ရှမ်း၊ မြန်မာ၊ ကရင် - ပြည်ထောင်စုဒေါက်တိုင်သုံးခု

ဓာတ်ပုံ ရင်းမြစ်, SOE THAN WIN
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာနိုင်ငံကို ပြည်ထောင်စုနိုင်ငံအဖြစ် ၁၉၄၈ က စပြီး သတ်မှတ်ခေါ်တွင်ခဲ့ကြရာမှာ ၁၉၄၇ ခုနှစ်က ရှမ်းပြည် ပင်လုံမြို့မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်က အစပြုပြီး ပြည်ထောင်စုနိုင်ငံ ဖြစ်လာတယ်လို့ ယေဘုယျ လက်ခံကြပါတယ်။ မြန်မာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တောင်တန်းဒေသ ကိုယ်စားလှယ်များ ချုပ်ဆိုတဲ့ စာချုပ်ကို တောင်တန်းပြည်မ ပူးပေါင်းရေး စာချုပ်လို့ လူသိများပေမယ့် တကယ်တမ်း ပူးပေါင်းရေးကို ပင်လုံ မတိုင်မီနဲ့ ပင်လုံအလွန်ကာလတွေမှာ ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Universal History Archive
ခေတ်မြန်မာမတည်မီ
၁၈၈၅ ခုနှစ် အထက်မြန်မာပြည်ကို ဗြိတိသျှလက်အောက် သိမ်းပိုက်ပြီးနောက် သီပေါမင်းအုပ်ချုပ်ခဲ့တဲ့ မြန်မာဘုရင့်ပိုင်နက်တွေကို အိန္ဒိယအင်ပါယာထဲ ထည့်သွင်းလိုက်ပြီဆိုပြီး ၁၈၈၆ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့မှာ ကြေညာပါတယ်။ ဒီကြေညာချက်အရ မြန်မာဘုရင်ကို လက်ဆောင်ပဏ္ဏာဆက်ခဲ့ကြတဲ့ သံလွင် အရှေ့နဲ့ အနောက်က ရှမ်းစော်ဘွားနယ်တွေအပြင် မြန်မာသြဇာအောက်ကို သေချာမရောက်ခဲ့တဲ့ ချင်း၊ ကချင်နဲ့ နာဂ တောင်ပေါ်ဒေသတွေပါ ကိုလိုနီအဖြစ် သိမ်းပိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီနယ်မြေတွေမှာ ဗြိတိသျှအလံစိုက်နိုင်ဖို့ နောက် ဆယ်နှစ်မက အချိန်ယူ တိုက်ခိုက် သိမ်းသွင်းခဲ့ရပါတယ်။ နောက်ပြီး အထက် အောက် မြန်မာပြည်နှစ်ခြမ်းနဲ့ ရခိုင်၊ တနင်္သာရီတိုင်းတွေ ပါဝင်တဲ့ မြန်မာပြည်မနဲ့ မတူဘဲ ဒီတောင်တန်း ဒေသ တွေမှာ တဆင့်ခံ အုပ်ချုပ်ရေးကိုပဲ ဖော်ဆောင်ခဲ့တဲ့အတွက် ဖွံ့ဖြိုးမှု နှေးကွေးသလို လွတ်လပ်မှုလည်း အတော်အသင့် ကျန်ခဲ့ပါတယ်။
၁၈၉၇ မြန်မာပြည်မှာ ဒုတိယဘုရင်ခံကို အကြံပေးဖို့ ဥပဒေပြုကောင်စီဖွဲ့တဲ့အခါ ရှမ်းစော်ဘွားတွေ ပါဝင်ခဲ့ပေမယ့် ၁၉၂၃ မှာ ဒိုင်အာခီခေါ် ပူးတွဲ အုပ်ချုပ်ရေးအဆင့် တိုးမြှင့်ပေးပြီးနောက် မြန်မာမင်းတိုင်ပင်အဖွဲ့မှာ စော်ဘွားတွေ ဆက်မပါစေတော့ဘဲ ပဒေသရာဇ် ရှမ်းပြည်နယ်စု (Federated Shan States) အဖြစ် သီးသန့်ဖွဲ့စည်းပေးခဲ့ပါတယ်။ ပဒေသရာဇ်ကောင်စီက စော်ဘွား ၄၁ ယောက် ပါဝင်တဲ့ ဒီကောင်စီဟာ အကြံပေးရုံသက်သက် ဖြစ်ပြီး ကောင်စီ ဥက္ကဋ္ဌကလည်း ဗြိတိသျှနွယ်ဖွား ရှမ်းပြည် ဝန်ရှင်တော် (တိုင်း)မင်းကြီးသာ ဖြစ်တယ်ဆိုပြီး မြဟန်ရဲ့ ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓာန် မှာ ပါရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, vdvornyk
အဲဒီနောက် ၁၉၃ဝ နဲ့ ၁၉၃၁ တွေမှာ မြန်မာပြည်အုပ်ချုပ်ရေး ထပ်မံတိုးမြှင့်ဖို့အတွက် လန်ဒန်မှာ မျက်နှာစုံညီအစည်းအဝေးတွေ ကျင်းပရာမှာ ရှမ်း၊ ကရင် ကိုယ်စားလှယ်တွေပါပေမဲ့ ရှမ်းစော်ဘွားတွေက မြန်မာပြည်မနဲ့အတူ အုပ်ချုပ်ရေးသစ်ကို ပူးပေါင်းမရယူဘဲ ဗြိတိသျှလက်အောက်ခံ လွတ်လပ်တဲ့နိုင်ငံ အဖြစ် သီးခြားနေလိုကြောင်း ဖော်ပြခဲ့ကြပါတယ်။
၁၉၄၃ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လက်အောက်မှာ လွတ်လပ်ရေးပေးတဲ့အခါ အထက်၊ အလယ်နဲ့ အောက်ဗမာပြည်တိုင်းတွေနဲ့အတူ ရှမ်းနဲ့ကရင်နီနယ် တွေ ပါဝင်တဲ့ ကမ္ဗောဇတိုင်းလည်း ဗမာနိုင်ငံ ထဲ ပါဝင် လာပါတယ်။ တကယ်က ကျိုင်းတုံနဲ့ မိုင်းပန်နယ်တွေကို လွတ်လပ်ရေး မကြေညာခင်မှာ ဂျပန်က ထိုင်းကို ပေးခဲ့ပြီး ရှမ်း၊ ကရင်နီနဲ့ ဝနယ်တွေကို လွတ်လပ်ရေးပေးစက ဂျပန်စစ်တပ်အောက်မှာ ချန်ထားခဲ့သေးတယ်လို့ လူထု ဦးလှရဲ့ သတင်းစာများ ပြောပြတဲ့ စစ်အတွင်း ဗမာပြည် တတိယတွဲ မှာ ပါရှိပါတယ်။ နောက် မြန်မာဘက်က မကျေနပ်မှုတွေ များလာလို့ ဒီနယ်တွေကို ပြန်ထည့်ပေးတာပါ။ ဒီလို ချွေးသိပ်ပေမယ့် ရှမ်းပြည်ကို ဗမာ စစ်တပ်တွေ သွားခွင့်မပေးဘဲ ဂျပန်တပ်ကပဲ အုပ်ချုပ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဦးတင်ဧ-ရှမ်းပြည်ပညာရေးဖောင်ဒေးရှင်း
ညောင်ရွှေက အလင်းရောင်
ကမ္ဘာစစ်ကြီးမဖြစ်ခင်မှာပဲ တောင်ပိုင်းရှမ်းပြည်မှာ နိုင်ငံရေးနိုးကြားမှု စတင်ခဲ့ပါတယ်။ အရင်က စော်ဘွားများရဲ့ တချက်လွှတ်အာဏာနဲ့ ဗြိတိသျှအစိုးရရဲ့ နယ်ခြားဥပဒေကြောင့် ပြည်မက နိုင်ငံရေးသမားတွေ ရှမ်းပြည် မလာနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ခဲ့တဲ့ ညောင်ရွှေသားကိုတင်ဧနဲ့ မိတ်ဆွေတစုဟာ ၁၉၃၈ က စပြီး အလင်းရောင် စာကြည့်တိုက်တွေကို ရှမ်းပြည်တကြောမှာဖွင့်ပြီး လူငယ်တွေကို မျက်စိဖွင့်ပေးခဲ့ကြပါတယ်။ စစ်မဖြစ်ခင်က ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာနည်းပြဖြစ်ခဲ့တဲ့ ကိုတင်ဧဟာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင် ဗဟိန်း စတဲ့ မြန်မာလူငယ် ခေါင်းဆောင်တွေနဲ့ ရင်းနှီးသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်ဝါဒဖြန့် အာရှလူငယ်လှုပ်ရှားမှုမှာ မြေပြန့်က မြန်မာတွေနဲ့ အတူ ရှမ်းတွေ ပါခဲ့သလို ဘီအိုင်အေ၊ ဘီဒီအေ စတဲ့ ဗမာတပ်တွေမှာလည်း ရှမ်းလူငယ်တွေ ပူးပေါင်းလာကြပါတယ်။ လက်ဝဲအတွေးအခေါ်တွေလည်း ရှမ်းပြည်ကို ရောက်လာပြီး စစ်ပြီးခေတ် ပင်လုံစာချုပ် ချုပ်ချိန်မှာ ဒီရှမ်းလူငယ်ခေါင်းဆောင်တွေက အဓိက အခန်းက ပါဝင်ခဲ့ကြပါတယ်။
၁၉၄၅ မြန်မာပြည်ကို ဗြိတိသျှပြန်သိမ်းပြီးနောက် ရန်ကုန်မှာ ဖွင့်တဲ့ ကွန်မြူနစ်ပါတီရဲ့ သဘောတရားရေးသင်တန်းကို ကိုတင်ဧ၊ ကိုထွန်းမြင့်ကလေး စတဲ့ ရှမ်းလူငယ်ပညာတတ်တွေ တက်ခဲ့ကြပါတယ်။ ရှမ်းပြည်မှာ စော်ဘွားသြဇာ ပြန်တက်လာပြီးနောက် ၁၉၄၆ မှာ ပထမ ပင်လုံညီလာခံ ကျင်းပပြီး ရှမ်းပြည် ရှေ့ရေး စဉ်းစားကြပါတယ်။ လွတ်လပ်ရေးစခန်းကို နီးကပ်နေတဲ့ ပြည်မလှုပ်ရှားမှုတွေကို ကြည့်ပြီး စော်ဘွားတွေ ဒွိဟပွား လာသလို လူငယ်ခေါင်းဆောင် တွေကလည်း ပဒေသရာဇ်စနစ်ချုပ်ငြိမ်းရေးအတွက် လုံးပန်းလာကြပါတယ်။ ဒီနှစ်စုရဲ့ ပဋိပက္ခဟာ ၁၉၄၇ မှာ ကျင်းပတဲ့ ဒုတိယပင်လုံညီလာခံမှာ ရိုက်ခတ်သလို ၁၉၆၁-၆၂ တွေမှာ ပေါ်ပေါက်ခဲ့တဲ့ ဖက်ဒရယ်လှုပ်ရှားမှုမှာလည်း သူတို့နှစ်စုရဲ့ ပူးပေါင်းမှုကို တွေ့ရပြန်ပါတယ်။ ဒီနှစ်ကြိမ်လုံးမှာ ခေါင်းဆောင်ခဲ့ကြသူတွေထဲ စော်ဘွားဘက်က စဝ်ရွှေသိုက်နဲ့ အရပ်သားထဲက ဦးတင်ဧတို့ပါဝင်ပြီး နှစ်ဦးလုံး ညောင်ရွှေက ဖြစ်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Smith Collection/Gado
ပင်လုံစစ်တမ်း
ပင်လုံစာချုပ်ဟာ လူမျိုးစု သုံးစုနဲ့ မြန်မာတွေကြား နားလည်မှု ယူတဲ့စာချုပ်ဆိုပေမယ့် တောင်တန်းဒေသအတိုင်ပင်ခံဝန်ကြီး ခန့်ထားရေးသာ အဓိက ပါဝင်ပြီး ကချင်ပြည်နယ် သတ်မှတ်ရေးကို စတင်စဉ်းစားခဲ့တာ ကိုလည်း တွေ့ရပါတယ်။ ကျန်တဲ့ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေးပိုင်းမှာတော့ လက်ရှိ အနေ အထားကိုပဲ ဆက်လက် ကျင့်သုံးဖို့ သဘောတူထားပြီး တောင်တန်းဒေသတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို အာမခံဖို့ ပါရှိ ပါတယ်။
ဒါကြောင့် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပေါ်ထွန်းလာတဲ့ ပြည်နယ်များနဲ့ ဝိသေသတိုင်းတစ်ခုဟာ ပင်လုံစာချုပ်ရဲ့ အသီးအပွင့်တွေ မဟုတ်ဘဲ နောက်ဆက်တွဲ ဆွေးနွေးချက်တွေရဲ့ ရလဒ် ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဝန်ကြီးအဖွဲ့ကို လုပ်ကြံမှု မတိုင်ခင်နဲ့ လုပ်ကြံမှု နောက်ပိုင်း ကာလတွေ အတွင်း မေမြို့မှာ ဗြိတိသျှ၊ မြန်မာနဲ့ တောင်တန်းကိုယ်စားလှယ်တွေ အကျေအလည် ညှိနှိုင်းခဲ့ကြတဲ့ ဒီဆွေးနွေးပွဲတွေ ကိုလည်း ပင်လုံညီလာခံလောက် လူသိမများခဲ့ပါဘူး။ ဒီဆွေးနွေးပွဲတွေကတဆင့် ကရင်၊ ကရင်နီ၊ ဝ၊ နာဂ စတဲ့ ပင်လုံမှာ မပါဝင်ခဲ့တဲ့ လူမျိုးစု ကိုယ်စားလှယ်တွေရဲ့ ဆန္ဒအမြင် တွေ ရယူပြီး ပြည်မနဲ့ ပူးပေါင်းဖို့ ဖြစ်လာခဲ့ ပါတယ်။
ပင်လုံနဲ့ ဒီနောက်ဆက်တွဲ ဆွေးနွေးပွဲတွေရဲ့ အဓိက အားနည်းချက်ကတော့ ပဒေသရာဇ်နဲ့ လူထုကိုယ်စားလှယ်အဖြစ် တောင်တန်းနယ်တွေက ရွေးခဲ့သူတွေ ရဲ့ နိုင်ငံရေးဝါနုမှုပဲ ဖြစ်ပါတယ်။ သူတို့ထဲမှာ လန်ဒန် မျက်နှာစုံညီ ဆွေးနွေးပွဲ သွားခဲ့တဲ့ စဝ်ရွှေသိုက်လို လူပါပေမယ့် လည်း အများစုကတော့ နိုင်ငံရေး ထွန်းကားတဲ့ မြန်မာကိုယ်စားလှယ်တွေလောက် ပါးနပ်မှု မရှိကြပါဘူး။ နောက်ပြီး ဒီဆွေးနွေးမှုတွေအကြောင်း နယ်တိုင်းက လူထုအသီးသီးကို ပြန်အစီရင်ခံပြီး သူတို့ အမြင် ထည့်သွင်းစဉ်းစားတာ၊ ဆန္ဒခံယူပွဲလုပ်တာတွေလည်း မဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ထိပ်သီးချင်း သဘောတူတဲ့ အဆင့်နဲ့ ပြည်ထောင်စုကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် ၁၃ ပြည်နယ်ပေါင်းပြီး ပြည်ထောင်စု ဖွဲ့ချိန်က လူမျိုးနဲ့ ဘာသာရေး နောက်ခံ ကွဲပြားမှု သိပ်မရှိတာတောင် စီးပွားရေးပုံစံ ကွာဟမှုကြောင့် အနှစ် ၇ဝ ကျော်အကြာမှာ ပြည်တွင်းစစ် ဖြစ်ခဲ့ပါတယ်။ မြန်မာ မှာတော့ လူမျိုး၊ ဘာသာရေးနဲ့ နိုင်ငံရေး ရေချိန် သိသိသာသာကွာဟတဲ့ ပြည်မနဲ့ တောင်တန်းနယ်တွေကြား ယုံကြည်မှု မတည်ဆောက်နိုင်တဲ့အတွက် လွတ်လပ်ရေး ယူခါစမှာပဲ လူမျိုးစု လက်နက်ကိုင်ပုန်ကန်မှုတွေ တစ်ခုပြီး တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Eric Préau
ကရင်ပြဿနာ
ကရင်ပြည်နယ်အရေးဟာ ဗြိတိသျှခေတ်ကတည်းက ကရင်ခေါင်းဆောင်တွေ အစဉ်အဆက် တောင်းဆိုလာခဲ့တဲ့ ကိစ္စ ဖြစ်ပါတယ်။ ဗြိတိန်မှာ နိုင်ငံ လေးရပ်ပူးပေါင်းဖွဲ့စည်းသလို မြန်မာပြည်ထောင်စုကိုလည်း မြန်မာ၊ ရှမ်း၊ ကရင်နဲ့ ရခိုင် လေးပြည်ထောင် ပူးပေါင်းဖွဲ့စည်းဖို့ ၁၉၂၈ ကတည်းက ဆာစံစီပိုး တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီကရင်ပြည်နယ်မှာ ဘယ်ဒေသတွေ ပါဝင်မလဲ ဆိုတာနဲ့ ဒီပြည်နယ်မှာ ဗြိတိသျှ အစောင့်အရှောက်ခံ ပုံစံမျိုး နေတဲ့ ကရင်နီနယ် ပါသင့်မပါသင့် ဆိုတဲ့ အငြင်းပွားမှုတွေကို ဒုတိယကမ္ဘာစစ်အပြီးကနေ လွတ်လပ်ရေးယူပြီး ၁၉၅ဝ ကျော်ထိ တောက်လျှောက် တွေ့ခဲ့ရပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဘီအိုင်အေတပ်တွေရဲ့ ကျူးလွန်သတ်ဖြတ်မှုကို ကြုံခဲ့ရတဲ့အတွက် သီးခြားကရင်ပြည် ထူထောင်လိုစိတ်ဟာ စစ်အပြီး ဗြိတိသျှ ပြန်ဝင်လာချိန်မှာ ပိုပြင်းထန်လာခဲ့ပါတယ်။ ဒါပေမဲ့ မြစ်ဝကျွန်းပေါ်နဲ့ တနင်္သာရီတိုင်းတွေမှာ မြန်မာ၊ မွန်တွေနဲ့ ရောထွေးနေထိုင်ကြတဲ့ ကရင်တွေ အတွက် ပြည်နယ်သီးခြား ထူထောင်ပေးဖို့က လူနေကျဲတဲ့ သံလွင်ခရိုင်ခေါ် ဖာပွန်မြို့နယ်နားတဝိုက်ကလွဲရင် ကျန်တဲ့ နေရာတွေမှာ ခက်ခဲနေပါတယ်။ ပြည်နယ် အတွက် ပင်လယ်ထွက်ပေါက်လိုချင်တဲ့ ဆစ်ဒနီလူနီနဲ့ စောဘဦးကြီး စတဲ့ ကရင်ခေါင်းဆောင်တွေကလည်း မော်လမြိုင်မြို့အပါအဝင် တနင်္သာရီတိုင်းကို ရဖို့ လိုလားပါတယ်။ တချို့ကလည်း မွန်-ကရင် ပြည်နယ် အဖြစ် ပူးပေါင်းဖွဲ့စေချင်ပါတယ်။
ဒီလို ညှိနှိုင်းမရဖြစ်နေချိန်မှာ ကေအန်ယူက တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကို သပိတ်မှောက်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အစိုးရမှာပါတဲ့ ကရင်ဝန်ကြီး မန်းဘခိုင်နဲ့ စောစံဖိုးသင်၊ သခင်နုအစိုးရက ဝန်ကြီး မန်းဝင်းမောင်တို့ဟာလည်း စောဘဦးကြီးနဲ့ သရာသာထို စတဲ့ ကေအန်ယူ ခေါင်းဆောင်ပိုင်းကို မလွှမ်းမိုးနိုင်ကြပါဘူး။ ဒါကြောင့် ကေအန်ဒီအို ကရင်ကာကွယ်ရေးတပ်တွေ လွတ်လပ်ရေး မရခင်မှာ ပေါ်လာပြီး ၁၉၄၉ မှာ ကရင်တော်လှန်ရေး စခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Tessa Bunney
ဒွိဟများခဲ့တဲ့ ကရင်နီ
အနောက်ကရင်နီ လွတ်လပ်ရေးကို ကင်းဝန်မင်းကြီးနဲ့ ဗြိတိသျှအစိုးရကိုယ်စားလှယ်ကြား ၁၈၇၅ မှာ သဘောတူခဲ့တယ် ဆိုပေမယ့် နာမည်ခံ လွတ်လပ်ရေးသာ ဖြစ်ပြီး ဗြိတိသျှစွက်ဖက်မှုက တောက်လျှောက်ရှိခဲ့တယ်လို့ နဝတအစိုးရခေတ်ကထုတ်တဲ့ တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ စာအုပ်မှာ ပါရှိပါတယ်။ နာမည်ကျော် မော်ချီးမိုင်းက ကရင်နီနယ်ထဲမှာ ရှိပြီး ကမ္ဘာပေါ်မှာ တချိန်က တန်စတင်သတ္တု အများဆုံး ထုတ်ခဲ့ တဲ့ နေရာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ရှမ်းနဲ့ကရင်နီမှာ အာရှလူငယ်လှုပ်ရှားမှု ရောက်လာပြီး မြန်မာနိုင်ငံရေးသမားတွေနဲ့ ပိုအဆက် အသွယ် များလာတယ်လို့လည်း ဦးအုန်းဖေရဲ့ ပင်လုံစစ်တမ်းမှာ ပါရှိပါတယ်။ နောက် သိုင်းသန်းတင်နဲ့ တခြား ကယန်းခေါင်းဆောင်တွေဟာ ဗမာ့တပ်မတော်၊ ဗြိတိသျှ အမေရိကန် မဟာမိတ် တပ်တွေနဲ့အတူ ဂျပန်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြပါတယ်။
ကမ္ဘာစစ်ပြီးနောက်ပိုင်း လွိုင်ကော်ကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဖွဲ့ ရောက်လာပြီး ပြည်မနဲ့ ပူးပေါင်းရေးအတွက် စည်းရုံးခဲ့သလို ရန်ကုန်ကို ကရင်နီ ခေါင်းဆောင်တွေ ရောက်လာခဲ့ကြပါတယ်။ ပင်လုံညီလာခံ မတိုင်ခင်ကတည်းက ဒီလှုပ်ရှားမှုတွေ ရှိခဲ့ပေမယ့် ပင်လုံမှာတော့ ကရင်နီဘက်က တက်ရောက် ဆွေးနွေးတာ မရှိပါဘူး။ တချိန်တည်းမှာပဲ ကရင်ဖြူတွေနဲ့ ပူးပေါင်းပြီး ကရင်ပြည်နယ် ဖွဲ့ဖို့ ကရင်နီဘက်ကို စည်းရုံးတာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် သီးခြား ကရင်နီအဖြစ် ရပ်တည်ရေး၊ ကရင်အများစုနဲ့ ပူးပေါင်းရေး၊ ပြည်မနဲ့ ပူးပေါင်းပြီး ပြည်ထောင်စုထဲဝင်ရေး လမ်းကြောင်းသုံးသွယ်မှာ ကရင်နီ နိုင်ငံရေး ရှုပ်ထွေးခဲ့ပါတယ်။ မြန်မာဘက်က အခြေခံဥပဒေမူကြမ်းဆွဲလို့ မပြီးခင်မှာတင် ကရင်နီပြည်ထောင်စုကောင်စီနဲ့ ပြည်ထောင်စုအခြေခံဥပဒေတွေ ရေးဆွဲတာလည်း ရှိခဲ့ပါတယ်။
နောက်ဆုံး ဗိုလ်ချုပ်တို့ ကျဆုံးပြီး ၁၉၄၇ ခုနှစ် စက်တင်ဘာလမှာ ကရင်နီ ကိုယ်စားလှယ်တွေနဲ့ မတိုင်ပင်ဘဲ ကရင်နီကို ကရင်နယ်တွေနဲ့ ပေါင်းပြီး ပြည်နယ်ထူထောင်ပေးဖို့ လျာထားချက်ကို အခြေခံဥပဒေမူကြမ်းမှာ ထည့်လို့ ကရင်နီဘက်က ကန့်ကွက်ပါတယ်။ အဲဒီနောက် တိုင်းပြည်ပြု လွှတ်တော်ကို ကရင်နီ ကိုယ်စားလှယ်နှစ်ယောက် တက်ပြီး ပြည်နယ် ဖွဲ့စည်းရေး ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့လည်း လွတ်လပ်ရေး ရပြီးနောက် သီးခြားရပ်တည်ရေး လိုလားတဲ့ ကရင်နီ ခေါင်းဆောင် ဦးဘီတူရယ် လုပ်ကြံခံရပြီး ဖဆပလဘက်သားတွေက အာဏာကို ချုပ်ကိုင်ရာကနေ ကရင်နီမှာ စစ်မီး တောက်လောင် ခဲ့သလို ပြည်နယ်အမည်ကိုလည်း ကယားအဖြစ် ပြောင်းလဲခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Authenticated News
ရှမ်း၊ ကချင်၊ ချင်း
ပင်လုံမှာ အဓိက ဆွေးနွေးဘက် ဖြစ်တဲ့ ရှမ်းခေါင်းဆောင်တွေအတွက် ပြည်နယ်ထူထောင်ရာမှာ ၁၉၂၂ က စခဲ့တဲ့ ပဒေသရာဇ် ရှမ်းပြည်နယ်စု ပုံစံ အတိုင်း သတ်မှတ်ပေးခဲ့ပြီး သောင်သွတ်၊ ဆင်ကလိန် ခန္တီးနဲ့ ခန္တီးလုံခေါ် ပူတာအို ဘက်က ရှမ်းနယ်တွေ ပါမလာခဲ့ပါဘူး။ စော်ဘွားစနစ်ခိုင်မာတဲ့ ရှမ်းနိုင်ငံရေးမှာ စော်ဘွားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ဆိုပြီး နှစ်ရပ်ထားဖို့ထိ စဉ်းစားခဲ့ကြပါတယ်။
တခါ ကချင်ပြည်နယ် ဖွဲ့ရေးမှာ ကချင်တောင်တန်းဒေသအပြင် ဗန်းမော်နဲ့ မြစ်ကြီးနားခရိုင်ထဲက မြေပြန့်နယ်မြေတွေ ထည့်ပေးရတဲ့အတွက် ကချင်မှာ ခွဲထွက်ခွင့်မရှိသလို လူမျိုးစုလွှတ်တော်မှာလည်း ကချင်မဟုတ်တဲ့ အမတ်တွေ ပါရှိဖို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းခဲ့ပါတယ်။ ရှမ်းမြောက်ပိုင်းက ကချင်ဒေသ တွေကတော့ ဒီပြည်နယ်သစ်မှာ မပါဝင်ခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Alex Bowie
အမှန်က ကချင်နဲ့ ရှမ်းခေါင်းဆောင်တွေနဲ့ မြန်မာခေါင်းဆောင်တွေကြား တွေ့ဆုံဆွေးနွေးမှုတွေဟာ ၁၉၄၆ ကတည်းက ရှိနေခဲ့ပြီး ဖြစ်ပါတယ်။
အဲဒီအချိန်က ချင်းတောင်မှာ မြောက်ပိုင်းက ခရစ်ယာန်ကိုးကွယ်သူများပြီး တောင်ပိုင်းက ဗုဒ္ဓဘာသာဝင်နဲ့ နတ်ကိုးကွယ်သူများပါတယ်။ တောင်ပိုင်းမှာ စစ်ကြီးမဖြစ်ခင်ကတည်းက သခင်လှုပ်ရှားမှု ရှိပေမယ့် မြောက်ပိုင်းက ဗြိတိသျှတပ်မှာ အမှုထမ်းသူ များပါတယ်။ ဒါကြောင့် စစ်အတွင်း ဘီအိုင်အေနဲ့ စစ်ပြီးစ ဖဆပလလှုပ်ရှားမှုတွေမှာ တောင်ပိုင်းခေါင်းဆောင် ဦးဝမ်းသူးမောင်တို့ပါဝင်ခဲ့ကြပြီး ပင်လုံစာချုပ်ချုပ်ပြီးစမှာပဲ ထီးလင်းမှာ ချင်း-ဗမာ ချစ်ကြည်ရေးကျောက်တိုင် စိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပင်လုံမှာ လက်မှတ်ထိုးခဲ့တဲ့ ချင်းအကြီးအကဲတွေက မြောက်ပိုင်းက ဖြစ်ပြီး လွတ်လပ်ရေးခေတ်မှာ ရှေ့ထွက်မလာကြပါဘူး။ ဒါကြောင့် လွတ်လပ်ပြီးခေတ် ချင်းနိုင်ငံရေးမှာ စစ်အတွင်းက မဟာမိတ်လဲဗီးတပ်မှာ အမှုထမ်းခဲ့တဲ့ မြောက်ပိုင်းသား အရာရှိ ဟောင်းတွေ ကြီးစိုးခဲ့ပါတယ်။ ဒါပေမဲ့လည်း မြောက်ပိုင်း ချင်းတောင်ဒေသမှာ တောင်ပိုင်း ပခုက္ကူတောင်တန်းနယ်နဲ့ ရခိုင်တောင်တန်းခရိုင်တွေကို ပေါင်းစပ်ပေးခဲ့တဲ့ အတွက် လက်ရှိ ချင်းပြည်နယ် အနေအထားကို ရောက်လာခဲ့ပါတယ်။ လွတ်လပ်ရေးမယူခင်က ချင်းခေါင်းဆောင်တွေ ဝိသေသတိုင်း အဆင့် ယူဖို့ သဘောတူခဲ့ ပေမယ့် ၁၉၆ဝ ဝန်းကျင်မှာ ပြည်နယ် အဆင့် တိုးပေးဖို့ လှုပ်ရှားမှု တွေ ရှိခဲ့ပါတယ်။
လွတ်လပ်ရေး ရပြီးနောက် ရှမ်းပြည်နယ်မှာ ပထမဆုံး ကြုံရတဲ့ နယ်ခံပုန်ကန်မှုက ပအိုဝ်းသူပုန် ဖြစ်ပါတယ်။ ရှမ်းစော်ဘွား အုပ်ချုပ်ရေးကို မနှစ်သက်တဲ့ ပအိုဝ်းတွေရဲ့ ပုန်ကန်မှုဟာ ဝ၊ ကိုးကန့်၊ တအာန်းပလောင် ၊ လားဟူ စတဲ့ နောက်ပိုင်း ပေါ်ထွန်းလာမယ့် လူမျိုးစု သူပုန်တွေရဲ့ ရှေ့ပြေးဖြစ်ပါတယ်။ နောက် တရုတ်ပြည်က ထွက်ပြေးလာတဲ့ တရုတ်ဖြူတပ်တွေကြောင့် ရှမ်းပြည်လုံခြုံရေး ထိခိုက်ခဲ့ပြီး မြန်မာတပ်တွေချကာ စစ်အုပ်ချုပ်ရေး ထူထောင်ခဲ့ ပါတယ်။ ဒီအကျိုးဆက်အပြင် ၁၉၅၉ မှာ စော်ဘွားတွေ အာဏာစွန့်လွှတ်ခဲ့ရတဲ့အတွက် ရှမ်းသူပုန်လည်း ပေါ်လာခဲ့ပါတယ်။ ကချင်မှာတော့ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာပြဋ္ဌာန်းမှုကို အကြောင်းပြုပြီး ၁၉၆၁ မှာ ကေအိုင်အေ လှုပ်ရှားမှု ပေါ်လာခဲ့ပါတယ်။ ချင်းမှာလည်း ၁၉၆၂ အာဏာသိမ်းပြီး နောက်ပိုင်း ကွန်မြူနစ် ဆန့်ကျင်ရေး ချင်းလက်နက်ကိုင်တပ် ပေါ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thierry Falise
ရခိုင်နဲ့ မွန်ပြည်နယ်သစ်များ
ပြည်မထဲမှာ တည်ရှိခဲ့ပေမယ့် သမိုင်းတလျောက် ကိုယ်ပိုင်နိုင်ငံတွေ ထူထောင်ခဲ့တဲ့ ရခိုင်နဲ့ မွန်မျိုးနွယ်စုတွေဟာ လွတ်လပ်ရေးအကြို နိုင်ငံရေးမှာ ဘေးထုတ်ခံရသလို ဖြစ်ခဲ့ပါတယ်။ ဖက်ဆစ်တိုက်ဖျက်ရေးမှာ ရခိုင်ရဲဘော်တွေရဲ့ ကဏ္ဍက အရေးကြီးပေမယ့် လွတ်လပ်ရေးရချိန်မှာ သူတို့အများစုက ကွန်မြူနစ် သူပုန်တွေ ဖြစ်နေကြပါတယ်။ မွန်ထဲက ခေတ္တဘုရင်ခံဆာဂျေအေမောင်ကြီးတို့လို နိုင်ငံရေးခေါင်းဆောင်တွေ ရှိခဲ့ပေမယ့် မွန်စာပေ တိမ်မြုပ် နေခဲ့တဲ့အတွက် မွန်အမျိုးသားရေး လှုပ်ရှားမှုဟာလည်း ဒုတိယကမ္ဘာစစ်ပြီးမှ သေချာဖြစ်တည်လာခဲ့ပါတယ်။ ကရင်နဲ့အပြိုင် အမ်အန်ဒီအို လက်နက်ကိုင် အဖွဲ့တွေ ပေါ်လာပြီးနောက် ၁၉၄၈ မှာ မွန်ပုန်ကန်မှု စခဲ့ပါတယ်။
ကွန်မြူနစ်တွေ တောခိုပြီးနောက် ရခိုင်မြေရှင်ပညာတတ်တွေ ကြီးစိုးတဲ့ ရခိုင်ပါတီနိုင်ငံရေးမှာ ပြည်နယ်ရရှိရေးက ရှေ့တန်းရောက်လာပါတယ်။ မွန်မှာ တော့ ၁၉၅၈ မှာ သန့်ရှင်းဖဆပလနဲ့ စေ့စပ်မှုတွေကြောင့် မွန်ပြည်သူ့တပ်ဦး လက်နက်ချပါတယ်။ ၁၉၆ဝ ရွေးကောက်ပွဲမှာ မွန်နဲ့ ရခိုင်ပြည်နယ် ပေါ်ထွန်း ရေးနဲ့ မဲဆွယ်ခဲ့တဲ့ သန့်ရှင်း ခေါင်းဆောင်ဦးနု အာဏာပြန်ရလာချိန်မှာ သူပုန်ခေါင်းဆောင်ဟောင်း နိုင်အောင်ထွန်းကို မွန်ရေးရာဝန်ကြီး ခန့်ခဲ့ပါတယ်။ ပဲခူး ပါတဲ့ မွန်ပြည်နယ် ဖော်ထုတ်ချင်ပေမဲ့ သထုံ၊ မော်လမြိုင်ဒေသတွေမှာ ပြည်နယ်သစ် ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။ ရခိုင်မှာလည်း ရိုဟင်ဂျာတွေက သူတို့နေတဲ့ ဘူးသီးတောင်၊ မောင်းတောကို ရခိုင်ထဲ မထားဘဲ တိုင်းရင်းသား မူဆလင်ပြည်နယ်ဖွဲ့ဖို့ တောင်းဆိုတာတွေ ရှိခဲ့ကြောင်း ၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး စာအုပ်မှာ ပါပါတယ်။ ၁၉၆၂ အာဏာ သိမ်းချိန်မှာ တခန်းရပ်သွားတဲ့ ဒီပြည်နယ်သစ်လှုပ်ရှားမှုတွေဟာ ၁၉၇၄ ဆိုရှယ်လစ်နိုင်ငံသစ်မှာ ပြည်နယ်ရပြီး အဆုံးသတ် သွားပေမယ့် လက်နက်ကိုင် လှုပ်ရှားမှုတွေ ကတော့ ဆက်လက်ပေါ်ပေါက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hulton Deutsch
ရှမ်းမူနဲ့ မြန်မာမူ
၁၉၆၁ က စပြီး ဖက်ဒရယ်မူလှုပ်ရှားမှု ရန်ကုန်နဲ့ တောင်ကြီးမြို့တွေမှာ စတင်ခဲ့ပြီး ၁၉၆၂ အာဏာသိမ်းပွဲမှာ ခေါင်းဆောင်တွေ အဖမ်းခံရပေမဲ့ ဒီလှုပ်ရှားမှုဟာ လူမျိုးစုနိုင်ငံရေးမှာ ဆက်အမြစ်တွယ်ခဲ့ပါတယ်။ ရှစ်ပြည်နယ်ပါ ပြည်ထောင်စုမှာ ဗဟိုအစိုးရအာဏာကန့်သတ်ရေးဆိုတဲ့ ဒီဖက်ဒရယ် မူကို ရှမ်းမူလို့လည်း သိကြပါတယ်။ ရှမ်းမူကို နောက်ကွယ်က ချပေးသူအဖြစ် ရန်ကုန်တက္ကသိုလ် ဘာသာပြန်ဌာနမှာ ကထိကအဖြစ် အမှုထမ်းနေတဲ့ ဦးတင်ဧကို ရည်ညွှန်းကြပြီး ပင်လုံညီလာခံမှာ ခေါင်းဆောင်ခဲ့သူ တယောက် ဖြစ်ပါတယ်။ အာဏာမသိမ်းခဲ့ရင် ဒီမူကို ဦးနုအစိုးရနဲ့ မြန်မာနိုင်ငံရေးပိုင်းက လက်ခံမလား မသိနိုင်တော့ပေမဲ့ ကန့်ကွက်သူတွေထဲမှာ လက်ဝဲ အတိုက်အခံ ခေါင်းဆောင်တွေအထဲက ဝိဓူရသခင်ချစ်မောင်လည်း ပါပါတယ်။ ၁၉၆၉ မှာ ဦးနုတောခိုပြီးနောက် မွန်၊ ကရင်၊ ရှမ်း လူမျိုးစုအဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ရေးမှာ အဓိက တွေ့ရတဲ့ အခက်အခဲကလည်း ဖက်ဒရယ်မူကို လက်ခံရေး ဖြစ်ပါ တယ်။
ဒီပြဿနာဟာ ဒေါ်အောင်ဆန်းစုကြည်ခေတ်မှာလည်း ဆက်ကြုံတွေ့ခဲ့ရပြီး ဖက်ဒရယ်နိုင်ငံထူထောင်ရေးမှာ မြန်မာတွေဘက်က နှောင့်နှေးတယ်လို့ပဲ လူမျိုးစုတွေက ရှုမြင်ကြပါတယ်။ ၂ဝ၂၁ အာဏာသိမ်းပြီးနောက် ဖက်ဒရယ်ပဋိညာဉ်ရေးဆွဲရေးအပါအဝင် ဖက်ဒရယ်နိုင်ငံတည်ထောင်ရေး သဘော တူညီမှု ရဖို့မှာလည်း မြန်မာအရပ်သားနဲ့ လူမျိုးစု ခေါင်းဆောင်တွေအကြား အရင်ကလိုပဲ မပြီးမပြတ်နဲ့ ရေလည်အောင် မဆွေးနွေးနိုင်ကြတာကို တွေ့ရပါတယ်။ တခြားဘက်မှာတော့ အာဏာသိမ်းစစ်အုပ်စုက လူမျိုးစုခေါင်းဆောင်တွေနဲ့ စေ့စပ်နေတာတွေ ရှိပါတယ်။
ဒီမှာ အဓိကတွေ့ရတဲ့ အခက်အခဲက မြန်မာပြည်နယ် ထူထောင်ရေးဖြစ်ပြီး ပြည်မကို ပင်မနိုင်ငံအဖြစ် ရှုမြင်ပြီး ပြည်နယ်တွေကို သမိုင်းတလျှောက် ပဏ္ဏာဆက်နယ်တွေအဖြစ် မြင်ခဲ့ကြတဲ့ မြန်မာနိုင်ငံရေးလောကအတွက် လက်ခံဖို့ ခဲယဉ်းနေဆဲ ဖြစ်ပါတယ်။ နောက်ပြီး ဖက်ဒရယ်ကို ပြည်ထောင်စုလို့ ပြန်ဆိုပြီး ဆိုဗီယက်ပုံစံ လူမျိုးစုပြည်နယ်တွေနဲ့ နိုင်ငံဖွဲ့ချင်ပေမဲ့ ပြည်မကို တစ်ပြည်နယ် သတ်မှတ်ဖို့ တွန့်ဆုတ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မြန်မာ ခေါင်းဆောင်တွေကြောင့်လည်း ပြည်ထောင်စုအစစ်အမှန် မပေါ်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PORNCHAI KITTIWONGSAKUL








