လွတ်လပ်ရေး အသီးအပွင့်ကြီး ဆယ်ခိုင်

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လွတ်လပ်စ ပထမဆုံး ဝန်ကြီးချုပ် သခင်နုနဲ့ ဇနီး ဒေါ်မြရီ
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

မြန်မာပြည် လွတ်လပ်ရေးကို ၂ဝ ရာစုလယ်မှာ ဂျပန်နဲ့ ဗြိတိန်ဆီက နှစ်ခါရခဲ့ပြီး နှစ်ခါလုံး မစစ်ဘူးလို့ ဝေဖန်ခံခဲ့ရပါတယ်။ ဒုတိယအကြိမ် လွတ်လပ်ရေး ရတာ ၇၅ နှစ်ပြည့်ချိန်မှာတော့ လွတ်လပ်ရေးဆိုတာ ဘာမှန်းမသိရတဲ့ အခြေအနေ ရောက်နေပြီလို့ ပြောဆိုသူတွေ ရှိသလို စစ်တပ်ကျွန်ဘဝမှာ နှစ် ၆ဝ ရှိပြီဆိုပြီး တော်လှန်သူတွေလည်း များလာပါတယ်။ သေချာတာကတော့ ဒီလွတ်လပ်ရေးရဲ့ အကျိုးကျေးဇူးကို ခံစားရသူ၊ ဒီလွတ်လပ်ရေးနဲ့ ကျေနပ်နှစ်သိမ့်သူဦးရေဟာ နှစ် ၇ဝ ကျော်အတွင်းမှာ ပိုနည်းပါးလာပြီး လူကြိုက်အနည်းဆုံးအဆင့်ကို နောက်ဆုံး စစ်အာဏာသိမ်းပြီးနောက်မှာ ရောက်နေပါတယ်။

၁၉၄၈ လွတ်လပ်ရေးကြောင့် ပြည်ထောင်စု နိုင်ငံတခု ဖြစ်လာပြီးနောက် မြန်မာပြည်မှာ ပေါ်ထွန်းလာခဲ့တဲ့ ဖြစ်ရပ်များစွာထဲက အရေးအကြီးဆုံးတချို့ကို ပြောရမယ် ဆိုရင် အနည်းဆုံး ဆယ်ချက် ရှိပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြည်တွင်းစစ်အစ စစ်မြေပြင်တနေရာ

ပြည်တွင်းစစ်

လွတ်လပ်ရေးရဲ့ ဖွားဖက်တော်လို့ ဆိုကြတဲ့ မြန်မာပြည်တွင်းစစ်ဟာ ကမ္ဘာပေါ်မှာ အရှည်ဆုံး ပြည်တွင်းစစ်အဖြစ် ၇၅ နှစ်အတွင်းကို ချဉ်းကပ်နေပါပြီ။ ဒီစစ်ဟာ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်၊ ကရင်နဲ့ ဖဆပလ စစ်မီးက စတာ ဖြစ်ပေမယ့် ခုချိန်မှာတော့ NLD အနွယ် PDF နဲ့ မဟာမိတ် လူမျိုးစုတွေက စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေပါတယ်။ ဒီစစ်မီး ရှည်ကြာတာနဲ့အမျှ ပျက်စီးမှုတန်ဖိုးက အတောမသတ်နိုင်တဲ့အတွက် နိုင်ငံရဲ့ ဖွံ့ဖြိုးမှု အများကြီး နှောင့်နှေးခဲ့ပါတယ်။ စစ်ကို အမှီပြုပြီး စစ်တပ်နဲ့ လက်နက်ကိုင်မျိုးစုံတန်ခိုးထွားလာသလို နိုင်ငံအာဏာကို စစ်တပ်က နှစ် ၆ဝ ကျော် အသွင်ပေါင်းစုံနဲ့ ထိန်းချုပ်ခဲ့ပြီး ဒီမိုကရေစီအုပ်ချုပ်ရေးကို အခြေမတည်နိုင် ဖြစ်ခဲ့ပါတယ်။

ဒီစစ်ကြောင့်ပဲ ပြည်ထောင်စုနိုင်ငံတည်ထောင်ရေး မအောင်မြင်ဘဲ ခွဲထွက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ ငြင်းခုံမှုတွေနဲ့ ကနေ့ထိ မပြေမလည် ဖြစ်နေပါတယ်။ စစ်နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ပြည်ပနိုင်ငံတွေရဲ့ စွက်ဖက်မှုလည်း ပိုဆိုးလာပြီး တရုတ်သြဇာလွှမ်းတဲ့ လက်နက်ကိုင်တပ်တွေနဲ့အတူ ရုရှားနဲ့ အမေရိကန် အကူအညီလိုချင်တဲ့ စင်ပြိုင် အစိုးရနှစ်ရပ်ပေါ်လာတဲ့အထိ အခြေအနေဆိုးသွားခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာ့မူဟန်ကို ဖော်ထုတ်ဆန်းသစ်

မြန်မာ/ဗမာပြုမှု

၁၉၄၈ နောက်ပိုင်း မြန်မာစာကို ရုံးသုံးပြဋ္ဌာန်းတာ၊ မြန်မာယဉ်ကျေးမှုအနုပညာတွေကို အားပေးတာနဲ့အတူ မြန်မာလူမျိုးတွေကို စစ်တပ်နဲ အရပ်ဘက်ရုံးတွေမှာ အရာရှိအဖြစ် ပိုခန့်ထားလာတာတွေကြောင့် လွတ်လပ်ပြီး အစိုးရ ယန္တရားနဲ့ နိုင်ငံမျက်နှာစာဟာ မြန်မာပိုဆန်လာခဲ့ပါတယ်။

၁၉၆၂ နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရက တက္ကသိုလ်တွေမှာ မြန်မာလိုသင်ဖို့ အားပေးတာနဲ့အတူ အနောက်တိုင်းဆန်တဲ့ လူမှုပုံစံတွေကို အာဏာသုံးထိန်းချုပ်တာတွေ စခဲ့ပါတယ်။ ၁၉၈၈ မှာ နိုင်ငံကို တံခါးတချို့ ဖွင့်ပေးလိုက်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ပေမယ့် ယဉ်ကျေးမှုပိုင်းမှာတော့ မြန်မာဆန်မှုကို ဦးစားပေးအဖြစ် ဆက်ထားခဲ့ပါတယ်။ ၂ဝ၁ဝ နောက်ပိုင်းမှာ နိုင်ငံရေးပြောင်းလဲမှုတချို့ ရှိလာပြီး နိုင်ငံပွင့်လင်းလာပေမယ့် မဘသ သြဇာကြီးလာမှုကြောင့် အစိုးရဖော်ကျူးတဲ့ ယဉ်ကျေးမှုပိုင်းမှာ မြန်မာဗုဒ္ဓအခြေပြုစနစ်က ရုန်းမထွက်နိုင်ဖြစ်ခဲ့ပါတယ်။ လူထုကြားမှာတော့ တရုတ်၊ ထိုင်းနဲ့ ကိုရီးယားက ပေါ့ယဉ်ကျေးမှုလှိုင်းတွေ ဖုံးလွှမ်းခဲ့တာပါ။

မြန်မာပြုမှု အားကောင်းတာရဲ့ တခြားဘက်မှာတော့ နိုင်ငံတွင်းက လူနည်းစု မျိုးနွယ်တွေရဲ့ စာပေ၊ စကားနဲ့ ယဉ်ကျေးမှုပိုင်းမှာ အားပေးစောင့်ရှောက်တာတွေ နည်းပြီး ဗမာကြီးစိုးရေးလုပ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေ များခဲ့ပါတယ်။ ပြည်နယ်တွေက အစိုးရစာသင်ကျောင်းတွေမှာ မြန်မာမဟုတ်တဲ့ လူမျိုးစုတွေရဲ့ ဘာသာစကားနဲ့ သင်ကြားခွင့် မရတာဟာ နိုင်ငံတွင်း မကျေလည်မှုတွေရဲ့ အဓိကတချက်ဖြစ်ပြီး ဆယ်စုနှစ်တွေနဲ့ချီ မအေးချမ်းခဲ့တဲ့ရလဒ်ကို ခံစားခဲ့ရပါတယ်။ မြန်မာပြုမှုကြီးစိုးခြင်းဟာ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးနဲ့ နိုင်ငံအမှတ်လက္ခဏာ ထူထောင်ရေးတို့မှာ အဓိကဖျက်မြင်းဖြစ်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သံဃာနဲ့ လူ့အဖွဲ့အစည်း အဆက်အစပ်ကြီးခဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သာသနာ့ဒါယကာနိုင်ငံရေး

မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံဖြစ်လို့ အုပ်ချုပ်သူ နိုင်ငံအကြီးအကဲကို သာသနာ့ဒါယကာ အဖြစ် စွဲမှတ်လေ့ရှိပါတယ်။ ဘုရင်အဆက်ဆက်ရဲ့ သာသနာပြု မင်းကောင်းမင်းမြတ် နိုင်ငံရေးသြဇာ တည်ဆောက်မှုဟာလည်း ထိုင်းနဲ့ ကမ္ဘောဒီးယား စတဲ့ ထေရဝါဒနိုင်ငံတွေနဲ့ အလားတူ ခိုင်မြဲခဲ့ပါတယ်။ ဒါကြောင့် ကိုလိုနီခေတ် လက်ယာလိုင်း နိုင်ငံရေးခေါင်းဆောင်တွေဟာ ဗုဒ္ဓဘာသာဝင် လူများစုရဲ့ ထောက်ခံမှု ရအောင် သံဃာထုကို ပစ်မှတ်ထား သိမ်းသွင်းတတ်ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးခေတ် မြန်မာပြည်မှာ လက်ဝဲနိုင်ငံရေး စန်းထလာပေမယ့် ဦးနုနဲ့ ဖဆပလ ခေါင်းဆောင်တွေကြား ဗုဒ္ဓဘာသာဝင်တွေရဲ့ ဆန္ဒကို မလွန်ဆန်နိုင်တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။ ဥပမာ စာသင်ကျောင်းတွေမှာ ဗုဒ္ဓဘာသာအပြင် တခြားဘာသာဝင်တွေရဲ့ သင်ခန်းစာတွေ သင်ကြားရေးမှာ ဦးနု အလျှော့ပေးခဲ့ရပါတယ်။ တခြားဘက်မှာတော့ ဆဋ္ဌသင်္ဂါယနာတင်တာနဲ့ နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းတာလို ကိစ္စတွေမှာ လူများစုကြီးရဲ့ ဆန္ဒကို ရှေ့တန်းတင်ပြီး လူကြိုက်များမှုကို ဦးနုဘက်က ဖန်တီးတာမျိုး ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းအိမ်စောင့်အစိုးရလက်ထက် ဓမ္မန္တရာယ်လှုပ်ရှားမှုနဲ့ ကွန်မြူနစ်သြဇာကျရေးလုပ်တာလည်း ဖြစ်ခဲ့ပါတယ်။

၁၉၆၂ နောက်ပိုင်း ဗုဒ္ဓဘာသာကို အရင်လောက် ရှေ့တန်းမတင်တာတွေ ဖြစ်ခဲ့ပြီး ဆိုရှယ်လစ်ရေးကို ဦးစားပေးခဲ့ပေမယ့် ၁၉၈ဝ မှာတော့ ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးလုပ်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအဖွဲ့က တနိုင်ငံလုံးက သံဃာထုကို ဗဟိုဦးစီးစနစ်နဲ့ ထိန်းချုပ်ဖို့ ကြိုးစားပြီး အစိုးရအာဏာကို တည်ဆောက်ပါတယ်။

၁၉၈၈ နဲ့ ၂ဝဝ၇ ကြား မှာ ဆရာတော်တွေ ဦးဆောင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ သပိတ်တွေ ပေါ်ခဲ့ပေမယ့် ဖြိုခွဲခံခဲ့ရပါတယ်။ ၂ဝ၁ဝ နောက်ပိုင်းမှာတော့ မဘသလှုပ်ရှားမှု ပေါ်လာပြီး ၂ဝ၁၅ မှာတော့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု၊ ဘာသာကူးပြောင်းခြင်း၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်း၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းတွေနဲ့ ဆိုင်တဲ့ မျိုးစောင့်ဥပဒေလေးရပ်ကို ပြဋ္ဌာန်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ၂ဝ၂၁ အာဏာသိမ်းပြီးနောက်မှာတော့ သီတဂူဆရာတော်နဲ့ တချို့ ဆရာတော်တွေရဲ့ စစ်ခေါင်းဆောင် တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ထောက်ပြသူတွေ ပိုများလာသလို စစ်ကောင်စီကို ထောက်ခံတဲ့ မဘသသံဃာတချို့ရဲ့ လက်နက်ကိုင်အဖွဲ့တွေ ပေါ်လာပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လွတ်လပ်ရေးနဲ့ မွေးလာတယ်ဆိုတဲ့ အစိုးရတပ်သားများ

စစ်အာဏာရှင်သုံးခေတ်

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ စစ်အာဏာသိမ်းနှစ်ကာလ အများဆုံး နိုင်ငံတခုဖြစ်ပြီး အာဏာရှင်သုံးယောက် အုပ်ချုပ်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မင်းအောင်လှိုင်တို့ သုံးယောက်ဟာ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ တပ်မတော်က လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ နိုင်ငံရေးအကြောင်းပြချက်နဲ့ စစ်တပ်အာဏာကို နှစ် ၆ဝ ကျော်အောင် ဆွဲဆန့်ခဲ့ကြပါတယ်။ စစ်အစိုးရသုံးခေတ်၊ အရပ်သားအယောင်ပြ အစိုးရနှစ်ခေတ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်တို့ အရပ်သားအဖွဲ့နဲ့ စစ်တပ်ပူးတွဲ အုပ်ချုပ်မှုဟာလည်း ရွေးကောက်ပွဲကိစ္စအငြင်းပွားမှုနဲ့ နိဂုံးမလှ ဖြစ်ခဲ့ပါတယ်။

တကယ်က မြန်မာပြည်ရဲ့ လွတ်လပ်ရေးဖခင်က စစ်တပ်တည်ထောင်သူဖြစ်ခဲ့လို့ စစ်တပ်ရဲ့ နိုင်ငံရေးမှာ စွက်ဖက်မှုဟာ လွတ်လပ်ရေးမရခင်ကတည်းက ရှိခဲ့ပါတယ်။ ဦးနုအစိုးရ ပြည်တွင်းစစ်ကို အဆိုးဆုံးကြုံခဲ့ရချိန်မှာ စစ်တပ်ရဲ့ အကူအညီနဲ့ ပြန်ခေါင်းထောင်နိုင်ခဲ့လို့ စစ်တပ်က သြဇာစွက်ဖက်ဖို့ ကြိုးစားရာကနေ အာဏာသိမ်းပွဲတွေ ဖြစ်လာခဲ့တာပါ။ စစ်အစိုးရခေတ်အဆက်ဆက် လူထုအတွက် စွမ်းဆောင်နိုင်မှု ညံ့ဖျင်းပေမယ့် ပြည်တွင်းစစ်နဲ့ လူမျိုးစုပြဿနာအခံအပြင် နိုင်ငံရေးလှည့်ကွက်နဲ့ ဖိနှိပ်အုပ်ချုပ်မှုမျိုးစုံကို ကျင့်သုံးပြီး အာဏာသက်ကို ရှည်စေခဲ့ပါတယ်။

၂ဝ၂၁ အာဏာသိမ်းပွဲအပြီး မြန်မာလူများစုတွေကြားက လက်နက်ကိုင် အုံကြွမှု ပြန်ပေါ်လာခဲ့ပေမယ့် စုစည်းမှု မရှိသေးဘဲ လူနည်းစု လက်နက်ကိုင်တွေနဲ့ ချိတ်ဆက်မှုမှာလည်း အားနည်းနေဆဲ ဖြစ်ပါတယ်။ နေပြည်တော် အခြေပြုတဲ့ စစ်အုပ်စုရဲ့ တပ်တွေကတော့ လက်နက်ထောက်ပံ့မှုပိုင်းမှာ အားသာတဲ့တိုင် မြေပြင်က လူထုထောက်ခံမှုကို ရဖို့ခက်နေတာကို တွေ့နိုင်ပါတယ်။ နှစ် ၆ဝ နိုင်ငံရဲ့ သယံဇာတရင်းမြစ်တွေကို ထိန်းချုပ်လာနိုင်တဲ့ စစ်အုပ်စု၊ လူမျိုးစုတပ်တွေနဲ့ အသစ်ပေါ်စ တပ်တွေကြား နိုင်ငံရေးအလှည့်အပြောင်းကတော့ ဆက်ရန်အခန်းများစွာ ရှိမယ့်ပုံ ဖြစ်နေပါတယ်။ ပြည်တွင်းစစ်ကြောင့် စစ်တပ်သက်ဆိုးရှည်နေသလို ဒီစစ်ကြောင့်ပဲ စစ်တပ်က နိုင်ငံကို အလုံးစုံ မထိန်းချုပ်နိုင်ဘဲ လူမျိုးစုတွေနဲ့ အာဏာခွဲဝေရေးကို စကားစနေရတာ ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယဉ်ကျေးမှုတော်လှန်ရေးနဲ့ တပ်လှန့်ထားတဲ့ တရုတ်စစ်သည်တွေ

ပေါက်ဖော်တို့နဲ့ စစ်ပွဲများ

တရုတ်ပြည်နဲ့ အိမ်နီးချင်းဖြစ်နေလို့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ရှိတယ်ဆိုတဲ့ မြန်မာပြည်မှာ တရုတ်ကျူးကျော်မှုကို သမိုင်းကြောင်းမှာ အကြိမ်ကြိမ်ကြုံခဲ့ရသလို လွတ်လပ်ပြီးခေတ်မှာလည်း နှစ်ကြိမ် အနည်းဆုံး ကြုံတွေ့ခဲ့ပါတယ်။ ၁၉၄၉ မှာ တရုတ်ကွန်မြူနစ်အစိုးရတက်ပြီးနောက် ယူနန်နယ်က ပြိုဆင်းလာတဲ့ တရုတ်ဖြူတပ်တွေရဲ့ ကျူးကျော်မှုနဲ့ ၁၉၆၈ က စတဲ့ တရုတ်ကွန်မြူနစ်တွေနဲ့ မြန်မာကွန်မြူနစ်တွေ ပူးပေါင်းတဲ့ အရှေ့မြောက် စစ်ဆင်ရေးတွေ ဖြစ်ပါတယ်။

တရုတ်ဖြူကျူးကျော်မှုကြောင့် ရှမ်းပြည်မှာ မြန်မာတပ်တွေ ချလာရာကနေ ဒေသခံတွေပေါ် ဖိနှိပ်မှုကြောင့် ရှမ်းလက်နက်ကိုင်ပုန်ကန်မှုနဲ့ ဖက်ရယ်မူ တောင်းဆိုမှု၊ ၁၉၆၂ အာဏာသိမ်းပွဲတွေ ဖြစ်ခဲ့ပါတယ်။ တရုတ်ဖြူအရေးကို ကုလသမဂ္ဂမှာ တိုင်ကြားပေမယ့် ထိရောက်တဲ့ အရေးယူမှု မရဘဲ အမေရိကန်က တရုတ်ဖြူဘက်က ကာကွယ်တာမျိုးလည်း ကြုံခဲ့ရပါတယ်။ ဒီအခြေခံကြောင့် မြန်မာစစ်တပ်ကို ချဲ့ရာက တပ်အင်အားကြီးလာပြီး အာဏာသိမ်းမှုနဲ့ နိဂုံးချုပ်ခဲ့ပါတယ်။

၁၉၆၈ တရုတ်နီကျူးကျော်မှုကတော့ တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးဂယက်နဲ့ မြန်မာပြည်တွင်းက ဗကပနိဂုံး မချုပ်အောင် မော်စီတုန်းအစိုးရရဲ့ တော်လှန်ရေးတင်ပို့မှုတခုဆိုပြီး ပညာရှင်တွေက သုံးသပ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ ကွန်မြူနစ်ကြောက်ရောဂါနဲ့ ဆိုဗီယက်ရုရှားနဲ့ နီးစပ်မှု၊ ပြည်တွင်းရှားပါးမှုပြဿနာတွေကို ဖုံးကွယ်ရာကနေ တရုတ်အရေးအခင်းကို ဖန်တီးလို့ တရုတ်က ဝင်တိုက်တာဆိုတဲ့ တွေးဆချက်ကလည်း လူအများကြားမှာ ရှိခဲ့ပါတယ်။ ဘယ်လိုကြောင့်ဖြစ်ဖြစ်၊ ဒီကျူးကျော်မှုကြောင့် သံလွင်အရှေ့ခြမ်းဒေသမှာ ဝနဲ့ ကိုးကန့်လက်နက်ကိုင်တပ်တွေ ပေါ်လာပြီး တရုတ်နဲ့ နီးကပ်တဲ့ဆက်ဆံရေး ခုထိရှိနေတာကို တွေ့ရပါတယ်။

တရုတ်ကျူးကျော်မှု နှစ်ခုရဲ့ နောက်ဆက် ရွှေတြိဂံနဲ့ ရှမ်း၊ ကချင်နယ်မြေတွေက ဘိန်းနဲ့ မူးယစ်ဆေးပြဿနာက ခုထိ ကြီးထွားနေဆဲ ဖြစ်ပါတယ်။တရုတ်ပြည် စီးပွားရေး ပြောင်းလဲမှုကြောင့် တိုးတက်မှုရိုက်ခတ်ချက်ကိုတော့ မြန်မာပြည် အရှေ့မြောက်ပိုင်း၊ မြောက်ပိုင်းတွေသာမကဘဲ ရခိုင်နဲ့ ပြည်မထိပါ သက်ရောက်တာကို တွေ့ခဲ့ရပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာပြည်က ထွက်ပြေးရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ

၁၉၈၂ နိုင်ငံသားဥပဒေနဲ့ ရိုဟင်ဂျာ

အိန္ဒိယနဲ့ တွဲရေး ခွဲရေးအငြင်းပွားခဲ့တဲ့ မြန်မာပြည်မှာ တောင်အာရှနွယ်ဖွားတွေအပေါ် ခွဲခြားမှု အစဉ်အဆက် ရှိခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်က ထွက်ပြေးကြသူတွေနဲ့ လွတ်လပ်ရေးရပြီးနောက်မှာတော့ အိန္ဒိယနဲ့ ပါကစ္စတန်ကို အပြီးပြန်သူတွေ ရှိလာခဲ့ပါတယ်။ ၁၉၄၈ လွတ်လပ်ပြီးနောက် မူဂျာဟစ်လှုပ်ရှားမှုကြောင့် ရခိုင်က ရိုဟင်ဂျာတွေကို ဦးနုအစိုးရနဲ့ အိမ်စောင့်အစိုးရက သိမ်းသွင်းတာတွေ ရှိခဲ့ပေမယ့် ၁၉၆၂ နောက်ပိုင်းမှာတော့ ဖိနှိပ်မှုတွေ ပြန်စခဲ့ပါတယ်။ ဆိုရှယ်လစ်ခေတ်မှာ မြန်မာပြည်က အိန္ဒိယလူမျိုးတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပြီး ပြန်ပို့တာတွေလည်း ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပထစဝန်ကြီး ဦးရာရှစ်နောက်ပိုင်း မွတ်ဆလင်ထဲက ဝန်ကြီးခန့်တာမရှိ ဖြစ်ခဲ့ပြီး ၁၉၈၂ မှာ ထွက်တဲ့ နိုင်ငံသားဥပဒေကတော့ ဒီဖိနှိပ်မှုတွေကို ဥပဒေအရ တရားဝင်ဖြစ်အောင် သတ်မှတ်ပြဋ္ဌာန်းတာ ဖြစ်ကြောင်း မြန်မာရေးရာလေ့လာသူတွေက မှတ်ချက်ချပါတယ်။

ဒီဥပဒေအရ ပထမ အင်္ဂလိပ်-မြန်မာစစ်မဖြစ်ခင် ၁၈၂၃ ခုနှစ်မတိုင်မီက မြန်မာပြည်ထဲမှာ မနေထိုင်ခဲ့တဲ့ မျိုးနွယ်စုတွေကို တိုင်းရင်းသားစာရင်းမသွင်းဘဲ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရမှတ်ပုံတင်တွေ ကိုင်ဆောင်စေပြီး အခွင့်အရေးတချို့ကန့်သတ်ပါတယ်။ ဒီအတွက် နောက်မှ ဝင်လာသူလို့ သတ်မှတ်ခံရတဲ့ ရိုဟင်ဂျာနဲ့ တောင်အာရှနွယ်ဖွားတွေ၊ တရုတ်လူမျိုးတွေကို ဒုတိယတန်းစားနိုင်ငံသားအဆင့် သွတ်သွင်းခဲ့ပါတယ်။ တခါ စစ်အစိုးရခေတ်အဆက်ဆက် ရိုဟင်ဂျာတွေ မြန်မာပြည်ထဲက ထွက်သွားအောင် လုံခြုံရေးအင်အားသုံးပြီး စစ်ဆေးတာတွေ ၁၉၇ဝ နှောင်းပိုင်းကနေ ၁၉၉ဝ ကျော်၊ ၂ဝ၁၂ နောက်ပိုင်းတွေမှာ အကြိမ်ကြိမ် ဖြစ်ခဲ့ပါတယ်။ ဒီလို အရေးအခင်းတွေ ဖြစ်တိုင်း မြန်မာပြည်က ဒုက္ခသည်တွေ ကမ္ဘာအရပ်ရပ်ကို ထွက်ပြေးခိုလှုံကြတဲ့အတွက် နိုင်ငံတကာအလယ်မှာ နိုင်ငံပုံရိပ် ကျဆင်းသလို ဒေသတွင်း မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၂ဝ၁၇ မှာ ဖြစ်ပွားတဲ့ အဓိကရုဏ်းကြောင့် ရိုဟင်ဂျာ သိန်းချီပြီး နယ်စပ်ကို ထွက်ပြေးရပြီးနောက် အိုင်စီဂျေ နိုင်ငံတကာတရားရုံးမှာ မြန်မာအစိုးရကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွဲဆိုတဲ့အထိ ဖြစ်ခဲ့ပါတယ်။

တချိန်က မြန်မာ့အသံမှာ အသံလွှင့်ခွင့်ရခဲ့၊ ဝန်ကြီးထိ ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေကို လူမျိုးအဖြစ် အသိအမှတ်မပြုတဲ့အထိ ဖြစ်ခဲ့ပြီး နိုင်ငံသားအခွင့်အရေးတွေ ကန့်သတ်ခဲ့တာဟာ ၁၉၈၂ ဥပဒေရဲ့ အကျိုးဆက်ဖြစ်သလို ခေတ်အဆက်ဆက် တောင်အာရှနဲ့ တရုတ်မျိုးနွယ်တွေကို နိုင်ငံခြားသားအဖြစ် ကန့်သတ်ရှုမြင်ခဲ့တဲ့ လူမျိုးရေးခွဲခြားမှုရဲ့ ရလဒ်လည်း ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်အစိုးရခေတ်မှာ ကြံ့ကြံ့ခံခဲ့တဲ့ ပါတီနိုင်ငံရေး

NLD နဲ့ မြေပေါ် နိုင်ငံရေးပြန်စခြင်း

၁၉၈၈ အရေးအခင်းအပြီး ပါတီတွေ မှတ်ပုံတင်ခွင့်ရပြီး မြေပေါ်နိုင်ငံရေး ပြန်စခဲ့ပါတယ်။ ဒါကြောင့် ဖဆပလ၊ ပမညတနဲ့ မဆလခေါင်းဆောင်ဟောင်းတွေရဲ့ ပါတီတွေ ပေါ်လာသလို မျက်နှာသစ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၁၉၈၈ မျိုးဆက် ကျောင်းသားလူငယ်တွေရဲ့ လူ့ဘောင်သစ် ဒီမိုကရက်ပါတီစတဲ့ ပါတီသစ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ NLD ဟာ ဝါနုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါ၊ ပါဝင်တဲ့ ဦးအောင်ကြီး၊ ဦးတင်ဦးနဲ့ ဦးကြည်မောင် စတဲ့ ဗိုလ်ချုပ်ဟောင်းများ၊ ဦးဝင်းတင်နဲ့ မောင်သော်ကလို စာရေးဆရာများရဲ့အားနဲ့ လပိုင်းအတွင်း ပါတီကြီးအဆင့် ရောက်လာပါတယ်။ ဖိနှိပ်ဖမ်းဆီးမှုတွေကြားကနေလည်း ၁၉၉ဝ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။

၂ဝ၁၅ မှ အာဏာတစိတ်တပိုင်းရခဲ့ပေမယ့် NLD ဟာ ပါတီရုံးချိတ်ပိတ်ခံရတဲ့ အနေအထားမျိုးမှာတောင် ပါတီအပျက်မခံဘဲ ကြံ့ကြံခံရပ်တည်ခဲ့ပါတယ်။ ပါတီတည်ဆောက်ပုံနဲ့ ခေါင်းဆောင်ပိုင်း အားနည်းမှုတွေ ရှိပေမယ့် နိုင်ငံအပြောင်းအလဲတချို့ ရအောင် ကြိုးစားနိုင်ခဲ့ပါတယ်။

NLD လိုပဲ လူထုကြားမှာ ရေပန်းစားတဲ့ နိုင်ငံရေးအုပ်စုတစုကတော့ ၈၈ မျိုးဆက် ကျောင်းသားတွေ ဖြစ်ပါတယ်။ မင်းကိုနိုင်၊ မိုးသီးဇွန်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး စတဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ ၁၉၈၈ မှာ ထွက်ပေါ်လာပြီးနောက် မြေပေါ်ကျန်ခဲ့သူနဲ့ တောခိုသွားသူဆိုပြီး နှစ်စုကွဲသွားပါတယ်။ မြေပေါ်ကျန်ခဲ့တဲ့အစုက နှစ်ရှည်ထောင်ဒဏ်တွေကို ရင်ဆိုင်ပြီး ၂ဝဝ၅ ပတ်ဝန်းကျင်မှာ လူထုကြား ပြန်ထွက်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာကြောင့် ထိပ်တန်းနေရာမရောက်ခဲ့ပေမယ့် ဒီကျောင်းသားဟောင်းတွေရဲ့ သြဇာက မြန်မာလူထုကြားမှာ သက်ရောက်ခဲ့ပါတယ်။ ၂ဝ၂၁ အာဏာသိမ်းပြီးနောက်မှာတော့ အန်ယူဂျီရဲ့ တော်လှန်ရေးလမ်းစဉ်ကို ထောက်ခံသူနဲ့ ပြည်တွင်းမှာ နေရစ်ပြီး စေ့စပ်ရေးလမ်းလိုက်သူဆိုပြီး အုပ်စုကွဲရာမှာ ၈၈ မျိုးဆက်တွေလည်း ကွဲပြားခဲ့ပါတယ်။

NLD၊ ၈၈ နဲ့ တခြားနိုင်ငံရေးအင်အားစုတွေ ၁၉၈၈ နောက်ပိုင်းမှာ ပေါ်ထွက်လာတာဟာ ၁၉၆၄ က စပြီး ၂၄ နှစ် ပျောက်ကွယ်နေခဲ့တဲ့ မြေပေါ်နိုင်ငံရေးကို ပြန်အသက်သွင်းပေးလိုက်သလို ဖြစ်ပေမယ့် နဝတအစိုးရလက်အောက်မှာ နိုင်ငံရေးဖိနှိပ်မှု ပြင်းထန်လို့ ဒီမိုကရေစီကူးပြောင်းရေး နှောင့်နှေးခဲ့ရပါတယ်။ ၂ဝ၁၂ နောက်ပိုင်း နိုင်ငံရေးဖြေလျှော့မှုတွေမှာ ဒီနိုင်ငံရေးအုပ်စုတွေ ပါဝင်ပူးပေါင်းခဲ့ကြပေမယ့် ၂ဝ၂၁ နောက်ပိုင်းမှာတော့ ဒီအားထုတ်မှုတွေ ပျက်ပြားခဲ့ရပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာကျော် မြန်မာကျောက်စိမ်းထွက်တဲ့တွင်း

သယံဇာတနဲ့ မူးယစ်စီးပွားရေး

မြန်မာနိုင်ငံကို သယံဇာတပေါများပြီး ချမ်းသာဖို့ လမ်းစရှိတဲ့နိုင်ငံဆိုပြီး လွတ်လပ်ရေး မရခင်နဲ့ ရပြီးစကာလတွေက ယူဆခဲ့ကြပေမယ့် ပြည်တွင်းစစ်နဲ့ ၁၉၈၈ လွန် စစ်အစိုးရတွေရဲ့ အရမ်းကာရော ထုတ်ယူတဲ့ မူဝါဒတွေကြောင့် သစ်၊ ကျောက်မျက်၊ သတ္တုစတဲ့ သယံဇာတမျိုးစုံ ပြုန်းတီးပြီး ပတ်ဝန်းကျင်အနေအထားနဲ့ ရာသီဥတုတွေ ပျက်ယွင်းခဲ့ရပါတယ်။ စိုက်ပျိုးမွေးမြူရေးပိုင်းမှာလည်း ကိုလိုနီခေတ်က ကမ္ဘာ့ဆန်အိုးကြီးအဆင့်ကို မမျှော်လင့်နိုင်တော့တဲ့ အခြေအနေ ဖြစ်လာပြီး စားသုံးဆီနဲ့ တချို့ စားသောက်ကုန်တွေကို ပြည်ပက ပြန်တင်သွင်းရတဲ့အဆင့် ဖြစ်လာပါတယ်။

တရုတ်ဖြူကျူးကျော်မှုနဲ့ ဗီယက်နမ်စစ်ကာလအတွင်း ရွှေတြိဂံဒေသက ပြန့်နှံ့လာတဲ့ ဘိန်းဖြူနဲ့ မူးယစ်ဆေးပြဿနာကလည်း တောင်တန်းဒေသတွေမှာ ရှိရင်းစွဲ ဘိန်းစိုက်ပျိုးမှုကို အားဖြည့်ပေးသလို ဖြစ်ခဲ့ပါတယ်။ မြန်မာအစိုးရကို တော်လှန်နေတဲ့ လူမျိုးစု လက်နက်ကိုင်တပ်အများအပြား ဒီမူးယစ်ဆေးနဲ့ သယံဇာတက ရတဲ့ အခွန်အတုပ်နဲ့ ကြီးထွားလာသလို မြန်မာစစ်တပ်နဲ့ အခြံအရံ ပြည်သူ့စစ်အဖွဲ့၊ နယ်ခြားစောင့်အဖွဲ့တွေကြားမှာလည်း ဒီငွေရင်းမြစ်တွေက အရေးပါခဲ့ပြီး ပြည်တွင်းစစ်သံသရာက ရှည်ကြာခဲ့ပါတယ်။ မူးယစ်ရဲ့ နောက်ဆက်တွဲ ကျန်းမာရေးနဲ့ လူမှုရေးပြဿနာတွေ နိုင်ငံအနှံ့ ရင်ဆိုင်ခဲ့ရပြီး သယံဇာတပြုန်းတီးမှုကြောင့် နိုင်ငံစီးပွားရေးကျဆင်းတာ၊ နိုင်ငံဝင်ငွေအတွက် ရုပ်ကြွင်းလောင်စာဖြစ်တဲ့ ဓာတ်ငွေ့ထုတ်ယူမှုအပေါ်မှာပဲ မှီခိုရတာတွေ ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပတ်ဝန်းကျင်ထိခိုက်မှုနဲ့ စီးပွားရေးပြဿနာတွေကို မဖြေရှင်းနိုင်ရင် နောင်ဆယ်စုနှစ် အနည်းငယ်အတွင်း သယံဇာတခမ်းခြောက်မှုနဲ့ လူမှုအကျပ်အတည်း ကြီးကြီးမားမား ဆိုက်နိုင်ကြောင်း ပညာရှင်တချို့က သတိပေးခဲ့ကြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆယ်စုနှစ်ချီပြီး အစိုးရသတင်းစာနဲ့ ထိန်းချုပ်ခဲ့

မီဒီယာထိန်းချုပ်မှု

ပြည်တွင်းစစ် ကာလအတွင်း ကိုလိုနီခေတ်ထက် ပိုပြီး သတင်းစာလွတ်လပ်ခွင့် ကျဉ်းမြောင်းလာခဲ့တဲ့ မြန်မာပြည်မှာ သတင်းစာတိုက် မိုင်းခွဲတာ၊ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာတွေ ရှိလာခဲ့ပြီး ၁၉၆၂ နောက်ပိုင်းမှာတော့ ပုဂ္ဂလိက သတင်းစာတွေကို ပိတ်ပစ်ခဲ့ပါတယ်။ ၂ဝ၁၂ နိုင်ငံရေးတံခါးဖွင့်ပြီးမှ ပုဂ္ဂလိက သတင်းစာ ပြန်ထုတ်ခွင့်ရတဲ့ မြန်မာပြည်မှာ စစ်အစိုးရခေတ်တွေအတွင်း ဆယ်စုနှစ်တွေနဲ့ချီ အဖမ်းခံရတဲ့ သတင်းသမားတွေ ရှိခဲ့သလို ပြည်ပကို ထွက်ပြေးတိမ်းရှောင်ရတဲ့ သတင်းစာဆရာတွေလည်း အများအပြား ရှိခဲ့ပါတယ်။ ၂ဝ၂၁ အာဏာသိမ်းပြီးနောက်မှာတော့ သတင်းလွတ်လပ်ခွင့် ထိုးဆင်းသွားပြီး သတင်းသမားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလည်း ဆက်ဖြစ်ခဲ့ပါတယ်။

မြန်မာပြည်မှာ အရပ်သားနဲ့ စစ်ခေါင်းဆောင်အဆက်ဆက်ဟာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို အရေးတယူမရှိဘူးဆိုပြီး ကျော်စောခဲ့ပါတယ်။ သတင်းလွတ်လပ်ခွင့်ကို ပေးရရင်တောင် အစိုးရထောက်ခံတဲ့ သတင်းသမားတွေကို ပိုအရေးပေးပြီး အတိုက်အခံတွေကို အကြောင်းရှာ နှိပ်ကွပ်တတ်တယ်လို့လည်း အစဉ်အဆက် သတင်းစာလောကသားတွေရဲ့ ရေးသားချက်တွေအရ သိရပါတယ်။ စစ်အစိုးရအဆက်ဆက်အောက်မှာ နှစ် ၅ဝ ကျော်နဲ့ တစိတ်တပိုင်းဒီမိုကရေစီအောက်မှာ ၁ဝ နှစ်ကြာ နေခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေဟာလည်း သတင်းကို အစိုးရခွင့်ပြုမှ သိရတဲ့ အခြေအနေ ဖြစ်ခဲ့တဲ့အတွက် ပြည်တွင်း မီဒီယာထက် ပြည်ပမီဒီယာကို ပိုယုံကြည်တဲ့ ခေတ်တွေ ရှိခဲ့ပါတယ်။

သတင်းလွတ်လပ်ခွင့် ရှိတယ်ဆိုတဲ့ အရပ်သားအုပ်ချုပ်ရေးတွေမှာလည်း ဥပဒေမျိုးစုံနဲ့ တရားစွဲတာ၊ ခြိမ်းခြောက်ဖိအားပေးတာတွေကြောင့် သတင်းလွတ်လပ်ခွင့်ဟာ အနောက်နိုင်ငံစံတွေနဲ့ ကြည့်ရင် မရှိသလောက် ဖြစ်ခဲ့တယ်လို့ပဲ ကောက်ချက်ချနိုင်ပါတယ်။ လူထုရဲ့ သတင်းသိပိုင်ခွင့်ကို နှစ် ၆ဝ ကျော် ထိန်းချုပ်ခဲ့တဲ့ အကျိုးဆက်အဖြစ် အသိပညာဖွံ့ဖြိုးမှု နောက်ကျတာ၊ ဒီမိုကရေစီအလေ့အကျင့် အားနည်းတာတွေကို အမြဲလိုလို တွေ့ခဲ့ရပြီး နိုင်ငံတိုးတက်မှုမှာ ထိခိုက်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မျိုးနွယ်စုတွေရဲ့ လက္ခဏာတွေ ပေါ်ထွန်းလာ

ဖက်ဒရယ်မူနဲ့ လူမျိုးစုရေး

မြန်မာနိုင်ငံသစ်ကို ပြည်ထောင်စုအဖြစ် ၁၉၄၈ မှာ ထူထောင်ခဲ့ကြပေမယ့် အဓိကလူမျိုးစုကြီးတခု ဖြစ်တဲ့ ကရင်နဲ့ နိုင်ငံရေး မပြေလည်မှုကြောင့် ခွဲထွက်ပုန်ကန်မှုနဲ့ ကြုံခဲ့ရပါတယ်။ ၁၉၅ဝ ကျော်က ကရင်၊ မွန်၊ရခိုင်နဲ့ ကယားစတဲ့ လူမျိုးစုံရဲ့ လက်နက်စွဲကိုင်မှုဟာ ၁၉၆ဝ ဝန်းကျင်မှာတော့ ကချင်၊ ရှမ်းနဲ့ချင်းလို ကနဦးပိုင်းမှာ မြန်မာခေါင်းဆောင်တွေနဲ့ ပြေလည်ခဲ့တဲ့ လူမျိုးစုတွေပါ ပါဝင်လာတဲ့အထိ ကြီးမားခဲ့ပါတယ်။ လူမျိုးစု လက်နက်ကိုင်စစ်ပွဲဟာ နှစ် ၇ဝ ကျော် မငြိမ်းချမ်းနိုင်ဘဲ တောက်လောင်ခဲ့လို လူမျိုးစုတွေကြားမှာ ရှိတဲ့ မြန်မာလူများစုခေါင်းဆောင်တွေကို မယုံကြည်မှုနဲ့ ဖက်ဒရယ်နဲ့ ကွန်ဖက်ဒရိတ်အဆင့်ကို သွားလိုတဲ့ စကားသံတွေလည်း ၂ဝ၂၁ နောက်ပိုင်းမှာ ပိုကြားလာရပါတယ်။

လူနည်းစုတွေရဲ့ လူမျိုးစုနိုင်ငံရေးကို ခေါင်းဆောင်ပိုင်းရဲ့ ကြီးစိုးချယ်လှယ်မှုအဖြစ်ပဲ မြန်မာပင်မရေစီးနိုင်ငံရေးလောကက မြင်ခဲ့ကြပါတယ်။ ၂ဝ၂၁ နောက်ပိုင်းမှာ နိုင်ငံရေး အကျပ်အတည်းကြောင့် လူနည်းစုတွေအပေါ် လိုက်လျောမှုကို စစ်တပ်နဲ့ အရပ်သားခေါင်းဆောင်တွေ လုပ်လာခဲ့ပေမယ့် လူနည်းစုတွေဘက်က လိုလားတဲ့ ဖက်ဒရယ်အဆင့် ရောက်ဖို့က အတော်လှမ်းနေပါသေးတယ်။ နှစ် ၇ဝ ကျော်အတွင်း ကြုံခဲ့ရတဲ့ ပြည်ထောင်စုပုံစံမကျမှု၊ ဗဟိုအစိုးရအဆက်ဆက်ရဲ့ ဖိနှိပ်ချုပ်ချယ်မှု၊ စစ်တပ်ကြီးစိုးတဲ့ နိုင်ငံရေး စတာတွေကြောင့်လည်း လူမျိုးအသီးသီးကြားမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်အခွင့်အရေးတောင်းဆိုမှုတွေ ပိုပြင်းထန်လာပါတယ်။ ပြည်တွင်းစစ် ချုပ်ငြိမ်းလို့ ဖက်ဒရယ်နယ်မြေနဲ့ အာဏာခွဲဝေရေးအတွက် ဆွေးနွေးခွင့်ရရင်တောင် ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့တဲ့ မယုံကြည်မှုနဲ့ မကျေလည်မှု၊ လက်နက်ကိုင်တပ်အသီးသီးရဲ့ ထိန်းချုပ်နယ်မြေနဲ့ စီးပွားရေးအခွင့်အလမ်း စတဲ့ နောက်ဆက်တွဲကိစ္စတွေကြောင့် နှစ်ချီ ဖြေရှင်းရမယ့် အနေအထားဖြစ်ပါတယ်။

လွတ်လပ်ရေးနဲ့ ကျိန်စာ

မြန်မာနိုင်ငံမှာ လွတ်လပ်ပြီးခေတ်တလျှောက် အစိုးရအဆက်ဆက်ရဲ့ နိုင်ငံထူထောင်ရေးလုပ်ငန်းတွေ ရှိခဲ့ပေမယ့် စစ်နဲ့ နိုင်ငံရေးပြဿနာတွေကြောင့် အပြုထက် အဖျက်က ပိုများနေခဲ့ပါတယ်။ စီးပွားရေးနဲ့ လူမှုရေးပိုင်းမှာ တိုးတက်မှုတချို့ မလွတ်လပ်ခင်ကာလနဲ့ ယှဉ်ရင် ရှိခဲ့ပေမယ့် ဝန်းကျင်နိုင်ငံတွေနဲ့ နှိုင်းစာရင်တော့ အများကြီး နောက်က ကျန်ရစ်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာပြည်ကို လွတ်လပ်ရေး ကျိန်စာသင့်တဲ့ နိုင်ငံဆိုပြီး အနောက်တိုင်း စာရေးဆရာတချို့က တင်စားခဲ့ကြပါတယ်။ ဒီလို အဆင်မပြေဖြစ်ခဲ့တာဟာ စစ်ပြီးခေတ် အပျက်အစီးပုံတွေကို မရှင်းနိုင်ခင်အရင် လွတ်လပ်ရေး စောယူခဲ့လို့လား၊ ခေါင်းဆောင်အဆက်ဆက်ရဲ့ ညံ့ဖျင်းအမြင်ကျဉ်းမှုကြောင့်လား၊ စစ်အေးနဲ့ ပထဝီနိုင်ငံရေး၊ လူမျိုးစုရေးတွေကြောင့်လား ဆိုတာကတော့ ဆက်လက်လေ့လာရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး နိုင်ငံရေး ပြေလည်မှု ရရေးနဲ့ တော်လှန်ရေးအောင်မြင်ရေး၊ ဒုတိယလွတ်လပ်ရေး ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး စတဲ့ နိုင်ငံရေး အင်အားစုအသီးသီးရဲ့ ကွဲပြားစုံလင်တဲ့ နိုင်ငံရေးအိပ်မက်တွေကို ဖော်ဆောင်ဖို့ ကျန်နေပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images