ကွတ်ခိုင် - ခင်ပွန်းရဲ့ စျာပန၊ ဆေးရုံက ဇနီး

ဓာတ်ပုံ ရင်းမြစ်, CJ
‘’ အုံး’’ ခနဲဆိုတဲ့ ကျယ်လောင်တဲ့ပေါက်ကွဲသံနဲ့အတူ မြေကြီးတွေတုန်ပြီး အိမ်လည်း ရမ်းခါသွားပါတယ်။
ဦးဘောက်လာတစ်ယောက် အဲဒီလိုအသံကိုကြားတာနဲ့ တပြိုင်နက်မှာပဲ သူ့လက်မောင်းနဲ့ ဗိုက်ကို သံစတွေ လာမှန်တာကို သိလိုက်ပါတယ်။ ဒါပေမဲ့ဒဏ်ရာတွေကနေ သွေးတွေထွက်လာပြီးနောက် သူဘာတွေ ဆက်ဖြစ်လဲဆိုတာတောင် မသိနိုင်တော့ဘဲ နာရီပိုင်းအတွင်းမှာ လူ့လောကထဲကနေ အပြီးတိုင်ထွက်ခွာသွားခဲ့ရပါတယ်။
အချိန်ပိုင်းအတွင်း မြန်မြန်ဆန်ဆန်ဖြစ်သွားတဲ့ အဖြစ်အပျက်ကြောင့် အဲဒီရှေ့မတိုင်ခင်အချိန်အထိ သူသေဆုံးမယ့်နေ့လို့ ထင်ခဲ့ မှာမဟုတ်တဲ့အကြောင်း မိသားစုဝင်တစ်ဦးက ငိုရင်း ပြောပါတယ်။
စက်တင်ဘာ ၁ ရက် နေ့လယ် ၂ နာရီကျော်က ကွတ်ခိုင်မြို့ ၊ နမ့်ဖတ်ကာတိုက်နယ်၊ ဇီးဒဘန်ရွာရှိတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ပြင်းအားများတဲ့ ပေါက်ကွဲသံ၊ ဖုန်တွေ၊ ကျည်စတွေ ကြားမှာ ဇီးဒဘန်ရွာခံတွေလည်း ဦးတည်ရာမဲ့ပြေးလွှားကြတဲ့အထိ ကြောက်အားလန့်အား ဖြစ်ခဲ့ကြပါတယ်။
လမ်းမကြီးရဲ့ ညာဘက်ခြမ်းမှာ ရှိနေတဲ့ အိမ်တွေရော၊ ဘယ်ဘက်ခြမ်းကဆိုင်တွေရော လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကျည်စတွေ ထိမှန်ခဲ့ကြတာပါ။
အဲဒီမှာ အသက် ၅၉ နှစ်အရွယ် ဇီးဒဘန်ရွာခံ ဦးဇင်ထုန်းလဒွဲ နဲ့ အသက် ၃၇ နှစ်အရွယ် ဦးဘောက်လာတို့ကတော့ လက်နက်ပေါက်ကွဲစတွေ ထိမှန်လို့ ပြင်းထန်တဲ့ဒဏ်ရာတွေ ရပြီး သေဆုံးခဲ့ကြပါတယ်။
ဦးဘောက်လာကတော့ လက်မောင်းနဲ့ ဗိုက်မှာရခဲ့တဲ့ ဒဏ်ရာတွေက ကိုယ်ခန္ဓာအတွင်းပိုင်းအထိ ထိုးစိုက်ဝင်ခဲ့လို့ သွေးထွက်လွန်ပြီး သေဆုံးခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဦးဇင်ထုန်းလဒွဲလည်း ခါးရိုးနဲ့ ရင်ဘတ်အနီး တွေထိလို့ နမ့်ဖတ်ကာဆေးရုံကို ပို့ဆောင်နေချိန် လမ်းမှာ ဆုံးပါးခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ တအာင်းတပ်မတော် (TNLA) တို့ တိုက်ပွဲတွေ ပြန်ဖြစ်နေပြီး အရပ်သားသေဆုံးမှုတွေ ဖြစ်ခဲ့ပေမဲ့ ဒီပစ်ခတ်မှုတွေကြောင့် အခုသေဆုံးမှုတွေကို ဘယ်သူ့လက်ချက်လည်းဆိုတာ နှစ်ဖက်စလုံးက အငြင်းပွားနေကြပါတယ်။
စက်တင်ဘာ ၂ ရက်မှာတော့ ဦးဇင်ထုန်းလဒွဲ နဲ့ ဦးဘောက်လာတို့ရဲ့ စျာပန အခမ်းအနားကို နမ့်ဖတ်ကာ ကချင်နှစ်ခြင်းအသင်းတော်မှာ ပြုလုပ်ခဲ့ကြပြီး ရုပ်အလောင်းတွေကို မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြပါတယ်။
တောင်ယာခြံလုပ်ရင်း မိသားစုကို ရှာဖွေကျွေးမွေးနေတဲ့ ဦးဘောက်လာ သေဆုံးခဲ့ရတာတင် မကပါဘူး သူ့ရဲ့ ဇနီးဖြစ်သူကလည်း ဒူးခေါင်းကို ကျည်စထိမှန်ခဲ့ပါတယ်။
ဒဏ်ရာပြင်းပြီး သွေးထွက်လွန်တာကြောင့် ကွတ်ခိုင်ဆေးရုံကနေ လားရှိုးဆေးရုံကို လွှဲပြောင်းကုသထားရပါတယ်။
“သူ့ယောက်ျားသေတာကို သူ့မိန်းမတောင် မသိသေးဘူး။ သူ့မိန်းမက ဆေးရုံရောက်နေတာ ဒဏ်ရာအရမ်းပြင်းတယ်။ ကလေးက ၃ ယောက်တောင် ရှိကြတာ။ အခု အဖေက သေ၊ အမေက ဆေးရုံမှာကလေးတွေ သိပ်သနားဖို့ကောင်းတယ်’’ လို့ မိသားစုဝင်တစ်ဦးက ပြောပြပါတယ်။
“လက်နက်ကြီးကျတဲ့ ကတ္တရာလမ်းဆိုရင် ချိုင့်ခွက်ကြီးဖြစ်သွားတာ၊ အရမ်းအားပြင်းတယ်’’
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတိုက်နယ်သာမက နမ့်ဖတ်ကာနဲ့ ၃၇ မိုင်ကွာတဲ့ မူဆယ် ၁၀၅ မိုင်အနီး စယ်လန့်ရွာတဝိုက် စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် (TNLA) တို့အကြား တိုက်ပွဲတွေပြန်ဖြစ်တာ စက်တင်ဘာ ၂ ရက်အထိဆိုရင် ၅ ရက်ရှိပြီ ဖြစ်ပါတယ်။
“တိုက်ကြပစ်ကြမယ်ဆိုလည်း ပြည်သူတွေနဲ့ဝေးဝေးမှာ လုပ်ကြလို့ နှစ်ဖက်လုံးကို ပြောချင်တယ်။ အခုက ဘယ်လိုမှ မလုံခြုံကြတော့ဘူး။ ဘယ်ပြေးလို့ ပြေးရမှန်းလည်း မသိဘူး။ လမ်းမှာ ပစ်တာ၊ စစ်တာတွေ လည်းရှိတယ်။ ပြည်သူတွေကို သနားကြပါ” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။
နှစ်ဖက်တပ်ကြား တိုက်ပွဲ ၅ ရက်အတွင်း အရပ်သားသေဆုံးခဲ့တာက ဦးဇင်ထုန်းလဒွဲ နဲ့ ဦးဘောက်လာတို့ နှစ်ဦး တင်မကပါဘူး။ နမ့်ဖတ်ကာ ရပ်ကွက် ၂ ကအသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်အပါအဝင် ကွတ်ခိုင်နဲ့ မူဆယ် စယ်လန့်က တိုက်ပွဲတွေကြောင့် အရပ်သား ၄ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိထားတာကို ဘီဘီစီရဲ့ မှတ်တမ်းစုစည်းချက်အရ တွေ့ရပါတယ်။
အခုတိုက်ပွဲမတိုင်ခင် ပြီးခဲ့တဲ့ သြဂုတ်လ တစ်လလုံးနီးပါးလည်း ကွတ်ခိုင် နဲ့ မူဆယ်တကြောက မူဆယ် - နမ့်ခမ်းဘက် စယ်လန့်ရွာက တိုက်ပွဲတွေကြောင့် အနည်းဆုံးအရပ်သား ၅ ဦးသေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒါ့ကြောင့် ဒီဒေသထဲမှာ သြဂုတ်လ နဲ့ စက်တင်ဘာ ၁ ရက် အတွင်း အရပ်သား ၉ ဦးသေဆုံးခဲ့ပြီး ၁၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားတာကို လက်လှမ်းမီသမျှ မှတ်တမ်းအရ အတည်ပြုထားနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
တိုက်ပွဲတကျော့ပြန် ဘယ်ကစ
မူဆယ် - ကွတ်ခိုင် နဲ့ သိန္နီ - လားရှိုးတကြောမှာ တိုက်ပွဲတွေရှိနေတာ လချီနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ သြဂုတ်လနောက်ဆုံးပတ်မှာ ငြိမ်ခဲ့တဲ့တိုက်ပွဲတွေဟာ သြဂုတ် ၂၉ ရက်က ပြန်စခဲ့ပါတယ်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အနီး စယ်လန့်ရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် (TNLA) တို့အကြား တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာကနေ ကွတ်ခိုင်နဲ့ မူဆယ်တကြော စစ်ကောင်စီဘက်ကလေကြောင်းသုံးတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
တအာင်းတပ်မတော် (TNLA) ဘက်ကလည်း စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်တာကို ရုပ်သံမှတ်တမ်းနဲ့ ထုတ်ပြန်ထားပါတယ်။
ဘီဘီစီက မေးမြန်းခွင့်ရတဲ့ စယ်လန့်ဒေသခံနှစ်ဦးရဲ့ အပြောအရ စစ်ကောင်စီတပ်ဘက်ကနေ စယ်လန့်ကျေးရွာနဲ့ မဝေးတဲ့ ဂေါင်ရာကျေးရွာက လွယ်တေးမှိုင်းတောင်မှာ TNLA တပ်ဖွဲ့တွေရှိတယ်ဆိုတဲ့ ယူဆချက်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာကနေ တိုက်ပွဲစဖြစ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီ မူဆယ်ဘက်က တိုက်ပွဲနဲ့ တပြိုင်နက် ကွတ်ခိုင်မြို့နယ်ဘက်က နမ့်ဖတ်ကာမှာ TNLA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မူကြိုကျောင်းအပါ နေအိမ်တွေ လက်နက်ကြီးထိမှန်
ရှမ်းပြည်နယ် မြောက်ပိုင်းက အဲဒီဒေသ ၂ ခု မှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြောင့် လူသေဆုံးဒဏ်ရာရတာတွေတင်မကပါဘူး။ သြဂုတ်လ ၂၉ ရက်က တိုက်ပွဲကြောင့် စယ်လန့်ရွာ မူကြိုကျောင်းကို လက်နက်ကြီးတွေ ထိမှန်ခဲ့ပြီး နေအိမ်တစ်လုံးမီးလောင်ခဲ့သလို နေအိမ် ၇ လုံးထက်မနည်းလည်း ပျက်စီးခဲ့ပါတယ်။
စယ်လန့်ရွာအနီးက နမ့်ကတ်ရွာမှာလည်း နေအိမ် ၂ လုံး လက်နက်ကြီးထိလို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဓာတ်ပုံမှတ်တမ်းတွေ ရယူထားပြီး အတည်ပြုပါတယ်။
TNLA ရဲ့ ပြန်ကြားရေးဌာနကတော့ သြဂုတ် ၂၉ ရက်က စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီး အလုံး ၆၀ ထက်မနည်း အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
သြဂုတ် ၃၀ ကနေ စက်တင်ဘာ ၁ ရက်အထိ ၃ ရက်အတွင်းမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း စယ်လန့်ရွာရှိတဲ့ မူဆယ်-နမ့်ခမ်း လမ်းမကြီးကို အသုံးပြုနေကြတဲ့ ဒေသခံတွေထဲကမှ တအာင်းလူမျိုးတွေကို ပစ်မှတ်ထား စစ်ဆေးတာတွေလုပ်တယ်လို့ အဲဒီလမ်းကိုအသုံးပြုခဲ့တဲ့ စယ်လန့်ရွာခံတစ်ဦးက ပြောပါတယ်။
‘’ စယ်လန့်က စစ်ရှောင်တွေကို မူဆယ်မြို့ထဲပို့ပေးတဲ့ လူမှုကူညီရေးအသင်းတွေကို စစ်တာပါ။ တော်တော်ကို တင်းတင်းကျပ်ကျပ် စစ်ဆေးပါတယ်။ သွားလာရေး တော်တော်ကို ခက်ခဲပါတယ်‘’လို့ လူမူကူညီရေး အသင်းကအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အပြန်အလှန်စွပ်စွဲပြီး ငြင်းနေတဲ့ အရပ်သားသေဆုံးမှု
မူဆယ် စယ်လန့် နဲ့ ကွတ်ခိုင်နမ့်ဖတ်ကာဘက်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ TNLA ဘက်က နေ့စဥ်ထုတ်ပြန်ပြီး စစ်တပ်ဘက်က ပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေဆိုပြီး ရုပ်သံတွေ ဓာတ်ပုံမှတ်တမ်းတွေနဲ့ ဖော်ပါတယ်။
စစ်ကောင်စီဘက်ကတော့ TNLA နဲ့ တိုက်ပွဲ ပြန်စဖြစ်တဲ့ သြဂုတ် ၂၉ ရက်ကနေ သြဂုတ် ၃၁ ရက်အထိ ထုတ်ပြန်တာ မရှိပါဘူး။
စက်တင်ဘာ ၁ ရက်မှာတော့ TNLA ဘက်က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ နမ့်ဖတ်ကာတိုက်နယ်၊ ဇီးဒဘန်ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ထုတ်ပြန်လာပါတယ်။
မြေပြင်မှာတော့ ဇီးဒဘန် မှာ အရပ်သား ၂ ဦးဖြစ်တဲ့ ဦးဇင်ထုန်းလဒွဲ နဲ့ ဦးဘောက်လာတို့သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့ရှိခဲ့တာကို သေဆုံးခဲ့တဲ့မိသားစုနဲ့နီးစပ်သူတွေ၊ ကူညီကယ်ဆယ်ရေးအဖွဲ့ တချို့က ဘီဘီစီကို အတည်ပြုထားပါတယ်။
ဒါအပြင် သေဆုံးသူ ၂ ဦး ရဲ့ နာရေးအပါအဝင် ဆေးရုံကို ပို့ဆောင်ပေးခဲ့တဲ့ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ခဲ့သူအချို့ကတော့ စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာလို့ပြောကြပါတယ်။
ဘီဘီစီအနေနဲ့ ကျည်စနဲ့ လက်နက်ကြီးအပိုင်းအစတွေကို ကြည့်ရှုခွင့်မရလို့ ဘယ်အဖွဲ့ရဲ့ လက်နက်လဲဆိုတာကို သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။
နှစ်ဖက် အပြန်အလှန်စွပ်စွဲမှုတွေရှိနေပြီး ပြင်းထန်ခဲ့တဲ့တိုက်ပွဲတွေဟာ စက်တင်ဘာ ၂ ရက်မှာတော့ ကွတ်ခိုင်ရော မူဆယ်မှာပါ ငြိမ်သက်နေခဲ့ပါတယ်။
TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးတာအိုက်ကျော်ကတော့ ရှမ်းမြောက်ကွတ်ခိုင် နဲ့ မူဆယ်ထဲက တိုက်ပွဲတွေဟာ မြန်မာစစ်တပ်က ထိုးစစ်ဆင်တာကြောင့်ဖြစ်လာတာလို့ တုံ့ပြန်ထားပြီး ထိုးစစ်မရှိရင် တိုက်ပွဲမရှိတဲ့သဘော ဖြေကြားပါတယ်။
အဲဒီမူဆယ်ဘက်က တိုက်ပွဲနဲ့ တပြိုင်နက် ကွတ်ခိုင်မြို့နယ်ဘက် နမ့်ဖတ်ကာမှာ TNLA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။ လက်ရှိမှာတော့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အပြန်အလှန် ငြင်းဆိုပြစ်တင်မှုတွေ နှစ်ဖက်ကြားမှာရှိနေချိန်မှာပဲ မူဆယ်၊ စယ်လန့်မှာတော့စစ်ဘေးရှောင် ၂,၀၀၀ ရှိလာပါတယ်။
စစ်ရေးတင်းမာနေဆဲဖြစ်လို့ ဒေသခံ စစ်ရှောင်တွေဟာ နေရပ်မပြန်ရဲကြပါဘူး။
တိုက်ပွဲကြောင့် နမ့်ကတ်ကျေးရွာအုပ်စု မန်ကန်၊ မိုင်းဆတ်၊ ပန်ဟုပ်၊ နမ့်ကတ်ရွာခံနဲ့ စယ်လန့်ကျေးရွာအုပ်စု ဖိုင်မောဝ်နဲ့ ဖိုင်ကျောင်းရွာတွေက ဒေသခံတွေဟာ မူဆယ်မြို့ ဟိုနား၊ စွမ်စော်ရပ်ကွက်နဲ့ နမ့်ခမ်းမြို့နယ် တုန်ခွမ်ရွာမှာတိမ်းရှောင်နေကြရပါတယ်။
မူဆယ် စယ်လန့်ဘက်မှာ တိုက်ပွဲတွေကြောင့်ပြေးနေကြသလို ကွတ်ခိုင်မြို့ နမ့်ဖတ်ကာဘက်မှာတော့ ပြေးဖို့မြေမရှိလို့ တိုက်ပွဲတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိမှာကို နမ့်ဖတ်ကာ၊ ဇီးဒဘန်ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
‘’အထိတ်တလန့်နဲ့ နေနေရတယ်။ လုပ်ကိုင်စားသောက်ရတာလည်း အဆင်မပြေရတဲ့ ကြားထဲမှာ ဒီလိုတိုက်ပွဲတွေဖြစ်နေတော့ တော်တော်ကို ဒုက္ခရောက်တယ်။ ပြည်သူတွေကို ထိအောင် လျှောက်မပစ်ပါနဲ့ လို့ ပဲပြောချင်တယ်’’ လို့ နမ့်ဖတ်ကာ ဇီးဒဘန်ရွာခံ မဆိုင်းဘူက ပြောပါတယ်။








