အေ ထိုးစစ်

ဓာတ်ပုံ ရင်းမြစ်, မြစ်ကြီးနားသတင်းဂျာနယ်
ကေအိုင်အေ နဲ့ အထူးဒေသ(၁) တို့ကြားမှာ စစ်ရေးတင်းမာခဲ့ပြီး ပြီးခဲ့တဲ့ဇွန်လက ထုတ်ပြန်ခဲ့တဲ့ ဦးဇခုန်တိန့်ယိမ်းရဲ့ စစ်မိန့်က နှစ်ဘက်ကြားတင်းမာမှုကို အမြင့်ဆုံးရောက်စေပါတယ်။
အထူးဒေသ(၁)ကို ဝင်လာတဲ့ KIA နဲ့ PDF တွေကို ခုခံချေမှုန်းဖို့ နယ်ခြားစောင့်တပ်ရင်း ၁၀ဝ၁၊ ၁၀ဝ၂ နဲ့ ၁၀ဝ၃ အပါအဝင် ပြည်သူ့စစ်တွေကိုပါ ဦးဇခုန်တိန့်ယိမ်းက စစ်မိန့် ပေးခဲ့တာဖြစ်ပါတယ်။
သုံးလကျော်အကြာမှာတော့ အထူးဒေသ(၁) တစ်ခုလုံးနီးပါး ကေအိုင်အေ ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီး စခန်းကြီး နှစ်ခု လောက်ပဲ တိုက်ယူဖို့ ကျန်တော့တယ် လို့ ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အမှတ်(၁၀ဝ၂)နယ်ခြားစောင့်တပ်ကို အောက်တိုဘာ ၁၅ ရက်က အပြီးသတ်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဆဒုန်းမြို့ နဲ့ ကံပိုင်တည်ကြားမှာရှိတဲ့ နယ်ခြားစောင့်တပ် (၁၀၀၃) နဲ့ နယ်ခြားစောင့်တပ် (၁၀၀၁) တို့ပဲ တိုက်ဖို့ကျန်တော့တယ် လို့ သူက ပြောပါတယ်။
ဒီတပ်စခန်းနှစ်ခု ရဲ့ ကာကင်းစခန်းတွေကို ကေအိုင်အေက ဆက်တိုက် ထိုးစစ်ဆင်နေပြီး သိမ်းပိုက်နိုင်နေတုန်းမှာ အထူးဒေသ(၁) နဲ့ ထိစပ်နေတဲ့ တရုတ်ဘက်က ခေါ်ယူဖိအားပေးမှုတွေ ရှိလာတာဖြစ်ပါတယ်။
အောက်တိုဘာ ၁၈ ရက်က ပန်ဝါမြို့ကို ကေအိုင်အေ ဝင်တိုက်နေတုန်း တရုတ်နိုင်ငံဘက်အခြမ်းမှာ တရုတ် စစ်သားနဲ့ရဲတပ်ဖွဲ့ဝင် ရာဂဏန်းအထိ တပ်ဖြန့်လုံခြုံရေးယူထားတယ်လို့ မြေပြင်အရင်းအမြစ်တွေက ဘီဘီစီ ကိုပြောပါတယ်။
အောက်တိုဘာ ၁၇ ညပိုင်းတုန်းကတော့ ပန်ဝါမြို့မှာ အလုပ်လာလုပ်တဲ့ တရုတ်နိုင်ငံသား ၃၀ နီးပါး တရုတ်နိုင်ငံထဲကို ပြန်ဝင်သွားကြတယ်လို့လည်း ပန်ဝါဒေသခံတစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။
အဲဒီအထဲမှာ ပန်ဝါမှာ မြေရှားသတ္တုတူးဖော်ရေးလာလုပ်နေတဲ့ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေပါဝင်ပြီး မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းအများစုလည်း တိုက်ပွဲတွေကြောင့် ရပ်ဆိုင်းထားတယ်လို့လည်း ဘီဘီစီ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
လက်ရှိအချိန်မှာ ပန်ဝါမြို့က စစ်ဘေးရှောင် နှစ်ထောင်နီးပါးလည်း တရုတ်-မြန်မာ နယ်စပ်ဂိတ် တစ်လျှောက်မှာ ပိတ်မိနေပြီး ရွက်ဖျင်တဲတွေထိုးပြီးနေ နေရတယ်လို့လည်း ပန်ဝါမြို့ခံ တွေ က ပြောပါတယ်။
နှင်းတွေ တဖွေးဖွေး နဲ့ လှပနေတဲ့ မြန်မာပြည်မြောက်ဖျားက ပန်ဝါမှာ ဆယ်စုနှစ်သုံးခုကျော်အတွင်း တိုက်ပွဲတွေ နဲ့ အုပ်စိုးသူအပြောင်းအလဲကို စမြင်ရတာလည်း ဖြစ်ပါတယ်။











