မတ်လ ၅ ရက် ဘီဘီစီမြန်မာပိုင်းရဲ့ ကမ္ဘာနဲ့ မြန်မာသတင်းများတိုက်ရိုက်တင်ဆက်မှု ဒီမှာတင်ပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။
မြန်မာစစ်ခေါင်းဆောင်နဲ့ ရုရှားသမ္မတတို့ သဘောတူစာချုပ်တွေလက်မှတ်ထိုး
ရုရှားသမ္မတနဲ့ မြန်မာစစ်ခေါင်းဆောင်တို့ သဘောတူစာချုပ်တွေလက်မှတ်ထိုး၊ ပြင်းအားရှိငလျင် ရန်ကုန်နဲ့ ဧရာဝတီမှာလှုပ်ခတ် စတဲ့ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
အနှစ်ချုပ်
- မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ထဲကနတ်စောင့်ရွာကို မနေ့ မတ် ၄ ရက် ည ၁၀ နာရီခွဲခန့်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံးကြဲချခဲ့ပါတယ်။
- စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အနောက်ခြမ်းမှာတည်ရှိတဲ့ ဝရငယ် နဲ့ ရွာသစ်ကျေးရွာတွေကို ဒီနေ့ မတ် ၅ ရက် မနက် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးလေးလုံးကြဲချခဲ့ပါတယ်။
- မြန်မာကျောင်းသားတွေကို DISP ပညာတော်သင်ဆုအဖြစ်ချီးမြှင့်တဲ့ အမေရိကန်ဒေါ်လာ ၄၅ သန်းကို ဖြတ်တောက်ခဲ့တဲ့အကြောင်း ဒေါ်နယ်ထရမ့်က သူ့ရဲ့ အမေရိကန်သမ္မတသက်တမ်းအတွက် လွှတ်တော်မှာ ပထမဆုံးပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်ပြောပါတယ်။
- အမေရိကန်သမ္မတ ထရမ့်ရဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှုအောက်မှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရအောင် ဆွေးနွေးဖို့အတွက် အသင့်ရှိနေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီး က သူ့ရဲ့ X လူမှုကွန်ရက်စာမျက်နှာ ကနေ ရေးသားလိုက်ပါတယ်။
- ဧရာဝတီတိုင်း ညောင်တုန်းနဲ့ ရန်ကုန်မြို့က မြို့နယ်အများစုမှာ ငလျင်လှုပ်ခတ်မှုအခြေအနေကို သိသိသာသာခံစားခဲ့ကြရတယ်လို့ မြို့ခံတွေကပြောပါတယ်။
- ရုရှားသမ္မတနဲ့ မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံမှုမှာ သဘောတူစာချုပ် ၁၀ ခုထက်မနည်းလက်မှတ်ထိုးခဲ့ပါတယ်။
- ရန်ကုန်နဲ့ ဧရာဝတီမှာ ပြင်းအား ၅ အဆင့်ကျော် ငလျင်နဲ့ နောက်ဆက်တွဲငလျင်ငယ် ၂ ကြိမ်ထက်မနည်းထပ်ပြီးလှုပ်ခတ်ခဲ့ပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
မကွေးတိုင်းမှာစစ်ကောင်စီရဲ့ စက်တပ်လေထီးမောင်းနှင်သူတွေကို PDF တွေပစ်ခတ်

ဓာတ်ပုံ ရင်းမြစ်, မြိုင် ပကဖ
ဓာတ်ပုံ ပုံစာ, မကွေးတိုင်းမှာစစ်ကောင်စီရဲ့ စက်တပ်လေထီးမောင်းနှင်သူတွေကို PDF တွေပစ်ခတ်နေတဲ့ မြင်ကွင်း မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ကနေ တက်လာတဲ့ စက်တပ်လေထီးမောင်းနှင်သူနှစ်ဦးကို မြိုင်နဲ့ ပေါက်မြို့နယ်တို့က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဒီနေ့ မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပကဖ တွေဆီက သိရပါတယ်။
ဒီနေ့ မနက် ၁၀ နာရီဝန်းကျင်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ၁.၈ ကီလိုမီတာအမြင့်အထိ ပစ်ခတ်လို့ရတဲ့ ၀.၅ စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
မြိုင်ပကဖရဲ့ တပ်တွင်းအရင်းအမြစ်ကနေသိရတဲ့အချက်အလက်အရ စက်တပ်လေထီးမောင်းနှင်သူ နှစ်ဦးထဲက တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒီလိုပစ်ခတ်ချိန် စက်တပ်လေထီးတစ်စီးကနေ ပြန်လည်ပစ်ခတ်တာရှိပေမဲ့ တော်လှန်ရေးတပ်တွေဘက်မှာ ထိခိုက်တာမရှိဘူးလို့ မြိုင် ပကဖ သတင်းတာဝန်ခံက ဘီဘီစီကို ပြောပါတယ်။
အဲဒီနောက် စစ်ကောင်စီရဲ့ စက်တပ်လေထီးနှစ်စင်းဟာ ကပစ - ၂၂ ထဲကို ပြန်လည်ဆင်းသက်သွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့သတင်းပတ်ထဲမှာပဲ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်က တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ စက်တပ်လေထီး နှစ်စင်းကို အာရက္ခတပ်တော် (အေအေ) ကပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မောင်းနှင်သူနှစ်ဦးလုံးသေဆုံးတယ်လို့ စစ်ရေးအရင်းအမြစ်တွေအရသိရပါတယ်။
အခုလိုဖြစ်စဉ်တွေနဲ့ပတ်သက်လို့တော့စစ်ကောင်စီသတင်းပြန်ကြားရေးအဖွဲ့က ဒီနေ့ ညနေပိုင်းအထိ တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။
မြန်မာမှာ တစ်ရက်တည်း ငလျင် ၅ ကြိမ်ထက်မနည်းလှုပ်ခတ်

ဓာတ်ပုံ ရင်းမြစ်, မိုးဇလ
ဓာတ်ပုံ ပုံစာ, ဟုမ္မလင်းမြို့ မြေငလျင် ၂ ကြိမ် လှုပ်ခတ် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၅ အဆင့်နဲ့ ၄ ဒသမ ၁ အဆင့် အင်အားအသင့်အတင့်ရှိ မြေငလျင် ၂ ကြိမ် လှုပ်ခတ်သွားတယ်လို့ မြေငလျင်တိုင်းတာစောင့်ကြည့်ရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ မတ်လ ၅ ရက် နေ့လယ် ၁၂ နာရီကျော် အချိန်က တမူးမြေငလျင်စခန်းကနေ အရှေ့မြောက်ဘက် ၃၅ မိုင်ခန့်ကွာဝေးတဲ့ မြန်မာပြည်တွင်း ဟုမ္မလင်းမြို့ မှာ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ တကြိမ်သာထုတ်ပြန်ထားပါတယ်။
ဒါဟာ ဒီကနေ့ မတ်လ တစ်ရက်တည်းမှာပဲ ဧရာဝတီ၊ စစ်ကိုင်းနဲ့ ရန်ကုန်တို့မှာ မြေငလျင် ပြင်းအားအသင့်အတင့်ရှိတဲ့ ငလျင်တွေ ၅ ကြိမ်ထက်မနည်းလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ ငလျင်လှုပ်ခတ်ခဲ့တဲ့ ဟုမ္မလင်းမြို့ အပါအဝင် စစ်ကိုင်းတိုင်းနဲ့ အိန္ဒိနယ်စပ်တွေဟာ စစ်ကိုင်းပြတ်ရွေ့နဲ့ ဆက်စပ်နေပြီး အခုရက်ပိုင်းအတွင်း မြန်မာမှာ ငလျင်လှုပ်ခတ်မှု ဆက်တိုက်လိုဖြစ်နေတာပါ။
စစ်ကိုင်းပြတ်ရွေ့ က မြန်မာနိုင်ငံ ရဲ့ တောင်ဘက် မုတ္တမပင်လယ် ကနေ စတင်ပြီး ကီလိုမီတာ တစ်ထောင့် နှစ်ရာကျော် လောက် ရှည်လျား တဲ့ မြေငလျင် ပြတ်ရွေ့ ကြောင်း တစ်ခုဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ထိရောက်တဲ့မဟာဗျူဟာတွေလုပ်ဆောင်ဖို့ NUG ယာယီသမ္မတပြော

ဓာတ်ပုံ ရင်းမြစ်, NUG
ဓာတ်ပုံ ပုံစာ, NUG ယာယီသမ္မတ ဒူဝါလရှီးလ နိုင်ငံတကာအခင်းအကျင်းပြောင်းလဲမှုတွေရှိလာတာကြောင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေကို မပြတ် စောင့်ကြည့်ပြီး အပြောင်းအလဲတွေနဲ့အတူ မဟာဗျူဟာချဉ်းကပ်တာတွေကို ထိရောက်အောင် လုပ်ဆောင်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။
ဒါအပြင် ပြည်တွင်းနိုင်ငံရေးမှာလည်း စုစည်းညီညွတ်မှုကို ဆက်ထိန်းထားနိုင်ဖို့လိုအပ်တယ်လို့ ဒီနေ့ မတ် ၅ ရက် မနက်ပိုင်းမှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ NUG ယာယီသမ္မတက ထည့်ပြောခဲ့ပါတယ်။
“ကျွန်တော်တို့ နိုင်ငံရေးသမိုင်းကို လေ့လာကြည့်တယ်ဆိုရင် “အကွဲအပြဲဇာတ်လမ်း” တွေနဲ့ ပြည့်နှက်ခဲ့ တယ်။ အခု နွေဦးတော်လှန်ရေးမှာ ကျွန်တော်တို့ဟာ အတတ်နိုင်ဆုံး စုစည်းညီညွတ်မှုကို ထိန်းထားနိုင်မှ၊ စစ်အာဏာ ရှင်စနစ် အမြစ်ဖြတ်ဖြုတ်ချနိုင်ရေးကို ဆုံးခန်းတိုင်သည်အထိ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဆိုပါတယ်။
ဒါကြောင့် ချင်းပြည်ကောင်စီ (CC) နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ ချင်းညီနောင် (ICNCC/CB) တို့ကြား ဘုံပေါင်းစည်းရေးလုပ်ဆောင်နိုင်ဖို့အတွက် ခြေလှမ်းစနိုင်တာကိုလည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
ချင်းပြည်သူတွေအတွက် တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမှု၊ ကွဲပြားစုံလင်မှုတွေ အခြေခံတဲ့ ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ရေးဆွဲနိုင်ဖို့ NUG က မျှော်လင့်ကြောင်းလည်း ဖေဖော်ဝါရီ ၂၇ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါသေးတယ်။
တဖက်မှာတော့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားသမ္မတ ပူတင်နဲ့ ကရင်မလင်နန်းတော်မှာ မနေ့ကတွေ့ဆုံခဲ့ပြီး နှစ်ဖက်ဆက်ဆံရေးဆက်တိုးမြှင့်မယ်လို့ ထုတ်ပြောထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်အတွက်ဘယ်လောက်ကုန်ကျနိုင်လဲ
(ဂါလံ ၅၅၀ x ၃ ဒေါ်လာ (၁ ဂါလံစျေး) = ၁၆၅၀ ဒေါ်လာ x ၂၁၀၀ (ကျပ်လဲနှုန်း) = ၃၄ သိန်း )
လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်လုပ်ရင် ဘယ်လောက်ကုန်ကျစရိတ်ရှိလဲဆိုတာအတွက်အဖြေကို အကြမ်းဖျင်း တွက်ချက်ကြည့်နိုင်ပါတယ်။
စစ်သုံးတိုက်ခိုက်ရေးလေယာဥ် တစ်စင်းဟာပျံသန်းချိန် တစ်နာရီအတွင်းမှာ အနည်းဆုံးလေယာဥ်ဆီ ဂါလံ ၂၂၀ ကနေ ၂၆၀ ကြားသုံးစွဲပါတယ်။
လေယာဥ် ရဲ့ ဆီစားနှုန်းကို ကီလိုလီတာနဲ့ အများဆုံးတွက်ကြတာဖြစ်လို့ ဂါလံကိုပြောင်းတွက်မယ်ဆိုရင် ၁ ကီလိုလီတာမှာ ၂၆၄ ဂါလံရှိပါတယ်။
လေယာဥ်ဆီအမျိုးအစားက အနည်းဆုံး ၅ မျိုးထက်မနည်းရှိပြီး Jet A၊ Jet A1၊ Jet B၊ TS-1 နဲ့ Avgas တို့ဖြစ်ပါတယ်။
တိုက်ခိုက်ရေးလေယာဥ် တစ်နာရီပျံသန်းဖို့အတွက် လေယာဥ်ဆီဂါလံ ၂၂၀ သုံးမယ်ဆိုရင် (၃ ဒေါ်လာ × ၂၂၀ဂါလံ)နဲ့ တွက်ကြည့်ရမယ့်အကြောင်း ဒီဆောင်းပါးမှာ ပြန်လည်ဖတ်ရှုနိုင်ပါပြီ။
တောင်သာ၊ နတ်စောင့်ရွာကို စစ်ကောင်စီလေကြောင်းဗုံးကြဲလို့ ပြည်သူ ၆ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, တောင်သာလူထုသပိတ်ကော်မတီ
ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီလ ၂၂ ရက်နေ့ တုန်းက တောင်သာမြို့နယ်၊ ထန်းပင်ကန်ကျေးရွာ ဓမ္မာရုံအနီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီးနောက်မြင်ကွင်း မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ထဲကနတ်စောင့်ရွာကို မနေ့ မတ် ၄ ရက် ည ၁၀ နာရီခွဲခန့်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံးကြဲချခဲ့တာကြောင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာစိုးရိမ်ရ သူ ၄ ဦးရှိတယ်လို့ မြေပြင်မှာရှိနေသူတွေဆီက သိရပါတယ်။
“ရွာလယ်ခေါင်က ဓမ္မာရုံနားကျတာပါ။ နေအိမ်အလုံး ၃၀ လောက်လည်းပျက်စီးခဲ့တယ်” လို့ တောင်သာ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မနေ့ နေ့လယ် ၂ နာရီတုန်းကလည်း တောင်သာမြို့နယ်ထဲက မြေဖြူကုန်းရွာကို စစ်ကောင်စီလေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
“ဒီနေ့မနက်တော့ လေယာဉ်တွေပဲဝဲနေတာပါ။ အခုလရော ဖေဖော်ဝါရီလတုန်းကရော တောင်သာကို ဆက်တိုက်ဗုံးကြဲနေတယ်။ တောင်သာက သူတို့ လေတပ်တွေရှိတဲ့ မိတ္ထီလာ ရှမ်းတဲနဲ့ရော တံတားဦးဘက်က ပါ လာလို့ရတဲ့ အနေအထားဖြစ်နေတာပါ” လို့ တောင်သာမြို့နယ်အခြေစိုက် မြင်းခြံခရိုင် တပ်ရင်း ၃ တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
တောင်သာမြို့နယ်ထဲမှာ စစ်ရှောင်ရတဲ့ ကျေးရွာအရေအတွက် ၇ ရွာအထိရှိလာပြီး လူဦးရေ ၈၆၅ ဦး စစ်ပြေးရှောင်နေရပြီလို့ ကူညီသူတွေဆီက သိရပါတယ်။
မြင်းခြံခရိုင်ထဲမှာလည်း စစ်ရေးတင်းမာနေပြီး ဖေဖော်ဝါရီ ၂၆ ရက်ကနေ မတ် ၁ ရက်အထိ နွားထိုးကြီး နဲ့ မြင်းခြံမြို့နယ်အစပ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ကြား တိုက်ပွဲပြင်းထန်ခဲ့ကြပါတယ်။
အဲဒီစစ်ကောင်စီ စစ်ကြောင်းဟာ မနေ့ညပိုင်းအထိ နွားထိုးကြီးမြို့နယ်မြောက်ပိုင်းက ကျွန်းဒေါင့်၊ ဆေးခင်ကြီးစတဲ့ကျေးရွာတဝိုက်မှာသွားလာလှုပ်ရှားနေပြီး နှစ်ဖက်ပစ်ခတ်တိုက်ခိုက်တာမရှိဘူးလို့ မြင်းခြံ ခရိုင် တပ်ရင်း - ၄ ကနေသိရပါတယ်။
စစ်ကိုင်း၊ တန့်ဆည်အနောက်ခြမ်းကကျေးရွာတချို့ကို စစ်ကောင်စီလေကြောင်းဗုံးကြဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ် ပုံဟောင်း စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အနောက်ခြမ်းမှာတည်ရှိတဲ့ ဝရငယ် နဲ့ ရွာသစ်ကျေးရွာတွေကို ဒီနေ့ မတ် ၅ ရက် မနက် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးလေးလုံးကြဲချခဲ့တယ်လို့ ဒေသခံတချို့ဆီက သိရပါတယ်။
“လေယာဉ်နဲ့လာကြဲတာမြင်လိုက်ရတယ်။ အထိအခိုက်လည်းအတည်ပြုလို့မရသေးဘူး။ ရှေ့ရက်ကတည်း က တိုက်ပွဲရှိလို့ ရွာတွေက ရှောင်နေရတယ်” လို့ တန့်ဆည်ကျေးရွာသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒေသခံတွေအပြောအရ မတ် ၃ ရက်ကစလို့ ဝရငယ်နဲ့ ဆင်ငယ်ရွာတွေမှာအခြေချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဒါကြောင့် ဝရငယ်၊ လမ်းဆုံ၊ ရွာသစ်၊ ဆင်ငယ်၊ ရွှေကန်တော်ရွာတို့က ဒေသခံတွေ နီးစပ်ရာကို ရှောင်တိမ်း နေကြရပါတယ်။
ဒီတိုက်ပွဲသတင်းနဲ့ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဘက်ကရော စစ်ကောင်စီတပ်ဘက်ကပါ ဒီနေ့ မတ် ၅ ရက် မနက်ပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
တန့်ဆည်မြို့နယ်အခြေစိုက်မီဒီယာတချို့ကတော့ ဒေသခံတွေ လေကြောင်းရန်သတိပြုဖို့ အသိပေးစာတွေ ဒီနေ့ မနက်ပိုင်းမှာပဲ ရေးသားဖော်ပြထားကြပါတယ်။
မြန်မာကျောင်းသားတွေကိုဖြတ်တောက်ခဲ့တဲ့ ဒေါ်လာ ၄၅ သန်း အကြောင်း လွှတ်တော်မိန့်ခွန်းမှာ ထရမ့်ထည့်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, မြန်မာစံတော်ချိန် မတ် ၅ ရက် မနက်ပိုင်းမှာလွှတ်တော်ထဲ မိန့်ခွန်းပြောနေတဲ့ သမ္မတထရမ့် မြန်မာကျောင်းသားတွေကို DISP ပညာတော်သင်ဆုအဖြစ်ချီးမြှင့်တဲ့ အမေရိကန်ဒေါ်လာ ၄၅ သန်းကို ဖြတ်တောက်ခဲ့တဲ့အကြောင်း ဒေါ်နယ်ထရမ့်က သူ့ရဲ့ အမေရိကန်သမ္မတသက်တမ်းအတွက် လွှတ်တော်မှာ ပထမဆုံးပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်ပြောပါတယ်။
အီလွန်မတ်စ်ဦးဆောင်တဲ့ အမေရိကန်အစိုးရအစွမ်းထက်မှုဌာန (DOGE)ကနေ အရေးပါတဲ့ ငွေကြေးဖြတ် တောက်မှုတွေလုပ်နေကြောင်း ချီးကျူးစကားပြောခဲ့ပြီး ဖြတ်တောက်ခဲ့တဲ့အထဲ မြန်မာကျောင်းသားတွေအတွက် ပညာတော်သင်ဆုပေးတာလည်း ပါဝင်တယ်လို့ ထည့်ပြောခဲ့တာပါ။
“အီလွန်က အလုပ်သိပ်ကြိုးစားတယ်။ သူ့ကိုအသိအမှတ်ပြုတယ်။ ဒီဘက်လက်ခုပ်မတီးနေတဲ့သူတွေလည်း အသိအမှတ်ပြုပါလိမ့်မယ်” လို့ မြန်မာစံတော်ချိန် မတ် ၅ ရက် မနက်ပိုင်းမှာပြောကြားတဲ့ မိန့်ခွန်းမှာ သမ္မတ ထရမ့်က ပြောပါတယ်။
အမေရိကန် ပြည်ထောင်စု USAID နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီက မြန်မာနိုင်ငံအတွက် ပေးအပ်တဲ့ Diversity and Inclusion Scholarship Program (DISP) မတူကွဲပြားမှုနဲ့ အားလုံးပါဝင်ခွင့်ရှိတဲ့ ပညာတော်သင်ဆု အစီအစဥ်ကို ဇန်နဝါရီလကုန်ပိုင်းကတည်းက သမ္မတအမိန့်နဲ့ ရပ်ဆိုင်းခဲ့ပါတယ်။
အီလွန်မတ်စ်ရဲ့ DOGE ဌာနဟာ အရင်အစိုးရသုံးစွဲခဲ့တဲ့ ငွေကြေးစာရင်းတွေထဲက လိင်စိတ်ခံယူချက် ကွဲပြားသူ (LGBTQ) တွေနဲ့ လိင်ပြောင်းသူ (transgender) တွေအပေါ် ထောက်ပံ့တဲ့ ငွေကြေးသန်းချီကိုလည်း ဖြတ်တောက်ခဲ့တယ်လို့ သူက ထည့်ပြောခဲ့ပါတယ်။
သမ္မတထရမ့်ဟာ အမေရိကန်ကို တဖန်ပြန်အားကောင်းအောင် ဆောင်ရွက်မယ်လို့ ကြွေးကြော်ခဲ့ပြီး အမေရိကန်မှာ ကျား၊ မ လိင်နှစ်မျိုးတည်းသာရှိတဲ့အကြောင်းလည်း ပြောပါတယ်။
လွှတ်တော်ထဲ မိန့်ခွန်းပြောနေချိန်အတွင်း လက်ခုပ်မတီးခဲ့တဲ့ ဒီမိုကရက်တစ်အမတ်တွေကိုလည်း စောင်းမြောင်းပြောခဲ့ပြီး မပျော်ရွှင်နေသူတွေအတွက် ဘာမှမတတ်နိုင်ဘူးလို့လည်း သမ္မတထရမ့်က စင်မြင့်ပေါ်ကနေ ပြောခဲ့ပါသေးတယ်။
ငလျင်ကြောင့် ဧရာဝတီ၊မအူပင်မှာ သာသနိကအဆောက်အဦတချို့ပျက်စီးပြိုကျ

ဓာတ်ပုံ ရင်းမြစ်, စိမ်းမြကန်သာဘုန်းကြီးကျောင်း
ဓာတ်ပုံ ပုံစာ, စိမ်းမြကန်သာ သတ္တဌာနဘုရားက ပျက်စီးမှုတချို့ မတ် ၅ ရက် မနက်အစောပိုင်း ငလျင်ကြောင့် ဧရာဝတီတိုင်း၊ မအူပင်မြို့ က သာသနိကအဆောက်အဦတချို့နဲ့ ဘုန်းကြီးကျောင်းတချို့ ပြိုကျပျက်စီးမှုရှိခဲ့တယ်လို့ မြို့ခံ တချို့ဆီက သိရှိရပါတယ်။
မအူပင်မြို့ စိမ်းမြကန်သာ သတ္တဌာနဘုရားရဲ့ မဟာဗောဓိလိုဏ်အတွင်း အက်ကြောင်းတွေဖြစ်ပေါ်ခြင်း၊ စေတီမကြီး ပတ်လည်အောက်ခြေမှာ အက်ကြောင်းတွေဖြစ်ပေါ်ခြင်းနဲ့ စေတီဝန်းအတွင်း နတ်နန်းတချို့နဲ့ အဆောက်အဦတချို့က ပြိုကျကွဲအက်တာတွေဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
ဒါအပြင် မအူပင်၊ ဇောတိကာရုံဘုန်းကြီးကျောင်းက ဘုရားဆောင်တချို့လည်း ပြိုကျပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။
ရန်ကုန်နဲ့ ဧရာဝတီဘက်မှာ အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိတဲ့ ငလျင်တခုလှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင် ၂ ကြိမ်အထိရှိခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်ထားပါတယ်။
မိုး/ဇလရဲ့ ထုတ်ပြန်ချက်အရ ညောင်တုန်းမြို့ရဲ့ အရှေ့တောင်ဘက်/ အနောက်တောင်ဘက်နဲ့ အရှေ့ဘက်တွေ ကို ဗဟိုပြုလှုပ်ခတ်တာလို့ဆိုပြီး မနက် ၄ နာရီ ၅၄ မှာတကြိမ်၊ ၅ နာရီ ၂၀ နဲ့ ၅ နာရီ ၂၃ တို့မှာ တကြိမ်စီ လှုပ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
ဧရာဝတီတိုင်း နဲ့ ရန်ကုန်မြို့က မြို့နယ်အများစုမှာ ငလျင်လှုပ်ခတ်မှုအခြေအနေကို သိသိသာသာခံစားခဲ့ကြရတယ်လို့ မြို့ခံတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဇောတိကာရုံဘုန်းကြီးကျောင်း
ဓာတ်ပုံ ပုံစာ, ဇောတိကာရုံဘုန်းကြီးကျောင်းပျက်စီးမှု ထရမ့်ရဲ့ဦးဆောင်မှုအောက်ကနေ ငြိမ်းချမ်းရေးဆွေးနွေးဖို့အသင့်ရှိနေတယ်လို့ ဇလန်းစကီးပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ် မတ် ၂ ရက် ဥရောပနိုင်ငံတွေအစည်းအဝေးမှာတွေ့ရတဲ့ ယူကရိန်း သမ္မတ ဇာလန်းစကီး အမေရိကန်သမ္မတ ထရမ့်ရဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှုအောက်မှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရအောင် ဆွေးနွေးဖို့အတွက် အသင့်ရှိနေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီး က သူ့ရဲ့ X လူမှုကွန်ရက်စာမျက်နှာ ကနေ ရေးသားလိုက်ပါတယ်။
စစ်ပွဲရပ်မယ်ဆိုရင် အကျဉ်းသားတွေလွှတ်ပေးတာ၊ ကောင်းကင်ယံမှာ ဒုံးကျည်၊ ဒရုန်းတွေ ပစ်ခတ်တာ အပြင် ပင်လယ်ပြင်မှာပါ ပစ်ခတ်တာတွေကို အရင်ဆုံးရပ်တန့်ဖို့လိုတယ်လို့ ဇလန်းစကီးက ထောက်ပြခဲ့ပြီး ဒါကို ရရှားဘက်ကလည်း လုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နိုင်ငံ အိမ်ဖြူတော်မှာ ထရမ့်နဲ့ ဇလန်းစကီးကြား အချေအတင်ဖြစ်ခဲ့တာ ကလည်း မဖြစ်သင့်တဲ့လုပ်ရပ်ဖြစ်ပြီး ဒီအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဖော်ြပပါတယ်။
အခုတော့ မှန်ကန်အောင်လုပ်ရမယ့်အချိန်ဖြစ်ပြီး အနာဂတ်မှာ ထိတွေ့ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေ ဆက်ရှိဖို့လိုပြီး မြေရှားသတ္တုတူးဖော်ရေးစာချုပ်ကိုလည်း ပုံစံမရွေး၊ အချိန်မရွေးချုပ်ဆိုပါမယ်လို့ ဇလန်းစကီးက ရေးသားခဲ့တာပါ။
ပြီးခဲ့တဲ့ သောကြာနေ့က အိမ်ဖြူတော်မှာ အချေအတင်ဖြစ်ခဲ့အပြီး အမေရိကန်သမ္မတထရမ့်က ယူကရိန်းကို ထောက်ပံ့နေတဲ့ အကူအညီအားလုံးကို မတ် ၄ ရက်မှာစတင်ဆိုင်းငံ့ခဲ့ပါတယ်။
ဒါဟာ ယူကရိန်းအတွက်သာမက ဥရောပက မဟာမိတ်အားလုံးအပေါ်ပါ သက်ရောက်မှုရှိနေတာဖြစ်ပါတယ်။
အိမ်ထဲမှာရှိနေချိန် ငလျင်လှုပ်ခတ်လာရင် ဘယ်လိုရင်ဆိုင်မလဲ
ငလျင်ဘယ်အချိန်လှုပ်မယ်ဆိုတာ ခန့်မှန်းဖို့ မလွယ်ကူပေမဲ့ ငလျင်လှုပ်ခတ်လာရင် ဘယ်လိုရင်ဆိုင်မလဲဆိုတာ အမြဲပြင်ဆင်ထားသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးပါတယ်။
- အိမ်မှာ အရေးပေါ် အိတ်အမြဲတမ်းပြင်ဆင်ထားသင့်ပြီး အဲ့ဒီထဲမှာ ရေအပို၊လက်နှိပ်ဓာတ်မီး၊ ရှေးဦးသူနာပြုပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတချို့ ထည့်ထားသင့်
- ကြက်ခြေနီအဖွဲ့ရဲ့ အဆိုအရ ထည့်ထားရမယ့် ပစ္စည်းတွေထဲမှာ ငွေအပိုနဲ့ ဆေးစာရင်းလိုအရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာ စာရွက်စာတမ်းမိတ္တူတွေ ပါသင့်
- ကိုယ်ရောက်နေ၊ ရှိနေတဲ့ အဆောက်အဦက ဘေးကင်းတယ်ဆိုရင်တော့ ဘယ်မှနေရာမရွှေ့ဘဲ အဲဒီမှာပဲနေဖို့ အမေရိကန်အစိုးရ သိပ္ပံအေဂျင်စီရဲ့ ဘူမိဗေဒစစ်တမ်းအဖွဲ့က ထုတ်ပြန်ထား
- ဒူးထောက်ထိုင်ချ၊ အကာအကွယ်ယူ၊ ခိုင်မာမြဲမြံတဲ့ တစ်ခုခုကိုကိုင်ထားတာ ဘေးကင်းတယ်လို့ ကျွမ်းကျင်သူတွေကလည်း အကြံပြုထား
-လက်ကိုအောက်ချ ဒူးထောက်ပြီးထိုင်နေရင် အပေါ်ကအရာဝတ္တုတစ်ခုခု ကိုယ်ပေါ် ပြုတ်ကျတာကိုကာကွယ်နိုင်ပြီး လိုအပ်လာရင် အခန်းနေရာ အနည်းငယ်ရွှေ့နေလို့ရတယ်လို့လည်း ဆိုပါတယ်။
-စားပွဲခုံအောက်မှာ ဝင်ပုန်းနေပြီး အနီးအနားမှာ အခြားအမိုးအကာ မရှိရင် တုန်ခါမှုရပ်တန့်သွားတဲ့အချိန်အထိ စားပွဲတိုင်ကို ကိုင်ထားဖို့လည်း အကြံပြုထားပါတယ်။
-ငလျင်လှုပ်လာတဲ့အချိန် ကနဦးတုံ့ပြန်မှု တစ်ခုကတော့ တံခါးဝမှာ ရပ်နေတာပါ။ ဒါပေမယ့် အတော်ဟောင်းတဲ့ အိမ်ဆိုရင်တော့ စားပွဲအောက်ကိုဝင်နေတာက ပိုလုံခြုံတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
-ပြတင်းပေါက်တွေနဲ့ မျက်နှာစာတွေက ပထမဆုံး ပြိုကျတတ်တဲ့ အစိတ်အပိုင်းတွေဖြစ်တာကြောင့် အဲ့ဒီအန္တရာယ်ဇုန်တွေနဲ့ တတ်နိုင်သလောက်ဝေးဝေးနေဖို့လည်း အကြံပြုထားပါတယ်။
- တုန်ခါမှုရပ်သွားတာနဲ့ ပြိုကျနေတဲ့ အဆောက်အဦအတွင်းကနေ အပြင်ကို အမြန်ဆုံးထွက်တာက ယေဘူယျအားဖြင့် အန္တရာယ်အကင်းဆုံးဖြစ်ပါတယ်။
အခုပြောတာတွေအားလုံးက အဆောက်အဦးထဲမှာ ပိတ်မိနေတဲ့ အချိန်လုပ်ရမယ့် အကြံပေးချက်တွေဖြစ်ပါတယ်။
ပြင်းအားရှိ ငလျင်တခုနဲ့ နောက်ဆက်တွဲငလျင် ရန်ကုန်နဲ့ ဧရာဝတီမှာလှုပ်ခတ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ ဒီကနေ့ မတ်လ ၅ ရက် မနက် ၄ နာရီကျော်က ရန်ကုန်နဲ့ ဧရာဝတီဘက်မှာ အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိတဲ့ ငလျင်တခုလှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင် ၂ ကြိမ်ရှိခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်ပါတယ်။
မိုး/ဇလရဲ့ ထုတ်ပြန်ချက်အရ ညောင်တုန်းမြို့ရဲ့ အရှေ့တောင်ဘက်/ အနောက်တောင်ဘက်နဲ့ အရှေ့ဘက်တွေ ကို ဗဟိုပြုလှုပ်ခတ်တာလို့ဆိုပြီး မနက် ၄ နာရီ ၅၄ မှာတကြိမ်၊ ၅ နာရီ ၂၀ နဲ့ ၅ နာရီ ၂၃ တို့မှာ တကြိမ်စီ လှုပ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
ဧရာဝတီတိုင်း ညောင်တုန်းနဲ့ ရန်ကုန်မြို့က မြို့နယ်အများစုမှာ ငလျင်လှုပ်ခတ်မှုအခြေအနေကို သိသိသာသာခံစားခဲ့ကြရတယ်လို့ မြို့ခံတွေကပြောပါတယ်။
'' ငလျင်က အတော်ကြမ်းတယ်၊ အိပ်နေရာက လန့်နိုးသွားတယ်'' လို့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့မှာ အင်းစိန်၊ တောင်ဒဂုံ၊မြောက်ဒဂုံ၊ မင်္ဂလာတောင်ညွန့်၊ လသာ၊ သာကေတ၊ ရန်ကင်း၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊စမ်းချောင်း၊ ပုဇွန်တောင် စတဲ့မြို့နယ်တွေနဲ့ ဧရာဝတီတိုင်းက မြို့နယ် အချို့မှာ သိသိသာသာ ခံစားခဲ့ရတယ်လို့ မြို့နယ် ဆိုရှယ်မီဒီယာဂရုတွေမှာလည်းရေးသားကြတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃ ရက် မနက်ပိုင်းကလည်း ရန်ကုန်မြို့မှည အင်အား ရစ်(ခ်)တာစကေးး ၄ ဒသမ ၅ အဆင့် ငလျင်လှုပ်ခတ်ခဲ့ပါသေးတယ်။
နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ ရုရှား - မြန်မာသဘောတူလက်မှတ်ရေးထိုး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, မတ် ၄ ရက် က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ပူတင်ကို အတူတွေ့မြင်ရစဉ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ တွေ့ဆုံချိန်အတွင်း မြန်မာနိုင်ငံမှာ အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရေးအတွက် ပညာရပ်ဆိုင်ရာ အရည်အသွေး၊ အကောက်ခွန်စတဲ့အခြေခံမူတွေပါဝင်တဲ့ နှစ်နိုင်ငံသဘောတူညီစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
မတ် ၄ ရက်ကတွေ့ဆုံမှုမှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်ဆောင်ရွက်မယ်လို့ ပြောခဲ့ကြပြီး သဘောတူညီချက် ၁၀ ခုအထိ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ဒီနေ့ မတ် ၅ ရက်ထုတ် သတင်းစာမှာ ဖော်ပြပါတယ်။
ဒါအပြင် ဝန်ကြီးဌာနအလိုက်လည်း နားလည်မှုစာချွန်လွှာတွေလက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီထဲမှာ နျူကလီးယားစွမ်းအင်ကို ငြိမ်းငြိမ်းချမ်းချမ်းအသုံးပြုဖို့အတွက် နျူကလီးယားနဲ့ ဓာတ်ရောင်ခြည် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းဥပဒေ နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ဖို့၊ စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ဖို့အပါအဝင် ပြင်ပအာကာသစူးစမ်းလေ့လာရေးအတွက်ပါ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြတာပါ။
ဒါအပြင် နှစ်နိုင်ငံကြားရင်းနှီးမြှုပ်နှံမှုတွေမြှင့်တင်ရေးနဲ့ အကာအကွယ်ပေးရေးဆိုင်ရာသဘောတူညီချက် စာချုပ် (မူကြမ်း) နဲ့ပတ်သက်ပြီးလည်း ဆွေးနွေးအောင်မြင်ခဲ့ပြီလို့ ဆိုပါတယ်။
“ပြည်တွင်း နိုင်ငံရေးအခြေအနေကနေ ပြန်လည်ထူထောင်ရေးအပြင် တိုင်းရင်းသားမျိုးနွယ်တွေနဲ့ ဆွေးနွေးရေးကိုလည်း မြှင့်တင်ဆောင်ရွက်ပေးမယ်” လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။
ရုရှားနိုင်ငံအကူအညီနဲ့ မြန်မာနိုင်ငံမှာ ဂြိုဟ်တုကရရှိထားတဲ့အချက်အလက်တွေလေ့လာရေးစင်တာကို ဖွဲ့စည်းထားသလို မနှစ် ၂၀၂၄ ခုနှစ်အတွင်း ကုန်သွယ်ရေးမှာလည်း ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ သမ္မတ ပူတင်က ထည့်ပြောခဲ့တာပါ။
ဒါဟာ မနှစ်တစ်နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါး ကုန်သွယ်ခဲ့ကြတာလည်းဖြစ်ပါတယ်။
မင်္ဂလာပါ။ ၂၀၂၅ မတ် ၅ ရက်ကမ္ဘာနဲ့ မြန်မာတဝန်းသတင်းများကို တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။
