ဒီမိုကရက်တစ် တရားမျှတမှုကို ကိုယ်တိုင် ကျင့်ဆောင်ခဲ့တဲ့ တရားဝန်ကြီးချုပ်

burma

ဓာတ်ပုံ ရင်းမြစ်, Dr Thane Oke Kyaw Myint

ဓာတ်ပုံ ပုံစာ, တရုတ်ဝန်ကြီးချုပ် ချိုအင်လိုင်းနဲ့ ဦးမြင့်သိန်းတို့ မောင်နှံ
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

မြန်မာပြည်ရဲ့ နောက်ဆုံး ပြည်ထောင်စု တရားဝန်ကြီးချုပ် ဦးမြင့်သိန်းကို ၁၉၅၃ က ကုလသမဂ္ဂမှာ ကူမင်တန် တရုတ်ဖြူ ကျူးကျော်မှုအတွက် သွားရောက် အရေးဆိုခဲ့သူအဖြစ် လူသိများပါတယ်။

နောက် ညီနောင်လေးဖော်လို့ လူသိများတဲ့ ဝန်ကြီး အိုင်စီအက်စ်ဦးတင်ထွဋ်၊ ပါမောက္ခချုပ် ဒေါက်တာထင်အောင်နဲ့ အာဇာနည်လုပ်ကြံမှု ခုံရုံးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်တို့ ညီအစ်ကို တွေထဲက တယောက်အဖြစ်လည်း သိကြပါတယ်။

လူသိနည်းတဲ့တချက်ကတော့ ဒုတိယကမ္ဘာစစ်အတွင်း သူကိုယ်တိုင် ဂျပန်ဖမ်းမယ့် ဘေးက ရှောင်နေရင်း အနောက်တိုင်းသား စစ်သုံ့ပန်းတွေကို ကူညီ စောင့်ရှောက်ခဲ့တာ ဖြစ်ပါတယ်။

အစိုးရ (၁၂) မျိုးမီသူ

၁၉၅၇ က တရားဝန်ကြီးချုပ် ခန့်အပ်ခံရချိန်

ဓာတ်ပုံ ရင်းမြစ်, Ludu Archive

ဓာတ်ပုံ ပုံစာ, ၁၉၅၇ က တရားဝန်ကြီးချုပ် ခန့်အပ်ခံရချိန်

ဦးမြင့်သိန်းကို ၁၉ဝဝ ပြည့်နှစ်က မွေးပြီး ၁၉၉၄ မှာ ကွယ်လွန်ပါတယ်။ အသက် ၉ဝ ကျော် နေသွားတဲ့ ဦးမြင့်သိန်းဟာ မြန်မာပြည်မှာ အင်္ဂလိပ်ဗျူရိုကရေစီခေတ်ကနေ နဝတစစ်အစိုးရခေတ်အထိ အစိုးရပုံစံ (၁၂) မျိုးထိ သိမီသွားသူ ဖြစ်သလို သူကိုယ်တိုင် နိုင်ငံရေးအကျဉ်းသားအဖြစ် အသက် (၆ဝ) ကျော်မှ ခြောက်နှစ် ထောင်နန်းစံခဲ့ရသူ ဖြစ်ပါတယ်။

ဦးမြင့်သိန်းရဲ့ မိဘမျိုးရိုးအနေနဲ့ ချင်းတွင်းအနောက်ဘက်ကမ်းက ဗန့်ကျီ ဆားလင်းကြီး နယ်ကို အစဉ်အလာ အုပ်စိုးလာခဲ့တဲ့ သူကြီးမျိုးနဲ့ ရခိုင်ရိုးမနဲ့ ပြည်မြို့နားက မင်းတုန်း၊ မြေထဲ၊ ဆင်ပေါင်ဝဲနယ်ကို အုပ်ချုပ်လာတဲ့ ရိုးရာ သူကြီးရိုးတွေ ရောစပ်နေတာ တွေ့ရပါတယ်။ ဒါကြောင့် သူတို့မိသားစုကို ရှေးဟောင်း မင်းတုန်းအိမ်ဆိုပြီး ဦးမြင့်သိန်း ရေးတဲ့ မြန်မာကျေးလက်သီချင်းများ စာအုပ်မှာ ရည်ညွှန်းခဲ့ပါတယ်။

ခေတ်ပညာကို အစောဆုံး ထိတွေ့ခဲ့တဲ့ မိသားတစုဖြစ်တဲ့အတွက် သူ့ဖခင် အရေးပိုင် ဦးဖိန်းကစပြီး ဗြိတိသျှလက်ထက်မှာ ရှေ့တန်းရောက်ခဲ့ကြပါတယ်။ သားလေးယောက်စလုံး ဗြိတိန်မှာ ပညာသင်ကြားပြီး ဝတ်လုံခေါ် ရှေ့နေပညာကို တတ်မြောက်ခဲ့ကြပါတယ်။ ဒီလို ညီနောင်အားလုံး ထူးချွန်ထက်မြက်တာမျိုး ကိုလ်ကတ္တားလို နေရာမှာတောင် တွေ့ရခဲ တယ်လို့ မြန်မာပြည် သတင်းထောက်အသင်း ဥက္ကဋ္ဌဟောင်း အက်စ်ချာတာဂျီက မြန်မာပြည်က နာမည်ကြီးများနှင့်တွေ့ဆုံခြင်း စာအုပ်မှာ အမှတ်တရ ရေးသားခဲ့ပါတယ်။

နောက် သူတို့ညီအစ်ကိုထဲက သုံးယောက်ဟာ မြန်မာပြည်မှာ စစ်ပညာကို ကိုလိုနီခေတ်ကတည်းက သင်ကြားခဲ့ကြပြီး ဗြိတိသျှတပ်မှာ အမှုထမ်းခဲ့သူတွေ ဖြစ်ကြ ပါတယ်။ ဒါကြောင့် အစ်ကိုအကြီးဆုံး ဦးတင်ထွဋ်က လွတ်လပ်ရေးခေတ်မှာ ဗိုလ်မှူးချုပ်အဖြစ် တပ်မတော်မှာ အမှုထမ်းရင်း လုပ်ကြံခံ သွားရပါတယ်။ ဦးမြင့်သိန်းနဲ့ ညီ ဒေါက်တာထင်အောင်တို့ဟာ မြန်မာပြည်ကို အုပ်ချုပ်ခဲ့တဲ့ ဘုရင်ခံတွေနဲ့ သမ္မတတွေရဲ့ ဂုဏ်ထူးဆောင် ကိုယ်ရံတော်အရာရှိတွေ ဖြစ်ခဲ့ကြပါတယ်။

ကိန်းဘရစ်ထွက် လူကြီးလူကောင်း

ဦးမြင့်သိန်းမိသားစု

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ဦးမြင့်သိန်း၊ ဒေါ်ဖွားမှီနဲ့ ခွေးမလေး လီဇာ

ဦးမြင့်သိန်းဟာ ကိန်းဘရစ်တက္ကသိုလ်မှာ ဥပဒေမဟာဝိဇ္ဇာဘွဲ့နဲ့ ဥပဒေဝိဇ္ဇာဘွဲ့တွေ သင်ယူခဲ့သလို လင်ကွန်းအင်းက ဝတ်လုံဘွဲ့တွေ ဆွတ်ခူးခဲ့ပါတယ်။ ဝတ်လုံပညာသင်ရင်း ဇနီးသည် ဒေါ်ဖွားမှီနဲ့ ဖူးစာဆုံပါတယ်။ ဒေါ်ဖွားမှီလက်က လွတ်ကျတဲ့ မှတ်စုတွေကို ကောက်ပေးရင်း ခင်သွားကြတာလို့ ၁၉၈၈ မှာ သမ္မတဖြစ်လာတဲ့ ဒေါက်တာမောင်မောင် က ဂါးဒီးယန်းမဂ္ဂဇင်းမှာ သူ့အကြောင်း ရေးခဲ့ဖူးပါတယ်။ ဒေါ်ဖွားမှီဟာ မြန်မာ အမျိုးသမီးထဲက ခုချိန်ထိ တဦးတည်းသော ဝတ်လုံဘွဲ့ရ ဖြစ်ပါတယ်။

နောက် ရန်ကုန်မြို့မကျောင်းအုပ်အဖြစ် ဆောင်ရွက်ပေးခဲ့ပြီး သူရတဲ့လခ သုံးရာ ကျောင်းကို ပြန်လှူခဲ့ပါတယ်။ ၁၉၂၅ မှာတော့ မြန်မာပြည် လွှတ်တော်ရွေးကောက်ပွဲကို ဝင်ပြိုင်ကာ ပခုက္ကူအနောက်ပိုင်းအမတ် ဖြစ်ခဲ့ပါတယ်။ ရေစကြို၊ မြိုင်၊ ဆိပ်ဖြူ၊ မြစ်ခြေဘက်မှာပါ။ ၁၉၂၈ ရွေးကောက်ပွဲမှာတော့ ပြည်ထဲရေးဌာနအမိန့်နဲ့ မဲပုံးဖောက် ခံရပြီး မဲရှုံးတယ်လို့ သိရပါတယ်။

၁၉၃ဝမှာ အမျိုးသား ပညာရေး ကောင်စီ လူကြီးအဖြစ် သခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို၊ ဒေါက်တာဘမော်၊ ပန်းတနော်ဦးသန့်စတဲ့ နာမည်ကျော်တွေနဲ့အတူ ဆောင်ရွက်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, DEA / G. WRIGHT

ဓာတ်ပုံ ပုံစာ, ရန်ကုန်က အနောက်တိုင်းဟန် တရားရုံးချုပ် အဆောက်အအုံ

အဲဒီနောက်ပိုင်း အစိုးရရှေ့နေ၊ စမော်ကော်ခေါ် အသေးစားမှုခင်းများရုံးတရားသူကြီး စတဲ့ ရာထူးတာဝန်တွေမှာ ကျင်လည်ခဲ့ပါတယ်။ သူ့ဇနီးသည် ဒေါ်ဖွားမှီက သူ့ခင်ပွန်းလိုက်တဲ့ ရန်ကုန်ရာဇဝတ်ရုံးတွေမှာ အမှုမလိုက်ဘဲ ရှောင်တယ် လို့လည်း စောမုံညင်းက ဗမာအမျိုးသမီး စာအုပ်မှာ ရေးသားခဲ့ပါတယ်။ ဇနီးသည် မီးဖွားပြီး ကလေး အဖတ်မတင်ဖြစ်ကာ ကျန်းမာရေး ချို့တဲ့သွားတဲ့အတွက် ဦးမြင့်သိန်းက ဂရုတစိုက်ပြုစုခဲ့ပါတယ်။

သူ့ကို စစ်မဖြစ်ခင်က သိရှိခဲ့တဲ့ အင်္ဂလိပ်စာရေးဆရာ မောရစ်ကောလစ်က သိမ်မွေ့ပြီး လူကြီးလူကောင်းဆန်သူအဖြစ် မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ စာအုပ်မှာ ချီးကျူးခဲ့ပါတယ်။

အရပ်ဘက်ကာကွယ်ရေးမင်းကြီး

ဒုတိယကမ္ဘာစစ် နီးကပ်လာချိန်မှာတော့ သူ့ကို စစ်မှုထမ်းဖို့ ဗြိတိသျှအစိုးရက ဆင့်ခေါ်ခဲ့ ပါတယ်။ ဗိုလ်ကလေးဘဝကနေ ဗိုလ်မှူးကြီးထိ အဆင့်ဆင့် ဗြိတိသျှတပ်မှာ ထမ်းဆောင်ခဲ့လို့ သူ့ကို နောက်ပိုင်း ဂျပန်ဖွဲ့တဲ့ ဗမာ့တပ်မတော်က ဗိုလ်မှူးချုပ် မောင်မောင်လို ခေါင်းဆောင်တချို့က အင်္ဂလိပ်လူ စာရင်းသွင်း ခဲ့ကြပါတယ်။

တကယ်က ဗြိတိသျှခေတ် အနောက်တိုင်းမှာ ခေတ်ပညာသင်ခဲ့တဲ့ မြန်မာပညာတတ် အများစုဟာ ဂျပန်ဝင်လာမှာကို မလိုလားသူများပြီး ဖက်ဆစ်စနစ်ကို မနှစ်ခြိုက်ကြပါဘူး။ နောက် ဦးမြင့်သိန်းကိုယ်တိုင် တရုတ်ပြည် ချုံကင်းမြို့တော်ကို ကမ္ဘာစစ်မဖြစ်ခင်က ရောက်ခဲ့တဲ့အတွက် အဲဒီကတည်းက တရုတ်မှာ ရှိနေတဲ့ ဂျပန် ကျူးကျော်ရက်စက်မှု တွေကို သိလာခဲ့ပါတယ်။

နောက် အဲဒီအချိန်က မြန်မာအစိုးရထဲက ပြည်ထဲရေးဝန်ကြီးချုပ် ဦးအေးကိုယ်တိုင် စစ်တပ်မှာ ဗိုလ်လေးအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၃၇ မှာ အိန္ဒိယကနေ မြန်မာပြည်ကို သီးခြားခွဲထုတ်ခဲ့ပြီးနောက် လွတ်လပ်ရေးရရင် စစ်တပ် ထူထောင်ဖို့ ဆိုပြီး မြန်မာလူကြီး လူငယ်တွေ ဗြိတိသျှအရံတပ်နဲ့ တက္ကသိုလ်လေ့ကျင့်ရေးတပ် စတာတွေကို ဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

အရပ်ဘက် ကာကွယ်ရေးအကြီးအကဲအဖြစ် ဦးမြင့်သိန်းဟာ အရပ်သားတွေရဲ့ အသက်အိုးအိမ်ကို ကယ်ဆယ်စောင့်ရှောက်တာတွေ လုပ်ခဲ့သလို ရန်သူစခန်းထဲကို ပြောက်ကျားဝင်တိုက်ပါတယ်။ ဒါပေမဲ့ ဂျပန်စစ်ကို တားလို့မရတဲ့အတွက် သူတို့တပ်တွေ မေမြို့မှာ တပ်ဖြုတ်လိုက်ရပါတယ်။

ဦးမြင့်သိန်းရဲ့အစ်ကို ဦးတင်ထွဋ် စစ်ပြေးအစိုးရနဲ့အတူ ဆင်းမလားမြို့ကို လိုက်သွားပေမယ့် ဦးမြင့်သိန်းနဲ့ တခြားညီအစ်ကိုတွေ မြန်မာပြည်မှာ ကျန်ရစ်ခဲ့ကြပါတယ်။

အိန္ဒိယနယ်စပ်ထိ ဦးမြင့်သိန်းလိုက်သွားပြီးမှ နေမကောင်းတဲ့ဇနီးကို ပြန်ရှာဖို့ သူပြန်လှည့်ခဲ့တာ ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Bettmann

ဓာတ်ပုံ ပုံစာ, မြန်မာပြည်ထဲ ဝင်လာတဲ့ ဂျပန်တပ်များ

အာလူးတောင်သူဘဝ

ကလောမှာ သူတို့ဆောက်လက်စအိမ်ကို ဂျပန်ဆရာဝန်တွေ ဝင်နေကြပြီး သူတို့ကိုတော့ သနားသဖြင့် အစေခံတန်းလျားမှာ နေခွင့်ပေးထားပါတယ်။ စစ်အတွင်းမှာ အနေကုပ်ဖို့လိုတဲ့အတွက် ဦးမြင့်သိန်းဟာ အာလူးစိုက်၊ ထင်းရောင်းစတဲ့ အောက်ခြေ အလုပ်တွေ လုပ်ခဲ့ပါတယ်။ အလုပ်ကြမ်းသမားဘဝနဲ့ တရက်ကို နှစ်ကျပ် လောက်ရပြီး တခါတလေ ဂျပန်စီးကရက်ရခဲ့တဲ့ ကာလတွေ ဖြစ်ပါတယ်။

သူကိုယ်တိုင် အင်္ဂလိပ်တပ်က ဗိုလ်မှူးကြီးမှန်း လူမသိအောင် နေနေရပေမယ့် ဦးမြင့်သိန်းဟာ သူ့ထက် ဒုက္ခရောက်နေသူတွေကို ကူညီစောင့်ရှောက်ခဲ့ပါတယ်။ သူ့အသက်နဲ့ရင်းပြီး ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည် တခြားအရပ်တွေမှာလိုပဲ ဗြိတိသျှဆုတ်ခွာချိန်မှာ လိုက်မသွားနိုင်ဘဲ သာသနာပြုတွေ၊ စီးပွားရေးသမားနဲ့ အစိုးရဝန်ထမ်းတွေ ပိတ်မိပြီး ကျန်နေခဲ့သူတွေ ကလောမှာ ရှိပါတယ်။ ဒိန်းမတ်၊ ဗြိတိန်နဲ့ အိန္ဒိယစတဲ့ နိုင်ငံစုံကပါ။ ဒီလူတွေကို ဂျပန်က စစ်သုံ့ပန်းအဖြစ် ပိတ်လှောင်ထားပြီး အစာရေစာဝအောင် မကျွေးပါဘူး။

ညနေစောင်း မှောင်ရီဝိုးတဝါးချိန်မှာ ဦးမြင့်သိန်းဟာ ဂျုံအိတ်တွေ ထမ်းပြီး အစောင့်စစ်သားတွေ အလစ်မှာ ဒီလူတွေကို လာပေးတတ်ပါတယ်။ တခါတလေ စီးကရက်၊ ငှက်ဖျားဆေး၊ ချိုချဉ် ဆေးဝါး စတဲ့ စစ်အတွင်းမှာ အဖိုးတန်တဲ့ ပစ္စည်းတွေ ယူလာပေးသလို သူ့ရဲ့ ဟာသပုံပြင်တွေနဲ့လည်း ရယ်ရမှာ မေ့နေသူတွေကို အားပေးခဲ့ပါတယ်။

ဒီလို မကြောက်မရွံ့လာ ကြည့်ရှုခဲ့တဲ့အတွက် စစ်ပြီးနောက်ပိုင်း ဒိန်းမတ်နဲ့ ဗြိတိသျှအစိုးရတွေက သူ့ကို လွတ်လပ်ရေးတံဆိပ်၊ အင်ပါယာအရာရှိ စတဲ့ ဘွဲ့တွေနဲ့ ဂုဏ်ပြုကြသလို အိန္ဒိယခေါင်းဆောင်နေရူးကလည်း သူ့ဆီကျေးဇူးတင်ကြောင်း စာပို့ခဲ့ ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Keystone

ဓာတ်ပုံ ပုံစာ, သခင်မြ၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဗစိန်တို့နဲ့အတူ လန်ဒန်မှာ တွေ့ရတဲ့ ဦးတင်ထွဋ်

ဦးမြင့်သိန်းဟာ မဟာမိတ်ဘက်က နိုင်ငံသားတွေကို ကူညီရုံသာမက ဂျပန်စစ်ရှုံးချိန်မှာလည်း ကင်ပေတိုင် လိုက်ရှာနေတဲ့ ဂျပန်တပ်သားတယောက်ကို သူ့အိမ်မှာ ခြောက်ပတ်ကြာအောင် ဝှက်ထားပေးခဲ့ပြန်ပါတယ်။

ဦးမြင့်သိန်းကို ဂျပန်က ဘယ်သူဘယ်ဝါမှန်း နောက်ပိုင်းမှာ သိသွားပြီး ဇနီးမောင်နှံကို အပြတ်ရှင်းပစ်ဖို့ ကင်ပေတိုင်က စဉ်းစားပေမယ့် သခင်သာခင်က ရှမ်းပြည်ရဲမင်းကြီးအဖြစ် တာဝန်ယူပြီး သူ့ကို တာဝန်ယူ စောင့်ရှောက်ခဲ့ပါတယ်။ သခင်သာခင်ကိုလည်း အင်္ဂလိပ်ပြန်အဝင်မှာ သူကတလှည့် ပြန်ကယ်နိုင်ခဲ့ပါတယ်။

ဂျပန်ခေတ်မှာ သူ့လို အင်္ဂလိပ်တပ်ကလူမဆိုထားနဲ့၊ နောင်မှာ အာဇာနည် ဖြစ်လာမယ့် မိုင်းပွန်စော်ဘွား စဝ်စံထွန်းနဲ့ စဝ်ရွှေသိုက်၊ စဝ်ဟုံဖ စတဲ့ စော်ဘွားကြီး ခြောက်ယောက်ကို ကင်ပေတိုင်က မသင်္ကာလို့ ရန်ကုန်ကို ဖမ်းခေါ်စစ်ဖို့ လုပ်တာတွေ ရှိခဲ့တယ်လို့ ဦးစပ်စုရဲ့ ထူးတဲ့စပ်စု စာအုပ်မှာ ဖော်ပြပါတယ်။

သူ့ညီ ဒေါက်တာထင်အောင်ကို ခေါ်စစ်ချိန်မှာတော့ မြန်မာပြဇာတ် စာအုပ်ရေးသူအဖြစ် ဂျပန်စစ်ဗိုလ်က သိသွားတဲ့အတွက် သက်သာရာရသွားခဲ့ပါတယ်။

သူဒီလို ပုန်းရှောင်နေခဲ့ပေမယ့် ဗြိတိသျှဖွဲ့ပေးတဲ့ တပ်ထဲက စစ်သည်နဲ့ အရာရှိငယ်တွေ စစ်အတွင်းမှာ ဗမာ့လွတ်လပ်ရေးတပ်မတော်ဘက် ကူးပြောင်းကြပါတယ်။ ဦးမြင့်သိန်းကို လူတော်ဖြစ်တဲ့အတွက် ဂျပန်ကို စစ်သံမှူးအဖြစ် ပို့ဖို့ ဗိုလ်ချုပ်အောင်ဆန်းက စဉ်းစားခဲ့သလို အသစ်ဖွဲ့ခါစ စစ်ဥပဒေဌာနအတွက် စစ်ဥပဒေချုပ်ပေးဖို့လည်း စဉ်းစားပါသေးတယ်။ အခြေအနေအရ လက်ရှောင်ခဲ့တာ ဖြစ်ပါတယ်။

တောင်တန်းသားတို့အကြံပေး

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ဦးမြင့်သိန်းပုံနဲ့ ဂါးဒီးယန်းမဂ္ဂဇင်း

လွတ်လပ်ရေးအကြိုကာလမှာ သူ့ကို တောင်တန်းဒေသဆိုင်ရာ ဖွဲ့စည်းအုပ်ချုပ်ပုံအကြံပေး အဖြစ် ဗိုလ်ချုပ်အောင်ဆန်းက ခန့်အပ်ခဲ့ပါတယ်။ စစ်အတွင်းက ရှမ်းပြည်မှာ စော်ဘွားတွေနဲ့ ခင်မင်ခဲ့တဲ့ အတွက် သူတို့တောင်းဆိုချက်နဲ့ ခန့်အပ်ခဲ့ ကြောင်း မြန်မာ့ရေးရာဂျာနယ်က ဦးမြင့်သိန်းရဲ့ နှုတ်ပြောသမိုင်းမှာ ပါရှိပါတယ်။

ဦးမြင့်သိန်းဟာ အခြေခံဥပဒေပါ ရှမ်းပြည်အုပ်ချုပ်ရေးအတွက် စော်ဘွားတွေနဲ့ ဘယ်လို ခွဲဝေဆောင်ရွက်မယ်ဆိုတာကို လေးချက်အဆိုပြု ညှိနှိုင်းပေးခဲ့တယ်လို့လည်း ဒေါက်တာမောင်မောင်ရဲ့ မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ စာအုပ်မှာ ဖော်ပြပါတယ်။

ပင်လုံညီလာခံအပြီး တောင်တန်းဒေသလူမျိုးတွေနဲ့ အချောသတ်တွေ့ဆုံညှိနှိုင်းတဲ့ ရီးစ်ဝီလျံကော်မရှင်မှာလည်း သူ့အစ်ကို ဦးတင်ထွဋ်နဲ့အတူ ဦးမြင့်သိန်း ပါဝင်ခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးနောက် ၁၉၅၁ မှာ ရှမ်းပြည်နယ် အုပ်ချုပ်ရေး အထူးစုံစမ်းရေးကော်မီရှင်ဆိုပြီး အစိုးရက သူ့ကို ဥက္ကဋ္ဌတင် ဖွဲ့စည်း ခဲ့ပါတယ်။ ၁၉၅၂ မှာတော့ ဦးမြင့်သိန်းပဲ စော်ဘွားတွေကို ဦးဆောင်ပြီး အိန္ဒိယက မဟာရာဇာစော်ဘွား တွေ အာဏာစွန့်ပုံကို သွားရောက်လေ့လာခဲ့ပါတယ်။

ဒီလို ဆက်စပ်ခင်မင်မှုတွေကြောင့် နွေရာသီမှာ တောင်ကြီး၊ ကလောသွားပြီး စော်ဘွားတွေနဲ့ တွေ့ဆုံတတ်တဲ့အတွက် ၁၉၆၂ အာဏာသိမ်းချိန်မှာ ဦးမြင့်သိန်းကို ဖမ်းဆီးခဲ့တယ်လို့လည်း သံအမတ်ကြီး ဦးသက်ထွန်းက ရေးသားခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Ludu

ဓာတ်ပုံ ပုံစာ, လုပ်ကြံမှုခုံရုံး ဥက္ကဋ္ဌ ဦးကျော်မြင့်

အခြေခံဥပဒေရေးဆွဲနေတုန်း ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရချိန်မှာတော့ သူ့ကို အစိုးရတရားစွဲညွှန်ကြားရေးဝန်အဖြစ် ရာထူးသစ်တီထွင် ခန့်ထားဖို့ စဉ်းစားခဲ့ကြပေမယ့် သူ့အစ်ကို ဦးကျော်မြင့်က ခုံရုံး ဥက္ကဋ္ဌ ဖြစ်နေတဲ့အတွက် ဦးထွန်းဖြူကို ခန့်တယ်လို့လည်း ဒေါက်တာမောင်မောင်ရဲ့ နိုင်ငံတော် လုပ်ကြံမှု စာအုပ်မှာ ပါပါတယ်။ ဦးထွန်းဖြူကို ဦးမြင့်သိန်းက နောက်ကနေ အကြံပေးခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နှစ်ပြည် သံအမတ်

လွတ်လပ်ရေးရပြီးနောက် သူ့အစ်ကို ဝန်ကြီးလုပ်တဲ့ နိုင်ငံခြားရေးဌာနက ဦးမြင့်သိန်းကို တရုတ်ပြည်သံအမတ်အဖြစ် ခန့်ပါတယ်။ နန်ကျင်းမှာ ရုံးစိုက်တဲ့ ချန်ကေရှိတ် တရုတ်ဖြူအစိုးရဆီပါ။ ချန်ကေရှိတ်အစိုးရက မြန်မာပြည်မြောက်ပိုင်း က နယ်မြေတွေကို သူတို့ပိုင်အဖြစ် တောင်းဆိုနေတဲ့အတွက် ဥပဒေကျွမ်းတဲ့ ဦးမြင့်သိန်းကို လွှတ်တာလို့လည်း ဆိုပါတယ်။

၁၉၄၉ မှာ မော်စီတုန်းရဲ့ တရုတ်နီတော်လှန်ရေးကြောင့် ချန်ကေရှိတ် အစိုးရ ထွက်ပြေးရပြီးနောက် ဦးမြင့်သိန်းကိုပဲ ဘေကျင်းကို သံအမတ်အဖြစ် စေလွှတ်ပါတယ်။ နန်ကျင်းမြို့ ကွန်မြူနစ်အဝိုင်းခံနေရတုန်းမှာ မြန်မာအလံက တရုတ်ဖြူ အလံနဲ့ တူနေလို့ သံရုံးကို မှားပစ်မှာ စိုးတဲ့အတွက် ညာဘက်အောက်ထောင့်မှာ နန်းမြို့ရိုးပြာသာဒ်ပုံ ဖြည့်ဆွဲပြီး တင်ထားခဲ့ရပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Dr Thane Oke Kyaw Myint

ဓာတ်ပုံ ပုံစာ, ဦးမြင့်သိန်းရဲ့ သံအမတ်ခန့်အပ်လွှာကို မော်စီတုန်းလက်ခံ

ကွန်မြူနစ်အစိုးရသစ်ကို ပြည်သူထောက်ခံမှု ရှိတာတွေ့ရတဲ့အတွက် အမြန် အသိ အမှတ်ပြုဖို့ ဦးမြင့်သိန်းက မြန်မာပြည်အစိုးရဆီကို ကြေးနန်းတကြောင်းတည်း ရိုက်လိုက်ပြီး ဦးနုကလည်း ချက်ချင်းလုပ်ဖို့ ကြေးနန်းတကြောင်းတည်းနဲ့ ပြန်လိုက်ကြောင်း တူဖြစ်သူ နေအုပ် (စိန်ပေါလ်) က ရေးသားခဲ့ပါတယ်။ မြန်မာပြည်ဟာ ကွန်မြူနစ်မဟုတ်တဲ့ နိုင်ငံတွေထဲမှာ တရုတ်ပြည်သစ်ကို ပထမဆုံးအသိအမှတ်ပြုတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဒီလိုအသိအမှတ်ပြုပေမယ့် သံရုံးအသစ်ဖွင့်ဖို့ တရုတ်အစိုးရသစ်ဘက်က ချက်ချင်း ခွင့်မပြုခဲ့ဘူးလို့ တရုတ်-မြန်မာဆက်ဆံရေးမှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ ဦးမြင့်သိန်းရဲ့ ခန့်အပ်လွှာကို မော်စီတုန်းကိုယ်တိုင် လက်ခံမယ့်ပုံမရှိလို့ နိုင်ငံ အကြီးအကဲအောက် နိမ့်ကျသူကို မပေးနိုင်ဘူးဆိုပြီး ၁၉၅ဝ ထိ ဦးမြင့်သိန်း တင်းခံခဲ့ရပါတယ်။

တရုတ်ပြည်မှာ ကွန်မြူနစ်တက်လာပြီးနောက် မြန်မာပြည်ထဲ စစ်ရှုံးတဲ့ တရုတ်ဖြူတပ်တွေ ဝင်လာတဲ့အတွက် ဦးမြင့်သိန်းခေါင်းဆောင်ပြီး ကုလသမဂ္ဂမှာ နှစ်ကြိမ်သွားရောက် အရေးဆို ခဲ့ရပါတယ်။ ဦးမြင့်သိန်း ပဲရစ်မြို့ အထွေထွေ ညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းဟာ မြန်မာအစိုးရရဲ့ ညွှန်ကြားချက်နဲ့ ပြောတာမဟုတ်ဘဲ သူ့ဦးနှောက်နဲ့ စဉ်းစားပြောတာလို့ ဒေါက်တာမောင်မောင်က အမှတ်တရ ရေးခဲ့ပါတယ်။ ဒီအရေးဆိုမှုတွေအကျိုးဆက်ကြောင့် တရုတ်ဖြူတပ်တွေ မြန်မာပြည်ထဲက ပြန်ထွက်ပေးခဲ့ရပါတယ်။

နန်းမြို့ရိုးပြာသာဒ်ပုံ ဖြည့်ဆွဲခဲ့တဲ့ မြန်မာအလံ

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, နန်းမြို့ရိုးပြာသာဒ်ပုံ ဖြည့်ဆွဲခဲ့တဲ့ မြန်မာအလံ

ကံဆိုးတဲ့ တရားရှင်

၁၉၄၇ ကတည်းက ဟိုက်ကုတ် တရားဝန်ကြီးရာထူးရဖို့ ရှိပြီး လွတ်လပ်ရေး ပေးခါနီးနေလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗြိတိသျှအစိုးရထံက မရလိုက်တဲ့ ဦးမြင့်သိန်းဟာ ၁၉၅၂ မှာ အဲဒီရာထူးကို ရခဲ့ပါတယ်။ နောက် သူ့ရှေ့က တရား ဝန်ကြီးချုပ် ဦးသိမ်းမောင်ကို နှစ်နှစ် သက်တမ်းဆက်တိုးပေးတဲ့အတွက် သူ တရားဝန်ကြီးချုပ် ဖြစ်ဖို့ ထပ်စောင့်ခဲ့ရပြန်ပါတယ်။

သူ့လက်ထက် ပထမစစ်အာဏာသိမ်းမှုမှာ တက်လာတဲ့ အိမ်စောင့်အစိုးရခေတ်မှာ အတိုက်အခံ လက်ဝဲသမားတွေကို ဖမ်းဆီးထောင်ချတာ၊ ကိုကိုးကျွန်းပို့တာတွေ ရှိခဲ့ပေမယ့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို စာချွန်တော် တင်သွင်းပြီး မတရား ဖမ်းဆီးမှုတွေကို ကန့်ကွက်တာ မရှိခဲ့ဘူးလို့လည်း နစ်ချိစ်မန်းရဲ့ ဥပဒေစိုးမိုးမှုကို ဆန့်ကျင်ခြင်း၊ မြန်မာပြည် တရားရုံးများရဲ့ ဥပဒေ စိုးမိုးရေး စာအုပ်မှာ ဖော်ပြပါတယ်။

သူ့သက်တမ်းအတွင်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပွဲ နှစ်ကြိမ် ကြုံခဲ့ရပြီး နောက်ဆုံး သူပါ အဖမ်းခံခဲ့ရပါတယ်။ သူနဲ့အတူ အလုပ်လုပ်နေတဲ့ တခြား တရားဝန်ကြီးတွေ ရာထူးက အငြိမ်းစားပေးခံရတာတွေ ရှိပေမယ့် သူတယောက်ပဲ ခြောက်နှစ်ကြာအောင် ထိန်းသိမ်းခံခဲ့ရပါတယ်။ သူ့ထက် အသက် (၇) နှစ်နဲ့ (၁၆) နှစ် ငယ်တဲ့ ဝန်ကြီးချုပ်ဦးနု၊ သမ္မတဦးဝင်းမောင်တို့ထက် ထောင်ထဲမှာ ပိုကြာကြာနေခဲ့ရပါတယ်။

အာဏာသိမ်းပြီး တလအကြာမှာပဲ ဗိုလ်ချုပ်ကြီးနေဝင်းက တရားလွှတ်တော်ချုပ်နဲ့ တရားလွှတ်တော်တွေကို ဖျက်သိမ်းပြီး တရားရုံးချုပ်နဲ့ အစားထိုးပါတယ်။ အာဏာမသိမ်းခင်ကတည်းက ဦးမြင့်သိန်းက ဘောင်းဘီရှည်တွေက ဘောင်းဘီတွေကို မီးပူတိုက်နေကြပြီတဲ့၊ ခင်ဗျားတို့သတိထားပြီးနေကြနော် လို့ ပြောခဲ့ကြောင်း ဝန်ကြီးဟောင်း ကျိုက်မရော ဦးသွင်က နှစ်သုံးဆယ်ကျော် နိုင်ငံရေးမှတ်တမ်းမှာ ရေးပါတယ်။

သမ္မတ ဦးဝင်းမောင်ရှေ့မှာ ဦးမြင့်သိန်းကျမ်းကျိန်

ဓာတ်ပုံ ရင်းမြစ်, Ludu Archive

ဓာတ်ပုံ ပုံစာ, သမ္မတ ဦးဝင်းမောင်ရှေ့မှာ ဦးမြင့်သိန်းကျမ်းကျိန်

အိပ်ရခက်သောညများ

သူ့ကို လာဖမ်းချိန်မှာ ဝရမ်းတောင်းတယ်လို့လည်း ၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး စာအုပ်မှာ ဖော်ပြပါတယ်။ ကျန်းမာရေးမကောင်းတဲ့ ဇနီးသည်ဟာ သူမရှိတဲ့နောက် ရောဂါပိုဆိုးလာပြီး ၁၉၆၂ ဇွန်လမှာ ကွယ်လွန်ပါတယ်။ ဒေါ်ဖွားမှီ မကွယ်လွန်ခင်မှာ ဦးမြင့်သိန်း ထောင်ထဲက လာပြီး သူ့ဇနီးကို တွေ့ခွင့်ရပါတယ်။ သူ့အစား သူ့အစ်ကို တရားဝန်ကြီးဟောင်းနဲ့ ရန်ကုန် တက္ကသိုလ် ဥပဒေမဟာဌာနမှူးဟောင်း ဦးကျော်မြင့်က ထောင်ထဲ သွားနေပေးရကြောင်း ဒေါက်တာ မြင့်ဇံရဲ့ တရားဝန်ကြီးချုပ် ဦးမြင့်သိန်း အသက် (၁၂ဝ) ပြည့် ဆောင်းပါးမှာ ပါရှိပါတယ်။

သူလွတ်မြောက်ရေးအတွက် နိုင်ငံတကာတရားသူကြီးများ ကော်မရှင်၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တွေက တောင်းဆိုပေးခဲ့ကြပေမယ့် အသက် (၇ဝ) နီးတဲ့အထိ နှစ်ရှည် ထိန်းသိမ်းခံခဲ့ရပါတယ်။ ထောင်ထဲမှာ သူ့မျက်စိကွယ်လု နီးပါး ဖြစ်ခဲ့တယ် လို့လည်း လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Dr Thane Oke Kyaw Myint

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြီးနဲ့ သူတို့မောင်နှံ

နောက် ဗိုလ်ချုပ်ကြီးနေဝင်း စစ်အစိုးရခေတ်မှာ နေအုပ် (စိန်ပေါလ်) စတဲ့ သူ့တူတချို့ အဖမ်းခံရတာနဲ့ တူတူမတွေရဲ့ ပညာရေးမှာ ဟန့်တားနှောင့်ယှက်မှုတွေ ကြုံခဲ့ရပါတယ်။

ထောင်ထဲနေစဉ်မှာ မြန်မာ့အသံက သူနားဆင်ရတဲ့ ကျေးလက်တေးတွေကို ဘာသာပြန်ပြီး အောက်စဖို့ဒ်မှာ ထုတ်ဝေခဲ့ပါတယ်။ သူ့ဇနီးကြိုက်တဲ့တေးတွေကို ပြန်တာလို့လည်း ဆိုပါတယ်။

တကယ်က ဦးမြင့်သိန်းဟာ ဂါးဒီးယန်းမဂ္ဂဇင်းမှာ အင်္ဂလိပ်ကဗျာတွေကို တရားဝန်ကြီး ဘဝထဲက ရေးခဲ့ပါတယ်။ ဒီကဗျာတွေမှာ ဟာသကဲတဲ့ကဗျာတွေ ပါသလို အလွမ်းကဗျာတွေလည်း ပါပါတယ်။

ဒီထဲက တပုဒ်မှာတော့ မြန်မာတွေဟာ ထူးဆန်းတယ်၊ ယောက်ျားလေးရော မိန်းကလေးပါ စကတ်ဝတ်ပြီး ယောက်ျားတွေက ဦးထုပ်ဆောင်းတယ်၊ မိန်းမတွေက မဆောင်းကြဘူး ဆိုပြီး ဟာသနှော ရေးသားထားပါတယ်။

တကယ်လည်း သူ့ဘဝမှာ ဇနီးမရှိ အဖော်မဲ့ပြီး စစ်အစိုးရ စောင့်ကြည့်တာတွေ ကြုံခဲ့ပေမယ့် ဟာသဉာဏ်နဲ့ ကြည့်တဲ့အကျင့်က ကျန်နေခဲ့ပါတယ်။ ဒါကြောင့် ၁၉၉ဝ လောက်မှာ သူသေကောင်ပေါင်းလဲ ဖြစ်ချိန်မှာ လာကြည့်တဲ့ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးက သူ့ခမျာ ဒီမိုကရေစီရတာကိုတောင် မကြည့်သွားရဘူး ဆိုပြီး ပြောခဲ့ကြောင်း သူက ရယ်စရာအနေနဲ့ သူများတွေကို ပြန်ပြောခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ကဗျာသရုပ်ဖော်ပုံနဲ့ ဦးမြင့်သိန်း

နေဝင်ချိန်ကို မြင်ခဲ့

တရားဝန်ကြီးချုပ်ဟောင်း ဦးမြင့်သိန်းဟာ သူ့ကို ဖမ်းဆီးထောင်ချခဲ့တဲ့ ဗိုလ်ချုပ်ကြီးအစိုးရ ပြိုလဲတာကို မြင်ခဲ့ရပြီး မြန်မာပြည် ဒီမိုကရေစီကြိုးပမ်းမှု မအောင်မြင်တာကိုလည်း ပူပန်စိုးရိမ်ခဲ့တယ်လို့လည်း လန်ဒန်ထုတ် တိုင်းသတင်းစာကြီး က သူကွယ်လွန်ချိန်မှာ အမှတ်တရ ရေးခဲ့ပါတယ်။

သူနဲ့ ခင်မင်ရင်းနှီးတဲ့ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆုရချိန်မှာတော့ ဒေါ်စု နောက်ဆုတ်လို့ မရတော့ဘူး လို့ ပြောခဲ့ကြောင်း မိုက်ကယ်ဟာ့ရှ်က အတ္တလန်းတစ် မဂ္ဂဇင်းမှာ ရေးသားခဲ့ပါတယ်။

သူ့ကို ဖမ်းတဲ့ ဦးနေဝင်းက ၁၉၈ဝ မှာ ဦးနုနဲ့ တခြား သူဖမ်းခဲ့သူတွေကို နိုင်ငံ့ဂုဏ်ရည်ဘွဲ့တွေ ပေးပါတယ်။ ညစာစားပွဲလုပ်ချိန်မှာ ဦးမြင့်သိန်းကို ဖမ်းတဲ့အကြောင်း ရှင်းပြဖို့ ဦးနေဝင်းက ကြိုးစားတဲ့အတွက် ဗိုလ်ချုပ်၊ ဒါတွေက အတိတ်တွေပါ၊ ကျွန်တော်တို့ အဲဒီမှာ နေဖို့ မလိုပါဘူးလို့ ပြန်ပြောကြောင်း ဒေါက်တာမြင့်ဇံက ရေးပါတယ်။

ဦးမြင့်သိန်းဟာ ဒီမိုကရေစီတရားမျှတမှု အခြေခံတွေနဲ့ တည်ဆောက်ထားသူ ဖြစ်တယ်လို့လည်း ဒေါက်တာမောင်မောင်က ၁၉၅၇ မှာ ရေးခဲ့ပါတယ်။ ၁၉၈၈ ဒီမိုကရေစီတောင်းဆိုမှုတွေကြား ဒေါက်တာမောင်မောင်အစိုးရ မအောင်မမြင်ဖြစ်ခဲ့ တာကိုလည်း ဦးမြင့်သိန်း တွေ့သွားခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Dr Thane Oke Kyaw Myint

ဓာတ်ပုံ ပုံစာ, ဦးကျော်မြင့်နဲ့ ဦးမြင့်သိန်းတို့ ညီနောင်